Friday, August 29, 2014

ပဲခူးရိုးမပေါ်မှ မစိမ်းလန်းသောဘ၀များ (၁)

ပဒဲကျေးရွာဒေသခံ ကိုကျော်လင်းသူ့နာမည်က ကိုကျော်လင်း၊ အသက်က ၄၅ နှစ်ခန့်၊ မိသားစု ၅ ယောက်၏ အိမ်ထောင်ဦးစီး၊ နေရပ်က ပဲခူးရိုးမပေါ်ရှိ ပဒဲကျေးရွာ ဖြစ်သည်။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်း တည်ရှိ၍ အိမ်ခြေ ၆၀ ကျော်ရှိကာ လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲသည်။ ယခင်က ဖွတ်များတွေ့ရလေ့ ရှိသောကြောင့် “ဖွတ်ကြော” ဟုခေါ်သည်။
သို့သော် မြန်မာတို့အယူအရ “ဖွတ်” ဆိုသည်မှာ နိမိတ်မကောင်း၊ ထို့ကြောင့် ပဒဲချောင်းဘေး၌ တည်ရှိသည့် အားလျော်စွာ မည်သူ၏ ခွင့်ပြုချက်အမိန့်မျှမလိုဘဲ “ပဒဲ” ဟုခေါ်တွင်စေသည်။ ယခုတော့ ခရိုနီများ ကောင်းမှုဖြင့် “ရွှေပဒဲ” ပေါ့။  ကိုကျော်လင်းနှင့်ဆုံဖြစ်သည့် အကြောင်းက မြန်မာပြည်တွင် ဖြေရှင်း၍ မကုန်နိုင်သည့် လယ်ယာမြေ မတရားသိမ်းဆည်းခံရမှုနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုတို့ကြောင့်ပင် ဖြစ်သည်။

ပဒဲကျေးရွာရှိ ဒေသခံများမှာ ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီကပင် အနယ်နယ်အရပ်ရပ်မှ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။ အများစုမှာ မှတ်ပုံတင်မရှိ၊ သေစာရှင်စာတတ်သူပင် လက်ချိုးရေ၍ ရသဖြင့် တောင်ယာလယ်လုပ် သစ်ခုတ်ခြင်းဖြင့်သာ အသက်မွေးရသည်။ ကမ္ဘာကြီးတွင် မည်မျှပင်ပြောင်းလဲ စေကာမူ မည်သို့မျှပြောင်းလဲခြင်းမရှိသည့် ပဒဲကျေးရွာနှင့် ဒေသခံများမှာ မြန်မာနိုင်ငံတွင် အပြောင်းအလဲ ဖြစ်ခဲ့သည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကပင် အပြောင်းအလဲကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ သို့သော် ကောင်းသောပြောင်းလဲခြင်းတော့ မဟုတ်။

