Monday, October 6, 2014

"တရားသူကြီးများ ဘယာကျော်လွှားနိုင်ပါစေ"

"တရားသူကြီးများ ဘယာကျော်လွှားနိုင်ပါစေ"
ကိုဖြူ ။ ။ “တရားသူကြီး” ဆိုတာ ဘာလဲဆရာ။ ဘာတွေလုပ်ရသလဲဆိုတာ သမိုင်းကြောင်းဆိုင်ရာ အချက် အလက်နဲ့ ရှင်းပြပေးပါဆရာ။
ယူတီကေ ။ ။ တရားသူကြီးဆိုတာ မိမိစီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးကို လာရောက်ပြီး၊ တရားစွဲဆို တင်ပို့လာတဲ့ ရာဇ၀တ်မှု (ပြစ်မှု)နဲ့ တရားမမှုတွေကို တရားဥပဒေနဲ့အညီ “စီရင်ဆုံးဖြတ်ရတဲ့သူ” ဖြစ်ပါတယ်။
 မြန်မာဘုရင်ခေတ် တရားစီရင်ရေးမှာ တရားသူကြီးဂုဏ်၊ တရားသူကြီးအင်္ဂါနဲ့ ပြည့်စုံတဲ့၊ တရားသူကြီးမြှောက်ထိုက် တဲ့၊ အကျင့်သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ပြည့်စုံကြွယ်ဝတဲ့ ပညာရှိသုခမိန် များကို ဘုရင်မင်းမြတ်က တံဆိပ်တော်ခတ်၊ စာပုလွေအပ်ပြီး တရားသူကြီးအရာကို ခန့်ထားခဲ့တယ်။ တရားသူကြီးတို့ ကျင့်ဖွယ်ရာသော ကျင့်ဝတ်များကို ဓမ္မသတ်ကျမ်းများ မှာ ပြဆိုထားတယ်။ ကျင့်ဝတ် (၈)ပါး၊ (၁၀)ပါး၊ (၁၂)ပါး စသည်ပြဆိုထားပါတယ်။ တူညီတဲ့အချက်များကတော့ အဂတိတရား လေးပါးဖြစ်တဲ့ (ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ) ဆိုတဲ့ (ချစ်၊ မုန်း၊ ကြောက်၊ တုံး) ကင်းဖို့ အရေးကြီးကြောင်း ပြဆိုထားပါတယ်။ ထူးခြားတာက ဘယာဂတိ နဲ့ပတ်သက်ပြီး ကျင့်ဝတ်နှစ်ပါးတိတိကို (၁) ဘေးအန္တရာယ်ရှိသည်ဟု မကြောက်မရွံ့ခြင်း (၂)ဘေး ကို မကြောက် မခန့် စိတ်နှလုံးတင်းမာခြင်းလို့ ဖော်ပြထားပါတယ်။
 အင်္ဂလိပ်ကိုလိုနီခေတ် (၁၈၂၆-၁၉၄၈) တရားစီရင်ရေးမှာ အင်္ဂလိပ်က တရားရုံးများထူထောင်၊ တရားသူကြီးများ ခန့်အပ်ကာ တရားစီရင်လာခဲ့ပါတယ်။ အင်္ဂလန်ပြန် ၀တ်လုံတော်ရများ၊ အိုင်စီအက်စ်များ၊ ဘွဲ့ရပညာတတ် အင်္ဂလိပ်၊ အိန္ဒိယနဲ့ မြန်မာလူမျိုးများ (ဆာမောင်ခင်၊ ဦးမေအောင်၊ ဒေါက်တာဘဦး၊ ဆာဂျေအေမောင်ကြီး၊ ဦးသိန်းမောင် စသည်) ကို တရားလွှတ် တော်မှာ တရားဝန်ကြီးအဖြစ် ခန့်ထားခဲ့ပါတယ်။
 မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် (၁၉၄၈-၁၉၆၂) ကာလမှာလည်း ၀တ်လုံတော်ရ၊ ဥပဒေဘွဲ့ရ၊ အိုင်စီအက်စ် ပညာရှိပုဂ္ဂိုလ်များကို တရားသူကြီးအဖြစ် ခန့်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံက တရားသူကြီးများရဲ့ စဉ်းစား၊ တွေးခေါ်၊ ဆုံးဖြတ်ပုံ များကို အိမ်နီးချင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ နယူးဇီလန်၊ မလေးရှား၊ စင်ကာပူမှာရှိတဲ့ တရားဥပဒေလောကက ပုဂ္ဂိုလ်များဟာ အား ကျ၊ အတုယူ၊ လေးစားခဲ့ကြပါတယ်။ မြန်မာနိုင်ငံတရားစီရင်ထုံးများကို ၀ယ်ယူကိုးကားခဲ့ကြပါတယ်။
 (၂-၃-၁၉၆၂) မှာ တော်လှန်ရေးကောင်စီ တက်လာခဲ့ပါတယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ထူထောင်ပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြီး တရားစီရင်ရေးစနစ်သစ် စတင်ခဲ့ပါတယ်။ ယခင်တစ်ဦးထိုင် ပညာရှိ တရားသူကြီး တွေဟာ အမှုကို ဆုံးဖြတ်စီရင်ခွင့် မရှိတော့ပါဘူး။ မဆလပါတီဝင် ပြည်သူ့ကိုယ်စားလှယ်များကို မဆလ ပါတီယူနစ်က တရား သူကြီးအဖွဲ့ဝင်အဖြစ် တာဝန်ပေးပါတယ်။ တစ်ဦးတည်းရုံးထိုင်တဲ့စနစ် ချုပ်ငြိမ်းသွားပြီး အဖွဲ့နဲ့ ရုံးထိုင်ပါတယ်။ ဥပဒေပြဿနာ၊ အကြောင်းခြင်းရာပြဿနာအားလုံးကို ပြည်သူ့ကိုယ်စားလှယ် တရားသူကြီးများကပဲ ဆုံးဖြတ်ပါတယ်။ ယခင် တရားသူကြီး/ တရားရေး ၀န်ထမ်းများဟာ အမှုကို ဘယ်လိုဆုံးဖြတ်သင့်ကြောင်း၊ အကြံပေး ၃(ပ)၊ ၄(ပ) များနဲ့ ရေးသားတင်ပြရပါတယ်။
 မြန်မာ့တရားစီရင်ရေး ကမ္ဘာကိုလွှမ်းရမည် ဆိုပြီး ပညာရှိတစ်ဦးထိုင် တရားသူကြီးတွေရဲ့နေရာမှာ အရပ်ထဲက ပြည် သူ့ကိုယ်စားလှယ်များဖြစ်တဲ့ ဆိုက်ကား ဘအေး၊ သော့ပြင် ကိုခွေးနဲ့ ရေစက်မောင်း ကိုပြောင်း တို့ကို အစားထိုက်လိုက်ပါတယ်။ သူတို့ဟာ ဥပဒေဆိုတာ ဝေလာဝေး၊ စာတတ်ပေတတ်များလည်း မဟုတ်ကြပါ။ သို့သော် သူတို့ဟာ ရိုးသားပြီး မှားယွင်းဆုံးဖြတ် မိမှာကို အလွန်ကြောက်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ တရားသူကြီးအဖြစ် တရားရုံး၊ တရားခွင်မှာထိုင်ပြီး အမှုစစ်ဆေးခဲ့ကြ သော်လည်း အမှုဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာကို သက်ဆိုင်ရာ ပါတီယူနစ်ထံ သွားရောက်တင်ပြကြရပါတယ်။ ဒါကို လမ်းညွှန် ချက်ခံယူတယ် လို့ ပြောပါတယ်။ အချို့အမှုတွေမှာဆိုရင် အမှုမစစ်ရသေးပေမယ့် သူတို့ထံ လမ်းညွှန်ချက်များ ကြိုတင်ရောက်ရှိ နေတတ်ပြီး ပြစ်ဒဏ်ဘယ်လောက်ဆိုတာကိုပင် ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါတယ်။ “ဥပဒေနှင့်အညီ” ဆိုတာတို့ “မိမိရဲ့ ဆင်ခြင် တုံတရား” ဆိုတာတို့ “လွတ်လပ်စွာတရားစီရင်ခြင်း” ဆိုတာတို့ဟာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားစီရင်ရေးမူ များအနေနဲ့ ပါခဲ့သော်လည်း လက်တွေ့မကျင့်သုံးနိုင်ခဲ့ပါဘူး။ သူတို့ဟာ ပါတီယူနစ်က တာဝန်ပေးလို့ တရားသူကြီးအဖြစ် ရုံးထိုင်ကြရပါတယ်။ တစ်နေ့ကို နေ့တွက် (၁၅)ကျပ် ရကြပါတယ်။ မိမိတို့ကို ခန့်နိုင်၊ ဖြုတ်နိုင်တဲ့ သူကို ကြောက်ရမယ်။ နာခံရ မယ်ဆိုတာ သဘာဝတော့ကျပါတယ်။ မောဟဂတိနဲ့ ဘယာဂတိမကင်းခဲ့ပါဘူး။ သူတို့အထက်မှာ ချယ်လှယ်အမိန့်ပေးနေတဲ့ ပုဂ္ဂိုလ်ကြီး တွေရှိနေခဲ့ပါတယ်။ တကယ်တော့ ဒီလူကြီးတွေပဲ ပြည်သူတွေရဲ့ ဘ၀အပေါ် အဆုံးအဖြတ်တွေ၊ အမိန့်တွေ ပေးလာ ခဲ့တာပါ။
 (၁၈-၉-၁၉၈၈) မှာ န၀တ တပ်မတော်အစိုးရ တက်လာပါတယ်။ အရပ်ထဲက ပြည်သူ့တရားသူကြီးတွေရဲ့ အခန်း ကဏ္ဍ ရပ်ဆိုင်းသွားပါတယ်။ ယခင်က အကြံပေးအဖြစ်သာ လုပ်လာခဲ့ရတဲ့ တရားရေးဝန်ထမ်းတွေဟာ ဘယ်တော့မှ မမျှော်လင့် တဲ့ တစ်ဦးထိုင်တရားသူကြီး ပြန်ဖြစ်လာပါတယ်။ တရားခွင်ပေါ်ကို ယောင်တီးယောင်န၊ ခေါင်းပေါင်းစနဲ့ တက်လာနိုင်ခဲ့ပါတယ်။ “ဥပဒေနဲ့အညီ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်အာဏာ” ကို အိပ်မက်တွေမက်၊ စိတ်ကူးတွေယဉ်ခဲ့ကြတယ်။ သို့သော်လည်း န၀တ၊ နအဖတို့ရဲ့ အကြွင်းမဲ့အာဏာ ရယူထားတဲ့ မာရှယ်လောခေတ်ကြီးထဲမှာ နဖူးတုန်၊ ဒူးတုန်၊ ဘုရားတရမယ့် အဖြစ်တွေ ကြုံရပါတော့တယ်။ တရားသူကြီးဆိုတဲ့သူတွေကို ဘယ်အမှု၊ ဘယ်အမိန့်၊ ဘယ်လောက်ပြစ်ဒဏ် ချမှတ်ရမယ်ဆိုတဲ့ (နှုတ်၊ စာ၊ အမှတ်အသား၊ တယ်လီဖုန်း၊ မှတ်ချက်၊ မှတ်တမ်း၊ ညကျောင်းလမ်းညွှန်ချက်) တွေ ရောက်လာပါတော့တယ်။ အမှု မစစ်ဆေးရ သေးပေမယ့် တိုင်ချက် (အက်ဖ်အိုင်အာ)လိုအပေါ်မှာ “တိုင်းမှူး မှတ်ချက် (၇)နှစ်” ဆိုပြီးလည်း ပါလာတတ်တယ်။ မိမိကိုခေါ်ပြီး “ဒါ လမ်းညွှန်ချက်ပဲ.... လိုက်ရေးထား” ဆိုတာမျိုးလည်း ရှိခဲ့ရဲ့။ ပြောတဲ့အတိုင်း မလုပ်တဲ့ တရားသူကြီးတွေခမျာ ကိုယ့်ရှေ့မှာ တင် ပြုတ်သွား၊ ပြောင်းသွား၊ ဘ၀ပျက်သွားတာတွေ အများကြီးပဲ။ တချို့များ ထောင်ကျသွားတာရှိသေးတယ်။ အထက်အမြင့် ဆုံးလူကြီး ကို တင်ပြတော့လည်း သူတို့ကိုတောင် ပညာ၊ ကျန်းမာ၊ တရားရေးတာဝန်ခံက “ခင်ဗျားတို့ကို ဘယ်ပြည်သူကမှ ရွေး ထားတာမဟုတ်ဘူး။ ကျုပ်တို့ ခန့်ထားတာ၊ ဥပဒေစကား လာမပြောနဲ့၊ ကျုပ်တို့ခိုင်းတာ မလုပ်နိုင်ရင် ထွက်စာတင်၊ ခင်ဗျားတို့ရဲ့ “ဘလက်ဖိုင်” တွေ ကျုပ်ဆီမှာရှိတယ်” ပြောလို့ “ဟုတ်ကဲ့ပါ ဗိုလ်ချုပ်” ဆိုပြီး ပြန်လာခဲ့ရတယ်လို့ ကြားရတာပါပဲ။ ဒီတော့ အောက်ခြေက တရားသူကြီးတွေရဲ့ အိပ်မက်ဟာ ပျောက်ပျက်ခဲ့ရပါတယ်။ တစ်ကြော့ပြန် တရားသူကြီးများဟာ ကျောင်းပြန် သင်္ကန်းလို သီလ၊ သမာဓိ၊ ပညာကို ဈေးလျှော့ချပြီး ဘ၀ရပ်တည်မှုအတွက် အမိန့်ပေးညွှန်ကြားတဲ့ ပုဂ္ဂိုလ်ကြီးများအလိုကို လိုက်ခဲ့ကြရပါတယ်။ အမာခံပေးရမယ့်အမှု မပေးရဲ။ ဒဏ်ငွေချရမဲ့အမှု ထောင်ချ၊ ရဲအရေးမပိုင်တဲ့အမှု ချုပ်မိန့်ရီမန်တွေပေး၊ ဒီအမှု အမျိုးအစားဆိုရင် ကျူးလွန်ခြင်း ရှိ/မရှိ မစဉ်းစားနဲ့၊ အပြစ်သာပေးလိုက်၊ ဒီပါတီကလူဆိုရင် ပြစ်ဒဏ် အမြင့်ဆုံးပေး ဆိုတာတွေ လိုက်လုပ်ပေးခဲ့ရတယ်။ “ပေါ်လစီမှု၊ အခါကြီးရက်ကြီး၊ တိုင်းမှူးမှတ်ချက်၊ ထလရတပ်မှူးသဘောထား၊ ရေးရာ အဆိုပြုချက်၊ အာဏာပိုင်မှတ်ချက်” စတာတွေကြောင့် စိတ်မသက်မသာနဲ့ ငရဲကြီးခံပြီး ဥပဒေမဲ့တဲ့အမိန့်တွေ ချပေးခဲ့ကြပါ တော့တယ်။
 ခေတ်ဆိုး၊ ခေတ်ပျက်ကြီးထဲမှာ မှန်တဲ့လူတွေ မကျန်နိုင်ဘူးဆိုတဲ့ ဘ၀ပေး ဒဿနတစ်ရပ် ပေါ်ပေါက်လာတယ်။ ဒါဝင်ရဲ့ သီအိုရီအရ ရာထူးရပ်တည်ကျန်ရစ်အောင် လိုက်လျောညီထွေနေတတ်ဖို့ လိုလာတယ်။ ခိုင်းတဲ့အမိန့်တွေ မျက်စိမှိတ် ချရင်း နောင်တော့ လက်ယဉ်လာပြီး မခံစားရတော့ပါဘူး။ သူများမိုးခါးရေးသောက်သလို