Saturday, August 23, 2014

ဘာသာရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလေ့လာဆန်းစစ်ခြင်း


နိုင်ငံတိုင်းတွင် မိမိယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုး ထိန်းသိမ်းလိုကြသည်။ မိမိလူမျိုးတို့ကျင့်သုံးနေသော ဓလေ့ထုံးစံများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြသည်။ မိမိတို့ကိုးကွယ်သည့် ဘာသာ ပျောက်ပျယ်သွားမည်ကို စိုးရိမ်တတ်ကြပြီး အခြားဘာသာများကို အထင်အမြင်သေးတတ်ကြသည်။ မြန်မာလူမျိုးတို့သည်လည်း ထိုနည်းတူစွာ မိမိတို့အမျိုးဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ပျောက်ကွယ် သွားမည်ကို မလိုလားကြပေ။ သို့ရာတွင် လူအများ သတိမမူမိသော အကြောင်းအရာမှာ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများသည် ပြောင်းလဲနေသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ဘာသာရေးအတွေးအခေါ်များသည်လည်း ပြောင်းလဲနေသဖြင့် ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ပထမသံဃာရတနာတင်ခြင်း၊ နောက်ဆုံးဦးနုအစိုးရလက်ထက် ဆဋ္ဌသံဃာရတနာတင်ခြင်းတို့ကို ပြုလုပ်၍ ဝိဝါဒကွဲပြားမှုများကို ညှိခဲ့ရသည်။
ဗုဒ္ဓဘာသာတွင် ထေရဝါဒ၊ မဟာယာနဟူ၍ နှစ်ဂိုဏ်းကွဲသလို ထေရဝါဒတွင်လည်း။ သုဓမ္မာ၊ ရွှေကျင်၊ ဒွါရ၊ ငှက်တွင်းစသည်ဖြင့် သံဃာဂိုဏ်းများ ၉ ဂိုဏ်း မျှ ပေါ်လာခဲ့ကြသည်။ ခရစ်ယန်ဘာသာတွင်လည်း ရိုမန်ကက်သလစ်နှင့် ဘက်ပတစ် ဟူ၍ နှစ်ဂိုဏ်းပေါ်ပြီး ထိုမှဂိုဏ်းခွဲများ များစွာပေါ်ခဲ့ပြန်သည်။ အစ္စလမ်ဘာသာတွင်လည်း ဆွန်နီနှင့် ရှီအာဟူ၍ ဂိုဏ်းနှစ်ဂိုဏ်း ကွဲထွက်လာခဲ့ကြပြန်သည်။ အီရတ်တွင် ဆွန်နီနှင့် ရှီအာ မူဆလင် အချင်းချင်း တမန်တော် မိုဟာမက်ကို ကိုးကွယ်သည်ချင်း တူသော်လည်း ဂိုဏ်းမတူသဖြင့် တစ်ဦးကို တစ်ဦး သတ်နေကြသည်။
ဗုဒ္ဓဘာသာအရ အနိစ္စ အမြဲမရှိဆိုသည်မှာ မှန်သောတရားသဘော ဖြစ်သည်။ စကြဝဠာအာကာသလောကကြီး တစ်ခုလုံး တည်မြဲခြင်းမရှိ၊ အမြဲပြောင်းလဲနေသည်ကို လူအများစုက သတိမမူမိဘဲ တည်မြဲနေသည်ဟု အမြင်မှား နေကြသည်။ လောကတွင် မပြောင်းလဲဘဲ တည်ရှိနေသော အရာသည် “ပြောင်းလဲခြင်း သဘောတရား” သာလျှင် ဖြစ်သည်။ ထိုအချက်ကို ထာဝရအမှန်တရား (Absolute Truth) ဟု ခေါ်သည်။ မှီငြမ်းအမှန်တရား (Relative Truth) ဆိုသည်မှာ အမြဲမမှန်နိုင်ဘဲ မိမိခံစားမှုနှင့် ဆက်နွယ်ပြီး ဘက်လိုက်ခါ အမှားအမှန်ကို သတ်မှတ်ခြင်းသာလျှင် ဖြစ်သည်။
