Wednesday, September 10, 2014

“ကိုထွန်းအောင်ကျော် (သို့ )တော်လှန်ရေး၏သားကောင်”

၁၀စက်တင်ဘာ၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်မှ။ ။

မင်းဒင်ရဲ့သက်ခိုင်(၂)။ အခန်း(၅၁)

“ကိုထွန်းအောင်ကျော်(သို့)တော်လှန်ရေး၏သားကောင်”

နောက်ပိုင်း ကျနော်အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေးနိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရ တော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော်တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီးလူထုဒေါ်အမာတို့နဲ့ဆွေရိပ်၊မျိုးရိပ်မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအစ်ကိုတွေဟာ အိမ်မှာ အပျော်တမ်းတီးဝိုင်းတစ်ခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။
ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့တီးတာကို တစ်ကြိမ်မှာတော့ ကျနော်တို့ နားထောင်ခွင့်ရခဲ့ဖူးပါတယ်။ အဲဒါ အသတ်မခံရမီ ရက်ပိုင်းအလိုကပါ။

ဒီလို စပယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌလုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ကျနော်တို့အားလုံး အစ်ကိုကြီးက တစ်ခုခုများ ပြန်ပြောလိုက်လေမလား၊ နားကို အသားကုန်စွင့်ထားကြပါတယ်။ခဏလေတော့ အကိုကြီး ဂစ်တာလက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ်။တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲကမထွက်ပါဘူး။ “အိုး ... ခေါင်းမှာ စည်းတဲ့ဖဲကြိုးဝါတွေ တစ်ပုံကြီး အများကြီး၊အများကြီး တွေ့တယ် ...” ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာကျွမ်းကျင်သူကတော့ ကျနော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကိုကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေး သီချင်းတွေ ရေးခဲ့သူပါ။

မငယ်က ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိကနောက်ဆုံးနှစ်မှာ တောခိုလာတာပါ။မငယ်တစ်ယောက် NIP က လွှတ်လိုက်တဲ့အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ရတယ်ဆိုတာ မဖော်ပြပါရစေနဲ့။ကေအိုင် အေက ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာအသိုင်းဝိုင်းကိုမှ အဆက် အသွယ်မလုပ်ဘဲ နှစ်ပေါင်း ၂၀နီးပါးဇာတ်မြှုပ်နေတာခုထိပါပဲ။မငယ်က သီချင်းဆိုခိုင်းပြီဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်း က  မောင့်အချစ်ကို” ဆိုတဲ့သီချင်း အမြဲဆိုလေ့ရှိသဗျ။မငယ်ရဲ့ ထူးခြားမှု နောက်တစ်ခုက သူ့အလှပါ။
အေဘီရဲဘော် အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော်မူးလာကြသဗျ။

သူတို့ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓာတ်တွေဟာလည်း တရိပ်ရိပ်တက်လာကြ ပုံရပါတယ်။နောက်ဆုံးမှာတော့ ကျနော်တို့ဆီ ရောက်လာပြီး လူကက်ဆက်တွေ  ထလုပ်တာပေါ့ဗျာ။အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်းချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေးမျောသွားပုံ ရသဗျ။အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှူး ဦးအောင်သန်းဆိုတဲ့ပုဂ္ဂိုလ်က အလယ်မှာဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီးတစ်ခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့မျက်နှာကို ထိုးထည့်ပါရောဗျာ။ပြီးတော့လည်းအယုတ္တ၊ အနတ္တတွေပေါ့ဗျာ။

ကျနော်ထင်ပါတယ်၊ ထောက်လှမ်းရေးမဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆိုကန်ကြောက်နေတာထက် ပိုနာမယ်ထင်ပါတယ်။မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။
ဒီနေရာမှာ ဖြတ်ပြီးပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကိုဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက်ဟောင်းတွေဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက်ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ဒီလိုဗျ သူတို့က ကက်ဆက်အဖွင့်နဲ့အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံအတိုး အကျယ်စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။

အဲဒါကတော့ သူတို့ နားသယ်မွှေးကိုစုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆိုရပါသဗျ။နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။မန်းလေးက အေဘီယူဂျီတာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။လူပုံက အရပ်ရှည်ရှည် အသံကခပ်သြသြဗျ။ကျနော် အဖမ်းမခံရသေးခင် တစ်ရက်မှာ ကိုချိုကြီးကို ကားစင်တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ)က မျက်စိပျက်၊မျက်နှာပျက် လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဘက်ကို သံရိုက် ဖောက်ပြီး ကားရားကြီးဖြစ်နေတာ မျက်စိနဲ့တွေ့ခဲ့ရဖူးပါတယ်။နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။

မန္တလေးမှာနေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေး ထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။နောက်ဆုံးတော့ ကိုချိုကြီးလက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။လက်ပြတ်သွားပြီးတဲ့နောက်မှာ တော့ ကိုချိုကြီးရဲ့သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူသေလူလို့ စိတ်ဒုန်းဒုန်းချလိုက်ဟန်တူပါတယ်။ပိုပြီး တည်ငြိမ်လာတာတွေ့ရ ပါတယ်။နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဖူးတဲ့သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်း တရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။သူ့ကိုယ်သူသေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာ တွေ ကိုက်ခဲတဲ့ညတွေကလွဲရင် ညဘက် လူကက်ဆက်ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ 

ကျနော့်အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့ ကိုချိုကြီးအဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့်ရခဲ့ပါတယ်။ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကိုကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။ အထူးသဖြင့် … “လေကိုဆန်ကာ ပြေးလေသလား ငှက်ငယ်၊မြေကိုလှန်ကာ ပြေးလေသလား ငှက်ငယ်” ဆိုတဲ့နေရာနဲ့ “ညဥ့်လွှာရုံ၊မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်းချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေ ကလေးရယ်” … ဆိုတဲ့ နေရာရောက်ရင် ဘ၀အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းတစ်ပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကိုဆန်ကာ ပြေးထွက် သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲအမှတ်ရနေမိပါတယ်။ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတစ်ပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်းကျော်ဝေလို့ တွင်တဲ့ထိပါ။တကယ်က ကိုကျော်ဝေက မန္တလေးဘွဲ့ရကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့ သိရပါတယ်။ကိုကျော်ဝေနဲ့ကျနော်တို့အားလုံးကြား ကွဲပြားမှုတစ်ခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ဖောက်ထားတဲ့သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။

အဲဒီခြေသန်းပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျနော်တို့မှာ ဘယ်လိုနာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့ ... “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွား ခဲ့တယ်လို့ ဆိုပါတယ်။ခုဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တစ်နေ့တည်း ကွက် မျက်ခံခဲ့ရတဲ့ မခင်ချိုဦးအကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျနော်ထပ်မရေးပြချင်တော့ပါဘူး။

မချိုဟာ အသက်အရွယ်နဲ့မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင်သွားခဲ့ရသဗျ။ကျနော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသားအားလုံး အတွက် ထမင်းချက်ကျွေး ရပါတယ်။ထမင်းချိန်မှာ ကျနော်တို့က သတ်မှတ်ထားတဲ့နေရာမှာ ခေါင်းငုံ့ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစော တို့က တစ်ပေပတ်လည်လောက်ရှိတဲ့ မိုးကာစမှာ ထမင်းတွေထည့်ပြီး လိုက်ချပေးရသဗျ။ဟင်းလား ဆားပေါ့ဗျာ။မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကိုခွာပြီး ကျနော်တို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေးတတ်ပါတယ်။မချိုကိုကြည့်ရတာ သီချင်းတွေ ဘာတွေ ဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်းဆိုဖူးပုံမရပါဘူး။ဘယ်လိုပဲ ၀ါသနာမပါပေမယ့် လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေး တစ်ခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာဆိုပြရရှာပါတယ်။သူအမြဲဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသော ပန်းချီကား” သီချင်းပါ။နန်းစောက ဗန်းမော်မြို့ကဗျ။၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။၉တန်းကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဖူးတယ်ဆိုပြီး ခုထိဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊မဟုတ် မသိပေမယ့် ကျနော်တို့နဲ့ထွက်ပြေးလာပြီးနောက်ပိုင်းမှာ ရန်ကုန်မှာဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတော့ အသိ အမှတ်ပြုရပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး မှာတော့ ကျောင်းသားခေါင်းဆောင်ကျော်ကိုကို ရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှုတွေလုပ်ခဲ့တဲ့ အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ပြေးရ၊ပုန်းရပါတယ်။နောက်ဆုံးတော့ နန်းစောကိုမတွေ့တဲ့အဆုံး သူတည်းနေတဲ့အိမ်က ဘိုဘို့အမေ ဒေါ်မြင့်မြင့်ကြည်ကိုဖမ်းပြီး နန်းစောဘယ်မှာလဲ မေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့သီချင်းက ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာ ဆောင်လေးမှာနေခဲ့တဲ့ ကိုရဲတို့ဘ၀ကိုဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆိုတယ် ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ဖြစ်နိုင်တာကတော့ သူ့ခမျာလည်း ဒီသီချင်းတစ်ပုဒ်ပဲ အစအဆုံးရပုံပေါက်ပါတယ်။ 

