Monday, October 27, 2014

ကိုပါကြီးရဲ့တန်ဖိုး...

Kyaw Than's photo.

အလွတ်တန်းသတင်းထောက် ကိုပါကြီးပျောက်သွားတာ စက်တင်ဘာလကုန်ပိုင်း၊ ဘယ်ရောက်နေလဲ တစွန်းတစပေါ်လာတာက သူ့ဇနီးမသန္တာကိုယ်တိုင် နောက်ဆုံးမြင်လိုက်ရတယ်ဆိုတဲ့ ကျိုက်မရောကို သွားစုံစမ်းမှ၊ နယ်မြေခံစစ်တပ် ခလရ (၂၀ဂ) ကဖမ်းသွားတယ်လို့ မျက်မြင်သက်သေတွေပြောစကားအရ သိလာရတယ်လာတယ်။
ဖမ်းသွားတဲ့ဗိုလ်ကြီးစိုးမင်းအောင်ကိုမေးတော့ သူကဖမ်းယုံဖမ်းတာ ကျန်တာသူမသိဘူးလို့ ပြောင်လိမ်တယ်။ ဖမ်းပြီးစစ်တဲ့အထဲမှာ ပြည်နယ်အစိုးရ နယ်လုံဝန်ကြီးဆိုသူ စစ်တပ်ကလူကြီးပါတယ်လို့ပြောလို့ ဖုန်းဆက်မေးတော့ သူမသိဘူး စစ်ရုံးချုပ်ကိုမေးလို့ ပြောပြန်တယ်။
နိုင်ငံသားတယောက်ခုလို စိုးရိမ်စရာအခြေအနေနဲ့ ပျောက်ဆုံးနေတာကို သူတို့ချင်းအဝေမတဲ့လို့ ပြဿ.....နာဖြစ်နေတဲ့ ဗိုလ်ဆန်းဆင့်အတွက် ဝိုင်းပြီးစိုးရိမ်ပူပန်ကြတဲ့ ပြည်သူ့လွှတ်တော်အမတ်မင်းမျာကလဲ ဘာတခွန်းမှမပြောသလို ဘယ်နိုင်ငံရေးပါတီကမှလဲဘာကျေညာချက်မှတောင်းဆိုထုတ်ပြန်တာမရှိပေမယ့် လူမှုသတင်းကွန်ယက်တွေကတဆင့် နိုင်ငံတကာသတင်မီဒီယာတွေဆီရောက်သွားမှ တရားခံတွေက ခိုးကြောင်ခိုးဝှက်ဝန်ခံလာတယ်။ တံဆိပ်မပါ လက်မှတ်မပါ ဘယ်သူတာဝန်ခံမှန်းမသိတဲ့ နေရာကနေ စာနယ်ဇင်းအဖွဲ့လား သမဂ္ဂလားဆီကို ကိုပါကြီးအကြောင်း အသိပေးထုတ်ပြန်ချက်လိုလို ပစ်စာလိုလို စာတစောင်ရောက်လာတယ်။
စာအရ ကျိုက်မရောနယ်မြေခံစစ်တပ်က KKO အဖွဲ့က ဗိုလ်ကြီးအောင်နိုင် ခေါ် ကိုပါကြီးကို ဖမ်းဆီးစစ်ဆေး ထိန်းသိမ်းထားစဉ် အစောင့်စစ်သားဆီက သေနတ်လုပြီး ပြေးဖို့လုပ်လို့ ပစ်သတ်လိုက်ရတယ်လို့ဆိုတယ်။ ပြောတော့တပ်မတော်ဆိုတာ စစ်စည်းကမ်းကဘယ်လို အထက်အောက်အမိန့်ကဘယ်လိုနဲ့ သောက်ကြီးသောက်ကျယ်ပြောပြီး လူတယောက်လုံးကို အကြောင်းမဲ့ မင်္သကာယုံနဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာကိုတောင် လူတောမတိုးတဲ့ မိန်းမရွှင် တံခါးကြားစာလာထိုးပေးသလို သူရဲဘောကြောင်ကြောင် သတင်းထုတ်ပေးလာတယ်။
