Monday, September 15, 2014

မြန်မာ့ဆက်သွယ်ရေးရဲ့ ရပ်တည်ချက်ကရောဘာလဲ?



မြန်မာအစ တကောင်းက .... လို့ ဆိုပေမယ့် တိကျတဲ့အထောက်အထားရှားပါးလွန်းလို့ ဟိုးတုန်းကဆိုရင် ပရော်ဖက်ဆာ လုစ် တို့က လှောင်ခဲ့တာကို ခံခဲ့ရဖူးတယ်။ အခုအချိန်အထိလည်း ဒီကိစ္စဟာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲပါပဲ။ မှန်နန်းရာဇ၀င် မှာကိုက တကောင်းမြို့ရဲ့ အရှေ့ဘက်မှာ ဧရာဝတီမြစ်ကြီး ဖြတ်သန်းစီးဆင်းခဲ့ကြောင်း ပါခဲ့လေတော့ ဇွဲမလျှော့ပဲ ဧရာဝတီမြစ်ကြောင်း အပြောင်းအလဲ အတွက် ဖြစ်နိုင်ချေရှိတဲ့ အထောက်အထားတွေကို အခုအချိန်အထိ ကြိုးစား ရှာဖွေနေသူတွေလည်း ရှိရဲ့။

တကောင်းနဲ့ပတ်သက်ရင်
တိရစ္ဆာန်နဲ့ဖောက်ပြန်တဲ့
မိဖုရားကြီး ဘဒ္ဒါနုဝတီ အကြောင်းလည်း မပြောချင်ဘူး
စကားကြီးသုံးခွန်းလောက်နဲ့ ဘုရင်ဖြစ်သွားတဲ့
အူတူတူအတတ နဂါးနိုင်မင်းကြီးအကြောင်းလည်း မပြောချင်ဘူး
နဂါးကြီးအကြောင်းလည်း မပြောချင်ဘူး
ငှက်ပျောတုံးကြီးအကြောင်းလည်း မပြောချင်ဘူး
အဲ ... တကောင်းမြောက်ဘက်က ၁၀မိုင် ၁၅မိုင်လောက်အကွာမှာရှိတဲ့ နီကယ်ထွက်နေတဲ့ တောင်အကြောင်း မိတ်ဆွေတစ်ယောက်ရင်ဖွင့်လာတော့ စိတ်ထဲမှာ မသက်မသာဖြစ်မိတယ်။
လွန်ခဲ့တဲ့ သုံးလေးငါးနှစ် ၀န်းကျင်လောက်ကပေါ့ .... အဆိုပါနီကယ်ထွက်တဲ့တောင်နဲ့ မနီးမဝေးမှာ သတ္ထုတွင်းဝန်ကြီးဌာနက ရုံးစိုက်ထားတဲ့ သစ်သား အဆောက်အဦးလေး ရှိခဲ့ဖူးတယ်။ အခုတော့ ရှိမရှိ မသိတော့ပါ။ နောက်ပိုင်းမှာ အဲ့ဒီတောင်က နီကယ်တွေ ထွက်တဲ့အကြောင်းကို ထူး ကုမ္ပဏီက ဘယ်လိုသိတယ်မပြောတတ်ဘူး အလုံးအရင်းနဲ့ ကွင်းဆင်းလေ့လာရှာဖွေကြတယ်။ နီကယ်ထွက်တာ သေချာသလောက်ရှိပုံရတဲ့အချိန်မှာ တောင်ခြေမှာ အကွက်ဖော်ပြီး လပိုင်းအတွင်းမှာ မြေပြန့်လွင်ပြင်ဖြစ်အောင် လုပ်ပြစ်လိုက်တယ် ပြီးတော့ နီကယ်ထုတ်တဲ့ စက်ရုံကြီး ဟီးနေအောင်တည်တယ်။ ဘယ်သူနဲ့ တွဲပြီးလုပ်သလဲတော့ မမေးနဲ့ ... ကျုပ်တို့ပေါက်ဖော်ကြီးတွေနဲ့ ဖက်စပ်။
အဲ့ဒီ စက်ရုံကြီး ရဲ့ အနောက်ဘက်ခြမ်း မှာ ဗန်းမော် မန္တလေးသွားတဲ့ ကားလမ်းရှိတယ်။ အဲ့ဒီ ကားလမ်းရဲ့ အနောက်ခြမ်း နှစ်မိုင် သုံးမိုင်လောက်မှာ ဧရာဝတီမြစ်ကြီးရှိတယ်။ အဲ့ဒီ ဧရာဝတီမြစ်ကြီးမှာ နီကယ်စက်ရုံအတွက် သီးသန့် ဆိပ်ကမ်းကြီးဆောက်ထားတာ ဟီးနေတာပဲ။ မြစ်ကြောင်းတစ်လျှောက်ပစ္စည်းအသယ်အပို့အတွက် သုံးကြတယ်။
