Friday, August 22, 2014

သမီးတော် ရာဇဝင် ( ၈ )


တစ်ရက်ထဲမှာ သိန်းတစ်သောင်းကျော်ဖိုး ဈေးဝယ်တဲ့ သမီးတော်တွေ

မန္တလေးနန်းမြို့တည် မင်းတုန်းမင်းတရားကြီးကို စိတ်အဆိုးဆုံးလူတွေပြပါဆိုရင် မန္တလေးနန်းမြို့ထဲက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူးနဲ့ အရာရှိတွေကို ပြရပါလိမ့်မယ်၊ မန္တလေးမြို့ကို မြို့တည်ခဲ့တဲ့အတွက် သမီးတော်တွေ ပြင်ဦးလွင်တက်တိုင်း မန္တလေးဟာ ခရီးတစ်ခေါက်နားရာ ဈေးဝယ်ရာမြို့ဖြစ်ခဲ့ပါတယ်၊ ဒီတပတ်လည်း သမီးတော်တွေ ဆုံညီကြွမြန်းလို့ လာပြန်ပါပြီ။


နှစ်အနေနဲ့ ပြောရရင် ၂၀၀၇ ခုနစ်ပေါ့၊ အလယ်ပိုင်းတိုင်စစ်ဌာနချုပ်တိုင်းမှူးကလည်း အသစ်စက်စက်တိုင်မှူးလေးဆိုတော့ တိုင်းမှူးရဲ့ဂါရဝတရားဆိုတဲ့ အရိုအသေပေးမဲ့ အတိုင်းအတာနဲ့ ခန္တီစဆိုတဲ့ သည်းခံနိုင်ခြင်းဒီဂရီကို သမီးတော်တွေက စမ်းသပ်ကြတော့မှာ ဖြစ်ပါတယ်၊ တိုင်းမှူးအသစ်ကလေးက ဝါရင့်သမ္ဘာရင့် ဒုတိုင်းမှူး၊ စစ်ဦးစီးမှူးတွေကို သမီးတော်တွေလာရင် ဘာတွေဆောင်ရမယ် မေးရတော့တာပေါ့၊ အားလုံး တစ်ညီတညွတ်ထဲဖြေတဲ့ အဖြေကတော့ မြို့ထဲက စိန်ရွှေရတနာဆိုင်တွေကို တန်ဖိုးကြီးတာတွေထုတ်မပြဖို့ ကြိုတင်အကြောင်းကြားရလိမ့်မယ်ဆိုတဲ့ အဖြေရပါတယ်၊ ဒါနဲ့ သက်ဆိုင်သူတွေက မြို့ထဲက ထောင်ကဲတွေကို လိုက်ပြောရတာပေါ့၊ မနက်ဖန် သမီးတော်တွေ ဈေးဝယ်ထွက်မယ်၊ ဆိုင်မှာ တန်ဖိုးကြီးတာတွေ မပြနဲ့ပေါ့၊ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ စီးပွားရှာစားနေတဲ့ထောင်ကဲတွေ၊ ပေါက်ဖော်တွေကတော့ ဒီသတင်းကို ပြောင်းပြနသဘောပေါက်လိုက်တယ်။

သမီးတော်တွေ ကားကိုယ်စီ၊ မောင်းမမိဿံကိုယ်စီနဲ့ ရွှေမန္တဆလးရဲ့ နာမည်ကြီးစိန်ရွှေရတနာဆိုင်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် လှည့်လည်ချိန်မှာတော့ ပေါက်ဖော်ကြီးတွေ ထောင်ကဲကြီးတွေက တန်ဖိုးကြီးပေ့ဆိုတဲ့ ရတနာပစ္စည်းတွေကို ဈေးပါတင်ပြီး ပြကြပါတော့တယ်၊ သူတို့အချင်းချင်းသိတာက ဒီငွေကို တိုင်းမှူးကရှင်းမယ်ဆိုတာရယ်၊ သမီးတော်တွေက ကြိုက်တာတွေကိုပဲ ကောက်ယူသွားတာ ဘယ်တော့မှ ဈေးမဆစ်ဘူးဆိုတာရယ်ပေါ့ဗျာ

ဒီတော့က ပြင်ဦးလွင်မတက်ခင် မန္တလေးမှာ တစ်နေ့တာ ခရီးနားတဲ့အချိန်မှာ ဈေးဝယ်ထွက်တဲ့စာရင်းက နောက်နေ့မှာ တိုင်းမှူးကတော်လက်ထဲ ရောက်လို့လာပါပြီ၊ ငွေပမာဏကို မြင်လိုက်တာနဲ့ တိုင်းမှူးကတော် ရှော့ခ်ဖြစ်သွားပါတယ်၊ ဘေးမှာ အရိပ်အခြေကြည့်နေတဲ့ တပ်မှူးကတော်တွေက ခြေမချိုးသူနဲ့ နှာခေါင်းကို ရှုဆေးတေ့ပေးသူနဲ့ လုပ်မှ ဟင်း ဆိုပြီး သက်မကြီးချလို့ သတိပြန်လည်လာပါတယ်။

