Wednesday, September 10, 2014

ရေပွက်ပမာ


ဝန်ကြီးဦးအုန်းမြင့်ရဲ့ ဗွီဒီယိုစကားကြမ်းကြမ်းကို အားလုံးကြားလိုက်ရမှာပါ။ အထူးသဖြင့် ပြည်ပရောက် မြန်မာ၆သန်းထဲက ၂သန်းလောက်တော့ နားမထောင်ရတောင်၊ ဖေ့စ်ဘုတ်၊ ဂျာနယ်များက ဖတ်ပြီးရောပေါ့။ ပြည်ပရောက်မြန်မာများအတွက် တော်တော်စီးပိုးတဲ့စကာကြမ်း လို့ပြောပေမဲ့၊ မြန်မာပြည်တွင်းက ပြည်သူလူထု သန်း၅၀အတွက်တော့ စကားမကြမ်းပါဘူး။


ဦးအေးငြိမ်း ဆောင်းပါးမှာ...
ဟင်၊ ငါ - - မသားတွေ။ မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေ အောက်မေ့နေသလဲ။ နှမ -- တွေ။ ဟေ့၊ ... လို့ပြောတဲ့လူ၊ အခု ၂၀၁၄ အစိုးရအဖွဲ့မှာတောင် ရာထူးတက်သွားတယ်..ဆိုပဲ။
မြန်မာပြည်မှာ မအေ၊နှမ...ကြမ်းတမ်းညစ်ငြိမ်းတဲ့ စကားတွေ၊ အရပ်ထဲတင်မကဘူး... အစိုးရထိပ်တန်း၊ စီးပွားရေးထိပ်တန်း လူကြီးတွေပြောဆိုနေကြတာ .. ဦးနေဝင်း၊ ဦးနု ခေတ်ကတည်းကပါ။ အင်္ဂလိပ်ခေတ်တုန်းက ဘယ်..ဒါမျိုးပြောလို့ရမလဲ...။

ဒါ..ဗမာစစ်အဏာပိုင်တွေရဲ့ ရိုင်းစိုင်းတဲ့ အကျင့်စရိတ်ပါ။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝက စစ်သင်တန်း၊ အစိုးရဝန်ထမ်း ဖောင်ကြီးစစ်သင်တန်းတွေမှာ ဒါလောက်မဆဲကြပါဘူ။ ယဉ်ကျေးပါတယ်... အဲ... တကယ်စစ်သင်တန်းကတော့ ဗမာမှမဟုတ်ဘူး၊ အင်္ဂလိပ်၊ အမေရိကန်၊ ဂျပန် .. အားလုံး စစ်သင်တန်းမှာ မအေ၊ နှမနဲ့ ဆဲကြတာချည်းပဲ။ ကြမ်းမှရမှာပေါ့...။

.
ဒီတော့် စစ်အာဏာရှင်လက်ထက်မှာ စကားကြမ်းတာတွေ အခုခေတ်မှာ.. ကြည့်မနေပါနဲ့။ ကိုယ်ပဲ စကားမကြမ်းအောင် ရေးသား၊ ပြောဆိုကြပါစို့...လို့။
.
နှုတ်မှထွက်သောစကားကို ဘုရားသခင်ပိုင်ဆိုင်သည် (သုက္တံကျမ်း)

2014-09-09 11:34 GMT+08:00 အေးငြိမ်း <phonemyatnyein@gmail.com>:

(၁)

ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာ
ရေမျက်နှာထက်
ခဏတက်သည့်
ရေပွက်ပမာ
တစ်သက်လျာတည်း။

