Sunday, October 12, 2014

.........ပြောပြချင်ပါတယ် (၁၉)

(၁)
တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ စစ်တပ်ရဲ့ ရပ်တည်ချက် တစ်ခုတည်းကပဲ အရေးပါခဲ့တာ မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ အထူးသဖြင့် ခြစားမှုတိုက်ဖျက်ရေးနဲ့ Nepotism ခေါ်တဲ့ ဆွေမျိုးတစ်စု (သို့မဟုတ်) လူတစ်စုတည်းပဲ ချုပ်ကိုင်တဲ့စီးပွားရေး ပုံစံတွေကို ပြောင်း လဲပစ်တာတွေက အဓိကကျပါတယ်။
ကိုရီးယားနိုင်ငံမှာ ချေးဘိုးလို့ခေါ်တဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေကို စနစ်တကျ ထိန်းချုပ်ခဲ့ပြီး အခွန်ရှောင်မှုတွေ လာဘ်ပေးလာဘ်ယူမှုတွေကို စနစ်တကျ အရေးယူခဲ့ပါတယ်။ ဒေဝူး၊ ဟွန်ဒိုင်း အစရှိတဲ့ ကုမ္ပဏီကြီးတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေတောင် အရေးယူ ခံခဲ့ရပါတယ်။
အင်ဒိုနီးရှားကတော့ ဒီထက်ပိုခက်ခဲပါတယ်။ ၃၁ နှစ်ကြာ နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ ဆူဟာတိုဟာ လာဘ်အစားဆုံး အာဏာရှင်လို့ ဆိုစမှတ်ပြုခံခဲ့ရသလို သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၅ ဘီလျံကနေ ၃၁ ဘီလျံအထိ ရှိပါတယ်။ ၁၉၇ဝ-၈ဝ ဝန်းကျင်က အင်ဒိုနီးရှားကို ခေတ်မီနိုင်ငံ တစ်နိုင်ငံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၁၉၆၈ မှာ ဆင်းရဲမှု ၆၁ ရာခိုင်နှုန်းကနေ ၁၉၉ဝ အလွန်မှာ ၁၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်းပဲ ကမ္ဘာ့စီးပွားပျက်တဲ့ ၁၉၉၇ မှာတော့ တိုင်းပြည်စီးပွားရေး ဒေဝါလီခံရခြင်းနဲ့အတူ ဆူဟာတို ပြုတ်ကျခဲ့ပါတယ်။
လမ်းမပေါ်မှာ ဆူဟာတိုကို ကြိုးပေးလိုတဲ့သူတွေ၊ ဆန္ဒပြနေသူတွေ နေ့စဉ်ရက်ဆက် ရှိနေဆဲမှာ သူ့ကိုသစ္စာခံတဲ့ စစ်တပ်နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဒါကိုငြင်းပယ်ခဲ့ပါ တယ်။ ဟာဘီဘီ၊ ဝါဟစ်၊ မီဂါဝါတီ၊ ယူဒို ယူနို အစိုးရ အစဉ်အဆက်က ဒီလိုအရေးယူဖို့ထက် အဂတိတရားလိုက်စားမှု တိုက်ဖျက်ရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို စနစ်တကျ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆူဟာတိုရဲ့ အသိုင်းအဝိုင်းတွေ တရားစွဲခံရပေမယ့် ဖြေရှင်းမှုတွေ လုပ်နိုင်ခဲ့ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့နောက်မှာ အာဏာရှင်အသိုင်းအဝိုင်းနဲ့ စေ့စပ်ညှိနှိုင်းစရာမလိုတဲ့ သဘောတူညီမှုနဲ့ တိုင်းပြည်ရှေ့ခရီး ဆက်နိုင်ခဲ့ပါတယ်။


(၂)
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး သုံးနှစ်ကျော်ခရီးမှာတော့ ဒီခြစားမှု တိုက်ဖျက်ရေးအတွက် အစိုးရရော၊ အတိုက်အခံရော အားနည်းခဲ့ပါတယ်။ အာဏာရှင်စနစ်ရဲ့ အဓိကရေသောက်မြစ်ဖြစ်တဲ့ စစ်တပ်ကကြီးစိုးထားတဲ့ နိုင်ငံရေးစနစ်ကိုချည်း ပြုပြင်ပြောင်းလဲဖို့က ခက်ခဲပါတယ်။ ဒါ့ကြောင့် ထွက်လာတဲ့ အကိုင်းအခက် အလက်တွေ ဖြစ်တဲ့ ခြစားမှု (Corruption) နဲ့ ခရိုနီကြီးစိုးမှုဝါဒ (Cronyism) ကို လျော့ပါးအောင်ပါ တစ်ပါတည်း ပြုလုပ်ရပါမယ်။ သမ္မတဦးသိန်းစိန်ရဲ့ ခြစားမှုတိုက်ဖျက်မှု အားနည်းခြင်းနဲ့ ခရိုနီများကြီးထွားလာခြင်းဟာ အစိုးရရဲ့ အဓိကအားအနည်းဆုံးဖြစ်ပြီး တိုင်းပြည်ကို အထူးထိခိုက်နစ်နာ စေပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေအနေနဲ့ အစိုးရရဲ့ အားအနည်းဆုံးနေရာနဲ့ ခရိုနီကြီးတွေကို ဝေဖန်ပြစ်တင်ဖို့ ပျက်ကွက်ခဲ့တာကလည်း ရှိနေပါတယ်။
