Saturday, October 18, 2014

ကမ္ဘာ့စီးပွားရေး မဟာတတိယလှိုင်း ခင်မောင်ညို (ဘောဂဗေဒ)

          ပထမစက်မှုတော်လှန်ရေးနှစ်ခုသည် လူအတော်များများကိုဒုက္ခပေးခဲ့သော်လည်းနောက်ဆုံးတွင် လူတိုင်းကို အကျိုးရှိစေခဲ့သည်။ ယခုဒစ်ဂျစ်တယ်လှိုင်းလုံးသည် အကျိုးရှိသူမရှိသူများကိုပိုမို၍ ကွဲပြားခြားနားစေနိုင်သည်။
          လူအတော်များများကရုတ်တရက်ပြောင်းလဲမှုကိုမခံနိုင်ကြပေ။ ထိုသို့မခံနိုင်သည်မှာလည်း အကြောင်းရှိသည်။ ပထမစက်မှုတော်လှန်ရေးကို (၁၈)ရာစုနှောင်းပိုင်းတွင်စတင်ခဲ့ပြီး ဒုတိယတော်လှန်ရေးသည် နှစ်(၁၀၀)ခန့်အကြာတွင်ဖြစ်ခဲ့ရာ ထိုအပြောင်းအလဲများကြောင့် အလုပ်ဆုံးရှုံးသူများ၊ အလုပ်ပြုတ်သူများ ပေါ်ပေါက်ခဲ့သည်။စွမ်းအားသုံး၊ စွမ်းအင် သုံးလည် ပတ်သည့် အယ်ဒီဆင်၏လျှပ်စစ်မီး၊ မြင်းမပါဘဲ စက်အားဖြင့်မောင်းနှင်သောရထားတွဲနှင့် အခြားမရေမတွက် နိုင်သော တီထွင်ချက်များကြောင့် ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သည်။ထိုပြောင်းလဲမှုများကြောင့် လူအတော်များများ၏ ဘဝကို တိုးတက်စေခဲ့ပြီး အဆောက်အအုံဟောင်းများကိုဖြိုချကာလူအဖွဲ့အစည်းများကိုပြောင်းလဲပစ်ခဲ့သည်။ စီးပွားရေးအခွင့် အလမ်းအသစ် များကိုလည်း ကြီးကြီးမားမားဖန်တီးခဲ့သည်။ အလုပ်အသစ်များက အလုပ်ဟောင်းများ၏နေရာတွင် အစားထိုး ဝင်ရောက်လာခဲ့ သည်။
တီထွင်မှုနှင့်စီးပွားရေးကမောက်ကမဖြစ်မှုဟူသောတတိယလှိုင်းသည် (၂၀)ရာစုနှစ်နောက်ပိုင်း၌ ပေါ်ပေါက်ခဲ့သော ဆက်သွယ်ရေး သတင်းအချက်အလက်နည်းပညာနှင့်ကွန်ပြူတာပညာများတွင်တိုးတက်မှုများကြောင့် ဖြစ်ခဲ့ပြီး စီးပွားရေး အခက်အခဲများနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုဖြစ်ပေါ်စေသည်။
ထိုသို့သောပြောင်းလဲမှုများသည် စက်များ၏စွမ်းရည်၊ အင်တာနက်ကွန်ရက်နှင့် အဆင့်မြင့်စက်ရုပ်ဟူသောလက် တစ်ဆုပ်ခန့်သာရှိသည့် နည်းပညာများကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ပို၍မြင့်မားသောတီထွင်မှုများကိုလည်းဖြည့်ဆီး နိုင်ခဲ့သည်။ ထိုတီထွင်မှုများတွင် လူမပါဘဲမောင်းနှင်နိုင်သော မော်တော်ယာဉ်များ၊မောင်းသူမဲ့လေယာဉ်များ၊ ဘာသာ စကားပေါင်းများစွာကို အလိုအလျောက်ဘာသာပြန်နိုင်သော စက်များ၊မိုဘိုင်းလ်တယ်လီဖုန်းများ၊ ဆရာဝန်နှင့်လူနာကြား၌ အဆင့် ဆက်သွယ်ပေးသောမိုဘိုင်းလ်နည်းပညာများ၊ ကျောင်းသားနှင့် ဆရာများကြားရှိ အကွာအဝေးကိုပယ်ဖျောက်ပေး