Saturday, September 20, 2014

နှင်းဆီခြေသံ ဝေ (စီးပွားရေးတက္ကသိုလ်)


     အတိတ်ဟူသည်.... လွမ်းမောဖွယ်ရာ တေးတစ်ပုဒ်ကိုဆွတ်ပျံ့စွာကြားလိုက်ရသည်နှင့် တူပါသလား။ သတင်းစာထဲမှ ကြော်ငြာလေးတစ်ခုသည် မော့်ရင်ကိုဆွတ်ပျံ့လွမ်းမောသွားစေခဲ့၏။ “ ၁၉၉၃-ခုနှစ် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရ ကျောင်းသူ၊ကျောင်းသားများ၏ပထမအကြိမ်မိတ်ဆုံစားပွဲ ဖိတ်ကြားစာ....။” မော်သည် သတင်းစာကို ဖတ်ပြီး ၀မ်းနည်း ၀မ်းသာခံစားနေရ၏။

     ခုချိန်မှာ ကွဲကွာနေတာ ကြာပြီဖြစ်သော သူငယ်ချင်းများနှင့်ပြန်ဆုံတွေ့ရလျှင် ၀မ်းသာမိမှာ အမှန်ပင်ဖြစ်သော်လည်း ဂုဏ်ရှိန်မြင့်မား၊ ကြီးပွားချမ်းသာကာအောင်မြင်ကျော်ကြားနေသူများနှင့် ဆုံရမှာကိုလည်း နည်းနည်းတော့အားငယ် သလိုလို ပင်။

    ခုတစ်လော ရန်ကုန်တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားဟောင်းများ..၊ သူ့နှစ်အလိုက်သူတွေ့ဆုံ ပွဲလေးတွေ လုပ်ဖို့ဖိတ်ကြား ကြသည်ကို သတင်းစာထဲမှာ တွေ့နေရသည်။
     နှစ်ပေါင်းအစိတ်၊ သုံးဆယ်ကျော်က ကျောင်းသားဟောင်းတွေကလည်းမေဂျာအလိုက် ဆုံတွေ့ကြဖို့ ကြော်ငြာထည့် သွင်းကြ၏။ လေး၊ငါး၊ဆယ်နှစ်သမားများကလည်း မိတ်ဆုံစားပွဲတွေလုပ်ကြ၏။အားလုံးလိုလိုပင် ကျောင်းသားဟောင်းတိုင်း တွေ့ဆုံပွဲတွေ ခေတ်စားနေကြသည်။
     မော်ကလည်း သတင်းစာဖတ်တိုင်း “တို့များနှစ်ကရောဘယ်တော့ကြော်ငြာ ပါလေမလဲ” လို့တိတ်တခိုးမျှော်နေမိသည် မှာ အမှန်ပါ။ အံသြစရာတော့ကောင်းပါသည်။ခွဲခွာလာကြတာ နှစ်ပေါင်း နှစ်ဆယ်နီးပါးကြာကာမှ ပြန်လည်နုသစ်ဖို့ ကြိုးစား စုစည်းသူများကဘယ်သူတွေဖြစ်မလဲ။
     ကြော်ငြာလေးအောက်မှ ဆက်သွယ်ရန်လိပ်စာများကိုဖတ်ကြည့်တော့ ရာထူးဂုဏ်သိမ် ကြီးမားလှသည့် ဖုန်းနံပါတ် နှစ်ခု၊သုံးခု ပိုင်ရှင်များမှာမော်နှင့် တစ်ယောက်မှမရင်းနှီး။
တစ်နှစ်တည်းသားတွေဆိုပေမယ့်မော်ကသူတို့ကို တစ်ယောက်မှမသိသလို သူတို့ကလည်း မော့်ကိုတော့ သိကြလိမ့်မည် မထင်ပါ။
    သို့ပေမဲ့မိုးပပလင်းတို့အဖွဲ့ဆိုရင်တော့တစ်တန်းတည်းသားတွေမပြောနှင့်။ တစ်ကျောင်းလုံးပင်မကသေး။ တခြားကျောင်း များကပါ မသိသူ ခပ်ရှားရှားဖြစ်လိမ့်မည်ဟုမော်ထင်ပါသည်။