ရှစ်ဆယ့်ရှစ်အရေးအခင်းကာလတွင် ဆံရှည်ထားသော ယောက်ျားလေးများကို စစ်သားများက လမ်းတွင်ဖမ်း၍ အနောက်တိုင်းယဉ်ကျေးမှုဖြစ်သည့် လမ်းသရဲများအဖြစ်သတ်မှတ်ကာ ဆံပင်ကို ဘက်နက်ဒါးဖြင့် ဖြတ်၍ ဆုံးမသည်ကို တွေ့မြင်ခဲ့ရဖူးသည်။ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကိုယ်တိုင် ဆံပင်ရှည်ထားသော သူများကို မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယဉ်မှု အဖြစ်ဝေဖန်ခဲ့ဘူးသည်။ အမှန်စင်စစ် ရှေးမြန်မာများသည် ဆံရှည်ကိုယ်တော်များပင် ဖြစ်သည်၊ ယောင်ချောကြီးများထားကာ နားတွင် နားကပ် ပန်ဆင်ကြသည်မှာ ရှေးဘုရင်များမှစ၍ နားထွင်းမင်္ဂလာ ပြုလုပ်ကြသည်ကို စာပေများတွင် ဖတ်ရှုနိုင်သည်။ ယနေ့မြန်မာလူမျိုးတို့ထားနေသော ဆံပင်ပုံစံကို အင်္ဂလိပ်ခေတ်က “ဗိုလ်ကေ” ထားသည်ဟု ပြောကြသည်။ ထို “ဗိုလ်ကေ” ဆိုသောစကားရပ်သည် ယဉ်ကျေးမှုပြောင်းလဲမှု၏ သမိုင်းအထောက်အထား စကားလုံး တစ်ခုပင်ဖြစ်သည်။ “ဗိုလ်ကြီး” ဆိုသည်မှာ လူဖြူအင်္ဂလိပ်စစ်ဗိုလ်များကို မြန်မာများက ခေါ်ခြင်းဖြစ်သည်။ လူဖြူများ မြန်မာပြည်ကို သိမ်းပိုက်လိုက်သည့်အခါ အများစုမှာ စစ်ဗိုလ်များအဖြစ် ရောက်လာကြပြီး စစ်သားများမှာ ကုလားလူမျိုးများက အများစုဖြစ်သည်။ ထို့ကြောင့် စစ်ဗိုလ်လူဖြူများကို မြန်မာများက “ဗိုလ်ကြီး” ဟုခေါ်ကြသည်။ နောက်ပိုင်းတွင် “ဗိုလ်ကြီး” အစား “ဘိုကြီး” ဆိုပြီး စာလုံးပေါင်းလာခဲ့ကြသည်။ “ကေ” ဆိုသည်မှာ ဆံကေသာ တစ်နည်း ဆံပင်ကို ခေါ်ခြင်းဖြစ်သည်။ ထိုနှစ်ခုကို ပေါင်းလိုက်လျှင် “ဗိုလ်ကေ” ဆိုသည်မှာ “လူဖြူတို့ထားသောဆံပင်ပုံစံ” ဟု အဓိပ္ပါယ် ရသည်။ ယနေ့ မြန်မာပြည်တွင် လူများစုက ဗိုလ်ကေထားနေကြပြီး ရှေးယဉ်ကျေးမှုဓလေ့ထုံးစံ ယောင်ထုံးထားသူ မရှိသလောက် ဖြစ်လာခဲ့ကာ ဗိုလ်ကေထားသည့်ခေတ်ကို ပြောင်းလဲရောက်ရှိလာခဲ့သည်။ ဗိုလ်ကေထားခြင်းကိုပင် မြန်မာ့ယဉ်ကျေးမှုအဖြစ် မြင်လာပြီး ဆံရှည်ကိုယ်တော်များကို အနောက်တိုင်းယဉ်ကျေးမှု အဖြစ်မြင်လာ ပြောလာကြသည်မှာ မိမိသမိုင်းကို မသိသောသူများသာ ဖြစ်သည်။