စက်ရုံကြီးတွေ ဆိပ်ကမ်းကြီးတွေ ရှိတော့ မုဒိတာပွားစရာပါ။ စက်ရုံအတွက်လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားအတွက်ကျတော့ တရုတ်ပြည်က ယူပါသတဲ့။ စက်ရုံအတွက် လိုအပ်တဲ့ လုပ်သားအများစုကိုလည်း တရုတ်ပြည်က ခေါ်ပါသတဲ့။ အဲ့ဒီအလုပ်သမားတွေကို ထိန်းသိမ်းကြပ်မတ်ဖို့ ရဲ ကအစ တရုတ်ရဲ ကို ခေါ်ပါတယ်။ တစ်ခါသားက မြန်မာရဲတစ်ယောက်ပါတဲ့ ရှော်တယ်ဟာ ဧရာဝတီမြစ်အတွင်းမှာ ဖြတ်သွားတုန်း တရုတ်တွေ သွယ်ထားတဲ့ မြစ်ထဲက ပိုက်လိုင်းကို ထိခိုက်မိသွားဖူးတယ်။ အဲ့လိုထိတော့ တရုတ်ရဲက ကြိမ်းမောင်းလိုက်ပုံများ မြန်မာရဲမှာ ဖျင်ခံမတတ်တောင်းပန်တာတောင် ဘယ်လိုမှ မကြေအေးနိုင်တဲ့ပုံဗျာ။ ထားပါတော့။
ခေါ်လာသမျှ တရုတ်ပြည်က လေဘာတွေက ပြောရရင်တော့ အလုပ်ကြမ်းသမားတွေ။ အဲ့ဒီ အလုပ်ကြမ်းသမားတွေအတွက်လိုအပ်ချက်ကိုယ်စီနဲ့ အဲ့ဒီနားတ၀ိုက် ပြည့်တန်ဆာလုပ်ငန်းလေးတွေ ပေါ်ထွက်လာတယ်။ အနှိပ်ခန်းဝန်ဆောင်မှုတွေ ပေါ်ထွက်လာတယ်။ အရက်ဆိုင်တွေပေါလာတယ်။ မြန်မာမိန်းကလေးတွေ ပျက်ဆီးကြတယ်။ မြန်မာလူငယ်တွေ ပျက်ဆီးကြတယ်။ အင်္ဂလိပ်စာသင်တဲ့ ဆရာမောင်မောင်ဝမ်းကို သက်တမ်းပြည့်လို့ ပြန်လွှတ်သူတွေ အဲ့ဒီနေရာကို သွားကြည့်ရင် ဘာဗီဇာ ဘာအထောက်အထားမှ မရှိပဲ အလွတ်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေ ရာနဲ့ချီပြီးတွေ့နိုင်တယ်။ ထားပါတော့ အဓိက ပြောချင်တာက ဒီအကြောင်းတွေ မဟုတ်သေးဘူး။
များပြားလှတဲ့ တရုတ်လုပ်သားတွေက အဝေးမှာ လာရောက်လုပ်ကိုင်ရတဲ့အတွက် သူတို့ ရဲ့ ကျန်ခဲ့တဲ့ မိသားစုကို နေ့စဉ်ဆက်သွယ်နေကြတယ်။ အဲ့ဒီအတွက် ဖုန်းလိုတယ်။ မြန်မာပြည်ကနေ တရုတ်ပြည်ကို ဆက်သွယ်တယ်ဆိုတာ Over sea call ပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာ့ဆက်သွယ်ရေးဆီကို ၀င်ငွေရသင့်တာပေါ့။ ဟိုးအရင်ကတော့ အဲ့ဒီနားမှာ မိတဲ့ CDMA 450 ဖုန်းလေးနှစ်လုံး သုံးလောက်ကို အလုအယက် တန်းစီ ဆက်နေကြတဲ့ တရုတ်တွေကို ကြည့်ပြီး သနားမိတယ်။ မဆိုစလောက်ပေမယ့် မြန်မာ့ဆက်သွယ်ရေးက ရမယ့် ဆက်သွယ်ခေါ်ဆိုခတွေအတွက်လည်း ကျေနပ်မိတယ်။
