Friday, September 19, 2014

" သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး " ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)


ရေးရတာလဲ တချိန်လုံး ကလော်ဆဲတာတွေချည်း ဖြစ်နေတော့ ကြာရင်စာဖတ်သူတွေ ကတောင် ကျနော်စိတ်မှ မှန်သေးရဲ့လားထင်စရာ ရောက်နေပြီ။ ခက်တာကလဲ ဗိုလ်သန်းရွှေက လုပ်လိုက်ရင် တိုင်းပြည် နာစေတာချည်းလုပ် ကျနော်ကလဲ ဓါးခုတ်ရာလက်ဝင်လျှိုလို့ ပြောစရာကလဲ ရှိဆိုတော့ ၀င်ဝင်ပါတတ်မိတယ်။ ရှေးရေစက်လားလို့တောင် ထင်ရတယ်။ အရေးထဲ အမျိုးကတော်လိုက်သေးတယ်။ တော်တော့လဲ ကျနော့်စကား သူ့ကိုဆော်ကားမိလျှက်သားဖြစ်သွားတယ်။ ကျနော် ခယ်မက ပထမ အိမ်ထောင်ရှိတယ်။ ပထမအိမ်ထောင်နဲ့ ဟိုက ခယ်မထက် အသက်၁၉-နှစ်ကြီးတယ်။ အရေးအခင်းပြီးစ န.၀.တ လက်ထက် ပထမဆုံး နိုင်ငံခြားလုပ်ငန်း ကန်ထရိုက်ကို ရသူပါ။ ပြီးရုပ်ရှင်မင်းသမီးပေါက်စ နာမည်ကျော်နဲ့တွဲ မယားကို အရာမသွင်းတော့ ကွဲကြတာပေါ့။
အဲဒီမှာ ဗိုလ်သန်းရွှေသား(ထွန်းနိုင်ရွှေ)နဲ့ ဆုံပြီး သူ့ကို အသေကပ်ပါလေရော။ ထွန်းနိုင်ရွှေက သူ့ကို ပြန်မကြိုက်ရင် သူ့ကိုသူပါ သေနတ်နဲ့ပစ်သတ် Sucide လုပ်မယ်တွေ လုပ်ပါလေရော။ ခယ်မလဲ ကျနော်ကိုတိုင်ပင်ပေါ့။ ကျနော်ကတော့ပြတ်တယ်။ အရေးမလုပ်နဲ့။ မယူနဲ့... ဒီကောင်တွေက အဖေကအစ လူစိတ်ရှိတာ မဟုတ်ဘူး။ ပြီးဘာအရည်အချင်းမှ မရှိတဲ့အပြင် အရည်အချင်းရှိသူကိုတောင် တန်ဖိုးထားရမှန်း ပညာရှင်တန်ဖိုးကိုတောင် နားမလည်သူ တွေပေါ့။ စကားက ဟိုအထိရောက်တော့တယ်။ ပြသနာက အဲဒီကတည်းက ကျနော်က သူတို့ကို ဆော်ကားတယ် လူပါးဝတယ် တွေဖြစ်ရော။ မတတ်နိုင်ဘူး။ ကိုယ်စိတ်ထဲ ထင်တဲ့အတိုင်း ပြောတာလေ။ အားလုံးကတော့ ဗိုလ်ချုပ်မှုးကြီးသား ဆိုတော့ သဘောတော် ကျနေကြတာပေါ့။ အပြတ်ကန့်ကွက်သူက ကျနော်တယောက်ထဲ။ ကန့်ကွက်တာထက် ပက်ပက်စက်စက် ပြောတာကို သူတို့ဖက်ကနာတာ။