ယနေ့ မြန်မာ့ယဉ်ကျေးမှုအကအဖြစ် တင်ဆက်ကပြ အသုံးတော်ခံနေသည့် “ယိုးဒယားအက” သည် မြန်မာ့ ယဉ်ကျေးမှုစစ်စစ်အဖြစ် ကပြနေကြသော်လည်း မြန်မာတို့ ယိုးဒယားနိုင်ငံကို သိမ်းပိုက်ပြီး ထိုနိုင်ငံမှ ကချေသည်များ၊ အနုပညာရှင်များကို မိမိတိုင်းပြည်သို့ ယူဆောင်လာခြင်းမှ ရရှိလာသောယဉ်ကျေးမှု အမွေအနှစ်တစ်ခုသာ ဖြစ်သည်။ နာမည်ကိုက ယိုးဒယားအကဆိုသည်ကပင် မြန်မာ့ယဉ်ကျေးမှုစစ်စစ် မဟုတ် သည်ကို ဖေါ်ပြနေခဲ့သည် မဟုတ်ပါလား။
အနောက်နိုင်ငံများသည် စက်မှုလက်မှု တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံများဖြစ်သဖြင့် ယင်းနိုင်ငံတို့၏ ဓလေ့ထုံးစံ ဝတ်စားဆင်ယင်မှုနှင့် အတွေးအခေါ်တို့သည် ကမ္ဘာ့နိုင်ငံများသို့ လွှမ်းမိုးနေခြင်းကို မျက်ကွယ်ပြု၍ မရနိုင်ချေ။ အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများ ရှေးယခင်ကပင် ခါးတိုအတွင်းခံအင်္ကျီကို ဗိုက်ဖေါ်၍ ဝတ်ဆင်ကြသည်။ ချက်ထိပ်တွင် အပေါက်ဖောက်၍ သတ္တုပင်ထိုးပြီး ကျောက်မျက်များ၊ ရွှေငွေများဖြင့် အလှဆင်ကြသည်။ သို့ရာတွင် ထိုဝတ်စားဆင်ယဉ်မှုကို မည်သူမျှ သတိမမူမိသော်လည်း ဟောလီးဝုဒ်မှ မင်းသမီးများ၊ အနောက်တိုင်း အဆိုကျော်များက စတင်အတုခိုး ဝတ်ဆင်လာသောအခါ ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးထုကြီးက လိုက်၍ ဝတ်ဆင်ကြတော့သည်။ ထိုအဝတ်အစားတို့သည် မူလအိန္ဒိယမှ အဝတ်အစားများ ဖြစ်သည်ဟု သိသူနည်းသည်။ ထို့အတူ အိန္ဒိယနိုင်ငံသူများ နှာခေါင်းဖေါက်၍ ရွှေကွင်းများ နှစ်ပေါင်းရာချီ၍ တပ်ဆင်ကြသည်ကို မည်သူမျှ လိုက်မလုပ်ကြသော်လည်း အနောက်နိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်များ ပြုလုပ်လာကြသောအခါ အများကလိုက်၍ တုပဝတ်ကြပြန်သည်။