မျိုးချစ်လူငယ် များအစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌလုပ်ခဲ့ဖူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။အေဘီဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ရသဗျ။တစ်ညမှာ သီချင်းဆိုနေရင်း တပ်ရင်းမှူးအောင်သန်းရဲ့တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝသတိလစ်သွားပါတယ်။ကျနော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက ၂ ရက်လောက်မှာ သတိလည်လာပါတယ်။နောက်တော့ ၂ ပတ်လောက် ဘာမှမေးလို့မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ်ပြန်ရောက်လာတော့မှ သိရတာက သူ့မှာချစ်သူ ကျောင်းဆရာမလေးတစ်ယောက်က သူ့ကို စောင့်နေတာပါ။ဆရာမလေးနဲ့ ပြန်ဆုံခွင့်ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျနော်တို့နဲ့ထောင်ကျပြန်တော့ ထောင်တွင်းမှာဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။သူ့မေတ္တာ ကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ ၇ နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။

ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ဒီမောင်က တစ်ချိန်က နာမည်ကြီးမင်းသားကြီး ဇော်ခင်ရဲ့သားတော်မောင်ပါ။အရပ်မောင်းက ကောင်းကောင်း ပြေငြိမ်းတို့လို ဆိုက်ဂိုက်မျိုးမို့ ဓာတ်ရှင်မင်းသားဘ၀နဲ့ ကျော်ကြားနိုင် ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။သူ ပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှုတလျှောက်လုံးမှာ အမှန် အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓားမြောင်နဲ့ သူ့ခြေသလုံး ကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ တပ်သားတစ်ယောက်ပါလို့ လိမ်ညာထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။ကျနော် ရန်ကုန်ကို ပြန်ရောက် ပန်းချီဆရာတစ်ဦးအဖြစ် ကျင်လည် ရင်း တစ်ရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီးဦးဇော်ခင်နဲ့ ဆုံပါတယ်။ကျနော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏသူငယ်ချင်း ပါ။တောထဲမှာ ဆုံဖူးတယ်လို့ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ပြီးတော့ ခေါင်းကိုသွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ 

ဆိုးလွန်းပါတယ်ဗျာ” ဆိုတာကိုပဲ ခဏခဏပြောပြီး ခေါင်းပဲခါနေတာ မှတ်မိနေသဗျ။ခုမြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ဝတ္ထုအသွင်ရေးခဲ့တဲ့ ဆမားညီညီ(ခေါ်)ကိုညီညီကလည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲခင်ဗျ။အေဘီ အတွက်  မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာနေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင်အင်္ဂလိပ်စာသင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ်ဆိုသဗျ။ဒါကြောင့် အီးဂဲလ်ရဲ့ “ဟော်တယ် ကယ်လီဖိုးနီး ယား”သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ်သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘိုသီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှူးလက်ဝါးက ကိုညီညီဆိုတဲ့ ကုလားရဲ့ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင်တစ်ဦးပါ)ကျရောက်ပါတော့တယ်။

ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေး ဒဏ်ခံခဲ့ရသဗျ။သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင်နားလည်တဲ့သူ ဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေတစ်ယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ်ပန်းချီကျော် ခင်ဝမ်းက သူ့ဖေးဖရိတ်တဲ့ဗျ။ဒါကြောင့် မြန်မာသီချင်းဆိုခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ ‘မြားဘုရင်’ သီချင်းတစ်ပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။ သေရေးရှင်ရေးဖြစ်လာတော့ လူတစ်ကိုယ် သီချင်းတစ်ပုဒ်တော့ရဖို့ ဖြစ်လာတဲ့ခေတ်ကြီးမှာ ဘ၀မှာသီချင်းတစ်ခါမှ မညဉ်းဖူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦးလို လူမျိုးလည်း ကြုံခဲ့ရဖူးပါတယ်။သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဖူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့လူ ရှိကိုမရှိဘူးလို့ ပြောချင်သဗျ။
နိုင်ငံရေးအကျဉ်းသားတွေကို ကူညီတဲ့အလုပ်ကို ကိုယ့်အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိလုပ်ခဲ့တဲ့ သာယာဝတီ အန်အယ်လ်ဒီပါတီဝင် ဦးကျားကြီးလိုလူမျိုး မြန်မာပြည်မှာ တော်တော်ရှားပါတယ်။မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင် နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။အဲဒီလို ထင်ရှားတဲ့ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ 

ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓာတ်ပုံထဲ အစွန်လူ)ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံးတော်တော် အကျပ်ရိုက်ရှာပါတယ်။ နောက်ဆုံးနားဆူချင်ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ဆုံးဖြတ်ပြီး ကိုကြောင်တစ်ယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတစ်ပုဒ်ကို ဟဲ ချလိုက်ပါတယ်။ “ရောင်စုံဘောလုံး ... ရောင်စုံဘောလုံး ... တစ်လုံး ငါးပြား” ... ပါ။ ကျနော်တို့ကို ၁၉၉၈ ခုမှာ ဖမ်းတော့ ကိုကြောင်ကို ထောက်လှမ်းရေးက လိုက်ပါတယ်။ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲရောက်ကုန်ပါတယ်။

၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်းတစ်ယောက် သာယာဝတီထောင် ရောက်လာတယ်ဆိုတာ ကိုကြောင်ကပြောပါတယ်။ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီ ပေးသင့်တယ်လို့ ပြောတဲ့အခါ ကျနော်တို့ထဲမှာ ပစ်ထားလိုက်လို့ တစ်ယောက်မှ သဘောထား ပေးမလာတဲ့အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ကျနော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ကံက သူ့အကျိုး၊သူပေးပါလိမ့်မယ်။ ကျနော်တို့ ကြုံခဲ့ရဖူးတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျနော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တစ်ပတ် ထပ်မလည်ကြဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ကျနော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း”လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့စိတ်ဓာတ်ကို ပိုလို့လေးစားမိပါတယ်။ ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ.ထ.က ကျောင်းသားများ သမဂ္ဂခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော်(ခ)ကျော်ဝင်းဆွေပါ။

တွံတေးသိန်းတန်ရဲ့သီချင်းတွေကို  တွံတေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။တစ်ညမှာတော့ တွံတေးရဲ့ “အသီးတရာ အညှာတစ်ခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ဆိုတာမို့ ကျနော်တို့အားလုံး စာသားအတိုင်း စီးမျောနေကြပါတယ်။မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက် သလို  ကျနော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။တခြားနေရာ ဟုတ်ပါရိုးလား။ကြည်း ၊ရေ လေတပ်မတော်တွင်းက သူငယ်ချင်းတွေဆိုတဲ့ နေရာပေါ့ဗျာ။ကံကောင်းလို့ အဲဒီညက တုတ်စာမဖြစ်တာ။တစ်ညမှာတော့ ထောင်မှူး တာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ထုံးစံအတိုင်း ကျနော်တို့ကို တစ်ယောက်ပြီးတစ်ယောက် ထခိုင်းပြီး စည်းစိမ်ယူနေရာ မန္တလေးတက္ကသိုလ်က မြန်မာစာတတိယနှစ်ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့်ရောက် လာပါသဗျ။

ကိုအောင်မင်းက တစ်ခါမှသီချင်းဆိုဖို့ခိုင်းတာ မခံဖူးရလေတော့ ကျနော်တို့တွေလည်း လှဲနေရာကနေ    ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့မှာလား ... အို တစ်ခါတစ်ရံ အမှားအတွက်နဲ့ အပြစ်ပုံပြီလား”ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ကျနော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေအတိုင်း စီးမျောပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်းခရေဇီကိုး။ “ကာယကံရှင် လူကိုယ်တိုင် အသိထက် ဘယ်ပိုနိုင်မှာတုန်း ... အများနဲ့တစ်ယောက် တုဖက်ပြောရင် ... အားနည်းတဲ့ တစ်ယောက်က အရှုံးပေါ့ ... မသွားလည်းဘဲ ရောက်ခဲ့မိပြီကိုး ...” သီချင်းရဲ့ စာသားရော သံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာအရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ရိုက်သံတွေပဲ ထွက်လာပါတယ်။

 “မင်းက အများနဲ့ တစ်ယောက်မို့ ခံရသလေး၊ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရား စွပ်စွဲဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။အေး ... ငါ့ နံချပ်ကူအစွမ်းပြရသေး တာပေါ့ကွာ။မင်းတို့ကိုစစ်နေတဲ့ ထောက်လှမ်းရေးလောက်တော့ ငါလည်း ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်းရိုက် သံ ညည်းညူသံ၊ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ်လာပါတော့တယ်။ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ခဏနေတော့ ရိုက်လိုက်နဲ့စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူတစ်ဦး တစ်ယောက်ကမှလည်း လာမတားကြပါဘူး။ကျနော်တို့ လှဲအိပ်နေတဲ့လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော် ချက်တွေနဲ့ တောထဲထွက်ခဲ့ကြသူတွေပါ။တကယ့်လက်တွေ့မှာတော့ ဒီလူတစ်ယောက် မတရားသဖြင့် ခံနေရတာကြီးကို ကြားနေပါ လျက်နဲ့ ကျနော်တို့ လူ ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူ မတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တစ်ယောက်မှမပြောနိုင်ခဲ့တာ ခုထိရှက်လို့ မဆုံးပါဘူး။ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ထောင်မှူးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ဘ၀ဟာ ကိုအောင်မင်းအတွက်သာမက ကျနော်တို့အတွက်လည်း ငရဲညပါပဲ။ 