ထားတော့။ ၁၉၉၁- လောက်မှာ န.၀.တ ဟာ ရတနာဓါတ်ငွေ့သိုက်ကို တွေ့လိုက်ပါတယ်။ အဲဒီတော့ ဓါတ်ငွေ့ကို ရောင်းဖို့ကို ထိပ်ကထားစဉ်းစားတယ်။ ပညာမတတ်တော့ သုံးစွဲပြီး စွမ်းအင် ဖူလုံအောင်လုပ်ပေးရင် တိုင်းပြည် ပိုတိုးတက်မယ်ဆိုတာ မမြင်နိုင်ဘူး။ ရောင်းစားရင် ပိုက်ဆံရမယ်လောက်သာမြင်တာ။ မဆန်းပါဘူး အသိက ဒီလောက်ဘဲရှိတာကိုး။ ပိုဆိုးတာက ပြည်တွင်းသုံးစွဲရင် ကျပ်ငွေဘဲရမယ်။ မြန်မာ့အစိုးရလုပ်ပြီး ကိုယ်ကျပ်ငွေကို မလိုချင်တာကတော့... ပြင်ပမှ အထင်ကြီးတာ ဘယ်သူလဲ ပြန်မေးကြည့်ပေတော့။ ကိုယ်ပစ္စည်းကို ကိုယ်ပြန်မသုံးချင် မလိုချင်မှတော့ သူ့ အလုပ်က မဟန်လို့ပေါ့။
အဲဒီမှာ ဓါတ်ငွေ့ရောင်းမယ်ဆိုပြီး ၀ယ်လိုသူတွေကို တင်ဒါခေါ်ပါတယ်။ ၁၉၉၄-ခုနစ် ကုန်လောက်မှာ ခေါ်ပါတယ်။ အဲဒီကနေ ၁၉၉၅-လောက်မှာ ကျနော်ဟာ မိတ်ဆွေ ပြင်သစ် ကုမ္မဏီကြီး- ၂-ခု ပူးပေါင်း (နာမည် ထုတ်ဖေါ်ရန်မသင့်ပါ။ သို့ပေမယ့် ပြင်သစ်က ကြီးမားသော ကုမ္မဏီကြီ-၂-ခု ဖြစ်ပါတယ်) ဓါတ်ငွေ့ကို မြန်မာနိုင်ငံအနေနဲ့ အကုန် သုံးစွဲရန် ဖွံ့ဖြိုးမှု မရှိသေးတော့ တပိုင်းကိုရောင်း တချို့ တ၀က်ကို ပြည်တွင်းသုံးရန်တင်ပြပြီး ဒီကုမ္မဏီ-၂-ခုမှ စီမံကိန်းကြီိးတွေ တင်ပြပါတယ်။
တင်ပြထားတာကတော့ ထိုင်းကို အခုလက်ရှိ ပိုက် လက္မ-၄၈- အထိ မပေးဘဲ ၃၆- လက္မခန့် သာပေးပြီး ရန်ကုန်ကို ၃၂-လက္မ ဆိုဒ်ပိုက်နဲ့ သွယ်ယူပြီး တွံတေးမြို့ အနားမှာ- ၅၀၀-မီဂါဝပ် လျှပ်စစ်ဓါတ်အားစက်ရုံ -၂-ခု နင့် တနေ့လျှင် တန်ချိန်- ၁၈၀၀- ကျမည့် ဓါတ်မြေသြဇာစက်ရုံ ၂- ခု တည်ဆောက်ရန် တင်ပြပါတယ်။ အဲဒီတင်ပြတဲ့ ပိုက်ဆိုဒ်ကို ဗိုလ်သန်းရွှေက လက်မခံလို့ ပိုက်အသေးနဲ့ ပြန်တင်ပြီး လျှပ်စစ်စက်ရုံတခု.. ဓါတ်မြေသြဇာစက်ရုံတခု အထိ ထပ်လျှော့တင်ပြရပါတယ်။