ဆေးမှင်ကြောင်ထိုးခြင်းသည် မြန်မာပြည်တွင် ရှေးယခင်က ရှေးမြန်မာကြီးများ ဒူးခေါင်းမှ ခါးအထိ ထိုးခဲ့ကြသော ဓလေ့ထုံးစံ တစ်ခုလို ဖြစ်ခဲ့သည်။ ရွာထိပ်ခြင်းခတ်လျှင် ပေါင်ဖြူဖြူနှင့်ခြင်းခတ်သူကို လူကြောက်ဟု သမုတ်ခဲ့ကြသည်။ ခြင်းခတ်လျှင် ထိုးကွင်းမှင်ကြောင် အပြည့်ရှိသူများကို သူရသတ္တိရှိသူများ အဖြစ် လေးစားခဲ့ကြသည်။ စစ်အစိုးရလက်ထက်တွင် ဆေးမှင်ကြောင်ထိုးသူ အများစုသည် ထောင်ထွက်များ ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ဆေးမှင်ကြောင်ထိုးထားသူများသည် လူဆိုးသူခိုးများအဖြစ် ရှုမြင်လာကြ ပြန်သည်။ ကမ္ဘာကျော်ဘောလုံးသမားများ၊ ဘတ်စကက်ဘောကစားသမားများနှင့် အားကစားသမားများသည် ဆေးမှင်ကြောင်ထိုးခြင်းကို ဖက်ရှင်အဖြစ် ထိုးလာကြပြီး နောက်ကမ္ဘာတွင် ဆေးမှင်ကြောင်ထိုးခြင်း ပြန်လည် ခေတ်စားလာခဲ့ပြန်သည်။ မြန်မာပြည်တွင်လည်း ဆေးမှင်ကြောင်ထိုးခြင်းကို ဖက်ရှင်တစ်ခုအဖြစ် ယောင်္ကျားလေးများသာမက မိန်းကလေးများကပါ ထိုးလာကြသည်။ ထို့ကြောင့် ယဉ်ကျေးမှုဓလ့ထုံးစံများသည် အရှေ့မှ အနောက်သို့ ကူးဆက်သွားတတ်သလို အနောက်မှ အရှေ့ဆီသို့လည်း ပြန်လည်ကူးစက်လာ တတ်သည်ကို သိရှိနိုင်မှသာ အစွန်းရောက်အစွဲများကို ချွတ်ပစ်နိုင်မည်ဖြစ်သည်။ ခေတ်နှင့်အညီ မပြောင်းလဲနိုင်ဘဲ ဆန့်ကျင်နေခြင်းသည် တစ်ခဏသာ ခံနိုင်ပြီး ထိုရေစီးကြောင်းထဲသို့ တစ်ချိန်မဟုတ် တစ်ချိန် မျောပါသွားမည် သာဖြစ်သည်။
အာဖဂန်နစ္စတန်နိုင်ငံသည် ရှေးယခင်က ဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံဖြစ်သည်။ ဘာမီယန်ဟုခေါ်သော မတ်တပ်ရပ် ဗုဒ္ဓဆင်းတုတော်နှစ်ဆူကို ၆ ရာစုနှစ်တွင် ဘန်ဝမ်တောင်ကြား (Bamwam valley) ဟာဇာရာ ဂျတ်ဒေသ (Hazarajat Region) ရှိ ကာဘူးလ်မြို့ အနောက်မြောက်မိုင် ၁၄၀ တွင် သဲကျောက်များကို ထွင်းထု၍ တည်ထားကိုးကွယ်ခဲ့ကြသည်။ ဘုရားအငယ်ကို အေဒီ ၅၀၇ ခုနှစ်တွင် တည်၍ ဘုရားအကြီးကို အေဒီ ၅၅၄ တွင် ထုလုပ်ကိုးကွယ်ခဲ့ကြသည်။ အစွန်းရောက် မူဆလင်တာလီဘန်များ အာဏာရလာပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံသည် ယခင်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခဲ့ပြီး နောင်မွတ်ဆလင်များကြီးစိုးသော နိုင်ငံကြီးအဖြစ် အသွင်ပြောင်းလဲသွားကြောင်းကို နောက်လူငယ်များ မသိရှိရန်အတွက် သက်သေအဖြစ် ကျန်ရှိနေသော မတ်တပ်ရပ်ဗုဒ္ဓဆင်းတုတော်များကို ဖျောက်ဖျက်ပြစ်ရန် မျက်လုံးတစ်ဖက်ကန်းနေသော