Sunday, September 14, 2014

ဒါ ဒို့ဆရာကြီး ဦးလှရွှေပါ ။ မိန်းထဲမှာ A အဆောင်မှူး Textile AP ပါ ။


ခုဆရာကြီး ဆေးရုံပေါ်က မြင်ကွင်းကို တွေ့ရတော့ ကျနော့်မှာ မျက်ရည် မဆည်နိုင်ပါဘူး ။ RIT / YIT စက်မှုတက္ကသိုလ်က အငြိမ်းစား ပါမောက္ခအိုကြီး တစ်ယောက်ရဲ့ ပုံပါ ။ ကြည့်ပါဦးဗျာ ..။ တိုင်းပြည်ရဲ့ အတော်ဆုံး ထိပ်ထိပ်ကြဲ ပညာရှင်တွေကို ကျုပ်တို့ အစိုးရမင်းများ ပေးထားတဲ့ ကျန်းမာရေးအာမခံဆိုတာ ဘာမှမရှိလေတော့ တပည့်ဟောင်းတွေဆီက အလှူ ငွေလေးကို ကတုန်ကယင် မြှောက်ပြထားရရှာတာ ..။
လူငယ်ဘ၀ စက်မှု တက္ကသိုလ် ကျောင်းဆရာဖြစ်လာတာကနေ ပင်စင်သွားသည်အထိ ကျောင်းဆရာ လစာကလေး မဖြစ်စလောက်ကလွဲ ပြီး ဘာမှ ခံစားခွင့် ရမသွားရှာ ၊ ယူမသွားရှာတဲ့ ကျနော့ဆရာကြီး ..။

သူဘယ်လိုလူလဲ နဲနဲတော့ရေးပြချင်ပါတယ် ။

၂၀၀၀ ခုနှစ်များဆီက ကျနော်တို့ ကျောင်းကို အပိုင်းပိုင်းခွဲပြီး လှိုင်သာယာ နဲ့ ပြည်ကို ပို့လိုက်တော့ရင် ဆရာကြီး ၊ ဆရာမကြီး တွေဟာ ၁ လကို ၂ ပတ်စီခွဲကာ ကျောင်းသားတွေရှိရာ လိုက်သင်ပေးကြရပါတယ် ။ ဒါလဲ စုံစုံလင်လင် မဟုတ်ပါဘူး ။ ဖျက်ဆီးခံလိုက်ရတဲ့ ကျောင်းဆိုတော့ ကျောင်းသားတွေခမျာလဲ စေ့ငုအောင် မတက်နိုင်ကြပါ ။ ကျနော့် same batch မှာတင် Drop out က ၄၀ % လောက်ရှိပါတယ် ။

အဲ့နေ့ကတော့ PTU စာသင်ခန်းထဲမှာ ဆရာကြီး နဲ့ ကျနော် ၂ ယောက်ထဲပါ ။ ပြောရရင်တော့ ပါမောက္ခ နဲ့ တစ်ဦချင်း စာသင်ခွင့်ရခဲ့တဲ့ အတွက် ကံကောင်းလှတဲ့ ကျနော်လို့တောင်ပြောရမလိုပါ
အဲဒီ အချိန်မှာ ကျောင်းဝင်းထဲကို စစ်ကားတွေ အစီး ၂၀ လောက် ရှေ့ပြေး ပွိုင့်တွေ နဲ့ ၀င်ချလာပါတယ် ။ ကျနော်က ပြတင်းပေါက်က မြင်ရတဲ့ စစ်ကားတွေ ကို မျက်ရိပ်နဲ့ လှမ်းပြပေတဲ့ ဆရာကြီးက တစ်ဦးတည်းသော ကျောင်သား ကျနော့်ကို စာသင်ပျက်မသွားပါ ။ ခဏ နေတော့ ပါမောက္ခချုပ် ဦးအောင်ကျော်မြတ် ၊ မော်ကွန်းထိန်း ( ဦး ) စည်သူကျော်တို့ စစ်ဘို စစ်သားများစွာ နဲ့ ကော်ရစ်ဒေါ ကနေ တဖြောင်းဖြောင်း လျှောက်သွားကြပါတယ် ။ အခန်းရှေ့မှာ ခဏ တုံ့ရပ်ပြီး ကြည့်ကြပါသေးတယ် ။ ဆရာကြီးကတော့ စာသင်မပျက် အေးအေးဆေးဆေးပါပဲ ။

