Wednesday, August 13, 2014

•• သမီးတော်ရာဇဝင် ( ၇ ) ••


`` ပုတ်ရင်ပေါ် ဟုတ်ရင်ပျော် ´´
သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အတွင်းဝန်ရာထူးတွေ ခန့်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဇာတ်သိမ်းမလှပဲ ထောင်ထဲမှာ ဘဝရဲ့နောက်ဆုံးအချိန်တွေကို ကုန်လွန်ခဲ့ရတယ်၊ ဘာကြောင့် သူထောင်ကျခဲ့ရသလဲဆိုတာ လူတွေတော်တော်များများ မသိကြပါဘူး၊ ဒီကိစ္စကလည်း သမီးတော်တွေရဲ့ စနက်ဖြစ်နေတယ်၊
အဲဒီ နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ စင်ကာပူကို အစည်းအဝေးသွာနေချိန်မှာ သမီးတော်တွေရဲ့ မယ်မယ်ဘုရား မိဘုရားခေါင်ကြီးက ရန်ကုန်မှာကျန်နေတဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်းဆီ ဖုန်းဆက်ပါတယ်၊ အကြောင်းကတော့ သူ့ရဲ့ သမီးတော်သုံးဦးကို တတိယအတွင်းဝန်ကနေ ဘာကြောင့် ဒုတိယအတွင်းဝန်ရာထူး တိုးမပေးတာလဲ မေးတာပါ၊ မေးတယ်ဆိုပေမယ့် မေးခွန်းမှာ အဖြေက ပါနေပြီးသားလေ၊ ငါ့သမီးတွေကို ဒုတိယအတွင်းဝန်ရာထူး တိုးပေးဆိုတဲ့စကားကို လှအောင် ပြောလိုက်တာဖြစ်တယ်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်း ခေါင်းကိုဆင်နင်းတော့တာပေါ့၊ ဒါနဲ့ စင်ကာပူကိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဆီကို ဖုန်းလှမ်းဆက်ပြီး မိဘုရားခေါင်ကြီးကတော့ အမိန့်ချနေပြီ၊ ဘယ်လိုလုပ်ရမလဲပေါ့၊ နိုင်ငံခြားရေးဝန်ကြီးလည်း သူ့အမှုသူ့ပြန်ပတ်တော့တာပဲ၊ သမီးတော်တွေအားလုံးကို ရာထူးတိုးပေးလိုက်ရင် သူ့ဝန်ကြီးဌာနထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီးတက်လာလိမ့်မယ်၊ ပြီးတော့ သမီးတော်တွေက ရာထူးသာယူထားတာ၊ ရန်ကုန်ကအိမ်မှာနေလိုက်၊ သက်ဆိုင်ရာသံရုံးသွားလိုက် နေချင်သလို နေနေကြတာလေ၊ ဒုတိယအတွင်းဝန်ဆိုတာ အလုပ်တော်တော်များများကို ခေါင်းခံပြီး တကယ်လုပ်ရတဲ့ နေရာဆိုတော့ သမီးတော်တွေကို အဲ့ရာထူးပေးလိုက်ရင် သူတို့တာဝန်ကျမယ့် သံရုံးအတွက် ကပ်ဆိုက်တော့မှာအသေအချာပဲ၊ ဒါပေမယ့် သူက ဇတ်ပေါ်ဝဲနေတဲ့ ဓားကိုလည်း ကြောက်ရသေးတော့ နှစ်ယောက်ကို ရာထူးတိုးပေးပြီး တစ်ယောက်ကို ချန်လှပ်ထားလိုက်တယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ ဇာတာစန်းလာဒ်ထဲက ရာဇရုပ်ဟာ အဲဒီကစပြီး ပျက်တော့တာပဲ၊ သူချန်ထားတဲ့ သမီးတော်က သမီးတော်အုပ်စုထဲမှာ အမွှေလေ၊ ဘာလို့သူ့ကိုချန်ထားရသလဲဆိုပြီး ဒေါသတွေပေါက်ကွဲပြီး ထောက်လှမ်းရေးတွေ ဖြိုနေချိန်မှာ တစ်ခါတည်း အဲဒီနိုင်ငံခြားရေးဝန်ကြီးကို ရာထူးကအနားပေးလိုက်တယ်၊ နိုင်ငံခြားရေးဝန်ကြီးလည်း တော်သေးတာပေါ့၊ လူကိုရန်မရှာလို့ဆိုပြီး စိတ်သက်သာရာရနေချိန်မှာ တစ်ခါတည်း ထောင်ထဲကို ဆွဲထည့်လိုက်ပါလေရော၊ အမှုကတော့ လားရှိုးမှာ မူးယစ်ဆေးတွေနဲ့ မိတဲ့ကားဟာ မြန်မာနိုင်ငံကို သွင်းလာတုန်းက အဲဒီနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါမစ်နဲ့သွင်းလာတဲ့ကား ဖြစ်နေလို့ပါ၊ ပြောရရင် အဲဒီခေတ်က ကားပါမစ်တွေ ပေးမှမပေးတာ၊ နိုင်ငံခြားမှာ သုံးနှစ်တာ ဝန်ထမ်းဆောင်ဖူးသူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်သူတွေပဲ ကားသွင်းခွင့်ရတဲ့ အချိန်လေ၊ အဲဒီဝန်ကြီးက သံအမတ် သုံးနှစ်လုပ်ပြီးပြန်အလာမှာ ကားသွင်းခွင့်ပါမစ်ရတော့ ထုံးစံအတိုင်း ပါမစ်ကို သိန်းတစ်ထောင်နဲ့ ရောင်းစားထားတာ။
ခက်တာက ဝယ်တဲ့သူက မဟုတ်တာလုပ်တဲ့သူဆိုတော့ ကားကိုသွင်းပြီး နာမည်မပြောင်းပဲ ဒီအတိုင်းဆက်သုံးနေတာပေါ့၊ ရောင်းခဲ့တဲ့သူကတော့ ဘယ်သူဆီကို ကားရောက်နေမှန်းတောင် သိမှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ဝံပုလွေနဲ့သိုးငယ် ပုံပြင်ထဲကအတိုင်း နင်မဟုတ်ရင် နင့်အဖိုးဆိုသလို နင့်ကားမဟုတ်တော့ပေမယ့်လည်း နင်သွင်းလာပြီး နင့်နာမည်ပေါက်နေတာပဲဆိုတဲ့ စွဲချက်နဲ့ ထောင်( ၇ ) နှစ်ချပစ်လိုက်တော့တာပဲ၊ အလွန်တန်ခိုးထွားတဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ အင်းစိန်ထောင်ထဲရောက်တော့ ဇာဂနာဆီက ငါးခြောက်ဖုတ်လေး စားကောင်းလို့ ပေးပါဦးဆိုပြီး တောင်းစားရတဲ့ဘဝ တစ်ခါတည်းရောက်သွားတာပဲ၊
ဦးနေဝင်းလက်ထက်တုန်းက ထောက်လှမ်းရေးတွေကို ဖြိုခွဲတော့ အထက်ပိုင်းကိုပဲ ဖြိုခွဲခဲ့တာ၊ ဒါကြောင့် အဲဒီတုန်းက ထောက်လှမ်းရေးတပ်မှူး ဖြစ်ခဲ့တဲ့သူက နိုင်ငံခြားရေးဝန်ကြီးဌာနကိုပဲ အပို့ခံခဲ့ရတာ၊ အဲဒီမှာ အဆင့်ဆင့်ရာထူးတွေတက်ပြီးမှ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲပေမယ့် ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတဲ့ အာဏာရှင်အသစ် လက်ထက်မှာတော့ ထောင်ထဲမှာပဲ ဘဝဇာတ်သိမ်းခဲ့ရတယ်၊ ဒါတွေဟာ ယူတက်မယ်ဆိုရင်ဖြင့် သင်ခန်းစာယူစရာတွေပေါ့ဗျာ။