ပြီးတော့မှ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ငွေစာရင်းကို ပြန်ကြည့်ပြီး အလယ်ပိုင်းတိုင်းက ရိပ်သာထဲမှာ ဆောင့်ကြောင့်ထိုင်ပြီး ငိုကြီးချက်မ ဖြစ်တော့တာပါပဲ၊ သူ့လက်ထဲမှာ ကိုင်ထားတဲ့ တစ်ရက်တာ ဈေးဝယ်စာရင်းက ဘယ်လောက်လို့ ထင်ကြပါသလဲ၊ ကျပ်သိန်းပေါင်း တစ်သောင်းကျော် အမေရိကန်ဒေါ်လာနဲ့ဆို ဒေါ်လာတစ်သန်းကျော် ဖြစ်နေလို့ပါ။

ဒီငွေဟာ ဘယ်နည်းနဲ့ဖြစ်ဖြစ် တိုင်းမှူးကရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုတာ အာဏာရှင်ခေတ်တစ်လျှောက်လုံး သိလာကြလေတော့ တစ်နည်းနည်းနဲ့တော့ ရှင်းရမှာဖြစ်ပါတယ်၊ သမီးတော်တွေ ဈေးဝယ်တာ သိန်းလေးရာကျော်နေတယ်၊ ကျွှန်တော်ဘယ်ပိုက်ဆံနဲ့ ရှင်းရမလဲဆိုတဲ့ မြန်မာပြည်အောက်ပိုင်းက တိုင်းမှူးကို ကျန်းမာရေးအကြောင်းပြပြီး ဖြုတ်ထားတာကလည်း ရှေ့မှာ စံနမူနာဖြစ်လေတော့ နောက်ဆုံးမှာ မန္တလေးမြို့သစ်ကို ထပ်မံတိုးချဲ့ပြီး မြေကွက်တွေ ထပ်ဖော်ရတော့တာပေါ့၊ အဲဒီမြေကွက်တွေကို တရုတ်တွေကိုရောင်းပြီးမှ သမီးတော်တွေ ဈေးဝယ်ခဲ့တဲ့ စိန်ရွှေရတနာဆိုင်တွေကို အကြွေးပြန်ဆပ်ရပါတယ်၊ ဒီလို လယ်တွေသိမ်း၊ မြေကွက်တွေဖော်တာကို ဘယ်သူကမှ အရေးမယူတဲ့အတွက် တိုင်းမှူးစိတ်ထဲမှာ သမီးတော်တွေကသူ့ကို ဘယ်လိုစားကွက်တွေ မန္တလေးမှာရှိတယ်ဆိုတာ ပြသွားတယ်လို့တောင် စိတ်ထဲမှာ တစိမ့်စိမ့်တွေးရင်း ကျေနပ်စိတ်တွေ၊ သမီးတော်တွေကို ကြည်ညိုတဲ့စိတ်တွေ တဖွားဖွားပေါ်နေပါတော့တယ်၊ ဒါကြောင့် သိမ်းလို့ရတာ အကုန်သိမ်း၊ ဆောက်လို့ရတာ အကုန်ဆောက် မူဝါဒချမှတ်ပြီး မန္တလေးမြို့ကြီးကို ဆောက်လုပ်ရေးလုပ်ငန်းရှင် စိန့်တိုင်းသားတွေလက်ထဲ ဝကွက်အပ်လိုက်ပါတော့တယ်။

အလွန်အေးပါတယ်၊ အလွန်ရိုးပါတယ်၊ တောသားကြီးအတိုင်းပါပဲလို့ နာမည်ရတဲ့တိုင်းမှူးဟာ အဲဒီအချိန်ကစပြီး မြေကွက်ဖော်ထုတ်ဖို့နဲ့ မြေကွက်တွေရောင်းဖို့ပဲ ကြိုးစားအားထုတ်ပါတော့တယ်၊ နောက်ဆုံးမှာ လက်ရဲဇတ်ရဲရှိလာပြီး ရွှေတစ်ချောင်းမြောင်းပေါ်မှာတောင် ကွန်ကရစ်ခင်းပြီး ဈေးဆိုင်တွေကို ပြောင်းရွှေ့နေရာချတဲ့အထိ ဖြစ်လာတယ်၊ မူလဈေးကိုတော့ သူနဲ့လက်ဝါးချင်းရိုက်ထားတဲ့ ကန်ထရိုက်လက်ထဲ ထိုးအပ်လိုက်တာပေါ့လေ။