လိုက်သောက်လာကြတယ်။ အမှုသည် က စေတနာနဲ့ဆိုပြီး လာပေးတဲ့ (ပို့ဆွမ်း) (ကြွေသီး) ကို မရှက်နိုင်တော့ဘဲ စားတတ်လာတယ်။ နောင်တော့ (ပို့ဆွမ်း)ကနေပြီး (ခံဆွမ်း) ဗြောင်ငွေတောင်းလာတတ်တယ်။ (ကြွေသီး) မကတော့ဘဲ သစ်ပင်ပေါ်တက်ပြီး (ချွေသီး၊ ကိုင်းခုတ်ယူတဲ့သီး) ထိ လုပ်တတ်လာတယ်။ ကိုယ့်ခေါင်းပေါ်တက်ထိုင်ပြီး  အမိန့်ပေးနေတဲ့ ပုဂ္ဂိုလ်ကြီးများနဲ့လည်း အကျိုးတူ လုပ်တတ်လာတယ်။ တစ်နေရာမှာ (၃)နှစ် (၅)လလောက် တရားသူကြီးလုပ်ရုံနဲ့ သိန်းပေါင်းသောင်းချီပြီး ချမ်းသာအောင် လုပ်နိုင်သူလည်း ရှိခဲ့ပါ တယ်။ ချစ်၊ မုန်း၊ ကြောက်၊ တုံး (၄)ပါးလုံး ပျက်သုဉ်းခဲ့တဲ့ ကာလကြီးပါ။ ပြီးခဲ့ပါပြီ။
 (၃၀-၃-၂၀၁၄) မှာ ဒီမိုကရေစီအစိုးရသစ် ပေါ်လာပါပြီ။ တရားစီရင်ရေး ဥပဒေသစ်ပေါ်လာပါပြီ။ မြို့နယ် ခရိုင် တရားသူကြီးများ ဆက်လက်တာဝန်ထမ်းဆောင်ကြပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီးမှာ တရားလွှတ်တော် (၁၄)ရပ်၊ တရား သူကြီးချုပ် (၁၄)ဦး၊ တရားသူကြီး (၃၈) ဦးတို့ကို ၀န်ကြီးချုပ် (၁၄)ဦးက အမည်စာရင်းတင်သွင်းခန့်ထားခဲ့ပါပြီ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာလည်း ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တရားသူကြီး (၆)ဦးကို နိုင်ငံတော်သမ္မတက ခန့်ထားခဲ့ပါပြီ။ ဒါပါပဲဗျာ။
ကိုဖြူ ။ ။ အခုကော (ချစ်၊ မုန်း၊ ကြောက်၊ တုံး) ကင်းသွားပြီလားဆရာ။
ယူတီကေ ။ ။ x x x x x x x x x
ကိုဖြူ ။ ။ အရင်ခေတ်က တရားသူကြီးခေါင်းပေါ် ခွထိုင်တဲ့ လူကြီးတွေ ဘယ်ရောက်သွားကြပြီလဲဆရာ။
ယူတီကေ ။ ။ မဆလခေတ်က ပါတီယူနစ်၊ ဒေသနဲ့၊ ဗဟိုကော်မတီဝင်တွေဟာ တပ်ကလူတွေဗျ။ န၀တ တက်တော့ သူတို့က (မဆလ)က အပြတ်ထွက်လိုက်ကြတယ်။ န၀တ၀င်တွေ ဖြစ်လာတယ်။ တိုင်းမှူးနဲ့ ၀န်ကြီးတွေ ဖြစ်လာတယ်။ အခုတော့ တပ်က လုံးလုံးနားလိုက်ပါပြီ။ အရပ်သားအစိုးရသစ်ထဲမှာနဲ့ အမတ်တွေအဖြစ် နိုင်ငံရေးပါတီကြီးတစ်ခုမှာ ရောက်နေ ကြပြီဗျ။
ကိုဖြူ ။ ။ ဘုရား ၊ ဘုရား . . . . .

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...