၂၀၀၅ -မှာ ကုမ္မဏီတွေ အများထဲက ဆန်ကာတင် ကုမ္မဏီ ငါးခု ရွေးပါတယ်။ အဲဒီအထိ ဒီပြင်သစ်ကုမ္မဏီ ပါသေးတယ်။ နောက် ဆန်ကာတင်- ၃-ခု လုပ်တဲ့အထဲ ပါမလာတော့ပါ။ ကြားတာကတော့ ထိုင်းက သူ့မိသားစု စီဝင်လိုက်ပါတယ်။ နောက်ဆုံးတော့ အခုထိုင်းကို ရောင်းဖို့ လက်မှတ်ထိုးလိုက်ပါတယ်။ ပထမပိုင်းမှာ အဲဒီတုန်းက စွမ်းအင်ဝန်ကြီးက အတော်လေး သဘောကျနေတာပါ။ ပြည်တွင်းမှာလည်း သုံးမယ်။ ရန်ကုန်မှာ မီဂါဝပ်-၁၀၀၀- လျှပ်စစ်ဓါတ်အားရရင် တမြို့လုံးမီးထိန်ထိန်လင်းပြီး စက်မှုလုပ်ငန်းတွေ တိုးလာမယ့်စီမံကိန်းလေ။ မရဘူး .. ဘဘကြီးဗွီတိုဘဲ။ စက်မှုလုပ်ငန်းတွေသာ သဘာဝ လျှပ်စစ်လုံလုံလောက်လောက် ရနေမယ်ဆိုရင်.. အခုလို စက်ရုံကြီးတွေ ကိုယ်ပိုင်မီးစက်တွေနဲ့ လည်မနေရဘူးဆိုရင် ဘယ်လောက်လုပ်ငန်း အတွက်အဆင်ပြေမယ် ဆိုတာကတော့. ထမင်းစားသူတိုင်း သိပါတယ်။
အခုတော့ သူ့သဘောက ဖိုင်နယ်ဘဲ။ သွားပါလေရော။ တမြို့လုံး အိမ်တိုင်း ရုံးတိုင်း မီးစက်တွေ တ ဒုံးဒုံးနဲ့။ မီးအားလဲ စိတ်တိုင်းကျမရနိုင် ကုန်ကျငွေကလဲ သဘာဝလျှပ်စစ်အတွက် ကုန်ကျရတာရဲ့  ငါးဆ -မှ ၈-ဆ ပိုကုန်ကျရပါတယ်။ တနိုင်ငံလုံး တရုတ်မီးစက်တွေ ၀ယ်လိုက်ရတဲ့ငွေက ဒေါ်လာနဲ့ဆို.. သန်း-၅၀ -မက ရှိနိုင်ပါတယ်။ ဒီကြားထဲ မီအားထိန်းစက် (Voltage regulator) မီအားမြှင့်စက်။ မီးအားမမှန်တော့ ထားရတဲ့ ရေခဲသေတ္တာ မီးအားကာကွယ်စက် (Safe Guard) စတာတွေဟာ နှစ်စဉ်.. တိုင်းပြည်က ပြည်သူတွေ ကုန်ကျရတာ ဒေါ်လာ-၁၀ -သန်းမကဘူး။ ဒေါ်လာ၁၀-သန်းဆိုတာ ပြည်မြို့က ဧရာဝတီ မြစ်ကူးတံတားကြီးရဲ့ အပေါ်က တံတားသံထည်တွေဟာ လေလံနဲ့ဝယ်တာ..ဒေါ်လာ-၁၂-သန်းဘဲရှိပါတယ်။ ဖေါင်ကြီးရေကာတာဟာ အထဲက သံချောင်း ဘိလပ်မြေ ဒီဇယ်ဘိုးက.. ဒေါ်လာ-၁၀-သန်းဘဲကုန်ကျပါတယ်။