            မြန်မာ့သမိုင်း၌ အနန္တသူရိယအမတ်ကြီး တကယ်ရှိခဲ့၊ မရှိခဲ့ ဆိုသည်မှာ အငြင်းပွားဖွယ် ပုစ္ဆာတစ်ရပ်အဖြစ် ရှိနေပါသေးသည်။ သို့သော် ထိုအမတ်ကြီးရေးခဲ့သည့် သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ အစချီ မျက်ဖြေလင်္ကာ လေးပိုဒ်မှာမူ အလွန်သံဝေဂ ယူစရာကောင်းလှသဖြင့် မြန်မာစာပေလောကတွင် အလွန်ကျော်ကြားလှ၏။ အထက်ပါ လင်္ကာကလေးမှာ အမတ်ကြီးကို အသတ်ခံရခါနီးဆဲဆဲ စပ်ဆိုသွားခဲ့သည့် ထို မျက်ဖြေလင်္ကာ လေးပိုဒ်ထဲမှ ဒုတိယအပိုဒ် ဖြစ်ပါသည်။
            မင်းစည်းစိမ် ဘယ်လောက်ကြီးကျယ်ခန်းနားနေပါစေ၊ ထိုချမ်းသာမှာ ရေမျက်နှာပြင်ပေါ် တက်လာသည့် ရေပွက် ကလေးပမာ ပီဘိ ခဏကလေးမျှသာဖြစ်၏။ မည်သည့်အရာမှ တည်မြဲသည်မရှိ။ တစ်နေ့ကျ အားလုံး ပျက်စီးကြရမည်သာ ဖြစ်သည် ဟု ဆိုလိုရင်းဖြစ်၏။
            အမတ်ကြီးသတိပေးခဲ့သလို သည်လောက၌ မည်သည့်အရာသည် အစဉ်အမြဲတည်နေပါသနည်း။ အလွန်ကြီးမား ကျယ်ပြောလှသည့် စကြာဝဠာကြီးပင်လျှင် တစ်နေ့နေ့၌ ပျက်စီးပျောက်ကွယ်သွားရမည်သာ ဖြစ်၏။ လူ့ဘ၀၊ လူ့စည်းစိမ်၊ ရာထူး၊ ဌာနန္တရ၊ ငွေကြေးဥစ္စာလောက်ကတော့ အဘယ်မှာလျင် ဆိုဖွယ်ရာ ရှိအံ့တော့နည်း။ သို့သော် ကျွန်ုပ်တို့ လူသားများ သည် ဤသဘောကို သိသလိုလိုနှင့်ပင် မိမိတို့ရရှိထားသော ရာထူးစည်းစိမ်ကလေးအပေါ်၌ အလွန်အမင်း သာယာကာ မောက်မာထောင်လွှားလျက်ပင် ရှိနေကြပါသေးသည်။
            “ငါသေရင် ဒါတွေ ဘာမှပါသွားမှာမဟုတ်ဘူး” -
- ဟူသည့်သဘောတရားကလေးကို အစဉ်သတိချပ်နေစေလိုသဖြင့် ဤစာကို ရေးပါသည်။

