Tuesday, August 5, 2014

ပြည့်တန်ဆာ အမျိုးသမီးထက် စိတ်ဓာတ်ပိုဆိုးနေကြပြီလား…. ( စံတော်ချိန်သတင်းစာ )


မကြာသေးမီက SKY NET Myanmar movies ရုပ်သံလိုင်းမှာ မွန်းတည့်ချိန်တွင် နေ၀င်သည်ဆိုတဲ့ ဇာတ်ကားတစ်ကားကို ကြည့်ဖြစ်ခဲ့တယ်။ မင်းသားက ကျော်ဟိန်း။ မင်းသမီးက ချိုပြုံး။ ဇာတ်ကတော့ ဘာနာသလဲ မမေးနဲ့ ။ ဇာတ်လမ်းစကတည်းက ကျော်ဟိန်းက ခါးပိုက်နှိုက်၊ ချိုပြုံးက ပြည့်တန်ဆာ အမျိုးသမီး။
ဒီထက်ပိုပြီးတော့လည်း ဇာတ်က ဆက်နာစရာ မရှိတော့ဘူးလေ။ ဒီလောက် နာနေတဲ့ ဇာတ်လမ်းတစ်ခုမှာ ဘာတွေများ အတွေးအမြင်ပေးချင်လို့ပါလဲလို့ တွေးမိတာကြောင့် ဒီဇာတ်ကားကို လေ့လာရင်း ဆက်ကြည့်ဖြစ်ခဲ့တယ်။
ကျော်ဟိန်းနဲ့ ချိုပြုံးတို့ဟာ ပြေးရလွှားရတဲ့ ဘ၀လမ်းမှာ တွေ့ဆုံကြုံကြိုက်ခဲ့ကြတယ်။ တစ်ဦးဘ၀ကို တစ်ဦးက အပြန်အလှန် စာနာနားလည်မှုတွေ ရှိခဲ့ကြတယ်။ ဘ၀ရဲ့ အနိမ့်ကျဆုံးလို့ ပြောလို့ရတဲ့ ဘ၀တွေမှာ ဖြတ်သန်းခဲ့ရတဲ့၊ ဖြတ်သန်းနေရဆဲ၊ ဆက်ပြီး ဖြတ်သန်းသွားရတော့မယ့် သူတို့ရဲ့ ရင်ထဲမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်တည်ဖူးခဲ့တဲ့ ချစ်မေတ္တာပန်းကလေးတွေ ပွင့်လန်းလာခဲ့ကြပါတယ်။ ဒါကလည်း ဆန်းတော့ မဆန်းပါဘူး။ လူရယ်လို့ ဖြစ်လာပြီဆိုမှတော့ ဘယ်လောက်ပဲ ဘ၀ရပ်တည်မှု နိမ့်ကျနေပါစေ ၊ချစ်တတ်တဲ့ နှလုံးသားကလေးတွေတော့ ကိုယ်စီကိုယ်ငှ ပါလာကြတာကြောင့်ပါပဲ။ ဒါ့ကြောင့်လည်း ပြည့်တန်ဆာအမျိုးသမီးလို မိမိရဲ့ ကိုယ်ခန္ဓာကို အရင်းတည်ပြီး ၀မ်းရေးအတွက် ထိန်းကျောင်းရသူ၊ သူတစ်ပါးရဲ့ မျက်ခုံးမွှေးကို စင်္ကြန်လျှောက်၊ ထောင်နှုတ်ခမ်းကို တက်နင်းထားပြီးမှ ဘ၀လမ်းကို လျှောက်လှမ်းရသူနှစ်ယောက်ရဲ့ ရင်ထဲမှာ ကိုယ်စီကိုယ်ငှ အချစ်စိတ်တွေ ဖြစ်တည်လာတော့တာပေါ့။ သူတို့နှစ်ယောက် လက်ထပ်ဖြစ်သွားတဲ့ပုံကလည်း romantic တော့ သိပ်မဆန်ပေမယ့် ချစ်စရာ အတိပြီးခဲ့ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ နှစ်ယောက်အတူ ထိုင်နေတုန်း လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတဲ့ သီချင်းလေးတစ်ပုဒ်ကို နားထောင်ခံစားမိခဲ့ကြတယ်။ အဲ့ဒီသီချင်းကို နားထောင်နေရင်းနဲ့ ချိုပြုံးက ပြောတာကတော့ ဒီသီချင်းကလေးက သူအရမ်းကြိုက်တဲ့သီချင်းပါတဲ့…။ နားထောင်ရင်းနဲ့ ဘာကို ခံစားမိတယ် မသိပါဘူး။ ကျမ ရှင်နဲ့လာနေမယ် ဆိုတဲ့ စကားတစ်ခွန်းကို ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်ပါရော။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦးရဲ့ ဘ၀နှစ်ခုဟာ ပေါင်းစည်းသွားကြရောဆိုပါတော့ဗျာ…။
သူတို့နှစ်ဦးရဲ့ ဘ၀ပေါင်းစည်းမှုက အဓိပ္ပာယ်ပြည့်ဝတယ်။ အနှစ်သာရ ခိုင်မာတယ်။ ခါးပိုက်နှိုက်နဲ့ ပြည့်တန်ဆာတို့ရဲ့ ဘ၀ပေါင်းစည်းမှုမဟုတ်ပါဘူး။ ကျော်ဟိန်းကလည်း သူ့ရဲ့ မကောင်းတဲ့ဘ၀ကြီးကို စိတ်ပျက်လာပြီ။ ချိုပြုံးကလည်း သူ့ရဲ့ မသန့်ရှင်းတဲ့ဘ၀ကို အတိတ်မှာ ထားခဲ့ချင်ပြီ။ ချစ်ခင်ရတဲ့သူတစ်ယောက်နဲ့ ဘ၀လမ်းကို အတူတကွ လျှောက်လှမ်းလို့ ကောင်းရောင်းကောင်းဝယ် လုပ်စားချင်နေပြီ။ ဒီလိုနဲ့ ဘ၀ဟောင်းရဲ့ ရနံ့တွေကို နှစ်ဦးသဘောတူ ဆေးကြောမြေမြှုပ်လိုက်ကြပြီး သူတို့ဘ၀ရဲ့ ရောင်နီကလေးဆီသို့ အတူတကွ ချီတက်ဖြစ်ခဲ့ကြတာပေါ့။ ကြည့်နေရင်းနဲ့ ကျနော့် ရင်ထဲမှာ သန္တရသတွေနဲ့ ကရုဏာရသတွေ တဖွားဖွား ဖြစ်တည်လာခဲ့ပါတယ်။ လူ့လောကမှာ နိမ့်ကျတယ်လို့ သတ်မှတ်ခံထားရတဲ့သူတွေ၊ အဆင့်အတန်းမရှိဘူးလို့ သမုတ်ခံထားရတဲ့သူတွေ၊ အတန်းပညာရယ်လို့ ဘာဆိုဘာမှ မဖြစ်တည်ခဲ့ရတဲ့သူတွေမှာ မတတ်သာလို့သာ မကောင်းမှုတွေကို ကျူးလွန်နေကြရပေမယ့် မကောင်းမှုကို ရွံရှာ စက်ဆုပ်ရမှန်းသိတဲ့ အသိတရားတစ်ခု ဖြစ်တည်နေတာကတော့ အတော့်ကို ကြည်နူးဖွယ်ပါပဲ။
မကောင်းတာလုပ်ခဲ့တဲ့သူတွေဟာ ကောင်းတဲ့ဘ၀ကို ကူးပြောင်းကြပြီဆိုရင် အခက်အခဲတွေ အမျိုးမျိုး ကြုံတွေ့ခံစားကြရပါတယ်။ ငွေကို လွယ်လွယ်ကူကူနဲ့ ရှာဖွေနိုင်ခဲ့ကြသူတွေမို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရတဲ့အခါ အဲ့ဒီဒဏ်တွေကို မခံစားနိုင်တော့ဘဲ မူလဘ၀ဟောင်းတွေကို ပြန်ပြီး