ခုလဲဇနီးလုပ်သူက သူခင်ပွန်းသည် အသတ်ခံရတာကို ရဲစခန်းမှာအမှုဖွင့်ဖို့လုပ်တော့ ကျိုက်မရော ရဲစခန်းမှုကပြောသတဲ့ "ကျိုက်မရောမြို့မရဲစခန်းမှ စခန်းမှုးမှ ကိုပါကြီးအမှုကိုအမှုဖွင့်လက်မခံပါ အထက်အဖွဲ့အစည်းကညွှန်ကြားထားလို့လက်မခံရခြင်းဖြစ်ကြောင်းနှင့် အထက်အဖွဲ့အစည်းရဲ့နာမည်ကိုမပြောနိုင်ပါတဲ့"။ သူများအသက်တော့ ကြက်ကလေး ငှက်ကလေးလို လက်ရဲဇက်ရဲ နှိပ်စက် ညှင်းပမ်းသတ်ဖြတ်ဝံ့သလောက် သူတို့အလှဲ့ကျ ကြောက်တတ်လိုက်တာ၊ အတော်ရိုင်းစိုင်းယုတ်ညံ့ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်၊ နိုင်ငံတကာအလယ်မှာ ဗမာဆိုတာ တိရိစ္ဆာန်သာသာလောက်ပဲ ယဉ်ကျေးမှုအဆင့်အတန်းရှိတဲ့လူမျိုးဖြစ်အောင် သိက္ခာချတဲ့လုပ်ရပ်လဲဖြစ်တယ်။
ထိုင်းနိုင်ငံမှာ ဖောက်ပြန်လာဒ်စားတဲ့ ပုလိပ်တွေလူမိုက်ဂိုဏ်တွေကျူးလွန်တဲ့ လူသတ်မှုကို ဗမာရွေ့ပြောင်းအလုပ်သမားလေးတွေကို ဓားစာခံလုပ်တော့ အမှန်တရားကိုမြတ်နိုးတဲ့ ထိုင်းနိုင်ငံသားတွေကော နိုင်ငံတကာကပါ ဝိုင်းဝန်းထောက်ပြခဲ့တာကြောင့် တစုံတရာ တရာမျှတမှုဖြစ်ဖို့ အလားအလာတွေဖြစ်လာရတယ်။ သူတပါးနိုင်ငံမှတောင်ဒီလိုအခြေနေတွေရခဲ့ပါလျက်နဲ့ ဗမာပြည်သားတယောက်က ဗမာပြည်ထဲမှာ အသက်ဆုံးရတဲ့အဖြစ်အတွက် အမှန်တရားကိုငြင်းယ်ခံနေရတယ်။ ငြင်းပယ်ဖိနှိပ်နေတာကလဲ ကိုယ့်နိုင်ငံရဲ့ သူတို့ကိုယ်သူတို့ အစိုးရလို့ပြောနေတဲ့ အာဏာပိုင်တွေနဲ့ လူထုရိက္ခာစားနေတဲ့စစ်တပ်။ ဒါနဲ့များသူကိုယ်သူတို့ လူထုရွေးကောက်ထားတဲ့ ဒီမိုကရေစီအစိုးရလို့ ကြွားချင်ကြသေးတယ်။
ကိုပါကြီးအသက်သေဆုံးခဲ့ပေမယ့် ဒီမိုကေ၇စီဆိုင်းဘုတ်အောက်မှာ သုံးလေးနှစ်လောက် ပုန်းအောင်းနေတဲ့ ဖက်ဆစ်စစ်ဘီးလူးရဲ့ ဇာတိရုပ်ကို ဗမာပြည်တင်မက နိုင်ငံတကာမှာ ဖွင့်ချနိုင်ခဲ့တယ်။ ၂၀၀၈ ဖွတ်ချီးပုံထဲမှာ နစ်မြောနေသူတွေကို ပုတ်နိုးနိုင်ခဲ့တယ်။ နိုးနေ သိနေပါရက်နဲ့ ဆက်ပြီးအိတ်ချင်ယောင်ဆောင်သူတွေဟာ စစ်ဘီလူးရဲ့ စစ်ရာဇဝတ်မှု အလိုတူ သဘောတော်ပါတွေအဖြစ် ဖော်ထုတ်နိုင်ခဲ့တယ်။
ဒါ့အပြင် သတင်းမီဒီယာလောကထဲက စစ်အာဏာရှင် ခရိုနီဒမြတွေရဲ့ အရိုးအရင်းကိုက် လုပ်စားသတင်းသမားတွေလဲပွင့်ကျသွားစေခဲ့တယ်။ ထိုင်းက ဓားစာခံကလေးနှစ်ယောက်ကိစ္စတုန်းက အတည်ပေါက်နဲ့ မျိုးချစ်လိုလို ဂိုက်ပေးနေကြတဲ့ သတင်းဂျာနယ်တွေ သတင်းသမားတွေလဲ ငြိမ်ကျသွားတယ်။ တချို့ကတော့ သူ့ဆန်စားရဲမှဆိုတော့ လှည်းကျိုးထမ်းထွက်လာကြတယ်။ သူတို့က စစ်ရာဇဝတ်ကောင်တွေထုတ်ပေးတဲ့ သတင်းအတိုင်း ကိုပါကြီးရဲ့ အလွတ်တန်သတင်းထောက်ဖြစ်မှုကို မယုံသလိုလို ဆန်းစစ်သလိုလို သတင်းရေးကြတယ်၊ သူတို့ လူမှုကွန်ယက်တွေမှာတင်ကြတယ်။ ဒီလိုနဲ့သူတို့ဟာ သူတို့ရဲ့ကျေးဇူးရှင် စစ်ဒမြခရိုနီတွေကို အပြိုင်ဖော်လံဖားနေကြတယ်။ မူလတည်းက စစ်ထောက်လှမ်းရေးတွေနဲ့ပေါင်းရိုက်ထားတဲ့ ဗမာ့လူ့အဖွဲ့အစည်းရဲ့ လူ့မစင်တွင်း အီးဂရက်ပေါက် လောက်ကောင်တွေလဲ ရွစိရွစိနဲ့ပြန်ပေါ်လာကြပြန်တယ်။ သူတို့စွပ်ထားတဲ့ ပြုပြင်ပြောင်းလဲရေးသမား ဒီမိုကရက်လိုလို သတင်းသမားလိုလို မျက်နှာဖုံးတွေကွာကျကုန်တယ်။
သတင်းလောကထဲမှာသာ ခိုမှီလုပ်စားနေကြတယ်၊ အလွတ်တန်းသတင်းထောက်ရဲ့ သဘောအဓိပ္ပာယ်ကိုတောင် နားမလည်ပဲ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ ကိုပါကြီးက သတင်းသမား မသတ်မှတ်သင့်လေဟန် ပြောကြရေးနေကြတယ်။ အသိမဲ့တော့အရှက်လဲမရှိနိုင်တော့တာသဘာဝတော့ကျပါတယ်။
သတင်းသမားဆိုတာဘာလဲ။ ဒီနေ့ခေတ်မှာ တိုးတက်လာတဲ့ သတင်းဆက်သွယ်ရေးနည်းပညာများနဲ့အတူ ပေါ်ပေါက်ခေတ်စားလာတာက လူထုထဲက သတင်းသမား ( Citizen journalist) အလွတ်တန်းသတင်းသမား ( freelance journalist) ဆိုတာတွေပဲ။ ဟိုတုန်းကလို သတင်းစာတိုက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ခန့်ထားတာမဟုတ်ပဲ ကိုယ်ဟာကို ကိုယ်ပတ်ဝန်းကျင်မှာတွေမြင်တာတွေထဲက ကောင်းနိုးရာရာ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို လူမှုကွန်ယက်ကနေဖြစ်စေ သတင်းတိုက်ကြီးတွေကသဘောကျလို့ အခပေးဝယ်ယူပြီး သူတို့ သတင်းဂျာနယ်တွေကဖြစ်စေ ဖော်ပြနိုင်ပေးတဲ့ တင်ဆက်ပေးနေတဲ့သူတွေက လူထုသတင်းသမား ( Citizen journalist)တွေဖြစ်တယ်။ သူတို့က တခြားအသက်မွေးဝမ်းကြောင်းအလုပ်ကိုလုပ်ရင်း သတင်းအလုပ်ကို ဝါသနာအရတဖက်တလမ်းက အပျော်တမ်းလုပ်တာဖြစ်တယ်။