(၂) လိမ္မာသူများ ကြီးပွားရန် လွယ်လှပုံ

            ကျွန်တော် သူများမကောင်းကြောင်း ရေးလေ့မရှိပါ။ ကျွန်တော်ရေးထားသမျှ ကျွန်တော့် blog ပေါ်တွင်ရှိပါသည်။ မိတ်ဆွေတို့ဖတ်ကြည့်ပါ။ သူများမကောင်းကြောင်းများလည်း မပြောမိအောင် အတတ်နိုင်ဆုံး ရှောင်ပါသည်။ အထူးသဖြင့် အတင်းအဖျင်းကို ဖြစ်၏။ သို့သော် သူများပြောတာနားထောင်ရတာတော့ ၀ါသနာပါပါသည်။ ထိုအထဲမှ ဗဟုသုတရစရာ၊ သံဝေဂယူစရာများ အများအပြားပါသောကြောင့် ဖြစ်၏။
            မြန်မာပြည်မှ မိတ်ဆွေမိသားစု စင်ကာပူသို့အလည်လာကြသဖြင့် မနေ့ညက သွားတွေ့သည်။ သူနှင့် ကျွန်တော်တို့မှာ အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်၏။ အဘယ်ကြောင့် ရင်းနှီးရသနည်းဆိုလျှင် နေပုံထိုင်ပုံ၊ ရိုးသားပုံ၊ ပြောဆိုသည့် ဘာသာစကား (အာ၊ နင်ကလဲ။ ဘာသာစကားဆိုတာ မြန်မာဘာသာ၊ တရုတ်ဘာသာကို ပြောတာ မဟုတ်ဘူးဟဲ့။ ဖဲသမားက ဖဲအကြောင်း၊ နွားသမားက နွားအကြောင်း၊ ကားသမားက ကားအကြောင်းပြောတာကို ပြောတာ။ နင်ရို့ခေတ်ကာလ သားသမီး တွေ ပြောရတာ တယ်လဲ လက်ဝင်လှပါကလား။ ငါ့နှယ်။)၊ ပွင့်လင်းပုံ နှင့် အယူအဆတူကြသဖြင့် ဖြစ်သည်။
            ကျွန်တော်သိချင်နေသော အကြောင်းအရာများကို သူက အကုန် ခရေစေ့တွင်းကျ ပြောပြပါသည်။ သူပြောသည် များကို ကြားရတော့ ကျွန်တော့်မှာ ဆရာကောင်းဆက်နိုင်ပြောသလို အံ့သြလွန်းလို့၊ သေတော့မယ် ဖြစ်ရပါလေ၏။
            ထိုသူနှင့်ကျွန်တော့်မှာ အလွန် မရင်းနှီးသော်မှ တစ်ယောက်အကြောင်း တစ်ယောက် သိသူများ ဖြစ်ကြပါသည်။ သို့သော် သူ့ညီနှင့် ကျွန်တော်မှာ အလွန်ခင်မင်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြ၏။ အသက်ချင်းလည်းတူ၊ ကျောင်းတက်သည့် ကာလလည်းတူ။ ဆင်းရဲသဖြင့် ဘ၀ကို ရုန်းကန်ကြရတာခြင်းလည်းတူ သည်ဖြစ်ရာ အလွန်ခင်ကြပါ သည်။ တစ်ခုသော အတိတ်ကာလ တစ်ချိန်က ကာလအတော်ကြာ တပူးတွဲတွဲရှိခဲ့ကြ၏။ ထို့ကြောင့် သူယခုကဲ့သို့ ဖြစ်သွားခြင်းအပေါ် ကျွန်တော့်မှာ အလွန်အံ့သြရပါသည်။ ထိုသူမှာ အလွန်တော်၏။ တော်လွန်းသဖြင့်လည်း သည်လိုဖြစ် သွားတာ ဖြစ်ပါလိမ့်မည်။  
            ဟိုတလောက ကျွန်တော့်မိတ်ဆွေတစ်ယောက် ရာထူးတိုးသည့်သတင်းကိုကြားရတော့ ကျွန်တော် အလွန် ၀မ်းသာရ ၏။ သူတို့ကို ထိုနေရာတွင် မြင်ချင်သောကြောင့် ဖြစ်ပါသည်။ သူတို့ထိုနေရာရောက်လျှင် နိုင်ငံ့အတွက်ရော အများအတွက်ပါ အကျိုးရှိမည်။ သို့သော် ထိုကျွန်တော့်မိတ်ဆွေ ရောက်သွားသည့်နေရာမှ သူ ဘယ်ရောက်သွားသနည်း ဆိုသည်ကိုလည်း စိတ်ဝင်စားမိ၏။
            ထို့ကြောင့် သူ့အကြောင်းကို ကျွန်တော် စပ်စုမိ၏။ သူရာထူးတိုးသည်ဆိုတော့ ဟွား၊ တယ်လဲ ဟုတ်လိုက်ပါကလား ကရို့ဟု သည်လိုပင် သွေးရိုးသားရိုး ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် သိပ်မလွယ်လှသော ထိုရာထူးကိုရဘို့ အချိန်အတန်ကြာစောင့်ရမည့်အစား ထိုမိတ်ဆွေမှာ သိပ်မကြာလှသော ကာလတစ်ခုအတွင်း လွယ်လင့်တကူ အသာလေး ရောက်သွားသောကြောင့် ဖြစ်၏။ သို့သော် အစ်မကြီးက နင့်ဟယ်၊ ဒီခေတ်ကြီး ဒီလောက် လွယ်လွယ် ရပါ့မလား။ ဒါ ဘယ်နည်းနဲ့မှ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး ဟု ဝေဘန်ပြပါသည်။ သူပြောတာ ဖြစ်နိုင်၏။ သည့်အတွက် ထိုရာထူးတိုးရခြင်း အကြောင်းရင်းကို ကျွန်တော်သိချင်နေခဲ့တာ ဖြစ်ပါသည်။
           