စေနိုင်သောမိုဘိုင်းလ်နည်းပညာများပါဝင်သည်။ ဒစ်ဂျစ်တယ်တော်လှန်ရေးက တစ်ဖက်တွင်အလုပ်အကိုင်အတော်များ များကို ဆုံးရှုံးစေနိုင်သော်လည်း အခြားတစ်ဖက်တွင်လူပေါင်းများစွာအလုပ်အကိုင် ရမည်၊ မရမည်ကို စောင့်ကြည့်ရ မည်ဖြစ်သည်။ အင်အားကောင်းလာသောကွန်ပြူတာနည်းပညာများကြောင့် ၁၉၅၀ပြည့် လွန်နှစ်များ၌ (IC)Integrated Circuit တိုးတက် ဖြစ်ထွန်းမှုများကို ဖြစ်ပေါ်စေသည်။ Intelကို တည်ထောင်သောGordon Moore၏ ဥပဒေသအရ Chipတစ်ခုတည်း၌ ထည့်သွင်းနိုင်သော Transistorအရေအတွက်သည် (၂)နှစ်အတွင် တစ်ကြိမ် နှစ်ဆတိုးသည်။ ထိုတိုး တက်မှုနှုန်းကြောင့် ငယ်သည်ထက်ငယ်၊ကောင်းသထက်ကောင်း၊ ဈေးသက်သာသည့်ထက် သက်သာသော အီလက် ထရောနစ် ပစ္စည်းကိရိယာ များ ပေါ်ပေါက်လာခဲ့သည်။ယခုအခါကမ္ဘာ့တစ်ဝန်းတွင်စားသုံးသူများ ကိုင်ဆောင်သုံးစွဲနေ ကြသည့် စမတ်ဖုန်းများ၌ ၁၉၆၀ ပြည့်လွန်နှစ်များက အဆင့်မြင့်ကွန်ပြူတာများထက် တွက်ချက်နိုင်စွမ်းအလွန် မြင့်မားနေ သည်ကိုတွေရသည်။ Moore၏ ဥပဒေသသည်ယခုအခါ သက်တမ်းကုန်သလောက်ဖြစ်သွားသည်။Transistor များသည်  ဈေးမသက်သာဘဲ စရိတ်မြင့်စပြုလာသည်။ သို့သော်လည်း စီးပွားဖြစ်ရရှိနိုင်သည့် တွက်ချက် နိုင်စွမ်းများသည် ဈေးပေါနေဆဲဖြစ်သည်။Googleနှင့် Amzonတို့သည် ဖောက်သည်များအတွက် Cloud Computingကိုဈေးချပေးနိုင်ခဲ့သည်။ထိုတွက်ချက်နိုင်စွမ်းများကို လုပ်ငန်းများကပို၍ ကောင်းကောင်းမွန်မွန်အသုံးချတတ်နေကြသည်။၁၉၈၈ ခုနှစ် နှင့် ၂၀၀၃ ခုနှစ်များတွင် ကွန်ပြူတာများ၏ထိ ရောက်မှုသည် အဆ၄၃သန်းခန့်တက်လာသည်ဟုဆိုသည်။အဆင့်မြင့်ပို၍ ကောင်းမွန် သော ပရိုဆက်ဆာများသည် ဤတိုးတက်မှု၏တစ်စိတ်တစ်ဒေသမျှဖြစ်သည်။အများအားဖြင့် Algorithmများ၏ တိုးတက်မှု ကြောင့် ယခုကဲ့သို့တိုးတက်လာ ရခြင်းဖြစ်သည်။

ကွန်ပြူတာများ၏စွမ်းအား ထိုမျှမြင့်မားလာခဲ့သော်လည်း အကျိုးသက်ရောက်မှုမှာ ထိုမျှလောက်မြန်ဆန်ခြင်းမရှိဘဲ နှေးကွေးနေသည်။ ထိုအခြေအနေကို စစ်တုရင်ခုံတစ်ခုံနှင့်စပါးစေ့တစ်စေ့ ဥပမာဖြင့်တင်စားပြီးပြောလေ့ရှိကြသည်။ လူတစ်ယောက်က ကစားနည်းအသစ်တစ်ခုနှင့်စစ်တုရင်ခုံတစ်ခုံတီထွင်ပြီး ဘုရင်ကို ဆက်သသည်။ ဘုရင်ကအလွန် သဘောကျလှသဖြင့် စစ်တုရင်တီထွင်သူကိုလိုရာဆုတောင်းရန်ပြောလိုက်သည်။ ထိုအခါ စစ်တုရင်ခုံတီထွင်သူက ပထမ တစ်ကွက်တွင်စပါးစေ့တစ်စေ့ချပြီးနောက်တစ်ကွက်တွင် နှစ်ဆ၊ တတိယအကွက်တွင် သုံးဆ စသည်ဖြင့် (၆၄)ကွက် အထိထည့်ခွင့်တောင်းသည်။ဘုရင်ကအလွယ်တကူ သဘောတူလိုက်သည်။ ထိုမျှသေးသေးမွှားမွှား ကိစ္စကိုတောင်းနေ သည်ဟု သူကထင်သည်။ထိုသို့ဖြင့် စပါးတစ်စေ့ပြီးတစ်စေ့ချကြည့်လိုက်သည့်အခါ အစတွင်အသေးအဖွဲ ဖြစ် သော်လည်းနှစ်ဆတိုးရင်း တိုးရင်းဖြင့်စပါးခင်းကြီးတစ်ခုစာ စပါးများလိုအပ်လာသည်။ မကြာမီ၌ ဘုရင်ကအရှုံးပေးလာရသည်။ သူချမ်း သာကြွယ်ဝသမျှသည် ဧဝရက်တောင်ခန့်ကြီးမားသည့်စပါးပုံကြီးကိုဖြည့်စွမ်းနိုင်စွမ်းမရှိပေ။ထိုသို့ထပ်တိုး ကိန်းဖြင့်တိုးတက်မှု သည် အစ၌မပြောပလောက်သော်လည်း နောက်ဆုံး၌မနိုင်မနင်းလောက်အောင်ကြီးမားလာသည်။


 ICTလောက၌တိုးတက်မှုသည်ယခုအခါထိုစစ်တုရင်ခုံ၏ တစ်ဝက်ခန့်မျှကိုရောက်လာသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ကတွက် ချက်ခြင်းမပြုနိုင်သည့်ကိစ္စများကို ယခုအခါဖြေရှင်းနိုင်သည်။၂၀၀၅ခုနှစ်တွင်ထုတ်ဝေသောစာအုပ်တစ်အုပ် တွင် ဘောဂဗေဒပညာရှင်နှစ်ယောက်ကရှုပ်ထွေးသောလမ်းပေါ်၌ ကွန်ပြူတာတစ်လုံးကကားမောင်းရန်မှာ မဖြစ်နိုင်ဟုဆိုခဲ့ သည်။ မကြာသေးမီနှစ်များက ဂူးလ်ဂဲအနေဖြင့်ယာဉ်မောင်းသူမဲ့ကားအချို့ကို တီထွင်နိုင်သည်ဟု ဆိုလာခဲ့သည်။ယခုအခါ၌ မော်တော်ကား ထုတ်လုပ်သူအတော်များများကအလိုအလျောက်သော်လည်းကောင်း အလိုအလျောက်နီးပါ သော်လည်းကောင်း မောင်းနှင် နိုင်သောမော်တော်ယာဉ်များကို တီထွင်လာနိုင်ကြသည်။ မကြာမီက မဖြစ်နိုင်ဟုထင်ခဲ့သောကိစ္စရပ်များကို ယခုအခါဖြစ်နိုင်အောင်လုပ်လာနိုင်ကြသည်။ ဈေးသက်သာသည့် ပရိုဆက်ဆာအမြောက်အများကိုချိတ်ဆက်ကာအသုံးပြုနိုင်သည်။ မကြာ သေးမီနှစ်များက ပြောဆိုရေးသားနိုင်သည့်ဘာသာစကားများကိုနားလည်ရန်ခက်ခဲသည်၊ အလွန်ရှုတ်ထွေသောရုပ်ပုံများကို ဖြေရှင်းရန်ခက်သည်ဟုယူဆခဲ့ကြသည်။ ယခုအခါ၌ ထိုကိစ္စရပ်များကိုဖြစ်မြောက်အောင် ဆောင်ရွက်နိုင်သည်။ Appleကုမ္ပဏီက အသံအမျိုးမျိုးကို တိတိကျကျနားလည်နိုင်စွမ်းရှိလာခဲ့သည်။ အီးမေးများ မှတ်တမ်းများအတွက်ပြောဆိုသည့် စကားများကို အဓိပ္ပါယ်ဖော်ထုတ်ရေးသားနိုင်သည်။ ဂူးလ်ဂဲ၏ဘာသာပြန်အစီအစဉ်လည်း အလွန်တရာမြန်ဆန်တိကျသည် ကိုတွေ့ရသည်။ ၄င်းကုမ္ပဏီ ၄င်းကုမ္ပဏီထုတ်ကွန်ပြူတာများ၏နားလည်နိုင်စွမ်းမြင့် မားလာခဲ့သည်။ တစ်ချိန်တည်း၌ပင် ကွန်ပြူတာHardwareများသည်အရည်အသွေးကောင်းမွန်လာခြင်း၊ သေးငယ်လာခြင်း၊ ဈေးသက်သာလာခြင်းတို့ကြောင့် မောင်းသူမဲ့လေယာဉ်များ၊စက်ရုပ်များ၊ အလွယ်တကူသယ်ဆောင်နိုင်သော