Thursday, August 7, 2014

"တောင်သူတွေနစ် တိုင်းပြည်လည်းနစ်" (ထောင်ထဲမှာလယ်သမားဦးရေများသထက်များလာ)


မြန်မာပြည်လူ့အဖွဲ့အစည်းတွေထဲက ပင်မကျောရိုး လူ့အဖွဲ့အစည်းတခုဖြစ်တဲ့ တောင်သူလယ်သမားတွေဟာ တိုင်းပြည် လူဦးရေဲ့ ၆၀% အထက်ရှိတယ်လို့ခန့်မှန်းကြပါတယ်။


ဒီလူဦးရေအများဆုံးတောင်သူလူ့အဖွဲ့အစည်းဟာ ပြည်တွင်းမှာ အဆင်းရဲဆုံး ကြွေးအထူဆုံး ပညာအငတ်ဆုံး ခေတ်ဆိုးများရဲ့ဒဏ်ကို ရှေ့ဆုံးမှခါးစီးအခံရဆုံး ခုခေတ်မှာလည်း လက်ရှိအစိုးရဆိုး ခရိုနီဆိုးတွေရဲ့ အနိုင်ကျင့်မှု့တွေကို ခံနေရဆဲပါ။

တိုင်းပြည်ရဲ့အခေါင်ဆုံး ဖွံဖြိုးမှု့အနိမ့်ကျဆုံးနေရာမှာနေရတဲ့ သူတို့ကပဲ အစုအစည်းလိုက်ရိုးရာဓလေ့စောင့်ထိန်းနိုင်ဆုံး ဘာသာတရားကိုင်းရှိုင်းမှု့အရှိဆုံး ရိုးသားမှု့သဘာဝနဲ့လည်း အသားကျဆုံးသူတွေပါ။

သက်ဆိုင်ရာ လူမှု့အသိုင်းအဝိုင်းတွေက ဓလေ့ထုံးတန်းစဉ်လာ ကိုက်ညီရာတွေကိုပြသဖို့ ဂုဏ်တင့်စေဖို့ဆိုရင် သူတို့ကိုဆွဲထုတ်လူရာသွင်းပြီး မလိုအပ်ရင် ချောင်ထိုး ဆိုတာတွေက အစိုးရမှမဟုတ်ပါဘူး သာမန်မြိုးနေလူတန်းစားတွေပါလုပ်ကြတာပါ

မြို့နေလူတန်းစားအများစု နိမ်ပြီးခေါ်ကြတဲ့ ( တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ တွံတေးစိုးအောင် စတဲ့မြန်မာသံအဆိုတော်တွေရဲ့ အမာခံ ပရိသပ်ကြီး ) တောသားတွေ ဆိုတဲ့သူတို့က ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ခေတ်စနစ်တွေက သူတို့အပေါ် ဘယ်လောက်ပဲ တာဝန်မဲ့ နေနေ သူတို့ကတော့ တိုင်းပြည်ထမင်းစားရဖို့ စစ်တပ်ကြီးထမင်းဝဖို့ အာဏာရှင်တွေဆန်ကောင်းစားပြီး အဆီရစ်အနိုင်ကျင့် နိုင်ဖို့ သူတို့ရဲ့သဘာဝတာဝန်ကို ခေတ်အဆက်ဆက် နွားနဲ့ဖက်ပြီး တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ တာဝန်ကျေကြသူတွေပါ။

ကျနော်အသက်၁၀ဝန်းကျင်လောက်က သူတို့နဲ့ပါတ်သက်လို့ မှတ်မှတ်ရရတွေ့မြင်ခံစားခဲ့ရတာ တခုရှိခဲ့ပါတယ်၊ အဲ့ဒီတုံးက မဆလပါတီ တံခိုးထွားနေချိန် ကျနော်တို့ကလေးတွေရဲ့ ကျောင်းစာထဲမှာ 'ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ' လို့သင်နေရတဲ့အချိန်

လူကြီးတွေနဲ့ ပွင့်ဖြူဆိုတဲ့ အညာမြို့လေးတမြို့ကို သွားလည်တော့ လမ်းမပေါ်မှာ လက်နက်ကိုင်ရဲတွေ ရှေ့နောက်ခြံရံပြီး ကိုယ့်နွားကိုယ်ဆွဲလို့ လက်တွေမှာလည်းကြိုးအခြည်ခံထားရတဲ့ လယ်သမားကြီးဆယ်ယောက်လောက်ကို မိုးသည်းသည်းထဲမှာဖမ်းခေါ်သွားတာတွေ့တော့ ကလေးပီပီလူကြီးတွေကိုမေးပါတယ် အဲ့ဒီမှာအဒေါ်ကမဖြေချင့်ခြေချင်ပုံနဲ့ တခြားသူတွေကိုပါ

"တာဝန်ကြေစပါး အပြည့်မသွင်းနိုင်လို့ ပါတီကောင်စီက ဖမ်းခိုင်းတာဟေ့" ဆိုပြီးဖြေပါတယ်
အဲ့ဒီအချိန်က ကလေးအတွေးလေးနဲ့ စိတ်ထဲမှာ 'ကျေးဇူးရှင်တောင်သူဦးကြီးများ' လို့စာထဲမှာသင်ရတယ် ဖမ်းလည်းဖမ်းတယ်ပေါ့ ဒါပေမဲ့အပြစ်ရှိရင်အဖမ်းခံရမှာပဲလို့ တွေးနေခဲ့တာပါ။