(၃) ဆီးသီးသည် မဗျိုင်း

            မိတ်ဆွေတို့ ဆီးသီးသည် မဗျိုင်းအကြောင်း သိပါလိမ့်မည်။
            ရွာတစ်ရွာတွင် ရုပ်ရည်သနားကမားရှိသော မဗျိုင်းဟူသည့် သူငယ်မတစ်ယောက် ရှိသတတ်။ ဆင်းရဲသဖြင့် ဆီးသီးကောက်ကာ ရောင်းစားရသည်။ တစ်နေ့ ရှင်ဘုရင် တိုင်းခန်းလှည့်လည်လာတော့ မဗျိုင်းကိုတွေ့၊ ရုပ်ရည်ကလေး လှတပတဖြင့် ဆီးသီးရောင်းနေတာတွေ့တော့ စိတ်မကောင်း၊ ကယ်တင်လိုသည်။ (လိုချင်လိုချင်တယ်ပေါ့ဗျာ၊ အလကား လျှောက်ပြောတာ။) တိုတိုပြောရလျှင် တော်ကောက်ကာ ကေတီဗီပို့လိုက် (ဟုတ်ပေါင်) မိဖုရားခေါင်ကြီး တင်မြှောက် လိုက်သည်။ (တောက်၊ ငါလည်းဘုရင်ဖြစ်ရ မိုက်မကွာ။ လိုချင်တဲ့မိန်းမ ကောက်ကက်ယူလို့ရတာ။ မိုက်မှမိုက်။)
            တောသူက နန်းတွင်းရောက်သွားပြီး လူတကာဘုရားထူးခံ၊ အကောင်းစား အညွန့်စားများ စားသောက်၊ နေထိုင် ရသောအခါ ဘ၀င်မြင့်ကာ ဘ၀မေ့တော့၏။ ဟဲ့၊ မဗျိုင်းကလေးတော့ မိဖုရားခေါင်ကြီးဖြစ်သွားပြီ။ ငါတို့ ဘားအံ (ဟုတ်ပေါင်) ရွာကလေးတော့ မမေ့တန်ကောင်းပါဘူး။ ဒို့ရွာ မီးကလေးဘာလေးရအောင်၊ အင်တာနက်ကလေး ဘာလေးချိတ်လို့ရအောင် သွားပြောကြည့်ဦးမှ။ ဒါမှ ငါတို့လဲ ဖွဘွတ် ကောင်းကောင်းသုံးလို့ရမယ် - ဟု ရွာလူကြီးတို့ စုပေါင်းတိုင်ပင်ကြပြီးသကာလ မဗျိုင်းကို အကူအညီ တောင်းရအောင် ရွာမှ လူရည်လည်သော သူတစ်ဦးကို နန်းတော်သို့ လွှတ်လိုက်လေ၏။ 
            ကိုလူလည်လည်း အင်း၊ သည်အတိုင်းဆို နန်းတော်ထဲ ၀င်ဘို့မလွယ်လောက်ဘူး။ ဒီတော့ ငါ ဆီးသီးသည်ယောင် ဆောင်သွားရင် မဗျိုင်းနဲ့တွေ့တန်ကောင်းပါရဲ့ဟု တွေးကာ ဆီးသီးတောင်းကလေးထမ်းလျက် ရွှေမြို့တော်သို့ ၀င်သတည်း။