တာလီဘန် ခေါင်းဆောင် မူလာအုံမာ (Mullah Mohammed Omar) အမိန့်ဖြင့် ဗုဒ္ဓဆင်းတုတော် နှစ်ဆူလုံးကို ကမ္ဘာမှ ကန့်ကွက်နေသည့်ကြားမှ အမြှောက်များ၊ ဗုံးများသုံး၍ နှစ်ပေါင်းနှစ်ထောင် သက်တမ်းရှိသော ကမ္ဘာ့ရှေး အကျဆုံး ရုပ်ထုများကို ၂၀၀၁ ခုနှစ် မတ်လတွင် ဖျက်စီးခဲ့ကြသည်။ တာလီဘန်များ၏ ဘာသာရေး အစွန်းရောက်မှုသည် သူတို့အား ကမ္ဘာ့ရန်သူအဖြစ် ဖန်တီးပစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နယူးယောက်မြို့ရှိ အမွှာမျှော်စင်ကြီးကို ဘင်လာဒင်နှင့် မူလာအုံမာတို့က စီစဉ်ရေးဆွဲ တိုက်ခိုက်လိုက်ပြီးနောက် တာလီဘန်များ အမေရိကန်အစိုးရ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အာဏာလက်လွတ်ထွက်ပြေးခဲ့ကြရတော့သည်။ ဤသည်မှာ အစွန်းရောက်ဘာသာရေး အတွေးအခေါ်၏ ရလာဒ်ပင်ဖြစ်သည်။ ပြောချင်သည်မှာ အမျိုးဘာသာ၊ ထုံးတမ်း၊ ဓလေ့ယဉ်ကျေးမှုတို့သည် အမြဲသင်္ခါရ သဘောအရ ပြောင်းလဲနေသည်ကို တင်ပြလိုခြင်း ဖြစ်သည်။ အာဖဂန်နိုင်ငံသည် ယခင်က ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံဖြစ်သော်လည်း ယခုအခါ မွတ်စလင်ကြီးစိုးသော နိုင်ငံဖြစ်နေပြီဖြစ်သည်။
အာဖဂန်နစ္စတန်နှင့် ဆန့်ကျင်ဖက်နိုင်ငံသည် တူရကီနိုင်ငံဖြစ်သည်။
ကာမဲလ်ဝါဒ၊ ကာမဲလ်လစ်ဇင် (Kemalism) သို့မဟုတ် အတွတ်ကာအစ်ဇင် (Ataturkism) ၏ မျှား ၆ စင်း အတွေးအခေါ်သည် တူရကီနိုင်ငံ၏လမ်းပြဖြစ်သည်။ ကာမဲလ်ဝါဒကို စစ်ခေါင်းဆောင်ဗိုလ်ချုပ် မူစတာဖါ ကာမဲလ် အတာတွတ် (Mustafa Kemal Ataturk) က ချမှတ် လုပ်ဆောင်ခဲ့သည်။ မူစတာဖါကာမဲလ်သည် တိုင်းပြည်၏ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် ဘာသာရေးတို့ကို အာဏာသုံး၍ ပြုပြင် ပြောင်းလဲပစ်ပြီး တူရကီနိုင်ငံ၏ နိုင်ငံသစ်ပုံစံကို ရေးဆွဲခဲ့သည်။  တူရကီနိုင်ငံ၏ အော်တိုမန် ဓလေ့ထုံးတမ်း စဉ်လာမှနေ၍ အနောက်တိုင်းနေထိုင်မှုပုံစံကို ကူးပြောင်းယူခဲ့သည်။ ဒီမိုကရေစီစနစ်ကို လက်ကမ်းကြိုဆိုခဲ့ပြီး လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တို့တွင် အမျိုးသမီးများ၏ တန်းတူမှုအခွင့်အရေးကို ပေးအပ်ခဲ့သည်။ ဘာသာရေးကို နိုင်ငံရေးနှင့် ခွဲခြားပစ်ခဲ့ပြီး တိုင်းပြည်က သိပ္ပံနှင့် အခမဲ့ပညာသင်ကြားရေးကို ထောက်ခံ အားပေးခဲ့သည်။ မူစတာဖါကာမဲလ် သမ္မတအဖြစ် အုပ်ချုပ်စဉ် ထိုအချက်များကို ချမှတ်ပေးခဲ့သည်။
