Sunday, August 31, 2014

မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် ထူးခြားသော ၀ိသေသများ

Published on: August 29, 2014 
မြန်မာနိုင်ငံ၏ လက်ရှိပစ္စုပ္ပန် ပကတိအခြေအနေများကို လေ့လာကြည့်သောအခါ
(၁) နိုင်ငံသားအများစုသည် လုပ်ခလစာ ၀င်ငွေနိမ့်သော၊ အလုပ်အကိုင် အတည်တကျ မခိုင်မာသော၊ ငွေကြေးစုဆောင်းနိုင်မှု နည်းပါးသော၊ အခြေခံလူတန်းစားနှင့် သာမန်လူတန်းစားများ ဖြစ်နေခြင်း။

(၂) ပထ၀ီအနေအထားအရ မိမိနိုင်ငံထက် အဘက်ဘက်တွင် အင်အားကြီးမားသော အင်အားကြီးနိုင်ငံများအကြား ရှိနေခြင်း (မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မဖြစ်မနေ ထိန်းသိမ်းတည်ဆောက်သွားရန် လိုအပ်ပြီး အဘက်ဘက်တွင် အင်အားစုစည်း တောင့်တင်းသွားစေရန် လိုအပ်)။
(၃) ကုန်ထုတ်လုပ်မှုနည်းပညာ၊ စွန့်ဦးတီထွင်ဖန်တီးနိုင်မှု နည်းပညာများ နိမ့်ကျနေဆဲ နိုင်ငံဖြစ်ခြင်း။
(၄) လယ်ယာကဏ္ဍကို အဓိကမှီခို အားထားနေရဆဲ နိုင်ငံဖြစ်ခြင်း (လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍနှစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်လိုအပ်ခြင်း)။
(၅) သဘာဝတွင်းထွက် အရင်းအမြစ်များ၊ ရေအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်ခြင်း။
(၆) နိုင်ငံရေးအရ ‘မူ’ နှင့် ‘မူ’ ယှဉ်ပြိုင်မှုအလားအလာထက် ‘လူ’ နှင့် ‘လူ’ ယှဉ်ပြိုင်မှု အလားလာက ပိုအားကောင်းနေသေးခြင်း (တစ်နည်းအားဖြင့် လွတ်လပ်၍ တရားမျှတသော နိုင်ငံရေးစနစ်နှင့် စီးပွားရေးယှဉ်ပြိုင်မှု အနေအထား အလားအလာအပေါ်တွင် များစွာတည်မှီနေပါသည်)။
(၇) အချို့သော ဈေးကွက်များတွင် ဈေးကွက်စီးပွားရေးယန္တရား မထိရောက်သေးခြင်း။
(၈) ၀င်ငွေဖြစ်တည်မှု ပုံသဏ္ဌာန် (Income Generations) မတူညီမှု၊ စီးပွားရေးအခွင့်အလမ်းများ (Business Opportunities) မတူညီမှုများကို အဓိကအခြေပြု အရင်းခံသော ၀င်ငွေမညီမျှမှုပုံသဏ္ဌာန် (Income Inequality) တစ်စတစ်စ ကြီးမားလာနေခြင်း (တစ်နည်းအားဖြင့် မိုးပျံပူဖောင်း ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲလွင့်စဉ်သွားစေနိုင်သကဲ့သို့ပင် ဖြစ်သည်။)
အချုပ်အားဖြင့် ရေရှည်စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Sustainable Growth) နှင့် ရေရှည်စဉ်ဆက်မပြတ် တည်ငြိမ်မှု (Sustainable Stability) နှစ်ရပ်လုံးကို တည်တည်ငြိမ်ငြိမ် အောင်အောင်မြင်မြင် ဖြစ်တည်စေရန်ဆိုလျှင်-
(၁) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း (Economic Growth Rate) ကို မြင့်မားစေရမည်။
(၂) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (သို့မဟုတ်) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မြင့်မားအောင် မြှင့်တင်ပေးမည့် စီးပွားရေးကဏ္ဍကြီးများနှင့် စီးပွားရေးထွက်ကုန်များ ၀န်ဆောင်မှုလုပ်ငန်းများ အချိတ်အဆက်မိမိ ဖွံ့ဖြိုးတိုးတက်စေရမည်။
(၃) လူနည်းစု ချမ်းသာရုံမျှဖြင့် လည်းကောင်း၊ တွင်းထွက်သယံဇာတပစ္စည်းများ ပိုမိုထုတ်လုပ် တင်ပို့ရောင်းချရုံမျှဖြင့် လည်းကောင်း မည်သို့မျှရေရှည်ဖွံ့ဖြိုးမှုနှင့် ရေရှည်တည်ငြိမ်မှုကို မဖော်ဆောင်နိုင်သောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အတူတကွ အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်မည့် တစ်ပြေးညီ စီးပွားရေးအခွင့်အလမ်းများ ဆောင်ရွက်ပေးနိုင်မှု၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ ပြဿနာထိန်းချုပ်နိုင်မှု၊ ငွေကြေးဖောင်းပွမှုနှုန်း နည်းနိုင်သမျှနည်းစေရန် ထိန်းချုပ်ပေးနိုင်မှု၊ ပြည်တွင်းစုဆောင်းမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု (GDP နှင့် အချိုး) မြင့်မားနိုင်သမျှ မြင့်မားလာအောင် ဆောင်ရွက်နိုင်မှု စသည်တို့ ကျွဲကူးရေပါ သဘောတရား ဖြစ်လာစေရန် လိုအပ်ပေမည်။
(၄) ဤကဲ့သို့ အထက်ပါအချက်များ အချိတ်အဆက်မိမိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော ဗျူရိုကရက်ယန္တရား ရှိရမည်ဖြစ်သည်။
(၅) ဈေးကွက်စီးပွားရေးစနစ်၏ ဘေးထွက်ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကြိုတင်ကာကွယ် တားဆီးရပေမည်။
(၆) ပြည်တွင်းငြိမ်းချမ်းရေးကို အခြေခံသော အထွေထွေအင်အား (စီးပွားရေးအင်အား) တီထွင်ဖန်တီးနိုင်မှု နည်းပညာအင်အား ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြစ်အင်အား၊ ယဉ်ကျေးမှုအင်အား၊ ကာကွယ်ရေးအင်အား) ကို တစ်စတစ်စ တိုးတက်ကောင်းမွန်လာစေရန်လည်း လိုအပ်ပေမည်။

Written by: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...