            ထို့နောက် နန်းတော်အနီးတွင် ဆီးသီးခင်ဗျာ၊ ဟောသည်က ဆီးသီးဝယ်ကြဦးမလား၊ စလေဆီးသီးတွေပါ။ အင်မတန် ချိုသယ်ခင်ဗျ။ လင်စားရင် မယားပါချိုသွားစေ့ရမယ် - ဟု အခေါက်ခေါက်အခါခါ အော်လေသော် ထိုအသံကို မိဖုရားကြီးကြားမိ၊ ဆီးသီးဆိုတော့ စိတ်ဝင်စားသည်နှင့် မောင်းမတစ်ယောက်ကို ဆီးသီးသည်အား ရှေ့တော်မှောက် အခစား ၀င်စေရန် သတင်းစကား ကြားခိုင်းလိုက်လေ၏။  
            ကိုလူလည်လည်း ဟိုက်၊ တစ်ခါဖြင့် ဟန်ကျပကွ ဟု ၀မ်းသာအားရ ရှေ့တော်မှောက်သို့ ၀င်၏။ ရွာတို့၏ သဘာဝ ရွာရှိလူကုန် တစ်ဦးကိုတစ်ဦး အားလုံးသိကြသည်ဖြစ်ရကား မဗျိုင်းလည်း ဆီးသီးသည် ကိုလူလည်ကို မမှတ်မိစရာမရှိ။ ၎င်းအားမြင်သည်နှင့် သူတို့ရွာကမှန်းသိ၊ သူ့ကို ခေါ်ပြောနှုတ်ဆက်ရာမှ စကားစပ်ကာ သူဆီးသီးသည်ဖြစ်ခဲ့မှန်း ပေါ်ချေက လူပုံအလယ် အရှက်တော်ကွဲရချေရဲ့ဟု စိတ်အပူကြီး ပူမိလေ၏။
            ထိုအခါ ဆီးသီးတောင်းကိုကြည့်ကာ ဟဲ့၊ အဲဒါ ဘာအသီးလေးတွေလဲ မယ်မင်းရို့။ အသီးကလေးတွေက လှပါဘိသနဲ့။ စားလိုက်ရင် ဘယ်လိုအရသာရှိမလဲမသိဘူးကွယ်၊ မမလေးဘို့ တစ်ပြည်လောက် ၀ယ်ထားလိုက်ပါဘိ ဟု ဆိုလေ၏။
            ဆီးသီးသည် ကိုလူလည်လည်း မဗျိုင်းပြောစကားကို နားဖြင့်ဆတ်ဆတ် ကြားရလေသော် အောက်မေးကြီးများ ပြုတ်ကျလျှက် အံ့သြလွန်းလို့ သေတော့မယ် ဖြစ်လေ၏။ ထိုအခါ အကြီးအကျယ် ဒေါပွလျက် သူ့ဆီးသီးတောင်းကို ရုတ်ခြည်းမ,ကာ နန်းတော်အတွင်းမှ ထွက်လေ၏။
            ဘုရင်ကြီးမှာ ဆီးသီးသည် အော်သံကြားကတည်းက အင်း၊ ဒါ ဧကန္တတော့၊ ဧကန္တပဲဟု အရိပ်အခြည်ကို စောင့်ကြည့်နေသည်ဖြစ်ရကား မဗျိုင်းလုပ်ပုံ အလုံးစုံကို တွေ့ရှိကာ ရွှေစိတ်တော် ညိုလေ၏။ ထို့ကြောင့် အင်၊ ဘ၀မေ့တဲ့ မယ်မင်းကြီးမတော့ ရွှေစော်နံ ပြန်ပေဦးတော့ဟု မိဖုရားကြီးအရာမှချကာ ရွာသို့ပြန်လွှတ်လိုက်လေသတည်း။ (မင်းတို့မျက်စောင်း အကြောင်းသုံးပါး မရွေးဘူး ဆိုတာ အဲဒါပေါ့။ အကြောင်းသုံးပါးသိချင်ရင်တော့ ကျွန်တော့်ကြီးဒေါ် သွားမေးချေဗျာ။)