     အဲသည်တုန်းက မိုး၏ ကျော်ကြားမှုသည် သူမနှင့်တွဲသောသူငယ်ချင်းများကိုပါ ရောင်ပြန်ဟပ်နိုင်လောက်အောင် အင် အားကြီးခဲ့၏။ အာစီတူးမှာ မသိသူမရှိ။အာအိုင်တီတို့၊ မိန်းတို့၊ အာစီဝမ်း၊ အာစီသရီး...။
တစ်ခါတစ်ရံအမ်မ်စီမှ စာကြမ်းပိုးများပင် လာကြည့်ယူရသည့် မိုးပပလင်း....။
     မိုးပပလင်းတို့အဖွဲ့က အလွန်အတွဲညီသည်ဟု လူပြောများကျော်ကြားခဲ့သည်လေ။ နှင်းဆီဆောင်ကွင်း၊ အီကိုကွင်း၊ ဟိုက်ကင်ကွင်း၊ မြိတ်ကွင်း.....မိုး။ ကဗျာ စာပေ ၀ါသနာကြီးသူ.... မေ။ ကျောင်းသားအရေးအခင်းများမှာ တက်ကြွလှသည့်.... ခမ်း။
     ပြီးတော့... သူငယ်ချင်းသုံးယောက်ကို ဟာနေသည့်နေရာမှာအကုန်ဖြည့်ပြီး ညီညွတ်စေချင်လှသည့် မော်။ မော့်ရင်ထဲ မှာ လှိုင်းကလေးတွေ ငြိမ့်ငြိမ့်လူးလာ၏။
     လွမ်းမောတမ်းတမှု လှိုင်းကြက်ခွပ်လေးများက အတိတ်ကမ်းခြေကိုတို့ထိ ကျီစယ်လေပြီ။ နှလုံးသားသောင်ပြင်သည် အလွမ်းများဖြင့် တဖြေးဖြေးစိမ့်အိုင် စိုစွတ်လာ၏။တငြိမ့်ငြိမ့်....၊ တသိမ့်သိမ့်....။
      မှုန်ပျပျအတိတ်ကမ်းခြေသည် ကမ်းဝေးသော်လည်းအခိုင်အမာတည်ရှိဆဲ....။စိတ်ဝိညာဉ်လှေကလေးသည် ဆန်းကြယ် သောအဟုန်ဖြင့် အတိတ်သို့ ဦးတည်လေသည်။
++++++++
    ကျောင်းဖွင့်စနံနက်ခင်းများသည် ဒီဇင်ဘာနှင်းရည်တို့ဖြင့်စိုစွတ်နေခဲ့၏။
အဆောင်ရောက်စမို့နေရထိုင်ရတာ အထာမကျလှသေးသော်လည်း ဆုံတွေ့ရသည့် အခန်းဖော်နှင့် သူငယ်ချင်းသစ်များက ဖြူစင်နွေးထွေးလှသည်မို့အားလုံးက ငယ်ပေါင်းကြီးဖော်တွေပမာ ချက်ချင်းပင် တသွေးတစည်းတည်းရှိသွားကြသည်။
    အတန်းတက်စက အထက်တန်းကျောင်းမှထုံးစံအတိုင်း “မင်္ဂလာပါဆရာ”ဟု နှုတ်ဆက်မိကြသူများ၊ နှုတ်ဆက်စရာ မလိုမှန်းသိတော့ ၀မ်းနည်းကြရသူများလည်း နောက်ပိုင်းတော့အသားကျသွားခဲ့ပြီ။ အဆောင်သူများပီပီ ကျောင်းထဲမှာ ခပ်ရိုးရိုးခပ်အအ ပုံပန်းမကျသည့်အလွဲများကလည်း တဖြေးဖြေးတော့ ခေတ်နှင့်အညီ အံဝင်ခွင်ကျနေတတ်လာပြီ။
     အဆောင်ဝါးဝလာတော့ ညဘက်ဆာရင်စားဖို့ ထမင်းလည်းခိုးတတ်ခဲ့ပြီ။ ရေမလာသည့်ရက်များမှာ ရေပုံးကြိုးတပ်ပြီး ခြစ်တတ်ဖို့၊ ရေပေါသည့် အီကိုညီအစ်မဆောင်များမှာရေသွားချိုးရန် အပေါင်းအသင်းဆန့်တတ်ဖို့ကိုလည်း သင်ခန်းစာများ စုံခဲ့လေပြီ။
   မိုးက အသင်းပစ်ကနစ်များမှာ ကွင်းဘွဲ့တွေ တသီတသန်းကြီးနှင့်သရဖူဆောင်းနေချိန်မှာ ခမ်းကလည်း ညစဉ် အဆောင် ရှေ့မှသီချင်းသည်များနှင့်အပြိုင် ဂစ်တာတစ်လက်နှင့်နှင်းဆီဆောင်၏ပင်တိုင်အဆိုတော်ပေါ့။
    ဆိုလို့တီးလို့များ အရှိန်တက်နေပြီဆိုရင် စာကျက်ခေါင်းလောင်းထိုးမှန်းလည်းမသိ။အဆောင်မှူး အခန်းလိုက်စစ်မှန်း လည်းမသိ။ အခန်းထဲမှာ ဂစ်တာပိုက်ရက်သား၊ လူစုမိရက်သားခဏခဏမိလို့ ရုံးခန်းထဲ လက်မှတ်လိုက်ထိုးရသည့် အကြိမ် ကလည်း အခါခါ များခဲ့ပါ၏။ သို့ပေမဲ့ဆိုမြဲ.. တီးမြဲ။ 
    လူဆိုးစာရင်း ၀င်မတတ် ၀ါသနာကြီးခဲ့သော်လည်း တကယ်တမ်းအဆောင်ဒင်နာမှာကျတော့ သီချင်းတက်ဆိုသူက မေ။ နံရံကပ်စာစောင်မှာ ကဗျာဆုရသူက မေ။
     မော်ကတော့ အားကစားမှာထူးချွန်မလားရယ်လို့ ကြိုးစားကြည့်သေးသော်လည်းနောက်ဆုံးမှာတော့ နှင်းဆီဆောင်၏ အစဉ်အလာကြီးသည့် ဟိုက်ကင်ပြိုင်ပွဲမှာ လက်ခုပ်တီးအားပေးသူသက်သက်သာဖြစ်ခဲ့ရ၏။
    သည်လိုနှင့်ပင် နှစ်ဝက်ကျောင်းပိတ်ချိန် နွေရာသီကိုဥသြသံနှင့်အတူ ကြိုခဲ့၊ ကျော်ခဲ့ကြ၏။ သည်လိုနှင့်ပင် ဒုတိယနှစ် ၀က်စာသင်ချိန်ရောက်လာတော့အပျော်တွေစုံလင်စွာ ခံစားပြီးပြီမို့ စာကျက်ဖို့ အချိန်ကျပြီဆိုတာ အလိုလိုအသိဝင်ကြပြီ။
တကယ်တမ်းကတက္ကသိုလ်ဆိုသည်မှာ မိဘအရိပ်အောက်မှ ထွက်လာကာ ကိုယ့်စိတ်နှင့်ကိုယ် ဘယ်လောက်ပဲ လွတ်လပ်သည်ဆိုဆို ကိုယ့်လွတ်လပ်မှုကို ကိုယ်ထိန်းကာ ကိုယ်ပိုင်အသိတရား မွေးယူရမည့်နေရာပေပဲ။
     လှောင်ချိုင့်ဟပေးသည်ပဲ ဖြစ်ဖြစ်၊ သံကွန်ခြာလှပ်ခံရသည်ပဲဆိုဆို တက္ကသိုလ်ကျောင်းသူတစ်ယောက်၏ လွတ်လပ်မှုက ကိုယ့်ကိုယ်ကို ထိန်းကျောင်းတတ်အောင်အသိသွင်းပေးခြင်းတစ်မျိုးပေပဲ။
      ဒုတိယနှစ်ဝက် ကျောင်းပြန်ဖွင့်သည်နှင့် ထိုအသိများကအဆောင်သူတိုင်းကို တပ်လှန့်စပြုလေပြီ။
စာကျက်ချိန်တွေမှာလည်းဟောကျူတာများက လိုက်စစ်စရာမလိုဘဲ အခန်းတွေ လျှောက်မလည်ကြတော့။ စာမေးပွဲနီး လာ လေ ဘုရားခန်းထဲမှာဘုရားဝတ်တက်သူတွေ ပိုများလာလေ။ အဆောင်သရဲဇာတ်လမ်းများလည်းပေါ်လာလေ။