အာဏာရှင်တွေနဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားကို ထိပါးရင် သူတို့ပြောင်းလဲပါဦးမလား၊ နောက်ကြောင်း ပြန်လှည့်သွားမလား မစိုးရိမ်ပါနဲ့။ နောက်ပြန်လှည့်သွားမယ်နော်ဆိုတဲ့ အခွင့်အရေးသမား တတိယအုပ်စုဝင်တွေရဲ့ စကားကို ကြောက်လန့်စရာ မလိုပါဘူး။ နောက်ကြောင်းပြန်လှည့်ရင် ပြည်သူတွေထက် သူတို့ပိုနစ်နာပါမယ်။ ကြောက်စရာ မရှိပါဘူး။ လှည့်ဖို့ကြိုးစားချင်သူတွေ ကြိုးစားကြည့်ကြပါ။ စစ်တပ်က အာဏာပြန်သိမ်းမယ် ဆိုရင်လည်း မစိုးရိမ်ပါနဲ့။ နှစ်ဦးနှစ်ဖက်လုံးက ရှေ့ဆက်ကို ဆက်ရတော့မယ်လို့ နားလည်ပါတယ်။ မြန်မာ့နိုင်ငံရေး အနာဂတ်ခရီးမှာ ဝေဖန်သင့်တာ ဝေဖန်၊ ထောက်ပြသင့်တာ ထောက်ပြ၊ ညှိနှိုင်းသင့်တာ ညှိနှိုင်း၊ ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်၊ ဥပဒေအတိုင်း လုပ်သင့်ရင်လုပ်ပြီး ရှေ့ခရီးဆက်ရပါမယ်။
နောက်ကြောင်း ပြန်လှည့်သွားမှာကို မစိုးရိမ်ပါနဲ့။ လက်ရှိရှေ့ကို မရွေ့တာကိုပဲ ဘယ်လိုရွေ့အောင် လုပ်ရမလဲ စိုးရိမ်ပါ။
(၃)
မြန်မာနိုင်ငံက ခြစားမှုကို တိုက်ဖျက်ရာမှာပဲဖြစ်ဖြစ်၊ ခရိုနီကြီးပွားရေးဝါဒကို တိုက်ဖျက်ရာမှာပဲဖြစ်ဖြစ်
(၁)တရားဥပဒေစိုးမိုးမှု
(Rule of Law)
(၂)မျှတမှု
(Fairness)
(၃)ဆင်ခြင်တုံတရား
(Consideration) က အရေးကြီးပါတယ်။
လစာဝင်ငွေနဲ့ ကုန်ကျငွေ အဆမတန် ကွာဟနေတဲ့ ဝင်ငွေနည်း ဝန်ထမ်းငယ်တွေကိုပဲ အဓိကထား ခြစားမှု တိုက်ဖျက်မယ်ဆိုရင် တရားမျှတမှု မရှိရာရောက်သလို ဆိုရှယ်လစ်ခေတ်က ဆူဇကာစစ်ဆင်ရေးလို ခရိုနီကြီးတွေကို နှိပ်ကွပ်ရင်လည်း တိုင်းပြည်စီးပွားရေးတွေ အများကြီး ထိခိုက်နစ်နာမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ အဂတိတရား တိုက်ဖျက်ရေးတွေကို ပိုင်ဆိုင်မှုတွေ စစ်ခိုင်းရင် ဒါဟာ ဆင်ခြင်တုံတရား နည်းလွန်းရာ ရောက်ပါတယ်။ အဂတိတရား လိုက်စားမှုနဲ့ ပတ်သက်ပြီး Investigative Journalism လုပ်ရင် ကျွန်တော်တို့အနေနဲ့
(၁)တိုင်းပြည်နဲ့ လူမျိုးရဲ့နစ်နာမှု
(၂)ပြည်သူလူထုအပေါ် တရားမျှတမှု မရှိခြင်း၊ နိုင်လိုမင်းထက်ပြုမူခြင်း
(၃)နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းအား အနှောင့်အယှက်ပြုခြင်း ဆိုတဲ့ ဆင်ခြင်တုံတရားပေါ်မှာ အခြေပြုပါတယ်။
(၄)