(၄) ရာထူးတိုးရခြင်းအကြောင်း

            ကျွန်တော့်မိတ်ဆွေ၏ ဖခင်မှာ ယခင်ခေတ်က အစိုးရအရာရှိကြီးတစ်ဦး ဖြစ်သည်။ သို့သော် ငွေကြေးအားဖြင့် သိပ်မပြည့်စုံပါ။ ထို့ကြောင့် တက္ကသိုလ်တက်နေသည့် သူတို့ညီအစ်ကိုမှာ အလွန်ချိုးခြံ ခြွေတာသုံးစွဲရလေ၏။ မည်သည့် အခြေအနေရောက်လာသည်ဖြစ်စေ မိမိတို့ဖြတ်သန်းခဲ့ရသော ဘ၀ကို မေ့ထား၍ ရကောင်းပါသလော။
            သို့သော် ကြီးကြီးမာစတာကြီးဖြစ်လာသော မိတ်ဆွေကြီးမှာ ယခင် ဘ၀ဟောင်းကို မေ့သည်ထင့်။ အလွန် မောက်မာ ထောင်လွှားလှသည် ဆို၏။ အခြားသူများကို လူမထင်၊ ငါမှငါ ဖြစ်နေကြောင်း စင်ကာပူသို့အလည်လာသည့် မိတ်ဆွေက ပြောပြပါသည်။
            တစ်နေ့သောအခါက သူလမ်းလျှောက်ထွက်စဉ် ရုန်းရင်းဆန်ခတ် အသံများကြားသဖြင့် ဟဲ့၊ ဘာဖြစ်ကြတာလဲ ဟု သိချင်သဖြင့် စပ်စုမိ။ ထိုအခါ အလွန်ဒေါဖောင်းလျှက်ရှိသော မိတ်ဆွေကြီးကို တွေ့ရှိ။
            ဟင်၊ ငါ - - မသားတွေ။ မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေ အောက်မေ့နေသလဲ။ နှမ -- တွေ။ ဟေ့၊ ကိုဟိုဒင်း၊ အဲဒီအကောင်တွေ နာမည် မှတ်ထားစမ်း။
            သူ့မှာ အလို၊ ဘုရား၊ ဘုရား။ ကို - - မှ ဟုတ်ပါလေစ။ အရာရှိကြီးတစ်ယောက်အနေနဲ့ မင်း သည်လောက် ရိုင်းရသလားကွယ်။ နဂိုက ပုံစံနဲ့ နည်းနည်းမှ မဆိုင်တော့ပါလား - - ဟု အံ့သြတကြီး ရေရွတ်မိသည် ဆို၏။
            ဟဲ့၊ အဲဒါတင်ဟုတ်ပါ့မလား။ သူက - - တို့ကိုခေါ်ပြီး နယ်မြေထဲ ကင်းလှည့်လေ့ရှိတယ်။ တစ်ညကျတော့ သူတို့ - - ဘက် ကင်းလှည့်ရာက ပြန်လာတော့ လမ်းမှာ အရက်မူးနေတဲ့ ကောင်လေးတချို့ကို တွေ့တယ်။ ဒီတော့ ဟေ့ကောင်တွေ၊ မင်းတို့ဘယ်ကကောင်တွေလဲ။ ငါ - - မသားတွေ။ ငါတို့ - - ကို မင်းတို့က ရွာအောက်မေ့နေသလား လို့ဆဲဆိုပြီး ပုဆိုးလှန်ပြသတဲ့။ အဲဒါဟိုကောင်လေးတွေက မခံနိုင်လို့ တိုင်မယ်တောမယ်တွေဖြစ်လို့ မနည်း ၀ိုင်းဝန်း အုပ်ထားကြရတယ် လို့ပြောတယ် - ဟု အစ်မကြီးက ထပ်မံဖြည့်စွက်၏။ (ဒီနေရာမှာတော့ ကိုယ့်လူက ကိုအုန်းမြင့်ထက် သာသွားပြီ။ ကိုအုန်းမြင့်က ပုဆိုးလှန်ပြမယ် ပြောရုံပြောတာ။ ကိုယ့်လူကမှ တကယ်လှန်ပြတာ။ ကျုပ်ကတော့ အပြောသမားထက် လက်တွေ့သမားကို ပိုကြိုက်တယ်ဗျို့။)
            ဤကဲ့သို့ အဖြစ်အပျက်များမှာ အတော်များပါသည်။ သို့သော် အကုန်မရေးတော့ပါ။ နမူနာမျှ ပြခြင်းသာ ဖြစ်၏။ (မနေနိုင် မထိုင်နိုင် သွား စ မိလို့။ ကျွန်တော်တောင် ခံလိုက်ရသေး။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက။ ထားပါတော့။ ကိုယ်ကစ,မိတာဆိုတော့ မပြောတော့ ပါဘူး။)
            ဒါနဲ့ နေစမ်းပါဦးဗျာ။ သူ ဗြုန်းစားကြီး ရာထူးတိုးသွားတာလေး လုပ်စမ်းပါဦး။
            ဟဲ့၊ ကိုအေးငြိမ်းလေးရဲ့။ ဒီခေတ်ကြီး ဒီရာထူးမျိုးရတာ ရိုးရိုးသားသား ဟုတ်ပါ့မလားဟဲ့။ ၄၃၆ ကောင်းမှုကြောင့် ရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ ၄၃၆ ပြင်ဘို့ တရားလာဟောတော့ သူက ဒီ - - - - က တစ်ယောက်မှ - - - - ကို မသွားရဘူးလို့ စာထုတ်တယ်။ ဒီကိစ္စဘယ်ကျေနပ်ကြမလဲဟယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ၀ိုင်းဝန်း ဖုံးကြဖိကြရတာပေါ့။
            သူအဲဒီလိုလုပ်တာကို ဟို ထမင်းတစ်နပ်လျှော့စားခိုင်းတဲ့လူကြီး သိသွားတော့ ရွှေဘောတော် အကျကြီးကျပြီး နေ့ချင်းညချင်း - - - ။
            ဗျာ . . . ။