အဲဒီတော့ မြန်မာနိုင်ငံမှာ နှစ်စဉ် နှစ်စဉ် အဲဒီ တခြားနိုင်ငံတွေမှာ လုံးဝမတတ်ရတဲ့ မီးအားကို ထမ်းရတဲ့စက်လေးတွေရဲ့ အလကားနေရင်း အပိုကုန်ရတဲ့ငွေဟာ နှစ်စဉ်နှစ်စဉ် ပြည်တံတားကြိးတခုကို ဖျက်ဖြိုချပစ်နေရတယ်လို့သာ မြင်ကြည့်ကြပါ။ အဲဒါပြည်သူတွေရဲ့ငွေတွေပါ။ အဲဒါ ခင်ဗျားတို့ မစဉ်းစားမိကြတဲ့ အစိုးရတရပ်ရဲ ကိုယ်ကျိုးဘဲကြည့်မှုရဲ့ မမြင်သာတဲ့ ပေးဆပ်ရမှုတွေ။ မတိုးတက်ရတဲ့ အပြင် အပိုပါထပ်နာရတာ။ အရှုံးချည်းဘဲ။ အနာချည်းဘဲ။ အစိုးရရဲ့  သစ္စာမဲ့မှုကြောင့် ကျနော်တို့ ငွေတွေ တအိအိ ယိုစိမ့် ထွက်သွားရတာတွေပ။ ကိုယ်ကျိုး တဘို့ဘဲ ကြည့်သူတွေ တိုင်းပြည်အုပ်ချုပ်ရင် ဘယ်လောက် နစ်နာတယ်ဆိုတာ မျက်တောင် တဆုံးဘဲမကြည့်ဘဲ တလှန် မျက်စေ့တဆုံး ကြည့်တတ်ကြပါ။
ကြားထဲ ထိုင်းက ဓါတ်ငွေ့ငွေရပြီး စီးပွားရေးပိုခိုင်မာ ပိုထောင်တက်လာတော့ ဥပမာ အထည်ချုပ်လုပ်ငန်းပေါ့။ ကျနော်တို့က သူတို့ကို မယှဉ်နိုင်တော့ဘူး။ မယှဉ်နိုင်တော့ လုပ်အားခလည်း သူတို့လို မပေးနိုင်။ လုပ်ငန်းကလည်း ကြားထဲ ဟိုကဖြတ် ဒီကဖြတ် ဆိုတော့ နည်းနည်း အခြေအနေ မကောင်းရင် ပြုတ်ရော။ ဒီတော့မြန်မာတွေက ပတ်စ်ပို့ကလည်း မလွယ်တော့ တရားမ၀င် ထိုင်းကို ထွက်လုပ်ကြရတော့ ဟိုက မြန်မာလုပ်အားတွေကို ဈေးပေါပေါနဲ့လည်းရ။ ညစ်ပတ်ပြီး ထပ်အကြပ်ကိုင်တော့ အလွန် အမြတ်ရပြီး မျောက်အမြှီးနဲ့ မျောက်ပြန်ချည်ခံရတာ ဆိုတာ ကျုပ်တို့ဗမာ အတွက် စကားပုံလိုဖြစ်နေပြီ။ ကိုယ်တိုင်းပြည်ရဲ့ အားသာချက် သယံဇာတကို ကိုယ်ပြိုင်ဖက်နိုင်ငံ ကိုထိုးရောင်းတာဟာ သူခိုးဓါးရိုးကမ်း ဆိုတာ ဒါမှကွက်တိ။ ပြောတော့ ကိုယ်လင်ကို မြင့်မြတ်တဲ့ သူတော်စင်အလား အမှတ်ထားအိပ်တော့ လင်ငယ်အတွက် ဖင်ကိုခြင်ထောင် အပြင်ထုတ်ပေးထားတာ ဒါမျိုးပြောတာ။ ပြောတော့ တပ်မတော်ဟာ အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက်တဲ့။ ဒါကို သစ္စာဖေါက်တယ်လို့ မခေါ်ရင် ပြပါအုံးလို့။