ကွန်ပြူတာ များကို တီထွင်နိုင်သည်။ ထိုတီထွင်မှုများသည်ဘဏ္ဍာရေးကဲ့သို့သောနယ်ပယ်များ၌ ရောက်လာကာ ဒစ်ဂျစ်တယ်သုံး ဒင်္ဂါးများကိုဗစ်ကွိုင်ကဲ့သို့သော ငွေစက္ကူများကိုပေးချေရေးလုပ်ငန်းများအတွက်အသုံးပြုနိုင်သည်။ ပညာရေးလောက၌ လည်း သစ်ဆန်းပြီးပိုမိုထိရောက်သည့် သင်ကြားမှုများဖြင့်ပညာရေးနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများကို ပြောင်းလဲ ပစ်နိုင်ခဲ့သည်။

 ထိုလှိုင်းလုံးကြီးသည်လူနေမှု အဆင့်အတန်းနှင့် လူသားများ၏အကျိုးစီးပွားကို တိုးတက်စေနိုင်သော်လည်းသမိုင်း ကြောင်းအရကြည့်လျှင် လူ့အဖွဲ့အစည်း၏ ပြောင်းလဲမှုများသည်နှေးကွေးပြီးခက်ခဲသည်ကိုတွေ့ရသည်။ (၂၀)ရာစုနှစ်အစ၌ စာရေးဆရာများကအချို့နိုင်ငံကြီးများ အနေနှင့် စီးပွားရေးတိုးတက်မှုများ၊ ထုတ်လုပ်မှုနှင့်ထုတ်လုပ်မှုစွမ်းအားတို့၌ စိတ်ပျက်စရာတိုးတက်မှုများကိုတွေ့ရမည်ဟု ရေးသားခဲ့ကြသည်။ဘောဂဗေဒပညာရှင်များက ပထဝီနိုင်ငံရေးတင်းမာမှုများ တွေ့နေရချိန်၌ ကမ္ဘာဆန်လာသည့်ခေတ်သစ်တစ်ခုပေါ်ပေါက်လာမည်ဟု တွက်ဆခဲ့ကြသည်။ ယခုအခါ၌ မကျေမနပ် ဖြစ်နေသော လုပ်သားများ၏တောင်းဆိုမှုများကို နိုင်ငံရေးစနစ်များကဖြေရှင်းရန် ရုန်းကန်နေကြရသည်။အချို့ဘောဂဗေဒ ပညာရှင်များက ဤနည်းပညာသစ်လှိုင်းလုံး ကြောင့် အလုပ်အကိုင်များဆုံးရှုံးမည့်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ထူးခြား ဆန်းသစ်သောအတွေးအခေါ်များကိုစဉ်းစားခဲ့ ကြသည်။ အချို့ပညာရှင်တို့က လုပ်ငန်းပေါင်း(၇၀၀) တို့ကို လေ့လာသုံးသပ် ကာထိုလုပ်ငန်းများကိုကွန်ပြူတာသုံး၍ ဖြေရှင်း နိုင်စွမ်းရှိ၊ မရှိစဉ်းစားကြသည်။ ထိုသို့တွက်ချက်ကြည့်သည့်အခါအမေရိ ကန်၏ အလုပ်အကိုင်(၄၇)ရာခိုင်နှုန်းသည် နောင် (၁၀)နှစ်၊နှစ်(၂၀)အတွင်းအလိုအလျောက်စက်များ အသုံးပြုနိုင်သည့် အန္တရာယ်ရှိသည်ကိုတွေ့ရသည်။ ပညာရှင်များကလူသားအလုပ်သမားများအနေဖြင့် အလုပ်အကိုင်ဆက်လက်ရရှိရေး အတွက်၎င်းတို့၏စွမ်းရည်များကို လျင်မြန်စွာ ဆည်းပူး နိုင်စွမ်းရှိ၊ မရှိလေ့လာခဲ့ကြသည်။အချို့သုတေသီများက အရင်းရှင် စနစ်ကိုယ်တိုင်ပင်လျှင် အန္တရာယ်ရှိနိုင်သည်ဟုသုံးသပ်ကြသည်။ ဒီဂျစ်တယ်တော်လှန်ရေးကြောင့်ကျွမ်းကျင်သူ၊ ချမ်းသာသူ အချို့နှင့်ကျန်သည့်လူ့အဖွဲ့အစည်းများကြား ဧရာမကွာ ဟမှုကြီးကို ဖြစ်ပေါ်စေနိုင်သည်။ ယခင်နည်းပညာအပြောင်းအလဲများက ထုတ်လုပ်မှုစွမ်းအားများကို မြင့်မားစေကာ လုပ်ခများကို တိုးတက်စေသည်။ ရရှိသည့်အကျိုးကျေးဇူးများကိုကျွမ်းကျင်မှုမြင့်မားသူနှင့် ကျွမ်းကျင်မှုနိမ့်သူဟူ၍လည်းကောင်း၊အရင်းအနှီးပိုင်ဆိုင်သူအလုပ်သမားများနှင့် စားသုံးသူများ အကြားတွင်လည်းကောင်းခွဲဝေယူကြသည်။