     စာမေးပွဲနီးကာမှ မီးကလည်း မကြာခဏပျက်လိုက်သည့်ဖြစ်ခြင်း။   
     အိပ်ရေးတွေပျက်ကာစိတ်ချောက်ချားကုန်ကြလေသလား မသိ။ ဟိုတစ်ယောက်က ဘာတွေ့လို့၊ သည်တစ်ယောက်က ဘာကြားလို့နှင့်စိတ္တဇဇာတ်လမ်းတွေကလည်း သရဲပုံပြင်တွေလိုလို...။ တစေ်္ဆဒဏ္ဍာရီလိုလို...။
     သိုပေမဲ့ မော်တို့၏ ပထမနှစ်စာမေးပွဲသည် စိတ်လှုပ်ရှားမှုကိုဆုံးခန်းတိုင်အောင် မရောက်စေနိုင်ခဲ့ပါ။ စာမေးပွဲဖြေရင်း တစ်ဝက်တစ်ပြတ်နှင့်ပင် ငွေစက္ကူများတန်ဖိုးမဲ့သွားကြောင်းသတင်းတစ်ခုနှင့်အတူ မမျှော်လင့်သော နောက်ဆက်တွဲ အဖြစ် ဆိုးမျိုးစုံက သုံးနှစ်တာကာလအတွင်းမှာကျောင်းသားကျောင်းသူများ၏ သွေးနှင့်မျက်ရည်ကို ပင်လယ်ဝေသွားစေခဲ့တော့ သည်။
+++++++++
    အတိတ်ကမ်းကို လှမ်းမြင်ရချေပြီ။ အားလုံး တိတ်ဆိတ်နေကြသည်ကစိတ်အားငယ်ချင်စရာ...။
    လမ်းကျဉ်းလေးသို့ ကားကွေ့လာစဉ် လမ်းကလေး၏ အပြောင်းအလဲကိုပထမဦးဆုံး သတိထားမိကြ၏။ နီဝါရောင် မြေလမ်းလေးကို အနက်ရောင်သို့ အသွင်ပြောင်းကာ ကတ္တရာခင်းထားခဲ့ပြီ။
    ပူခြောက်ခြောက် မွန်းလွဲနေသည် သမိုင်းဝင်း၏ကောင်းကင်ကိုအုပ်မိုးကာ မာန်ဖီထားဆဲ...။
    လမ်းကလေးနံဘေးမှာ ကားတချို့ စီတန်းကာရပ်ထား၏။မျှော်ကြည့်လိုက်တော့ တစ်သီတစ်တန်းကြီး..။ ကျောင်းပေါက်ဝ အထိ သစ်ရိပ်တချို့မှာလည်းဟိုတစ်စီး၊ သည်တစ်စီး...။
        “ ဒီအထဲမှာ တီတီစီကျောင်း ဖွင့်ထားတာ ကြာပြီတဲ့...”   “ အော်...” မော့်အသံက ခြောက်ကပ်ကပ်...။
    ကားရပ်သွားတော့ မေက အရင်ဆုံးဆင်းကာ အဆောင်ရှေ့မှဆိုင်းဘုတ်ကြီးကို တွေတွေကြီး မော့ကြည့်နေသည်။    ဆိုင်းဘုတ်ကြီးက အိုလှပြီ။ အဆောင်ကြီးကလည်း အိုလှပြီ။
    သံတံခါးကို အသာတွန်းဖွင့်လိုက်တော့ တံခါးအိုကြီးကလည်းတညည်းညည်းတညူညူ။ တံခါးပေါက်ဝမှာ ၀ပ်နေသော ခွေးပိန်လေး သုံးကောင်က ထလာကာ တောင်ကြည့်မြောက်ကြည့်နှင့်..၊မောင်းစရာမလိုဘဲ လူတွေနှင့်ခပ်ဝေးဝေးကို ခွာသွား၏။
    အ၀င်ဝနံဘေးမှ ဟိုးအရင်ကတည်းကရှိခဲ့သော စက်္ကူပန်းခြုံကြီးကပန်းဆီစွေးအောင် ပွင့်နေတုန်း...။
        “ အပင်အိုပေမယ့် မသေသေးပါလား...” ခမ်းအသံကလည်းအက်ကွဲကွဲ...။ ချီးမွမ်းသလိုလို...၊ အံ့သြသလိုလို ရွတ်လိုက်၏။