၂၀၀၈ ခုနှစ်တွင် အောင်လံမြို့၊ ခ.လ.ရ (၇၁) မှ တပ်ကြပ်ကြီး တင်မောင်ဆွေနှင့် ၄င်း၏တပည့် ဆလိုင်းတာဇံ (စစ်ပြေး) တို့အဖွဲ့ ရောက်ရှိလာခဲ့ပြီး ရွာသားများကို ဆင့်ခေါ်စေသည်။ ၄င်းမှာ (ယခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ ပိုင်ဆိုင်သည့်) ဇေကမ္ဘာ ကုမ္ပဏီလီမိတက်မှ တာဝန်ခံဖြစ်ကြောင်း၊ ၂၀၀၉ မှ ၂၀၁၅ အထိ ကျွန်းစိုက်ပျိုးရန် နိုင်ငံတော်မှ ခွင့်ပြုမိန့်ရရှိပြီး ဖြစ်သောကြောင့် ပဒဲကျေးရွာသူ/သား များ နေထိုင် စိုက်ပျိုးနေသော မြေများမှာ ကုမ္ပဏီပိုင်မြေများ ဖြစ်ကြောင်းနှင့် ဆက်လက်နေထိုင်လိုလျှင် ကုမ္ပဏီမှ ခိုင်းစေသောအလုပ်များကို လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် “အပြစ်ပေး၊ ဒဏ်ပေး” (ဆုပေး ဒဏ်ပေး မဟုတ်) ဟုဆိုကာ တစ်အိမ်ထောင်လျှင် ၄ ဧကနှုန်းဖြင့် အခကြေးငွေ ပေးခြင်းမရှိဘဲ တောချုံများ ရှင်းလင်းခြင်းနှင့် ကျွန်းပင်များ စိုက်ပျိုးခြင်းတို့ကို အဓမ္မခိုင်းစေခဲ့သည်။ အားကောင်းမောင်းသန် ယောက်ျားတစ်ယောက်ပင်လျှင် တောချုံ တစ်ဧကကို ၁၅ ရက်ခန့် ခုတ်ထွင်ရှင်းလင်းရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းတွင် ဇေကမ္ဘာ ဦးခင်ရွှေမှ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် သတင်းများ ထွက်ပေါ်လာပြီးချိန်တွင်တော့ “ဇေကမ္ဘာ ကုမ္ပဏီ လိမိတက်” မှသည် “မြန်မာ့စွမ်းပကား စက်မှုကုမ္ပဏီ” အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ဆိုင်းဘုတ်ပေါ်တွင် ပြောင်းလဲသွားသည့် ကုမ္ပဏီ၏ အမည်ဖြစ်သည့် “မြန်မာ့စွမ်းပကား စက်မှုကုမ္ပဏီ လိမိတက်” စာလုံးကို မတွေ့မြင်ရဘဲ ပို၍ကြီးမားထင်ရှားစွာ တွေ့မြင်ရသည်က “ဦးတိုးနိုင်မန်း”။ ဦးတိုးနိုင်မန်း ဆိုသည်ကတော့ ဇေကမ္ဘာကုမ္ပဏီလိမိတက်ပိုင်ရှင် ပြည်သူ့လွှတ်တော်အမတ် ဦးခင်ရွှေ၏ သားမက်ဖြစ်သလို၊ ယခု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သားငယ်ပင်ဖြစ်သည်။ ဒေသခံရွာသားများအဖို့တော့ “နောက်တက်သည့် မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲ” ဆိုသည့်အဖြစ်မျိုးနှင့် ကြုံရပြန်တော့သည်။

၂၀၁၀ ခုနှစ်၊ ဧပြီလကုန်ခန့် နွေရာသီ လမ်းကောင်းသည့်အချိန်တွင်တော့ ဦးတိုးနိုင်မန်း ကိုယ်တိုင် ရွာသို့ ရောက်လာခဲ့သည်။ ရွာထဲသို့ မ၀င်ခင် ရွာပြင်၌ သေနတ်နှစ်ချက် ပစ်ဖောက်သည်။ ကိုလိုနီခေတ်မှ အရေးပိုင်မင်းများနှင့် ပုလိပ်အင်စပိတ်တော်တို့၏ လုပ်နည်းလုပ်ဟန်အတိုင်း ဒေသခံရွာသားများအား ဘုန်းကြီးကျောင်း၌ စုဝေးစေပြီး ဒေသခံ ရွာသားများဘက်မှ ၄င်းတို့ခိုင်းစေသည်များကို တာဝန်ကျေအောင် လုပ်ပြနိုင်လျှင် မည်သို့မျှ စိုးရိမ်စရာ မလိုကြောင်းနှင့် ၄င်းအနေနှင့်လည်း ပဒဲကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မသိနားမလည်သော ဒေသခံရွာသားများ အတွက်မူ ဦးတိုးနိုင်မန်းပြောသမျှ နားထောင်ကာ ခိုင်းသမျှလုပ်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိ။

နဂိုကပင် နဖူးကချွေး ခြေမကျအောင်လုပ်ပါမှ တစ်နေ့စာတစ်နေ့ အနိုင်နိုင်ဖြစ်နေရှာသော ဒေသခံရွာသားများမှာ အဓမ္မခိုင်းစေမှုများကိုပါ လုပ်ဆောင်နေရသည့်အတွက် စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး ဆက်လက်ရပ်တည်ရန် မစွမ်းနိုင်တော့သည့်အဆုံး (၁၉.၁.၁၁) တွင်တစ်ကြိမ်၊ (၂၄.၂.၁၁) တွင်တစ်ကြိမ်၊ နှစ်ကြိမ်တိုင် ၄င်းတို့၏ နစ်နာဆုံးရှုံးနေမှုများကို ILO သို့တိုင်သည်။ ILO မှ မည်သည့်တုံ့ပြန်မှုမှမရ၊ သို့သော် တပ်ကြပ်ကြီး တင်မောင်ဆွေ ထံမှရသည်။