စီကူလာရစ်ဇင် (Secularism) ဆိုသည်မှာ ဘာသာရေးနှင့် အုပ်ချုပ်ရေးကို ခွဲခြားပစ်ခြင်းဖြစ်သည်။ စီကူလာရစ်ဇင်ဝါဒတွင် အခြေခံစည်းမျဉ်း နှစ်ခုရှိသည်။ ပထမအချက်သည် တိုင်းပြည်အုပ်ချုပ်ရေးကို ဘာသာရေးအဖွဲ့အစည်းများ လွှမ်းမိုးမှုမရှိအောင် ခွဲခြားထားခြင်းဖြစ်ပြီး ဒုတိယအချက်သည် မိမိယုံကြည်ရာ ဘာသာမျိုးစုံကို ကိုးကွယ်ကြသောလူများသည် တရားဥပဒေရှေ့တွင် အညီအမျှ ခံစားခွင့်ရှိသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ တရားဥပဒေမှ စီကူလာရစ်ဇင်ဝါဒတွင် မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိခြင်းကို ကာကွယ်ပေးထားခြင်းပင် ဖြစ်သည်။
တူရကီနိုင်ငံတွင် စီကူလာရစ်ဇင် (Secularism) ကို ၁၉၂၄ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်သည့် ၁၉၂၈ ခုနှစ် တွင် စတင်မိတ်ဆက်ခဲ့သည်။ ထိုပြင်ဆင်ချက်တွင် တိုင်းပြည်၏ဘာသာသည် အစ်စလမ်ဘာသာ ဖြစ်သည် ဆိုသည့်အချက်ကို ထုတ်ပယ်ပစ်ခဲ့သည်။ နောက်ပိုင်း မူစတာဖာကာမဲလ်က သမ္မတ ဖြစ်လာပြီးနောက် ပိုမိုထိရောက် အောင်ပြုလုပ်နိုင်ခဲ့သည်။ မူစတာဖာကာမဲလ်က “လုံးဝလွတ်လပ်ရေးဆိုတာ၊ ဘာကိုဆိုလိုတာလဲ ဆိုတော့ စီးပွါးရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ်မှုနဲ့ အခြားအရာ အားလုံးရဲ့ လွတ်လပ်မှုကို ဆိုလိုတာ ဖြစ်တယ်။ အဲ့ဒီအရာများထဲက တစ်ခုခုဟာ နိုင်ငံအတိုင်းအတာနဲ့ ဆုံးရှုံးသွားမယ်ဆိုရင် တိုင်းပြည်ရဲ့ လွတ်လပ်မှု အားလုံး ဆုံးရှုံးတာနဲ့ အတူတူပဲဖြစ်တယ်” ဟု မိန့်ကြားခဲ့သည်။


မူစတာဖါ ကာမဲလ် အတာတွတ် (Mustafa Kemal Ataturk)

မူစတာဖါကာမဲလ်သည် တိုင်းပြည်ကို ဘာသာရေးလွှမ်းမိုးမှုအောက်မှ ရုန်းထွက်ခဲ့သည်။ တူရကီသမိုင်းတွင် ပထမဆုံးအကြိမ် အစ္စလမ်မစ်ဥပဒေကို တရားရေးမှ ခွဲထုတ်ပစ်ခဲ့သည်။ သူက “ငါတို့ရဲ့ တရားရေး၊ ဥပဒေဿတွေ၊ အဖွဲ့အစည်းတွေ စွဲကိုင်နေတဲ့ ရှေးအမူအကျင့်တွေကနေ လွတ်မြောက်သွားဖို့ လိုတယ်၊ ဒီအတွေးအခေါ် အမူအကျင့်တွေဟာ ခေတ်နဲ့မကိုက်ညီတော့ဘူး၊ ဒါပေမဲ့ ဒီအရာတွေဟာ ငါတို့ကို အခုထိ ညစ်ထားတုံး ရှိနေသေးတယ်” ဟု ပြောခဲ့သည်။ ၁၉၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် တူရကီ ပြစ်မှုဆိုင်ရာဥပဒေကို အတည်ပြုခဲ့ပြီး အစ္စလမ်မစ်တရားရုံးများကို ပိတ်ပစ်နိုင်ခဲ့သည်။