တိုတိုပြောရရင် နောက်တစ်နေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင်အပြင်ကိုထွက် တန်းမစီနိုင်တော့ပါဘူး။ကျနော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် ... စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေ အလုပ်တွေသိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။နောက်ပိုင်း ထမင်းချက်တာဝန်နဲ့ကျန်ခဲ့တဲ့ နန်းစောတို့ပြောပြလို့ သိရတာက ထောင်မှူးက ညက သူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ပဲများပြီး (ထောင်စကား အလုပ် မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်)နေခဲ့တာမို့ နံချပ်ကူအသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တစ်နေ့ခင်းလုံး ဆက်ရိုက် နေတယ်လို့ သိရပါတယ်။ကိုအောင်မင်းအနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ဘိုဘိုတို့က မှာစရာရှိတာမှာဖို့မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတစ်လုံးမှ ဆက်မထွက်လာဘဲ ကိုအောင်မင်းကွယ်လွန်ခဲ့ပါတယ်။၂၀၀၅ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။

ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျောခိုင်းသွားခဲ့ရဖူးတဲ့ ဒီမိုကရေစီဘက်တော် သားတစ်ဦး ရှိခဲ့ဖူးတယ်ဆိုများ ကိုနေ၀င်းသိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲကတွေးမိပါတယ်။ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။စာဖတ်သူကိုလည်း ကိုနေ၀င်းတစ်ယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့်သူလို့ ယုံကြည်ပါရစေ။ဒါဖြင့် ရိုက်သတ်လိုက်တဲ့ကိစ္စအတွက် ထောင်လုံခြုံရေးတာဝန်ခံ ဘယ်သူကမှလည်းလာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်း ကို ညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တစ်လုံးနဲ့ စကားဝါတစ်စည်းရမယ်၊ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။အဲဒါက ပေါက်ဈေးပါ။

အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြှုပ်ပေးမယ်ဆိုရင် မြှုပ်တဲ့အဖွဲ့က အရက်တစ် လုံးနဲ့ စကားဝါ ဆေးပေါ့လိပ်တစ်စည်း ရပါတယ်။ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့်သူတွေ အတွက်လည်း တစ်ခါတည်း ဖြေလိုက်ပါမယ်။နောက်ပိုင်းမှာ ကျနော်အပါအ၀င် ဖမ်းထားသူတွေ ညသန်းခေါင်လောက် ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ညတာဝန်ကျတို့ကို လက်ရှိဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ဒီမိုကရေစီ တပ်သားရဲဘော်တစ်ဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဖို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ကိုသံချောင်းအပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင်ခမျာ တပ်ဖွဲ့ ဘက်ဂျက်ထဲက ငွေနဲ့အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။ဟုတ်ကဲ့။ဒါဖြစ်ခဲ့ပါတယ်။ဆိုးဝါးလှ

နောက်ပိုင်း ကျနော်အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေးနိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရ တော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော်တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီးလူထုဒေါ်အမာတို့နဲ့ဆွေရိပ်၊ မျိုးရိပ်မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအစ်ကိုတွေဟာ အိမ်မှာ အပျော်တမ်းတီးဝိုင်းတစ်ခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြှုပ်ပေးမယ်ဆိုရင် မြှုပ်တဲ့အဖွဲ့က အရက်တစ် လုံးနဲ့ စကားဝါ ဆေးပေါ့လိပ်တစ်စည်း ရပါတယ်။ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့်သူတွေ အတွက်လည်း တစ်ခါတည်း ဖြေလိုက်ပါမယ်။နောက်ပိုင်းမှာ ကျနော်အပါအ၀င် ဖမ်းထားသူတွေ ညသန်းခေါင်လောက် ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ညတာဝန်ကျတို့ကို လက်ရှိဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ဒီမိုကရေစီ တပ်သားရဲဘော်တစ်ဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဖို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ကိုသံချောင်းအပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင်ခမျာ တပ်ဖွဲ့ ဘက်ဂျက်ထဲက ငွေနဲ့အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။ ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ပါတယ်။ ဆိုးဝါးလှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...