အဲ့ဒီအကြောင်းကို ကျနော်အရွယ်ရောက်တော့ မှနားလည်လိုက်တာ တောင်သူလယ်သမားလူတန်းစားဟာ စနစ်ဆိုးရဲ့ ကြံညှစ်စက်ထဲမှာ ထည့်အညှစ်ခံခဲ့ရပါလား ဆိုတာပါပဲ။

အဲ့ဒီခေတ်က အညှစ်ခံရတဲ့ခေတ် လက်ရှိခေတ်က သူ့ထက်ပိုဆိုးတဲ့ စစ်ခရိုနီဘူဇွာအီလစ်တွေရဲ့ လယ်သိမ်းမြေသိမ်းတဲ့ခေတ် ဘဝတွေကို အဆုံးစွန်ဖျက်စီးနင်းခြေတဲ့ခေတ်

မြေသိမ်းယာသိမ်းအသံတွေတိတ်ဖို့ အသံထွက်တဲ့လယ်သမားကို ချက်ခြင်းဖမ်း နောက်လူတွေကြောက်သွားရအောင် တရားရေးကိုထောင်ချခိုင်းတဲ့ခေတ်

AHRC ပြောတာဆိုရင် ပြဿနာဖြစ်တဲ့နယ်တိုင်းမှာ လယ်သမားအယောက်လေးငါးဆယ်လောက်အဖမ်းခံထားရတာ ဖြစ်ပြီး မြန်မာပြည်တဝှမ်း မှာ ဖမ်းစီးတရားစွဲခံထားရသူ အယောက်ထောင့်နှစ်ရာကျော်သွားပြီး အဲ့ဒီအထဲက တရာကျော်ဟာ ထောင်ကျသွးပါပြီ၊ ဒါတွေဟာကိုယ့် လူမျိုးအခြင်းခြင်း ခွင့်မလွှတ်နိုင်တဲ့ ဖေါက်ပြန်အနိုင်ကျင့်ခြင်းပါ။

ဖြစ်လာတဲ့ပြဿနာတိုင်းမှာ တာဝန်ရှိ
တဲ့အစိုးရတွေက လယ်သမားတွေရဲ့ အကျိုးစီးပွားဘက်က ရပ်တည်ဆောင်ရွက်ပေးခြင်းမရှိပဲ သူတို့ရဲ့ အရှင်သခင်စစ်ခရိုနီများဘက်မှသာ ရပ်တည်ဆောင်ရွက်ပေးခြင်းကြောင့် ထောင်ထဲမှာ လယ်သမားဦးရေများသထက်များ လာဖို့ပဲရှိပါတယ်။

အဖမ်းခံ ၁၂၀၀ ဆိုတာရှေ့ကဦးဆောင်တဲ့ ခေါင်းဆောင်ပိုင်းလို့ယူဆရမယ်ဆိုရင် သူ့နောက်မှာ မကျေမနပ်ဖြစ်နေမဲ့ တောင်သူထုကြီးဘယ်လောက်ရှိမယ်ဆိုတာတွက်ကြည့်နိုင်ပါတယ်။

တောင်သူထုရဲ့အကြတ်အတည်းဟာ တခြားပြည်သူတွေရဲ့ အကြတ်အတည်းအဖြစ် ဆက်ဆပ်နေပါတယ် တိုင်းပြည်ရဲ့ အခြေခံပြည်သူ တောင်သူလယ်သမားထု ကြီးရဲ့စီးပွားရေး လူမှု့ရေးတွေ အဆင်ပြေမှ တိုင်းပြည်ရဲ့အခြားနယ်ပါယ် တွေလည်းအဆင်ပြေနိုင်ပါမယ်။

မြန်မာပြည်အဝှမ်း ခေတ်အဆက်ဆက် ပြည်တွင်းရောင်းဝယ်ဖောက်ကားရေးမှာ တောင်သူထုရဲ့ သီးနှံထွက်တိုး ကောင်းမှု့မကောင်းမှု့ တောင်သူထုလက်ဖျားငွေသီးမသီးဟာ တိုက်ရိုက်သက်ရောက်မှု့ရှိတယ် ဆိုတာကို စီးပွားရေးသမား အရောင်းအဝယ်သမားတိုင်းသိကြပါတယ်။

စီးပွားရေး၊ နိုင်ငံရေး၊ လူမှု့ရေးတည်ငြိမ်တဲ့ နိုင်ငံတွေက တောင်သူထုကို လေ့လာကြည်ရင် သူတို့ဘဝတွေဟာ ကြွယ်ဝကုံလုံသိက္ခာကြီးတဲ့ လူ့အဖွဲ့အစည်းကြီးတွေဆိုတာ မြင်တွေ့နိုင်ကြပါလိမ့်မယ်။

မိမိနိုင်ငံမှာ မိမိသိက္ခာရှိဖို့အတွက် တာဝန်အရှိဆုံးဟာ မိမိပါပဲ ဘယ်သူက မိမိရဲ့သိက္ခာကိုထိပါးစော်ကားနေလည်း အမြန်ဆုံး အရေးယူရမှာလည်း မိမိကပဲဖြစ်ပါတယ်။

ကိုကိုသစ္စာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...