ယခင်က တူရကီတွင် အစ္စလမ်မစ်ဘာသာရေးကျင့်စဉ်အရ ယောက်ျား၊ မိန်းမတို့ အပြန်အလှန် ဆက်ဆံရေးကို တားမြစ်ထားပြီး လိင်အရ ခွဲခြားထားသည်။ ကာမဲလ်နှင့်သူ၏ရုံးအဖွဲ့သည် အမျိုးသမီးများ၏ မျက်နှာတွင် ဗီးလ် (Veil) ဟုခေါ်သော အကာကို ဝတ်ဆင်ရမည်ဆိုသည့် ဥပဒေကိုပယ်ဖျက်ရန် ဆွေးနွေးခဲ့ကြပြီး မိန်းမများအပြင် ကမ္ဘာနှင့် တွေဆုံမှုကို လမ်းဖွင့်ပေးခဲ့သည်။ ထိုအတွေးအခေါ်ကို သူ၏မှတ်တမ်းတွင် ၁၉၁၅ ခုနှစ်ကတည်းက ရေးမှတ်ထားခဲ့သည်။
အမျိုးသမီးများအတွက် လူမှုဆက်ဆံရေးပြောင်းလဲလာစေရေးမှာ-
(၁) ဘဝအကြောင်းကို သိနားလည်နိုင်စွမ်းရှိသော မိခင်များကို ပညာပေးခြင်း။
(၂) မိန်းမများကို လွတ်လပ်ခွင့်ပေးခြင်း။
(၃) ယောက်ျားတစ်ယောက်သည် သူ၏ကျင့်ဝတ်၊  အတွေးအခေါ်နှင့် ခံစားမှုကို မိန်းမဖြစ်သူနှင့် အတူတကွ ဦးဆောင်၍ ပြောင်းလဲသွားနိုင်သည်။ ထိုအခါ တစ်ဦးနှင့် တစ်ဦး အကျိုးတူ ချစ်ခင်စုံမက်မှု ကောင်းကျိုးကို ရရှိလာနိုင်မည် ဖြစ်သည်။
မူစတာဖါကာမဲလ်က မိန်းမများ လွတ်လပ်မှုအတွက် လူမှုရေးဥပဒကို အတည်ပြုရန် ကြိုးစားခဲ့သည်။ ပထမဆင့်အနေနှင့် မိန်းကလေးများ ပညာသင်ကြားခွင့်ရရေးဖြစ်သည်။ ထို့ကြောင့် ယောက်ျား၊ မိန်းမမရွေး တန်းတူ ပညာသင်ကြားခွင့်ကို အကောင်အထည်ဖော်ခဲ့သည်။ ၁၉၂၆ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့တွင် တူရကီ လူမှုရေးဆိုင်ရာဥပဒေကို ဆွစ်ဇလန်နိုင်ငံ လူမှုရေးဆိုင်ရာ ဥပဒေကို နမူနာယူပြီး ရေးဆွဲ အတည်ပြုခဲ့သည်။ ထိုဥပဒေအသစ်အရ အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ခံစားခွင့်များဖြစ်သည့် အမွေဆက်ခံပိုင်ဆိုင်ခွင့်နှင့် ကွာရှင်းခွင့်များ ရရှိလာခဲ့သည်။ ကာမဲလ်သည် လူ့အဖွဲ့အစည်းအတွင်းတွင် လိင်ခွဲခြားမှုကို လက်မခံခဲ့ချေ။ လူ့အဖွဲ့အစည်းသည် သူတို့၏ ရည်မှန်းချက် ပန်းတိုင်သို့ ယောက်ျား မိန်းမအတူ လက်တွဲ၍ လျှောက်လှမ်းရမည်ကို