သူတို့ကိုလည်း သိပ်တော့ အပြစ်ပြောလို့မရပေဘူး၊ သမီးတော်တွေက မန္တလေးကို ဂဒီးဂဒီး လာနေတာကိုး၊ သူ့မှာလည်း ဈေးဖိုးရှာရင်း သူ့အတွက်ပါ ရောရှာနေရတာ မဟုတ်လား၊ တကယ်တော့ မန္တလေးမြို့ကြီး အခုလို ခေတ်မှီ အဆောက်အဦးတွေပေါ်လာတာ သမီးတော်တွေကို ကျေးဇူးတင်သင့်တယ်၊ ဘာလို့လဲဆိုတော့ သူတို့ဈေးဖိုးအတွက် မန္တလေးမှာမြို့သစ် အကြီးကြီးပေါ်လာတယ်၊ မြို့ထဲက အဆောက်အဦးတွေကို ကန်ထရိုက်စနစ်နဲ့ အသစ်ပြန်ဆောက်ကြရတယ်၊ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ အဲဒီအထဲမှာ မြန်မာတိုင်းရင်းသားစစ်စစ်တွေပိုင်တာ တစ်ခုမှ မရှိတော့တာပဲ၊ ဒီတော့ မန္တလေးမြို့ကြီးကို စိန့်တိုင်းသားတွေလက်ထဲ ဝကွက်အပ်လိုက်ရတဲ့ တရားခံကတော့ စိန်ရွှေရတနာကို အလွန်မက်တဲ့ သမီးတော်တွေ လက်ချက်ဟာ အဓိကပါပဲ။

နောက်ပိုင်းမှာ အဲဒီတိုင်းမှူးကို တော်လှချည်ရဲ့ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးပေးလိုက်ပေမယ့် မြေကွက်အရသာ သိသွားတဲ့ အဲဒီ ဒုတိယဗိုလ်ချုပ်ကြီးက နောက်ရောက်တဲ့နေရာမှာ မြေကွက်တွေ ကုလားဖန်ထိုးတာ များသွားပြီး သမီးတော်တွေနဲ့ ပေါက်ရောက်တဲ့ မိသားစုတစ်စုပိုင်တာကို သိမ်းမိရက်သားဖြစ်သွားတယ်၊ ဒီအတွက် ပြစ်ဒဏ်ကတော့ ရာထူးက ထုတ်ပယ်ပစ်လိုက်တာပါပဲ။

သူ့လက်အောက်က တိုင်းမှူးပေါက်စတစ်ယောက်လည်း ဘုမသိဘမသိ ရောယောင်ပါသွားလေရဲ့၊ ပြောရရင် သမီးတော်တွေရာဇဝင်မှာ ထောက်ထားခြင်း၊ညှာတာခြင်း၊ သနားခြင်း၊ ကိုယ်ချင်းစာခြင်း လုံးဝမရှိဘူးဆိုတာပဲ၊ ဒါနဲ့ ပတ်သတ်ပြီး ပြောရရင် ၁၉၉၄ ခုနစ်မှာ သမီးတော်တွေ အင်္ဂလိပ်စာ သင်ချင်တယ်ဆိုလို့ နိုင်ငံခြားဘာသာသိပ္ပံက အင်္ဂလိပ်ကပြား ဆရာမကြီးတစ်ယောက်ကို တာဝန်ချလိုက်ပါတယ်။

သမီးတော်တွေ အိမ်တော်မှာ စာသွားသင်ဖို့ပါ၊ ဒီဆရာမကြီးခမျာ သူ့ရဲ့အပြင်မှာသင်နေတဲ့ အင်္ဂလိပ်စာသင်တန်းတွေပါဖျက်ပြီး ပိုက်ဆံတပြားတချပ်မှမရပဲ သွားသွားသင်ပေးရတယ်၊ အဲဒီလိုသင်ဖို့ ပထမဆုံးနေ့မှာပဲ သမီးတော်တွေက ဒီအိမ်မှာသင်ပေးရတယ်ဆိုပြီး ဘာအခွင့်အရေးမှ ရမယ်မထင်ပါနဲ့၊ ဒီအိမ်မှာ သင်ခွင့်ရတာကိုပဲ ဂုဏ်ယူပါလို့ စစချင်းဆောက်နဲ့ထွင်းပါတယ်၊ ဆရာမကြီးက စိတ်ဆိုးပေမယ့် ဘာတက်နိုင်မှာလဲဗျာ၊ နောက်ဆုံးတော့ စာသင်ရင်း မဟုတ်မခံဆရာမကြီးကို ဘာတွေ ဘဝင်မကျလည်း မသိပါဘူး၊ ထားဝယ်ကို ပြောင်းရွှေ့ခွင့် အမိန့်ထွက်လာပါတယ်၊ ဆရာမကြီးမှာ အသက်ကြီးမှ မိသားစုနဲ့ခွဲပြီး ထားဝယ်ကို သုံးနှစ်ရောက်သွားရလေရဲ့၊ ပြောရရင်တော့ သမီးတော်ရာဇဝင်ကတော့ မြန်မာနိုင်ငံရဲ့ တစ်ထောင့်တစ်ညပုံပြင်ပါဘဲဗျာ ---

လက်စောင်းထက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...