ခြေဦးလှည့်ဖြစ်သွားကြပါတော့တယ်။ အခုလည်း ကျော်ဟိန်းနဲ့ ချိုပြုံးတို့ ဇနီးမောင်နှံအဖြစ်က အဲ့ဒီလိုပါပဲ။ အခက်အခဲအမျိုးမျိုးကို ခါးစည်းပြီးခံစားခဲ့ကြရပါတယ်။ ဒါပေမယ့် သူတို့တည်ထောင်ထားခဲ့တဲ့ ကောင်းမွန်တဲ့ဘ၀တွေကို ဆင်းရဲပင်ပန်းနေတဲ့ သူတို့ရဲ့ မျက်နှာတွေ ၊ ကြမ်းတမ်းခက်ထန်နေတဲ့ လက်ဖ၀ါးကလေးတွေနဲ့ အပြန်အလှန် ကြင်နာခဲ့ကြတယ်။ ဖေးမလက်တွဲခဲ့ကြတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ကျနော့်ရင်ထဲ တစ်မျိုးကြီးမက ခံစားနေမိပါတယ်။ သူတို့နှစ်ဦးနဲ့ တစ်စုံတစ်ရာသော သူတွေကို နှိုင်းယှဉ်ပြီးပေါ့ဗျာ…။ ကျနော်ပြောတာကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။
အခက်အခဲတွေကို ရင်ဆိုင်ရင်းနဲ့ ခက်ခဲလွန်းမက ခက်ခဲလာတဲ့ အချိန်အခါကို ဆိုက်ရောက်လာပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့ ချစ်သက်သေ ပြယုဒ်ကလေးဖြစ်တဲ့ သူတို့ရဲ့ ရင်သွေးကလေး မီးဖွားခါနီးအချိန်အခါလည်းရောက်ရော ပုံမှန်ဝင်ငွေရနေတဲ့ အလုပ်တွေမှာ ပြဿနာတွေ ဆက်တိုက်တက်လာပါတယ်။ နောက်ဆုံးမှာ အလုပ်တောင် လက်မဲ့ဖြစ်သွားတဲ့ အနေအထားကို ဆိုက်ရောက်သွားပါရော…။ ချစ်ဇနီးကလေးရဲ့ အားငယ်နေမယ့် မျက်နှာ၊ လူ့လောကထဲမရောက်ခင်ကတည်းက မျက်နှာငယ်ရှာတော့မယ့် ချစ်ရင်သွေးလေးရဲ့ ငိုညည်းသံကလေးကို မြင်ယောင်မိရင်း ကျော်ဟိန်းဟာ ချိုပြုံးကို သူယခင်အလုပ်ကို ပြန်လုပ်တော့မယ့်အကြောင်းကို ပြောပါတယ်။ ချိုပြုံးက အင်းပေါ့လေ…ဒီလိုအခြေအနေရောက်တော့မှတော့ ဘယ်တတ်နိုင်ပါတော့မလဲရှင်ရယ်..။ ဒီအလုပ်ကိုပဲ ပြန်လုပ်ရတော့မှာပေါ့လေ… လို့ ပြောလိုက်တယ်ထင်ပါသလား။ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ “ကျမကို ဒီလိုဘ၀ဆိုးက လွတ်မြောက်အောင် ဆွဲထုတ်ပေးခဲ့လို့ ကျမက ရှင့်ကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ခဲ့တယ်။ ရှင်နဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းခဲ့တယ်။ ဒီလိုအနေအထားကနေ လွန်မြောက်လာခဲ့ပြီးမှ ဒီဘ၀ကို ရှင်ပြန်သွားမယ်ဆိုရင် ကျမရှင့်ကို မပေါင်းနိုင်ဘူးတဲ့…။ ကျမတို့ ရင်သွေးကလေးရဲ့ မိဘတွေဟာ သူလူရယ်လို့မဖြစ်ခင်မှာ မကောင်းမှုတွေ လုပ်ဖြစ်ရင် လုပ်ဖြစ်ခဲ့မယ်။ သူ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ ခါးပိုက်နှိုက်အဖေနဲ့ ပြည့်တန်ဆာအမေဆိုတဲ့ မိဘနှစ်ပါးကို မပိုင်ဆိုင်စေရဘူး။ ဒီတော့ ဒီအလုပ်ကို ရှင်ပြန်လုပ်တော့မယ်ဆိုရင် ကျမရှင့်ကို မပေါင်းနိုင်တော့ဘူး” တဲ့…။ ငိုယိုပြီး ပြောတယ်ဗျာ။ ကျနော်တော့ ချိုပြုံးရဲ့ မျက်ရည်တွေဟာ ၀မ်းနည်းမှုသက်သက်နဲ့ ကျတဲ့မျက်ရည်လို့ မထင်မိဘူး။ သူ့မျက်ရည်တွေထဲမှာ အမှားနွံထဲက ရုန်းထွက်လာခဲ့ပြီးလို့ ခံစားနေရတဲ့ ကျေနပ်မှုတွေ၊ မိမိရဲ့ ရင်သွေးကလေးကို စိတ်ဓာတ်မကောင်းတဲ့၊ အကျင့်ပျက်တဲ့ မိဘတွေကို မပိုင်ဆိုင်စေချင်တဲ့ မိဘမေတ္တာတရားတွေ၊ ငါ့လောက်တောင် စိတ်ဓာတ်မမာကျောပါလားဆိုပြီး လင်တော်မောင်အပေါ် မချိတင်ကဲ ဖြစ်မှုတွေ၊ ဘယ်လောက်ပဲ ဘ၀လမ်းက ကြမ်းတမ်းပါစေ ၊ မကောင်းတဲ့ဘ၀ကိုတော့ ဘယ်တော့မှ ပြန်မသွားဘူးဆိုတဲ့ ခိုင်မာသော သန္နိဌာန်တွေနဲ့ ပြည့်လျှမ်းနေတယ်လို့ ခံစားနေမိပါတယ်။
အဲ့ဒီစကားတွေကို နားထောင်နေရင်းနဲ့ ကျနော်လည်း ဇာတ်ကားကို ပြီးဆုံးအောင် မကြည့်ဖြစ်တော့ဘဲ အတွေးရေယာဉ်ကြောထဲမှာ နစ်မြောသွားမိပါတော့တယ်။ ကျနော်တို့ဟာ လူ့လောကရဲ့ တန်ဖိုးကို ဘယ်ပေတံနဲ့တိုင်းတာကြသလဲ။ မိဘမေတ္တာဆိုတဲ့အရာကိုရော ဘယ်လို ပေးဆပ်မှုမျိုးတွေနဲ့ တန်ဖိုးဖြတ်ကြသလဲ။ အဆင့်အတန်းရှိတယ်၊ အဆင့်အတန်း နိမ့်တယ်ဆိုတာကိုရော ဘယ်လို စံသတ်မှတ်ကြတာပါလဲ။ ကျနော်ကတော့ မွန်းတည့်ချိန်တွင် နေ၀င်သည်ဆိုတဲ့ ဇာတ်ကားကလေးကို ကြည့်ပြီး အဲ့ဒါတွေအားလုံးရဲ့ အဖြေကို အသေအချာ သိနားလည်လိုက်ပါတယ်။ လူ့လောကရဲ့ တန်ဖိုးဆိုတာ မိမိဘယ်လိုဘ၀ရောက်နေပါစေ၊ မိမိရဲ့ စိတ်ဓာတ်အရင်းအမြစ်ကို မပျက်စီးစေတာ၊ မိမိရဲ့ ကောင်းမြတ်တဲ့ စိတ်ဓာတ်ကို ဘယ်လို အခက်အခဲတွေကြားမှာမဆို ခိုင်ကြည်စေတာ၊ မြဲမြံစေတာကို ဆိုလိုတယ် ဆိုတာကိုပါပဲ။ ကျနော်တို့ဟာ ဘ၀ပေးကံကြမ္မာတွေကြောင့် ရှင်ဘုရင့်သားအဖြစ်လည်းမွေးဖွားခဲ့နိုင်ပါတယ်။ သူဖုန်းစားသား၊ ပြည့်တန်ဆာသား အဖြစ်လည်း ကံဆိုးစွာ မွေးဖွားခဲ့နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ လက်ရှိဘ၀တွေက ကျနော်တို့ရဲ့ တန်ဖိုးကို မပြဌာန်းနိုင်ပါဘူး။ အဲ့ဒါ လုံးဝ သေချာပါတယ်။ ကျနော်တို့ရင်တွင်းမှာ ဖြစ်တည်နေတဲ့ စိတ်ဓာတ်တွေကသာ ကျနော်တို့ရဲ့ တန်ဖိုးဖြစ်တယ်ဆိုတဲ့အကြောင်းကို ချိုပြုံးက ငိုကာယိုကာ ပြောပြသွားခဲ့တယ်လို့ ကျနော် အခိုင်အမာ ယူဆမိပါတယ်။
မိဘမေတ္တာဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကိုလည်း သူက စကားတွေထဲမှာ အဓိပ္ပာယ်ဖော်ပြီး ပြောပြခဲ့ပါသေးတယ်။ မိဘဆိုတာ သားသမီးတွေကို အကောင်းဆုံးဆိုတာတွေကိုသာ ပေးလိုကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် သူတို့ကိုယ်စီကိုယ်ငှ ပေးဆပ်အားထုတ်ကြတာတွေက ရုပ်ဝတ္ထုပစ္စည်းတွေသာ များပါတယ်။ စိတ်ဓာတ်ကောင်းလေးတွေ၊ ခံယူချက်ကောင်းကလေးတွေကို အမွေအဖြစ် ပေးချင်ကြတဲ့သူတွေက တစ်လောကလုံးနဲ့ စာရင် အလွန်နည်းပါးနေသေးတယ်လို့ မြင်နေရပါတယ်။ မိဘတိုင်းက ဘယ်လိုနည်းနဲ့မဆို သားသမီးတွေကို ကောင်းကောင်းမွန်မွန်ထားနိုင်အောင်၊ ချမ်းချမ်းသာသာနဲ့ ရွှေဘုံစံဘ၀ရောက်အောင် ကြိုးပမ်းအားထုတ်ကြမယ်ဆိုတာကို မိဘမေတ္တာလို့၊ သားသမီးတွေအတွက် ဂုဏ်ရှိစရာတစ်ခုလို့ ထင်မှတ်မှားနေကြပါတယ်။ မကောင်းတဲ့ကိစ္စတွေ တွင်တွင်လုပ်၊ မတရားသောနည်းလမ်းတွေ အခါခါ ကျူးလွန်၊ ကိုယ့်မိသားစု စည်းစိမ်တိုးလာဖို့အတွက် အများပြည်သူရဲ့ မျက်ရည်ပေါက်ကြီးငယ်ကို အရင်းအနှီးတည်၊ ကိုယ့်ဂုဏ်ဒြပ်တွေ မြင့်မားလာဖို့အတွက် တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံ ထိခိုက်ပျက်စီးအောင် ပြုလုပ်ပြီးကာမှ ရရှိလာခဲ့လေတဲ့ စည်းစိမ်တွေဟာ သားသမီးတွေအတွက် ဂုဏ်ယူစရာတစ်ခုလား၊ အသိတရားတစ်ခု ကပ်လာတဲ့ အချိန်အခါရောက်ခဲ့ရင် မိဘတွေအပေါ် အကြိမ်ကြိမ် အခါခါ ပြစ်မှားမိစေဖို့အတွက် လောင်စာတွေလားဆိုလားကို သတိမကပ်မိကြဘဲ အမှားသံသရာနွံထဲမှာ ပျော်ပျော်ပါးပါး ကူးခတ်နေကြတာကို မြင်နေရပါတယ်။ ပြည့်တန်ဆာအမျိုးသမီးတစ်ယောက်ကတောင် မိမိသားသမီးကို ပြည့်တန်ဆာသား၊ ခါးပိုက်နှိုက်သား မဖြစ်စေလိုတဲ့ မိဘမေတ္တာရှိခဲ့ရင် ပညာတတ်၊ ဂုဏ်ဒြပ်ပြည့်ဝတယ်လို့ အများက သတ်မှတ်ထားလေတဲ့ အသိုင်းအ၀ိုင်းက လူကြီးမင်းများအနေနဲ့ မိမိတို့ရဲ့ မတရားတဲ့ လုပ်ရပ်တွေကို အရင်းတည်ပြီး မိမိတို့ရဲ့ သားသမီးလေးတွေ နောင်အနာဂတ်မှာ အများသူငါရဲ့ ဘယ်သူ့သားပါဆိုတဲ့ လက်ညှိုးထိုးခဲ့ကြရမယ့် အရေးကို တွေးဆဆင်ခြင်ကြည့်ကြစေချင်ပါတယ်။ သားသမီးတွေက ငါတို့ကတော့ ဘယ်သူ့သားကွ၊ ဘယ်သူ့သမီးကွ လို့ ရဲရဲရင့်ရင့် ချပြ၀ံ့နိုင်လောက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့တာကမှ မိဘမေတ္တာအစစ်အမှန်ဆိုတာကို ချိုပြုံးက မီးမောင်းထိုးပြသွားခဲ့တယ်လို့ မြင်မိပါတယ်။
အချို့သူတွေက အမှားတစ်ခုကို မတတ်သာလွန်းတဲ့အခြေအနေကြောင့် ကျူးလွန်မိခဲ့ကြတယ်။ ဒါပေမယ့် အမှားအတွက် သင်ခန်းစာတစ်ခု ရရှိပြီးတဲ့အချိန်မှာတော့ မူလလမ်းကြောင်းနဲ့ ၁၈၀ ဒီဂရီ ပြောင်းပစ်လိုက်ပြီး ဘ၀သစ်တစ်ခုကို အခိုင်အမာ တည်ဆောက်လိုက်ကြပါတယ်။ ဘ၀သစ်မှာ ဘယ်လောက်ပဲ ခရီးလမ်း ကြမ်းတမ်းနေပါစေ၊ မူလ လမ်းကြောင်းဘက် ဘယ်တော့မှ ဦးမလှည့်တော့ပါဘူး။ အမှားတွေကို ကျူးလွန်မိခဲ့ကြပေမယ့် အမှန်တရားနဲ့ တွေ့မိသွားတဲ့အချိန်အခါမှာ စိတ်ဓာတ်ခိုင်ကြည်ကြတယ်။ အမှန်တရားတစ်ခုအတွက် ခေါင်းမာကြတယ်။ ဒီလို စိတ်ဓာတ်မျိုးကိုလည်း ဒီဇာတ်ကားထဲက ပြည့်တန်ဆာအမျိုးသမီးဆီမှာ အထင်အရှားတွေ့လိုက်ရပါတယ်။ အချို့သော သူများကတော့ ကိုယ့်ဘ၀လမ်းတစ်ခုအတွက် အခြားသူတွေကို နင်းချေပြီး အသုံးချရက်ခဲ့ပါတယ်။ နောင်တရသင့်တဲ့အချိန်မှာလည်း နောင်တဆိုတာကို မကြားရ ၊ မမြင်ရအောင် ဝေးဝေးမှာ ထားရစ်ခဲ့ကြပြန်ပါတယ်။ အမှားကို ပြင်ဆင်ဖို့ ဝေးစွ၊ အမှားကို အမှားမှန်းတောင် မသိနိုင်လောက်အောင် အမှားနွံထဲ ပျော်ရွှင်ခုံမင်နေခဲ့ကြပါတယ်။ ကိုယ့်မိသားစုက ကိုယ့်အတွက် အချိန်ကာလအတန်ကြာ အရှက်ရနေအောင်၊ ကိုယ့်သားသမီးကလေးတွေ ဆွေစဉ်မျိုးဆက် အများသူငါရဲ့ အကြားမှာ ငါဘယ်သူ့သားသမီး၊ ဘယ်သူ့မြေးပါလို့ ခေါင်းမဖော်ရဲလောက်အောင် အမှားတွေကို ပျော်ပျော်ကြီး ကျူးလွန်နေကြတဲ့သူတွေဟာ အခုအချိန်မှာ ဘယ်လောက်ပဲ သြဇာအာဏာရှိနေပါစေ၊ ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာနေပါစေ၊ သူတို့ရဲ့ စိတ်ဓာတ်တွေဟာ မွန်းတည့်ချိန်တွင် နေ၀င်သည် ဆိုတဲ့ဇာတ်ကားထဲက ပြည့်တန်ဆာ အမျိုးသမီးလောက်တောင် လေးစားဖို့ မကောင်းဘူးလို့ အတိအလင်းပြောလိုက်ပါမယ်။
လူဆိုတာ ဆင်းရဲစွာ မွေးဖွားလာခြင်း၊ ချမ်းသာစွာ မွေးဖွားလာခြင်း၊ အောက်တန်းကျစွာ မွေးဖွားလာခြင်း ၊ အဆင့်အတန်း မြင့်မားစွာ မွေးဖွားလာခြင်း၊ အသိမဲ့စွာ မွေးဖွားလာခြင်း ၊ အသိဥာဏ်ကြီးမြတ်စွာ မွေးဖွားလာခြင်း အစရှိတဲ့ သဘာဝက ပေးအပ်လာတဲ့ ကံအကျိုးပေးကိုယ်စီကို ရယူပိုင်ဆိုင်ခဲ့ရတာမို့ ဒီသဘာဝတရားတွေဟာ လူ့လောကရဲ့ ပကတိ အဆင့်အတန်းကို သတ်မှတ်နိုင်ခြင်း မရှိပါဘူး။ ကိုယ့်မိသားစုကောင်းစားဖို့ အများသူငါ ကို မျက်ရည်ပေါက်ကြီးငယ်ကျအောင် မလုပ်တဲ့သူတွေ၊ အမှားတစ်ခုကို ဆင်ခြင်မိပြီး လမ်းမှန်ကို ပြန်လည်လျှောက်လှမ်းလာတဲ့သူတွေ၊ နောင်လာမယ့် မျိုးဆက်တွေအတွက် ဂုဏ်ယူလောက်ဖွယ် စိတ်နေသဘောထားတွေကို ပျိုးထောင်ပေးနေတဲ့သူတွေ ဆိုရင် ဒီဇာတ်လမ်းထဲကလို ပြည့်တန်ဆာအမျိုးသမီးဘ၀ကပဲ လာခဲ့ပါစေ ၊ မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်တွေလို့ သုံးသပ်ရမှာပါ။ ဒါတွေနဲ့ ဆန့်ကျင်ဘက်အရပ်မှာ ပျော်ပျော်ရွှင်ရွှင် ကူးခတ်နေကြဆဲ ပုဂ္ဂိုလ်များကိုတော့ လူကြီးမင်းတို့ဟာ ဘယ်လိုပဲ အပေါ်ယံ ဂုဏ်ဒြပ်တွေနဲ့ ဖုံးအုပ်ထားပါစေ၊ လူကြီးမင်းတို့ရဲ့ အတွင်းစိတ်တွေက ပုတ်အဲ့နေတာမို့ ငါတို့စိတ်ဓာတ်တွေဟာ ပြည့်တန်ဆာအမျိုးသမီးထက်တောင် ဆိုးသွမ်းနေကြပြီလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်လိုက်ကြပါလို့ လေးလေးနက်နက် အကြံပြုလိုက်ပါရစေဗျာ…။
ဒေါက်တာရူပ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...