 ယခု နည်းပညာသစ်သည် ယခင်ကနှင့်မတူအောင်အရည်အချင်းရှိသူများကိုလုပ်ပိုင်ခွင့် တိုးပွားစေပြီး ကျွမ်းကျင် သူများနှင့်ကျွမ်းကျင်မှုမရှိသူများ၊ အရင်းအနှီးပိုင်ဆိုင်သူနှင့် အလုပ်သမားများအကြားဝင်ငွေကွာဟမှုကိုပိုမို၍ ကြီးမားစေ သည်။ တစ်ချိန် တည်း၌ပင်အလုပ်လက်မဲ့များကိုပေါ်ပေါက်စေပြီး ရင်းနှီးမြှပ်နှံမှုကိုလျော့ကျစေသည်။ နည်းပညာအပြောင်းအလဲ၏ အကျိုးသက်ရောက်မှုသည် ကုန်သွယ်ရေးအပေါ်၌လည်းအပြောင်းအလဲဖြစ်ပြီး ဆင်းရဲသောနိုင်ငံများတွင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သော အတွေ့အကြုံများကိုပြောင်းလဲပစ်သည်။ထုတ်လုပ်မှုလုပ်ငန်းအတော်များများကို အလို အလျောက် လုပ်နိုင်သည်။ ကျွမ်းကျင်မှုများသည်ကုန်သွယ်မှုတွင် ကြီးမားသောအချိုးအစားဖြင့်ပါဝင်နေသည်။ အစိုးရများ အနေဖြင့် တိုးတက်လာသည့် စက်မှုလုပ်ငန်းများကြောင့် ကျေးလက်ဒေသများမှ ကျွမ်းကျင်မှုမဲ့လုပ်သားများကိုခန့်ထား အသုံးပြုနိုင်မည်မဟုတ်ပေ။ ချမ်းသာသည့်နိုင်ငံများ၌ရောထွန်းသစ်စနိုင်ငံများ၌ပါ ဘဏ္ဍာရေးနှင့် ပထဝီအတားအဆီးများ ကြောင့် အဟန့်အတားဖြစ်ခဲ့ရသောအခွင့်အလမ်းများကို နည်းပညာက ဖန်တီးပေးနိုင်သည်။ သို့သော်လည်း ကျွမ်းကျင်မှု အတော်အတန်သင့်ရှိသူများအတွက်ပေါ်ပေါက်လာသည့်အလုပ်အကိုင်အသစ်များသည် ယခင်နည်းပညာအပြောင်း အလဲ များထက် အခွင့်အလမ်းနည်းသည်ကိုတွေ့ရ သည်။

ထို့ကြောင့်အစိုးရများအနေဖြင့် တီထွင်ဆန်းသစ်မှုများ၊စည်းမျဉ်းစည်းကမ်းများ၊ အထောက်အကူပေးပုံပေးနည်းများ၊ ပြုလုပ်ရန်တောင်းဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။၎င်းတို့၏တုံပြန်မှုမှန်ကန်လျှင် နည်းပညာအပြောင်းအလဲကို လူ့အဖွဲ့ အစည်းတစ်ခုလုံး အကျိုးရှိစေရန်အတွက်ဆောင်ရွက်စေနိုင်သည်။လုပ်ပုံလုပ်နည်းမှားယွင်းလျှင် ၄င်းတို့သည် ဒေါသဖြစ် နေသော အလုပ်လက်မဲ့များ၊ မကျေမနပ်ဖြစ်နေသောချမ်းသာသည့်အခွန်ထမ်းများ အားလုံးတို့၏တိုက်ခိုက်မှုကို တွေ့ကြုံရ နိုင်သည်။ ပိုမိုခါးသီး၍ထိပ်တိုက်ရင်ဆိုင်သော နိုင်ငံရေးဖြစ်ရပ်များ ပေါ်ပေါက်လာနိုင်သည်။
 (Economist.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...