     “ အိုပေမယ့် မသေသေးဘူး...”  မေကလည်း သံယောင်လိုက်ကာ ရေရွတ်ရင်း ရင်ထဲမှာပါ ပဲ့တင်သံပြန်နေသည်။     အဆောင်ဝင်လမ်းကလေးသည် ဖြေးလေးသောဒေါက်ဖိနပ်သံများကြောင့်အလန့်တကြားခေါင်းထောင်ကြည့်လေမလား။
     လမ်းကလေး ဖြူးပြီးစင်းနေပုံက အရင်ကလို လတ်ဆတ်တက်ကြွသောခြေသံများနှင့်၊သူကိုယ်တိုင် ပါဝင်ကပြခဲ့ရသည့် နှင်းဆီဇာတ်လမ်းတွဲတွေကို အသက်ပြန်ဝင်နိုင်ဦးမလားမျှော်လင့်နေသယောင်ယောင်...။
     “ အဆောင်ကြီးက အိပ်မောကျနေသလိုပဲနော်။ စိတ်မကောင်းစရာ...”  မော်က တိုးတိုးလေး ညည်းပြန်သည်။
     “ ထမင်းစားခန်းကလည်း ဟောင်းလောင်းကြီး။ ၀မ်းနည်းဖို့ကောင်းလိုက်တာ...”ဟာလာဟင်းလင်း ဟောခန်းကြီးသည် တစ်ချိန်တုန်းကတော့ ဇွန်းသံ၊ ပန်းကန်သံများနှင့် စီညံနေခဲ့ဖူးသည်။
နှင်းဆီသူတို့ညနေ အဆောင်ပိတ်ချိန်တိုင်း စုရပ်ဖြစ်ခဲ့သလို ဖရက်ရှာလေးတွေကို ကြိုဆိုနေကျ မင်္ဂလာနေရာ...။
     “ ကြည့်စမ်း...။ ဒီနားက တရုတ်စံကားပင်ကြီး မရှိတော့ပါလား...”မော့်စကားသံကြောင့် ထမင်းစားခန်းရှေ့ကို အပြေး အလွှားသွားကြည့်ရင်း မျက်နှာတွေလည်း မသာယာနိုင်ကြပြီ။
     အဆောင်သူဘ၀က အရိပ်ခိုခဲ့ဖူးသည့် အပင်ကြီး...။နှင်းဆီသူတွေဓါတ်ပုံရိုက်တိုင်းတရုတ်စံကားပင်ကြီးကိုနောက်ခံထား တတ်မြဲ...။ အခက်အလက်ဝေဆာသည်မို့အရိပ်ကောင်းသလောက် ပန်းရနံ့ကလည်း ညဥ့်လေတွင် ဆွတ်ပျံ့ကြည်နူးစဖွယ် သင်းလှိုင်နေတတ်ခဲ့သည်။
     ခုတော့ သူလည်း မရှိတော့ပြီ။ အိုလွန်းလို့ပဲ သက်တမ်းကုန်သွားလေသလား။အကြောင်းကြောင်းကြောင့် ခုတ်လှဲပစ်လေ သလား။ ဘယ်သူမှလည်း မသိတော့နိုင်။
     အမှတ်တရတချို့သည် ခြေရာလက်ရာမပျက် ကျန်နေသေးသော်လည်းတချို့ကတော့ သဲလွန်စမကျန်အောင်ပင်ပျောက် ခြင်းမလှ ပျောက်ကုန်ကြပြီ။
          မော်တို့အားလုံး အဆောင်ရှေ့မှာ ကြွက်စီကြွက်စီဖြစ်နေကြသော်လည်း အဆောင်ထဲမှ လူရိပ်လူယောင်မမြင်မိသေး ပါ။
     “ အဆောင်ထဲကို ၀င်ကြည့်ချင်သေးတာဟယ်။ အစောင့်လည်းမတွေ့ဘူး။ ခွင့်မတောင်းဘဲ ဒီအတိုင်းဝင်သွားလို့တော့ မကောင်းဘူး ထင်တယ်နော်။ ဟယ်...ဟိုမှာကြည့်စမ်း။ ဒုတိယထပ် ဟိုအခန်းမှာ တဘက်ကလေးလှန်းထားပါလား...”