(နာမည်တွေ၊ ဒေသတွေဝှက်ပြီးရေးရတာ အရသာပျက်လိုက်တာဗျာ။ အရင်းအတိုင်းသာ အကုန်အစင် ချရေးလိုက်ရလို့ ကတော့ အိနေအောင်ချက်ထားတဲ့ အဆီတစ်ထပ်၊ အသားတစ်ထပ် ၀က်သားသုံးထပ်သားကို စားရသလိုမျိုး အရသာရှိလိုက်မဲ့ ဖြစ်ခြင်း။)

(၅) အခြားသူ၏အမှားမှ သင်ခန်းစာယူပါ။ (Take the lesson from other people’s mistake.)

            မိတ်ဆွေများခင်ဗျာ။ သူတပါးအကြောင်း အ,မနာပ ပြောလို၍ ရေးခြင်းမဟုတ်ပါ။ မိတ်ဆွေများကို သတိတရား ရစေလိုသောကြောင့် ဖြစ်ပါသည်။ သဟာများမှာ မြန်မာပြည်တွင် ဖြစ်ပျက်နေသည်များကို ကျွန်တော်က စင်ကာပူမှနေ၍ တစွန်းတစ ပြန်ကြားရခြင်းသာ ဖြစ်၏။ သို့သော် ပြောပြသူများမှာ ကျွန်တော်နှင့်အလွန်ရင်းနှီးသူများဖြစ်သည့်ပြင် သူတို့ပြော သည်များမှန်ကန်ကြောင်း ယုံမှားသံသယရှိစရာမလိုပါ။ သူတို့နှင့် ကျွန်တော်မိတ်ဆွေဖြစ်တာ ဆယ်စုနှစ် နှစ်ခုပင် စွန်းရော့မည်။
            ရာထူး၊ ဂုဏ်သိန်၊ ဥစ္စာစည်းစိမ်တို့မှာ ရန်သူမျိုးငါးပါးနှင့် ဆက်ဆံနေသည်ဖြစ်ရာ မည်သည့်အချိန်တွင် သည်အရာများ ပျက်စီးပျောက်ကွယ်သွားမည်ကို မည်သူသိနိုင်ပါသနည်း။
            ပစ္စည်းကသာ မတည်မြဲ၊ အလျင်အမြန် ပျောက်ပျက်သွားရမည်။ ကျွန်ုပ်တို့ပြုမူ၊ ပြောဆိုလိုက်သော ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကား သေလွန်သည်၏ ဟိုးဘက်ထိတိုင် ကျွန်ုပ်တို့နောက်သို့ ထက်ချပ်မကွာ လိုက်နေမည်ဖြစ်ကြောင်း မြတ်စွာဘုရား၏ ၀ိပါက်တော် ၁၂ ပါးက သက်သေပြနေသည် မဟုတ်ပါလော။
            လူတတ်ကြီးလုပ်ပြီး ဆရာစားတာမဟုတ်ရပါခင်ဗျား။ ပညာရှိသတိဖြစ်ခဲ မို့ မိတ်ဆွေများကို လက်တို့လိုက်ရခြင်းသာ ဖြစ်ပါသည်။

ထောင်လွှားတက်ကြွ၊ မောက်လွန်းကလည်း၊ လျှောကျနောက်ဆုံး၊ ရှိချေ၏။

(ကျွန်တော်ရေးထားတာကိုသာ အနှီပုဂ္ဂိုလ်ကြီး ဖတ်မိပါက အောင်မာ၊ မင်းလိုမလောက်လေးမလောက်စား ငချွတ်ကများ ငါလိုကောင်ကို ဟင်းဟင်းဟင်း . . . ဟု ဒေါပွပြီး ဆွဲထိုးမှာ မြင်ယောင်မိပါသေး။ သူဘယ်သူဆိုတာ သိသူများ ဤစာကို ပရင့်ထုတ်ပြီး သွားပေးလိုက်ပါ။ ကျွန်တော်တော့ သူနဲ့ ဝေးတဲ့နေရာကို ပြေးတော့မဗျို့။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း


၈ စက်တင်ဘာ၊ ၂၀၁၄


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...