ခဏနေတော့ ရုံးအကူတစ်ယောကလာပြီး " ဆရာကြီး ၊ တိုင်းမှူး ရောက်လာလို့ သြ၀ါဒ ခံယူပွဲ လုပ်ရမှာမို့ ဆရာ၊ဆရာမတွေ အားလုံး အစည်းအဝေးခန်းကြွပါ တဲ့ "
ဆရာကြီးက " ငါမအားဘူး ၊ စာသင်နေတယ် ။ ၄ နာရီထိုးရင် ပြီးမယ် "
အထွန့်မတက်ရဲတဲ့ ၀န်ထမ်းကောင်လေးက " ဟုတ်ကဲ့ ဆရာကြီး '' ဆိုပြီးထွက်သွားပါတယ် ။
တစ်မိနစ်လောက်အတွင်းမှာပဲ မော်ကွန်းထိန်း ရောက်လာပြန်ပြီး " ဆရာကြီး ၊ တိုင်းမှူးက surprised ရောက်လာလို့ပါ ။ အားလုံး စုံညီ တွေ့ချင်တယ်လို့ ပြောပါတယ် "
" အေးပါ ၊ စာသင်ပြီးရင် လာခဲ့မယ် ။ "
" ပါချုပ်က ဆရာကြီးလာမှ စမယ် လို့ ပြောပါတယ် " လို့ လှည့်ပြီး ပြောပြန်ရော ။ ဆရာကြီးက လှည့်မကြည့်တော့ပါဘူး ။ စာပဲ သင်နေတော့တာ ။ ကျနော်ကလဲ ဒါမှ ငါတို့ဆရာကြီး ဆိုတဲ့ အထာ နဲ့ ကြိုးစားပမ်းစား အပြန်အလှန် ဆွေနွေးကြတာပေါ့ ။

စိတ်အထင် ၁၅ မိနစ်လောက်ရှိမယ်ထင်တယ် ။ မော်ကွန်းထိန်း ဟာ အခန်းထဲထိ ၀င်ချလာပြီး
" ဆရာကြီး ၊ တိုင်းမှူးက ဆရာ၊ ဆရာမတွေ အားလုံး တွေ့ရမှ ဖြစ်မယ်လို့ ပြောနေလို့ပါ "..သူ့အသံက တုန်ယင်နေပြီး ငိုကာနီးနေပါပြီ ။ ရုတ်တရက် အခန်းရှေ့မှာ လူရိပ် မြင်လို့ ကျနော် ကြည့်တော့ ဗိုလ်ကြီး သို့မဟုတ် ဗိုလ်မှူး တစ်ယောက်ပါ ..။ ဖိုင်တစ်ခုကိုပွေ့ထားပြီး ကျနော့်ကို ပြုံးရယ်ပြပါတယ် ..။ တိုင်းမှူး PA ဖြစ်နိုင်တယ် လို့ ကျနော်ထင်လိုက်တယ် ။
ဆရာကြီးဟာ အဲဒီ စစ်ဗိုလ်ကို မြင်တော့ ဒေါသပေါက်ကွဲ သွားပါတယ် ..။

" ဟေ့ကောင် စည်သူကျော် ၊ မင့်တိုင်းမှူးကို ပြောလိုက် ၊ ငါစာသင်နေတယ် ။ ကျောင်းဆရာ စာသင်နေတဲ့ အချိန် ရောက်လာပြီး စာသင်ရပ်ခိုင်းရအောင် ငါမရပ်နိုင်ဘူး ။ ဒါ ငါ့အလုပ် ငါလုပ်နေတာ ။ တွေ့ချင်သပ ဆို ငါ စာသင်ပြီးအောင် စောင့် ။ ငါလက်ချာ စောဖြုတ်ပေးမယ် ။ ငါလုပ်နိုင်တာ ဒါပဲ ..။ "

မော်ကွန်းထိန်း ဆိုတဲ့ ပုဂ္ဂိုလ်လဲ သံမဏိ လူသားကို အလျော့ပေးပြီး ထွက်သွားပါတော့တယ် ။

ကျနော့်ရင်ထဲမှာ ဒီအဖြစ်အပျက်ကို သေသေချာချာ ကို မှတ်တမ်းတင်ထားပါတယ် ။ စစ်အာဏာ ဟာ ပညာ ကို ပညာရှင်အစစ်ကို ထိန်းချုပ်မောငိးနှင်ဖို့ စွမ်းအင်မရှိပါဘူး ဆိုတာ မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ် ။

ဟုတ်ကဲ့ ..။ အဲဒီ သံမဏိ ဆရာကြီး ခုတော့ ချို့ ချို့ ငဲ့ငဲ့ သေမင်း နဲ့ စစ်ခင်းနေရပါပြီ ။ ကျောင်းကြီးက ထွက်လာတဲ့ ကျနော့် သူငယ်ချင်းများ တတ်နိုင်ရင် ၀ိုင်းဝန်း ကူညီပြီး contribute လုပ်ကြပါလို့ နှိုးဆော်ပါတယ် ။

ဓာတ်ပုံက စီနီယာ တစ်ယောက်ဆီက ကူးယူထားတာပါ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...