     “ အေးဟဲ့.. အပြာရောင်လေး..။ လူတော့ရှိနေသလိုပဲနော်။ဘယ်သူများ နေတာပါလိမ့်...” သူမတို့၏ နှင်းဆီပင်ကြီးသည် အိုလှပေမယ့် အသက်ရှိနေသေးကြောင်းသိလိုက်ရသလို..၊ အားလုံးရင်ထဲမှာ လှုပ်ရှားသွားရ၏။ ဘယ်သူတွေ နေကြသည် လဲ။ ဘယ်နှစ်ယောက်နေကြသည်လဲ။သိလိုစိတ်များက အဖိတ်ဖိတ် အလျှံလျှံ..။
     “ တက်ကြည့်ချင်လိုက်တာဟယ်။ ငါတို့အုပ်စုတောင့်သားပဲ။သွားရအောင်...”
     “ အေး.. ဒါ ဒုတိယနှစ်တုန်းက အမာရီတို့အခန်းဘက်ပဲ။သွားကြမလား...”
     “ နေကြပါဦးဟယ်။ ဇွတ်မလုပ်ကြပါနဲ့။ ဒါ အရင်ကလိုတို့ပိုင်တဲ့ နှင်းဆီဆောင်မဟုတ်တော့ဘူး။ ဇွတ်ဝင်သွားလို့ မဖြစ်သေးဘူး။ ဒီမှာနေခွင့်ရထားသူရဲ့ပိုင်နက်ဖြစ်နေပြီ။ သူခွင့်မပြုရင် တို့ ၀င်လို့မရဘူး...”
     အားလုံး ငိုင်နေကြ၏။ စိတ်ထဲမှာလည်း နှမြောသလိုလို၊မခံချင်သလိုလို၊ ၀မ်းနည်းသလိုလို...။      သည်နေရာကို သူများပိုင်နက်လို့ လက်ခံလိုက်ရမှာကိုပဲ ရင်နာသလိုလို...။
     “ သိပ်လည်း စိတ်မကောင်းဖြစ်မနေကြနဲ့။ ဟိုတစ်လောကဒီအဆောင်ဝိုင်းတစ်ခုလုံးကို ဖျက်ပြီး ဟော်တယ်ဆောက်မယ်လို့တောင် ကြားမိသေးတာ...”
     “ အို.. ဘုရားရေ.. တကယ်လားဟင်...”
     အတူပါလာသူ ခမ်း၏ခင်ပွန်း ကိုစိုင်းစကားကြောင့်အားလုံး တစ်ယောက်တစ်ပေါက်ရေရွတ်ရင်း ငိုင်တွေသွားရ၏။     သွားပါပြီ။ နောက်ဆို ဒီလို အမှတ်တရအဖြစ် လာကြည့်ခွင့်လေးတောင်မရှိတော့ပြီလား။
အသက်နှုတ်ထားရုံမျှမကသေး။ မြင်ခွင့်လေးပင် မရှိတော့အောင် အပြီးတိုင် သင်္ဂြိုလ်ပစ်တော့မည်လား။
     “ ဒီသတင်းက အတိအကျတော့ မဟုတ်သေးပါဘူးလေ။ ကျွန်တော့်သူငယ်ချင်းတွေဆီကကြားတာပါ...” နှင်းဆီသူ လေးယောက်စလုံး ဘာစကားမှ ထပ်မပြောနိုင်တော့ဘဲ အဆောင်ကြီးကိုသာငေးမောနေကြ၏။
     အတိတ်ပုံရိပ်တွေကို တဖျပ်ဖျပ် မြင်ယောင်နေကြသည်လား။
     ဟိုမှာဘက် အဆောင်နံဘေးက မြေလမ်းကလေးသည် နှင်းဆီကျောဘက်ရှိကံကော်နှင့် ဂန်္ဓမာအဆောင်များမှ ကျောင်းသူတွေ ကျောင်းသွားရာလမ်းကလေး ဖြစ်ခဲ့သည်။ ဘယ်ဘက်မှာကဘတ်စကတ်ဘောကွင်း။ လမ်းကလေး ဖြတ်ထွက် သွားသည်က ကြက်တောင်ကွင်း၏ အလယ်တည့်တည့်။ အဲဒီကွင်းဘေးမှာတော့ပထမနှစ်တုန်းက မော်တို့၏ အခန်း ၃၅။