အခုလောလောဆယ်မှာ ကျွန်တော့်အနေနဲ့ အဓိကထား လေ့လာဖြစ်တာကတော့ သစ်တောရေးရာ ဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီလောက်သစ်တော ပြုန်းတီးနေတဲ့ အချိန်မှာ ဒီအစိုးရသက်တမ်း သုံးနှစ်အတွင်း ဘာလို့ သစ်ပိုခုတ်ခဲ့တာလဲ။ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းမယ့် နောက်ဆုံးနှစ်မှာ ဘာလို့ ပိုခုတ်ခွင့်ပြုရတာလဲ။ ကျွန်တော်နားလည် သလောက်တော့ သစ်တောဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေလျှော့ပြီး မြန်မာ့သစ်လုပ်ငန်းကို လုပ်ပိုင်ခွင့် ပိုပေးကာ သစ်ကုမ္ပဏီတွေကို မြန်မာ့သစ်လုပ်ငန်းကိုယ်စား သစ်တွေ ထုတ်လုပ်ကတည်းက မြန်မာ့သစ်တောတွေ ပြုန်းတီးမှုမြန်ခဲ့တယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘယ်လောက်ချမ်းသာခဲ့သလဲ၊ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိသွား ခဲ့သလဲ။ ဒါ့အပြင် သစ်ထုတ်ခွင့်ရတဲ့ ကုမ္ပဏီတွေရော ဘယ်လောက် အခွန်ဆောင်ပြီးကြပြီလဲ။ ပြည်သူတွေ သိချင်တဲ့မေးခွန်းတွေ ဖြစ်ပါတယ်။
၁၅ နှစ်ကို အသာထား၊ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းက အခွန်ဆောင်မှုကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရပါမယ်။ တာဝန်ခံမှုဆိုတာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ တာဝန်ယူမှုဆိုတာ တရားစွဲဆိုခံရမယ်၊ ပြစ်ဒဏ်စီရင်ခြင်း ခံရနိုင်တယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ သစ်မာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ အခွန်အခတွေနုတ်ပြီး ပေးဆောင်စရာ တစ်တန်ကို ဒေါ်လာ ၂ဝဝ ကနေ ၈ဝဝ လောက် မြတ်ပါတယ်။ ကျွန်းထုတ်ရင် တစ်တန် ဒေါ်လာ ၇ဝဝ ကနေ ၂၅ဝဝ လောက်အထိ ကျန်ပါတယ်။ ဒီအတွက် သစ်ကုမ္ပဏီကြီးတွေ အနေနဲ့ ဝင်ငွေခွန် ဘယ်လောက်၊ ကုန်သွယ်ခွန် ဘယ်လောက် ဆောင်ပြီးပါပြီလဲ။ အနည်းဆုံး ၂ဝ၁၁-၂ဝ၁၂၊ ၂ဝ၁၂-၂ဝ၁၃၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် သုံးနှစ်ကို ပြန်ကောက်ရပါမယ်။ အခွန်လျှော့ကောက်ခဲ့ရင် အခွန်ဦးစီးဌာနနဲ့ အခွန်ကြီးကြပ်ရေး ဘုတ်အဖွဲ့မှာ တာဝန်ရှိပါတယ်။ ထုတ်လုပ်ခဲ့တဲ့ တန်၊ ထုတ်တဲ့ကုမ္ပဏီ စာရင်းကိုပေးဖို့ သစ်တောဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်။ စာရင်းမှားပေးရင် သစ်တောဝန်ကြီးဌာန တာဝန်ခံရပါမယ်။ အခွန်ကောက်ခံမှုအတွက် အခွန်ဦးစီးဌာနက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။ အကယ်၍ ဘဏ္ဍာအခွန် ဝန်ကြီးဌာနကဖြစ်စေ၊ သမ္မတရုံးကဖြစ်စေ၊ သမ္မတကဖြစ်စေ ဒီအခွန်တိတိကျကျ ကောက်ခံမှုကို အနှောင့်အယှက်ပြုရင် သူတို့တာဝန်ခံရပါမယ်။ ဆိုလိုတာက ခြစားမှုတိုက်ဖျက်ရေးမှာ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ အရေးပါတယ် ဆိုချင်တာပါ။
သစ်တောပြုန်းတီးမှု၊ တိုင်းပြည်နစ်နာမှုတွေအတွက် ကျယ်ပြန့်တဲ့ အရေးယူ၊ စစ်ဆေးမှုတွေနဲ့ အရေးယူရမယ့်အစား သစ်ထုတ်တဲ့ ကုမ္ပဏီတွေကို သစ်ခုတ်ခွင့်ပေးတာတွေကို အစီအစဉ်တကျ အမြန်ဆုံးရပ်ဆိုင်းဖို့၊ အခွန်တွေ ငါးနှစ်အထိ စနစ်တကျကောက်ခံဖို့ဟာ နည်းစနစ်ကျတဲ့ အဂတိတရား တိုက်ဖျက်မှုတစ်ခု ဥပမာပြ ညွှန်းဆိုခြင်းပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဘယ်လောက်တာဝန်ယူမလဲ၊ တာဝန်ခံမလဲဆိုတာ စောင့်ကြည့်ရပါမယ်။
ဆက်ပါဦးမည် - - -

Written by - သန်းထွဋ်အောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...