အာဏာမစွန့်ခင်လေးမှာ သမီးတော်တွေ တောင်ကြီးမှာဈေးဝယ်တော့ လေးဖက်နာထနေတဲ့ သမီးတော်တစ်ပါးကို တိုင်းမှူးကတော်နဲ့ ဒုတိုင်းမှူးကတော်က ချိုင်းနှစ်ဖက်ကနေ မပေးထားရပြီး ခြေထောက် ဒရွတ်ဆွဲလို့ ဈေးဝယ်ပါသတဲ့၊ သမီးတော်တွေကို နှိပ်နယ်ပေးရတဲ့ တပ်မှူးကတော်တွေကတော့ သူတို့ရဲ့ လက်တွေဟာ ရွှေဓူဝံတို့နဲ့ လက်ဝှေ့ထိုးလို့ရလောက်အောင် အသားမာတွေတက်နေကြပါပြီတဲ့၊
သမီးတော်တွေဇာတ်လမ်းတွေဖတ်ပြီး အာဏာရှင်ဟောင်းမိသားစုက စိတ်ဆိုးနေကြတယ်၊ သူတို့မိသားစုထဲမှာ ဒီလောက်အဆင့်မရှိတဲ့လုပ်ရပ်တွေ လုပ်တဲ့သူမရှိဘူးဆိုတဲ့ အသံတွေလည်း ကြားရပါတယ်၊ ခက်တာက ဒီဇာတ်လမ်းတွေကို ပြောပြသူတွေဟာ တပ်မတော်မှာရော၊ အစိုးရဌာနတွေမှာပါ ဧရာမရာထူးအကြီးကြီးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊ အရမ်းချမ်းသာတဲ့ သူဌေးကြီးတွေက သူတို့မျက်မြင် ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောင်းပြောပြကြတာဖြစ်တယ်၊ တစ်ချို့ဇာတ်လမ်းတွေမှာ ဇာတ်လမ်းပြောပြသူတွေကိုယ်တိုင်က ကပြ အသုံတော်ခံခဲ့ရတာဖြစ်တယ်၊တစ်ချို့သူတွေဆိုရင် ဇာတ်လမ်းတွေပြောပြဖို့ ရန်ကုန်ကို တကူးတက သူ့စားရိတ်နဲ့သူလာပြီး ပြောသွားကြတာ။
အခုလည်း အင်တာနက်ဆိုရှယ်ကွန်ယှက်တစ်ခုမှာ သမီးတော်တွေအကြောင်း အတွင်းသိတွေက ရေးပြီးတင်နေကြတယ်၊ အမှန်တော့ အာဏာရှိချိန်မှာကတည်းက တစ်ချိန်ကျရင် ဒီလိုအကြောင်းတွေပေါ်လာရင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရမှာလေ၊ အခုမှတော့ ဘာမှလုပ်လို့မရပေဘူး၊ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လည်တဲ့၊ ဒါတောင် တစ်ချို့ ဆိုးဆိုးဝါးဝါး အကြောင်းအရာတွေကို မရေးဘဲ ချန်ထားတာ အများကြိီးရှိပါသေးတယ်၊ အဲဒီခေတ်က သမီးတော်တွေအတွက် အလုပ်အကျွေးပြုခဲ့ဖူးသူတွေဆီက တယ်လီဖုန်းတွေ ဂျာနယ်တိုက်ကို လာပါသေးတယ်၊ ရေးတာနည်းသေးတယ်၊ ဒါတွေဒါတွေ ကျန်သေးတယ်ဆိုပေမယ့် တစ်ချို့ကိစ္စတွေက ဖော်ပြဖို့တောင် မသင့်လျှော်တဲ့အတွက် ချန်လှပ်ထားခြင်း ဖြစ်ပါတယ်၊ လောကကြီးမှာ စကားတစ်ခွန်းပဲ ရှိတယ်မဟုတ်လား၊ ပုတ်ရင်ပေါ် ဟုတ်ရင်ကျော်တယ်တဲ့ ----///
( လက်စောင်းထက် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...