      မော်သည် အခန်းကလေးကို ငေးနေရင်း အမှတ်တရနေရာဟောင်းများကိုနှလုံးသားထဲမှာ စွဲနေအောင် သေချာမှတ်နေ မိ၏။ နောက်ထပ်တစ်ခါ ပြန်လာကြည့်ခွင့်က ရှိချင်မှရှိတော့မည်မဟုတ်လား။
     အဆောင်ကြီးက အင်္ဂလိပ်လက်ထက်ကတည်းက ဆောက်ထားခဲ့သည်မို့အိုလှပါပြီ။ သို့ပေမဲ့ သူမတို့နှလုံးသားထဲမှာ မဟောင်းအိုနိုင်သေး။ မသေဆုံးစေချင်သေး။အိပ်မွေ့ချခံထားရသလို ငြိမ်သက်စွာ အိပ်မောကျနေသည့် နှင်းဆီပင်အိုကြီးကို ယခင်ကလို သက်ဝင်စွာနိုးထစေချင်လှသည်။
     ပုံပြင်ထဲကလို အိပ်ပျော်နေသည့် မင်းသမီးလေးအားအနမ်းဖြင့်နိုးထစေမည့် မင်းသားလေး တစ်ပါးတစ်လေများမျှော်လင့် နိုင်လေဦးမလား။ သူမအတွေးသည်ကလေးဆန်နေသလို ထင်ရသော်လည်း ဒဏ္ဍာရီများသည် လူတို့ဖန်ဆင်းခဲ့ကြခြင်းပဲဟု မော်က ယုံလေသည်။အနည်းဆုံးတော့ ပါးစပ်လက်ဆင့်ကမ်းရင်းပဲ ဖြစ်ဖြစ်ပေါ့။
     တစ်ချိန်က သူမတို့၏ တက္ကသိုလ်ပုံပြင်များအား သူမတို့သားသမီးတွေဆီလက်တွေ့ကျကျ မဆင့်ကမ်းနိုင်သည့် အတွက် တော့ တာဝန်မကျေသလို ခံစားနေရသည်။
     သို့ပေမဲ့ အထင်အရှားရှိခဲ့သည့် ထိုအတိတ်သည် ကာလရွေ့လျောသွားသောအခါ....“ ဟိုးရှေးရှေးတုန်းကပေါ့...” ဆို သည့် ဒဏ္ဍာရီများ ဖြစ်သွားလေဦးမလား။
     ဒဏ္ဍာရီမဟုတ်သည့် အတိတ်တစ်ခုထဲတွင်တစ်နိုင်ငံလုံးမှကျောင်းသားများရောက်လာစုစည်းကြသောရန်ကုန်တက္ကသိုလ်ကြီးသည် အမှန်တကယ်ပင် ဂုဏ်ရှိန်ကြီးမားခဲ့ပါ၏။ စာပေ၊ ဗဟုသုတ၊ ဘာသာရပ်ဆိုင်ရာ ပညာများသာမကပေါင်းသင်း ဆက်ဆံရေး၊ လူမှုရေး၊ အနုပညာအရေးများကိုလည်း လေ့လာဆည်းပူးခွင့် ရခဲ့သည်။
     အမိတက္ကသိုလ်သည်... ဦးနှောက်ကို ဖွံ့ဖြိုးစေရုံတင်မကစိတ်ဓါတ်ကို ရင့်ကျက်စေနိုင်သော၊ နှလုံးသားများကိုပါအဟာရ ပြည့်ဝစေခဲ့သော နေရာ..။
     “ ကဲ ကဲ.. စိတ်မကောင်းဖြစ်မနေကြနဲ့။ လောလောဆယ်ဗိုက်အရင်ဖြည့်ကြရအောင်။ ပြီးမှ နောက်တစ်ခေါက်ပြန်လာပြီး အာစီတူးရော၊ နှင်းဆီဆောင်ရောပြန်လာကြည့်မယ်။ အဲဒီတော့မှ အစောင့်တွေ့ရင်လည်း အထဲဝင်ကြပေါ့...” အတူပါလာ သောလက်တွဲဖော်များကအတိတ်မှာမိန်းမောနေသူများအား လက်တွေ့ဘ၀ထဲသို့ ဆွဲခေါ်ကုန်ကြပြီ။