ILO သို့ တိုင်ကြားသည့်အတွက် ပဒဲရွာကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သည်။ ဒေသခံ ရွာသားများ ပင့်ဆောင်၍ ကိုးကွယ်နေသော ဇေယျသုခ ရွာဦးကျောင်းဆရာတော်ကို ကျောင်းမှနှင်ချသည်။ မြို့နှင့်ဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဒေသခံများမှာ ကြုံတွေ့ရသမျှကို ခါးစည်းခံ၍ တောင်မင်းမကယ်နိုင် မြောက်မင်းမကယ်နိုင်ဘ၀တွင်သာ မသေရုံရှင်သန်နေရတော့သည်။

ဒုက္ခပင်လယ်ပြင်၌ ဆယ်ယူဖေးကူမည့်သူမရှိဘဲ မျောချင်ရာမျောကာ မှောင်အတိကျနေသည့် ပဒဲဒေသခံတို့အတွက် ၂၀၁၂ ခုနှစ် တွင်တော့ အလင်းတစ်စကို မြင်တွေ့ခဲ့ရသည်။ (၁၉.၈.၁၂) တွင် အောင်လံမြို့နယ်၊ ရွှေပန်းတော တိုက်နယ်ကျေးရွာ၌ ILO မှ အရာရှိကြီးများကိုယ်တိုင် လာရောက်၍ သင်တန်းပေးမည်ဖြစ်ကြောင်း ကြားသိရသဖြင့် မိုးထဲရေထဲတွင် အခက်အခဲများကြားမှလာ၍ သင်တန်းတက်ခဲ့ကြသည်။ သင်တန်းပြီးဆုံးချိန်တွင် ပဒဲဒေသခံများမှ မိမိတို့ ကြုံတွေ့ခံစားနေရသမျှကို ILO မှ အရာရှိကြီးများအား တင်ပြနိုင်ခဲ့သည်။ ILO အရာရှိကြီးများမှ ၄င်းတို့ခန့်အပ်ထားသော Case Worker မှတစ်ဆင့် ဒေသခံ ရွာသားများ ကြုံတွေ့ခံစားနေရသည့် ဆုံးရှုံးနစ်နာမှုများကို ပေးပို့တင်ပြရန်မှာကြားခဲ့သဖြင့် (၂၀.၅.၁၃) တွင် ILO ရုံးချုပ်သို့ တတိယအကြိမ်မြောက် လိပ်မူတင်ပြနိုင်ခဲ့သည်။ သို့သော်လည်း ILO မှ တာဝန်ရှိလူကြီးမင်းများမှာ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ မတရားသဖြင့် လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ လုံးဝမရှိတော့ပါဟု ကြွေးကြော်နိုင်ရေး အတွက် အင်မတန်အလုပ်များ နေကြကာ မြန်မာပြည်မှ ကိစ္စသေးသေးလေးအတွက် လှည့်မကြည့်နိုင်ကြသေးသဖြင့် ယခုအချိန်တိုင် အမှုတွဲအဖြစ်ပင် စာရင်းသွင်း၍ လက်ခံသတ်မှတ်နိုင်ခြင်းမရှိသေး။

                                                                                                                                                         (ဆက်ပါဦးမည်)
ပဒဲကျေးရွာဒေသခံ ကိုကျော်လင်း
ကုမ္ပဏီအမည်မပါသော ဦးတိုးနိုင်မန်း၏ ကျွန်းစိုက်ခင်း ဆိုင်းဘုတ်ဒ်ကုမ္ပဏီအမည်မပါသော ဦးတိုးနိုင်မန်း၏ ကျွန်းစိုက်ခင်း ဆိုင်းဘုတ်ဒ်
ဦးတိုးနိုင်မန်း၏ ကျွန်းစိုက်ခင်း တစ်ကွက်အား တွေ့ရစဉ်ဦးတိုးနိုင်မန်း၏ ကျွန်းစိုက်ခင်း တစ်ကွက်အား တွေ့ရစဉ်
တပ်ကြပ်ကြီး တင်မောင်ဆွေ၏ အောင်လံမြို့မှ အမှတ် (၇၁) ခြေလျင်တပ်ရင်းတပ်ကြပ်ကြီး တင်မောင်ဆွေ၏ အောင်လံမြို့မှ အမှတ် (၇၁) ခြေလျင်တပ်ရင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...