Friday, October 3, 2014

သမ္မတမိန့်ခွန်းနှင့် အနာဂတ်နိုင်ငံရေးဇာတိရုပ်

#emg_opinions

သမ္မတမိန့်ခွန်းနှင့် အနာဂတ်နိုင်ငံရေးဇာတိရုပ်

ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း

စကား.. စကား ပြောပါများ စကားထဲက ဇာတိပြ၊ နှုတ်တစ်ရာစာတစ်လုံး ဟူသော စကားများကို ပြန်လည်ကြားယောင်မိသည်။ တိုင်းပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ၊ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒုတိယမြောက် အထွေထွေရွေးကောက်ပွဲတို့နှင့် ပတ်သက်၍ အရေးကြီးနေသည့်ကာလတွင် နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ အနာဂတ် နိုင်ငံရေးဇာတိရုပ်ကို ရောင်ပြန်ဟပ်နေမည့် မိန့်ခွန်းကို မိန့်ကြားခဲ့သည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတစ်ရပ်ကို ထုတ်လွှင့်ထုတ်ပြန်ခဲ့သည်။ သမ္မတ၏ လစဉ်ရေဒီယိုမိန့်ခွန်းဖြစ်သော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အင်န်စီစီတီ) တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေး သဘောတူစာချုပ်မူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးမှုများ သောင်မတင်ရေမကျဖြစ်နေပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်မြေအချို့တွင် သေနတ်သံ၊ ဗုံးသံများ ကွက်ကျားမိုးရွာနေသည့်ကာလနှင့် အချိန်ကိုက်နေသော မိန့်ခွန်းဖြစ်သည့်အလျောက် အလေးအနက်ထား နားထောင်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ထွန်းလျက်ရှိသော နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာကြည့်မည်ဆိုလျှင် အဆင့်တစ်ဆင့်ကို ရောက်နေပြီကို တွေ့ရမည်ဖြစ်သည်ဟု သမ္မတက ပြောကြားခဲ့သော်လည်း မြေပြင်အခြေအနေတွင် မည်သည့်အဆင့်သို့ ရောက်နေသည်၊ ရှေ့တွင် မည်သည့်အဆင့်များ ရှိနေသည်တို့ကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်မပြောခဲ့ပေ။ အကယ်စင်စစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက ၂ဝဝ၃ ခုနှစ်တွင် ရေးဆွဲချမှတ်ခဲ့သော မြန်မာ့နိုင်ငံရေးလမ်းပြမြေပုံ၏ နောက်ဆုံးအဆင့်၌ ရောက်ရှိနေသည်မှာ ပကတိအခြေအနေပင် ဖြစ်သည်။

ရရှိပိုင်ဆိုင်ထားသော အခြေအနေကောင်းများကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံရေးဖြစ်စဉ် ဆက်လက်ရှင်သန်နေဖို့အတွက် နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ သမ္မတမိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။ သို့သော် ရရှိပိုင်ဆိုင်ထားသော အခြေအနေကောင်းများဆိုသည်မှာ မည်သည့်အခြေအနေများဖြစ်သည်နှင့် မည်သို့ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ထားသည်တို့ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။ စားရေး၊ ဝတ်ရေး၊ နေရေး နှင့် မိသားစုဝင်ငွေပြဿနာများနှင့် ပတ်သက်လျှင် ဆင်းရဲမွဲတေမှု နွံနစ်နေသော အောက်ခြေတိုင်းရင်းသား ပြည်သူလူထု အများစုကြီး၏လက်ထဲတွင် ဘာမျှဆုပ်ကိုင်ထားနိုင်ခြင်း မရှိသည်မှာ သိသာမြင်သာသည်။ အကယ်စင်စစ် နိုင်ငံရေးဖြစ်စဉ် ဆက်လက်ရှင်သန်ရေးတွင် လက်ရှိအစိုးရနှင့် တပ်မတော်တို့တွင်သာ အဓိကတာဝန်ရှိသည်ဟု သုံးသပ်နိုင်ပြီး နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဆော်ဩခြင်းထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ရေးတွင် သမ္မတ နှင့် အစိုးရအဖွဲ့ကို ပိုမိုတွန်းအားပေးရမည့်သဘောသာ ပိုကဲမည်ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော်သမ္မတအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်များနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးပြီး လတ်တလော အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်၏ အဖုအထစ်များကို ဖြေလျှော့စေသင့်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုထိထိရောက်ရောက်ပါဝင်နိုင်ရန် လိုအပ်လျက်ရှိသည်။ နိုင်ငံရေးအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို မတရားအသင်းများအဖြစ် ထုတ်ပြန်ကြေညာချက်ကို ရုပ်သိမ်းသည့်အမိန့်တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့ ပူးပေါင်းလျက် ထုတ်ပြန်နိုင်မည်ဆိုလျှင် ပိုမိုလျော်ကန်သင့်မြတ်မည် ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်သမ္မတအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်လေ ပိုမိုထိရောက်လေဖြစ်မည့်ဘက်ကို ဦးတည်နေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စကို အောင်မြင်စွာဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါသည်။ 
ထိုသို့စတင်နိုင်မှသာ ကြားကာလနိုင်ငံရေးတည်ငြိမ်မှု ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်မှုနှင့် ညင်သာသော နိုင်ငံရေးအသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမည်ဖြစ်သည့်အကြောင်းကို သတိပြုမိစေလိုကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ၏ မိန့်ခွန်းတွင် သတိပြုစေလိုကြောင်းဟု သုံးနှုန်းသဖြင့် ယေဘုယျ သတိပေးသည့်သဘောဟု သုံးသပ်နိုင်သည်။ သမ္မတအနေဖြင့် အဆိုးဘက်ဦးတည်သွားမည်ကို စိုးရိမ်သည်ဆိုလျှင် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကိုယ်တိုင် ကိုယ်ကျ ပွင့်လင်းမြင်သာမှုရှိရှိ၊ ထိထိရောက်ရောက် ပါဝင်သင့်ကြောင်း ထပ်လောင်းတိုက်တွန်းလိုပါသည်။ ထို့အပြင် သမ္မတအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စ နှောင့်နှေးကြန့်ကြာနေရသည့် စိန်ခေါ်မှုများကို ခရေစေ့တွင်းကျ သိရှိနိုင်ရေး နှစ်ဖက်အသံများကို ပွင့်ပွင့်လင်းလင်းကြားနာသင့်သည်ဟုလည်း ထင်မြင်မိသည်။

အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ထိုးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မည်ဆိုသည့်အချက်ကို မငြင်းနိုင်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ခြင်းကို ကြားကာလနိုင်ငံရေးတည်ငြိမ်မှု ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှု ညင်သာသောနိုင်ငံရေးအသွင် ကူးပြောင်းမှုတို့နှင့် ချိတ်ဆက်သုံးသပ်ထားသည်မှာ ကြောင်းကျိုးခိုင်လုံမှုမရှိဟု ဆိုနိုင်သည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ခြင်းမရှိလျှင် ကြားကာလနိုင်ငံရေး တည်ငြိမ်မှုသည် မရေမရာဖြစ်လာနိုင်သည်ဟု မည်သည့်အခြေအနေများ၊ အချက်အလက်များအပေါ် အခြေပြုသုံးသပ်ထားသည်ကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပြောကြားနိုင်ရန် လိုအပ်ဆဲ ဖြစ်သည်။

၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့လျှင် ရေရှည်အမြင်ရှိရှိ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန် အနည်းဆုံး တစ်နှစ် အချိန်ယူရမည်ဟု သုံးသပ်နိုင်သည်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံတွင် ပြင်ဆင်မှုကာလကို တစ်နှစ်နီးပါး ယူခဲ့ရသည့် သာဓကများရှိပြီး ဖြစ်သည်။ ထို့အပြင် ၂ဝ၁၅ ခုနှစ်သည် အထွေထွေရွေးကောက်ပွဲနှစ် ဖြစ်သည့်အားလျော်စွာ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကိစ္စများနှင့် ဗျာများနေမည့်အချိန်တွင် နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်မည့် နိုင်ငံရေးဆွေးနွေးပွဲများကို မဖြစ်မနေကျင်းပရန် လိုအပ်သည်ဟုဆိုခြင်းမှာ ကြောင်းကျိုးခိုင်လုံမှု မရှိပါ။ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် အခြေအနေများနှင့် နှိုင်းယှဉ်လျှင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်မှုကို မရေရာ မသေချာဖြစ်စေနိုင်သည်ဟု ကောက်ချက်ပြုနိုင်ခြေ အလျှင်းမရှိပေ။ 

အချုပ်အားဖြင့်ဆိုသော် သမ္မတ၏မိန့်ခွန်းအရ ၂ဝ၁၅ ခုနှစ်မတိုင်မီ အပစ်ရပ် လက်မှတ်မထိုးနိုင်လျှင်၊ နိုင်ငံရေးဆွေးနွေးပွဲများ မစနိုင်လျှင်၊ နိုင်ငံရေးတည်ငြိမ်မှု၊ အသွင်ကူးပြောင်းမှုနှင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတို့၏ ရေရာသေချာမှုကို ထိခိုက်နိုင်သည့် သဘောကောက်ချက်သည် ကြောင်းကျိုးဆီလျော်မှု ကင်းလွတ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရေရှည်အမြင်နှင့် တည်ဆောက်လိုသည့်သဘောနှင့် ဖီလာဆန့်ကျင်နေသည်။ အဆိုပါကောက်ချက်သည် အတိုက်အခံနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံရေးအရ အကျပ်ကိုင်သည့် သဘော၊ ဖိအားပေးသည့်အသွင်ဆောင်သွားမည်ဆိုလျှင် ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဖရိုဖရဲဖြစ်စေပြီး ခဲလေသမျှ သဲရေကျကိန်းဆိုက်နိုင်ဖွယ်ရှိပါကြောင်း မီးမောင်းထိုးဆော်ဩလိုက်ရပါသည်။

(ရောင်းဝယ်စားသောက်နေရသော အခြေခံလူတန်းစားများအား တွေ့ရစဉ်)
(ရောင်းဝယ်စားသောက်နေရသော အခြေခံလူတန်းစားများအား တွေ့ရစဉ်) #‎emg_opinions‬

စကား.. စကား ပြောပါများ စကားထဲက ဇာတိပြ၊ နှုတ်တစ်ရာစာတစ်လုံး ဟူသော စကားများကို ပြန်လည်ကြားယောင်မိသည်။ တိုင်းပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ၊ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒုတိယမြောက် အထွေထွေရွေးကောက်ပွဲတို့နှင့် ပတ်သက်၍ အရေးကြီးနေသည့်ကာလတွင် နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ အနာဂတ် နိုင်ငံရေး ဇာတိရုပ်ကို ရောင်ပြန်ဟပ်နေမည့် မိန့်ခွန်းကို မိန့်ကြားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...