ဒါပေမယ့် သိပ်မကြာပါဘူးဗျာ။ နီကယ် စက်ရုံကြီးမှာ တရုတ်ပြည် china mobile က CDMA2000 Network အတွက် တာဝါတိုင်ကြီး စိုက်ပါလေရော။ CDMA 800 MHz သုံးတဲ့ တရုတ်ပြည်တွင်းက မိုဘိုင်း ဖုန်းလိုင်းကဒ်တွေ အကုန်လုံး အဲ့ဒီနေရာမှာ အသုံးပြုခွင့်ရသွားတော့တာပေါ့။ အနီးအနားက ရွာသူရွာသားတွေလည်း ဖုန်းကိုယ်စီနဲ့ တရုတ်ပြည်က ဆက်သွယ်ရေးကို ငွေပေးပြီး ကိုင်ကြတော့တာပေါ့။ တရုတ်တွေလည်း ပျော် ... ရွာသားတွေလည်းပျော်။ သိပ်ကို ပျော်စရာကောင်းတာပဲဗျာ။
တစ်ဆက်တည်း အဲ့ဒီနေရာမှာ တရုတ်ငွေ ယွမ်ငါးဆယ် ငွေဖြည့်ပြီးသား ဖုန်းကဒ်တစ်ကဒ်ကို ကျပ် ၉၀၀၀ နဲ့ အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ဗျာ။
ကျုပ်မရှင်းတာ တစ်ခုက ... ဒီလို ပြည်ပ ဆက်သွယ်ရေး တာဝါတိုင်ကို နယ်စပ်မဟုတ်တဲ့ မြန်မာပြည်အရဲ့ ကုန်းတွင်းပိုင်းမှာ ကျူးကျူးကျော်ကျော် လာစိုက်တာကို စစ်ရေးအမြင်ရှိပါတယ်ဆိုတဲ့ လက်ရှိ အုပ်ချုပ်သူ အစိုးရက ဘာကြောင့်များ မသိတာလဲ ဆိုတာ တွေးရခက်နေတာ။ ဆက်သွယ်ရေးနဲ့ပတ်သက်ရင် ဥပဒေပုဒ်မ မျိုးစုံတပ်ပြီး ကန့်သတ်တတ်တဲ့လူတွေအပြည့်နဲ့မြန်မာ့ဆက်သွယ်ရေးက ဒီလောက်ပြည်တွင်းကငွေတွေ တခြားတိုင်းပြည်က ဆက်သွယ်ရေးကုမ္ပဏီကို ရောက်နေတာ ဘာကြောင့်မသိတာလဲ ဆိုတာလည်း စဉ်းစားလို့မရဘူး။
ထူးကုမ္ပဏီက လုပ်သမျှ အမှန်လို့များ ယူဆထားကြသလား?
ဒါမှမဟုတ် မြန်မာ့ဆက်သွယ်ရေးနဲ့ ဘယ်လိုများ ညှိနိုင်းထားကြသလဲ?
သိချင်မိတယ်။ ညှိနိုင်းထားတာရှိရင်လည်း ပွင့်လင်းမြင်သာမှုရှိအောင် အများပြည်သူကို ကြေငြာပေးစေချင်တယ်။
သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သူတွေသာ ပြည်ပကုမ္ပဏီနဲ့ ဖက်စပ်လုပ်ပြီး ဒီလို ပြည်ပက တာဝါတိုင်ကိုသာ ပြည်တွင်းလာစိုက်ခဲ့ရင် အဲ့ဒီနေရာ အမှုန့်ဖြစ်နေလောက်ပြီ။
ဒီတော့ ....
စစ်ရေးအမြင်ဆိုတာ ဘာလဲ?
မြန်မာ့ဆက်သွယ်ရေးရဲ့ ရပ်တည်ချက်ကရောဘာလဲ?
ကျုပ်တော့ သိပ်မရှင်းတော့ဘူးဗျာ .....
အောင်ကြီး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...