Kyaw Than's photo. အလွတ်တန်းသတင်းသမား ( freelance journalist ) ဆိုတာကလဲ သတင်းတိုက်ကြီးတွေနဲ့ အမြဲတန်း သဘောတူချုပ်ဆိုလုပ်ကိုင်တာမျိုးမဟုတ်ပဲ မိမိစိတ်ဝင်စားရာ အကြောင်းအရာနယ်တခုခုကို အာရုံစိုက် လေ့လာထောက်လှမ်းပြီး သတင်း၊ မှတ်တမ်း သုတေသနစစ်တမ်းတွေ ရေးသားပြုစုထုတ်ဝေတဲ့အလုပ်ကို အသက်မွေးဝမ်းကြောင်းမှုအလုပ်လို လုပ်တဲ့သူတွေပဲဖြစ်တယ်။ သူတို့ရေးထုတ်တဲ့ သတင်း၊ စာတမ်းတွေကို သတင်း ဂျာနယ် မဂ္ဂဇင်းတွေကသာမကပဲ စပ်ဆိုင်ရာနယ်ပယ်က အသင်းအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေကပါ အခကြေးငွေပေး အသုံးပြုကြတယ်။ တခါတလေမှာလဲ စပ်ဆိုင်ရာနယ်ပယ်က အသင်းအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေက သက်ဆိုင်ရာ အလွတ်တန်းသတင်းသမားကို သူတို့လိုချင်တဲ့ သတင်းအချက်နဲ့ သုတေသနလေ့လာရေးစာတမ်းတွေ လုပ်ပေးဖို့ကန်ထရိုက်ပေး ခိုင်းစေကြတယ်။
အလွတ်တန်းသတင်းသမား ( freelance journalist )တယောက်ဟာ နိုင်ငံရေးအမြင်ရှိသူလဲဖြစ်နိုင်သလို၊ သဘာဝန်းကျင်ကိုစိတ်ဝင်စားသူ ကာကွယ်ထိန်းသိမ်းတဲ့ လှုပ်ရှားတက်ကြွသူလဲဖြစ်နိုင်တယ်။ ရှေးဟောင်းသုတေသနကိုစိတ်ဝင်စားသူလဲဖြစ်နိုင်၊ ကျေးငှက်လေ့လာသူလဲဖြစ်နိုင်တယ်။ စိုက်ပျိုးရေးကိုလေ့လာအထူးပြုသူလဲဖြစ်နိုင်တယ်။
ဒီလိုအလွတ်တန်းသတင်းသမားရဲ့ သဘောအဓိပ္ပာယ်ကိုမသိလို့ပဲဖြစ်စေ သိရက်နဲ့ပဲဖြစ်စေ စစ်အာဏာရှင်တွေရဲ့ ရာဇဝတ်မှုကိုပေါ့သွားအောင် ကိုပါကြီးက သတင်းသမားဟုတ်ရဲ့လားလို့ဆန်းစစ်ကြချင်တဲ့ ငြင်းပယ်ကြချင်တဲ့ သတင်းသမားဆိုသူတွေဟာ အမည်ခံသက်သက်သာဖြစ်ပြီး သူတို့ရဲ့ မူလဇာတိရုပ်ကတော့ စစ်အာဏာရှင်ဖော်လံဖား လုပ်စားများသာဖြစ်ကြောင်း လယ်ပြင်ဆင်သွားသလို ထင်ရှားပါတယ်။
ဒါဟာကိုပါကြီးအသက်ပေးလို့ ရလိုက်တဲ့ အဖိုးအခပါဘဲ....
ရဲဘော်ကျော်သန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...