     နှင်းဆီအရိပ်မှထွက်တော့ အတိတ်က နှောင်ကြိုးငင်ထားသလိုအားလုံး၏ခြေလှမ်းတွေမှာ လေးလံလှ၏။
မိခင်ရိပ်မှမထွက်ရက်သလို ရင်ခွင်ဟောင်းဆီမှ အကြည့်တွေကို မခွာနိုင်သေး။
     ပင်အိုကြီးက ရင့်ရော်လှပေမယ့် သူဝေပေးခဲ့သောနှင်းဆီပွင့်လေးများ အစွမ်းကုန် ပွင့်လန်းနေသည်ကိုတော့ ပြုံးပြီးကြည့်နေလေမလား။ အရင်လိုသူ့လက်တံရှည်များနှင့် ရင်ခွင်မှာ သိမ်းကြုံးဆွဲပွေ့ထားဖို့တော့ အင်အားရှိဟန်မတူ..။
     အားလုံးထဲမှာ အဆောင်အ၀င်ဝမှ စက်္ကူပန်းခြုံကြီးကတော့“ ငါအိုပေမယ့် စွမ်းသေးတယ်...” လို့ ပြောနေသယောင် ယောင်...။
     ဘာပဲဖြစ်ဖြစ် နှင်းဆီ၏သမီးပျို စဖြစ်သည်မှ ငွေရတုတိုင်ချိန်တွင်တစ်ခေါက်ရောက်လာပြီး ကျေးဇူးတရားကို အောက်မေ့ခွင့်ရသည့်အတွက်တော့ ကျေနပ်ရမည်ပေါ့။
             နောင်လာမည့် ရွှေရတုတိုင်ချိန်ကျရင်တော့....။အမိအိုကြီး ပြန်လည်နိုးထလာလေမလား..၊ မမျှော်လင့်ရဲသလို...။ ရုပ်ကြွင်းတောင် ကျန်နိုင်ပါဦးမည်လားလည်းမသေချာ။ သူ့သမီးများကရော...။
     လောကမှာ ဘာဆိုဘာမှ မသေချာပါ။
     အဆောင်အ၀င်လမ်းသည် ခုတော့ အထွက်လမ်းဖြစ်ရပြန်လေပြီ။
     အဆောင်ဝမှ သံတံခါးကြီးကလည်း ပြန်ထွက်သွားသောကျောင်းသူဟောင်းတွေကို ၀မ်းပမ်းတနည်း ညည်းညူရင်း နှုတ် ဆက်ပြန်၏။ အဆောင်မှအထွက်တွင်ကင်တင်းနေရာဟောင်းကို မျှော်ကြည့်လိုက်တော့ ခြုံနွယ်များက ပိတ်ဖုံးထားဆဲ..။
     ယောကျာ်းလေးဆောင်များကိုလည်း မျက်စေ့တစ်ဆုံးတွင်တန်းစီပြီး အိပ်ပျော်နေသယောင် မြင်နေရသည်။ ယခင်က လွမ်းမောစရာ အရိပ်များသည် အတိတ်ဖြစ်ခဲ့ရလေပြီ။
     ယခု ပစ္စုပ္ပါန်သည်လည်း နောင်အနာဂါတ်မှာ အတိတ်ဖြစ်ရချေဦးမည်။
     အတိတ်များသည် အရိပ်ပမာ အားလုံး၏နောက်မှာ ကပ်၍လိုက်ပါနေဆဲ...။
     လောလောဆယ်မှာတော့.... ခြေသံလေးပဲ နားစွင့်ခဲ့ရပြန်ပေါ့...ချစ်သောနှင်းဆီ....
                           xxxxxx
       ဝေ (စီးပွားရေးတက်္ကသိုလ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...