ယုံကြည်သူဖြစ်သည်။ အော်တိုမင် အင်ပါယာကြီး ထွန်းကားစဉ်ကကဲ့သို့ ဆက်လက်ချီတက်ခြင်းသည် သိပ္ပံနည်းကျ မဖြစ်နိုင်ကြောင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် လိင်ခွဲခြား ဆက်ဆံခြင်းသည် ယဉ်ကျေးသောလူ့ဘောင်သို့ တိုးတက်ရောက်ရှိ မလာနိုင်ကြောင်း သူက မြင်ခဲ့သည်။
မူစတာဖါကာမဲလ်က အမျိုးသမီးများကို ပညာသင်ကြားခွင့်ပေးပြီးနောက် အမျိုးသမီးထုအား ရည်ညွှန်း၍ “ပညာရေးတိုက်ပွဲမှာ ငါတို့အတွက်နိုင်အောင် တိုက်ပွဲဝင်ကြ။ သင်တို့ပါ ပါဝင်လာမယ်ဆိုရင် ငါတို့ ယောက်ျားတွေပဲ လုပ်နေတာထက်ပိုပြီး တိုင်းပြည်အတွက် ပိုပြီးအကျိုးရှိလာမှာ ဖြစ်တယ်၊ သင်တို့ကို ငါ့အနေနဲ့ မေတ္တာရပ်ခံတယ်” ဟု ဆိုပြီး ယောက်ျားများကိုမူ “ဒီတိုင်းပြည်မှာ မိန်းမများဟာ ယောက်ျားများနဲ့ လူမှုဘဝကို အတူတကွ ဝေငှလုပ်ခွင့် မရဘူးဆိုရင် ငါတို့ဟာ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ရရှိနိုင်မှာမဟုတ်ဘူး၊ ငါတို့ဟာ နောက်ပြန်ဆုတ်နေပြီး အနောက်နိုင်ငံ ယဉ်ကျေးမှုဖြစ်တဲ့ တန်းတူညီမျှမှုကို ရောက်နိုင်ဖို့ အရည်အချင်းမဲ့ နေလိမ့်မယ်” ဟု ဆိုခဲ့သည်။
မူစတာဖါကာမဲလ်၏ အမျှော်အမြင်ကြီးမှုကြောင့် တူရကီနိုင်ငံသည် အစ္စလမ်မစ်နိုင်ငံများ အကြားတွင် အမျိုးသမီးအခွင့်အရေး အပြည့်အဝရှိပြီး၊ အလွတ်လပ်ဆုံး၊ အတိုးတက်ဆုံး ခေတ်အမှီဆုံး နိုင်ငံအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ မိန်းမများသည် ယောက်ျားများနှင့် တန်းတူအခွင့်အရေး ရရှိခြင်း၊ ခေတ်ပညာများ သင်ကြားနိုင်သဖြင့် မိန်းမပညာတတ်များ ပေါများလာခြင်း၊ တစ်လင်တစ်မယားစနစ်ကို တည်ထောင်၍ မယားများစွာယူသောစနစ်ကို တိုက်ဖျက်ပစ်နိုင်ခဲ့သည်။
ရှေ့အပတ်တွင် ဂျပန်နိုင်ငံ၏ အနောက်တိုင်းဆန်ခြင်းပေါ်လစီကြောင့် အာရှနိုင်ငံများကြားတွင် ထိပ်တန်း ရောက်လာခဲ့ပုံကို ဆက်လက်တင်ပြပါမည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ဒီမိုကရေစီ တူဒေး သတင်းစာပါ ကျွန်တော့်ရဲ့ဆောင်းပါးကို အားလုံးဖတ်ရအောင် ဒီမှာတင်ပေးလိုက်ပါတယ်။

အားလုံးကို လေးစားလျက်။
ထွန်းအောင်ကျော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...