ပြည်ပအားကိုး ပုဆိန်ရိုးအော်တယ်။ ကိုယ်တိုင်ကတော့ ဖင်ကို ခြင်ထောင် အပြင်ဖက် ခိုးထုတ်ပေးထားတယ်။ ခုလည်း ရွှေသဘာဝဓါတ်ငွေ့ကို အကုန်လုံး တရုတ်ကို ထိုးရောင်းစားပြန်တယ်။ တရုတ်ဆီက နိုင်ငံရေး ဗွီတိုအာဏာသုံးပေးဖို့ ကန့်ကွက်မဲ ကိုရဖို့ တရုတ်တောင်းသမျှ ပေးလိုက်ရတာပါဘဲ။ အဲဒါ တကိုယ်ကောင်းစိတ် ကြီးမားသူတွေ အတ္တအတွက် မမှန်တာတွေလုပ် တိုင်းပြည် ပြည်သူလူထု ထောက်ခံမှုမရတော့ ပြည်ပအားကိုး မဟုတ်တော့ဘူး။ အားကိုးရတဲ့အဆင့် ထက်ကျော်သွားပြီ။ ကျားကန် ပေးထားရတဲ့ အဆင့်ဖြစ်သွားပြီ။ ပိုဆိုးတာက အခုတရုတ်က သူ့လူမျိုးတွေရဲ့ စီးပွားကို အာမခံပေးရမယ်အထိ အကြပ်ကိုင်လာပါပြီ။
အဲဒါဟာ နိုင်ငံရဲ့နိုင်ငံ့ အာဏာကို ကျူးကျော်စော်ကားမှုပါ။ တရုတ်ဟာ ဒီလိုတောင်းဆိုမှုမျိုးကို တခြားဘယ်နိုင်ငံကိုမှ မတောင်းဆိုသေးပါဘူး။ နိုင်ငံတနိုင်ငံဟာ သူ့လူမျိုးအတွက် အဲဒီလိုအာမခံချက် မျိုးတောင်းဆိုခွင့် မရှိရပါဘူး။ တောင်းဆိုနိင်တာက သူ့နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကိုသာ တင်ပြခွင့်ရှိတာပါ။ ဥပမာ အမေရိကန်နိုင်ငံသား ခံထားတဲ့ ကိုညီညီလွင် ကိစ္စကိုကြည့်။ ဒေါ်စုအိမ် ရေကူးလာခဲ့တဲ့ ယက်တော။ ဒ့ါသူတို့နိုင်ငံသား။ အဲဒါပြောလို့ရတယ်။ ကျနော်တို့နိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်လူမျိုးအတွက် သူဘာမှဝင် အာဏာကျော်ပိုင်ခွင့်မရှိဘူး။ တရုတ်လူမျိုးဖြစ်ပေမဲ့ မြန်မာနိုင်ငံသား။ သူတို့ဟာ တရုတ်နိုင်ငံသားမဟုတ်ဘူး။
အခုတော့မဟုတ်ဘူး။ ဗွီတို ကိုဗန်းပြပြီး ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ တောင်းဆိုမှုမျိုး။ တရုတ်ကိုမေးကြည့်ပါ။ သူတို့ဒီလိုမျိုး အခွင့်အရေး တောင်းဆိုမှုကို ဘယ်နိုင်ငံနဲ့ ပြောဘူးလဲလို့။ အဲဒါ ပြည်ပအားကိုးထက် နိမ့်သွားပြီ။ ပြည်ပ ဒူးထောက် ဖြစ်သွားပြီ။ ဒါမြန်မာလူမျိုးရဲ့ ဇာတိမာန်ကို ဒူးထောက်စေတာဘဲ။ ဇာတိမာန် မကျန်တော့ဘူး။ ဆွေမျိုးခေါ်ပြီး အပေါက်ဖေါ် ပေးထားရပြီ။

လှိုင်မြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...