Sunday, August 3, 2014

နှစ်ထောင့်ရှစ်ဆယ့် လေး ။ ။ စတုတ္ထအသုတ်



အမုန်းဖော်ထုတ်ပွဲ၏ တဒင်္ဂမျှတာသော စက္ကန့်ပိုင်းတို့တွင် နင်တို့ မုန်းချင်တဲ့သူ ဘယ်သူကိုမဆို လိုလိုလားလား မုန်းလို့ရ ပါသည်။ ဘဘကြီးကို မုန်းသည်။ ဦးတာယုရွှေပယင်းကို မုန်းသည်။ စစ်အင်အား ကြီးမားတဲ့ ပြည်ပနိုင်ငံကြီးတွေ၊ လူမျိုးကြီးတွေရဲ့ ရန်အထပ်ထပ် ဝိုင်းရံခခံရလို့ ပိတ်ဆို့မွန်းကြပ်နေတဲ့ သဗုဒ္ဒရာဗမာပြည် ကလေးက ငါတို့လေးတွေ၏ ကျပ်တည်း စိတ်အခြေအနေ (Siege Mentality) ကို နားလည်လက်ခံမှု မရှိသူ ‘သစ္စာဖောက်ကောင်(မ)ကြီး’ ဘယ်သူမဆိုကို မုန်းသည်။ နောက်ကော ဘယ်သူ့ကို မုန်းစရာ ကျန်သေးလဲ။

ထိုင်ခုံနောက်က နှာခေါင်း နီရဲရဲလေး ပတ်လည်မှာ ညှင်းပျောက်ညိုကလေးတွေနဲ့ ကောင်မလေး သည် သူ့ပါးစောင်ကလေး နှစ်ဖက်ကို တဆုံး ဖြဲကားကာ အာပြဲအော်ဟစ် နေတုန်း။
ဥာဥ့်နက်သန်းခေါင် အိပ်မက်ဆိုးက လန့်နိုးလာသူတစ်ဦးသည် ခေါင်းအုံးမှ ခေါင်းကို အလန့်တကြား ဆွဲခွာလိုက်သလို ကိုကျောက်ညိုသည် သူ့ အမုန်းတို့ကို မှန်သားပြင်ပေါ်က ဦးရွှေပယင်း ဒါမှမဟုတ်လည်း ‘မယုံကြည်သူ’ သစ္စာဖောက် ကောင်(မ)ကြီး တကောင်ကောင်ဆီက လမ်းလွှဲပစ်လိုက်ကာ ကောင်မအာပြဲကလေး အပေါ်သို့ ပုံချပစ်လိုက်သည်။ လျှမ်းလျှမ်းလှပ ရက်စက်လှသော မကောင်းဆိုးဝါး အတွေးတို့ သူ့ အာရုံထဲတွင် ပေါ်လာသည်။ ကောင်မကလေးကို ပုလိပ်ကိုင် ရာဘာတုတ်ဆစ်ဖြင့် သေအောင် ရိုက်ပစ်ချင်သည်။ ဆင်းရဲသား ရပ်ကွက်ထဲက သူ ခိုးဝယ်လာခဲ့တဲ့ ရှေးဟောင်း’ကျမ်း’က ဇာတ်လမ်းမှာ ပါသော နွားသိုးရူးကြီးသဖွယ် စိတ်ဆိုးနေသည့် ဥတေနဘုရင်ကြီး က မေတ္တာရှင် သာမာဝတီ မိဖုရားကို မြှားတွေ တစင်းပြီး တစင်း ဒိန်းဒေါင်း ချိန်ပစ်နေသလို ပစ်ကြည့်စမ်းချင်သည်။ ကလေးမကို မုဒိမ်းကျင့်ပြီး ကောင်မလေး ‘တက်’လာချိန်တွင် လည်ပင်းကို လှီးပစ်လိုက်ချင်သည်။

မိန်းကလေးကို ဘာလို့ သူမုန်းတီးစက်ဆုပ်နေခဲ့သလဲ ဆိုတာ ကိုကျောက်ညို အရင်ကထက် ပိုပြီး နားလည်လာသည်။ မုန်းသည်..မိန်းကလေးရေ..နင့်ကို၊ နင်ဟာ ငယ်မှငယ်..ချောမှချော..ဒါပေမယ့် လိင်မဲ့။ သဉ္ဓာလီ မွေ့ရာနန်းမှာ…ခွေ့ကာစမ်းကာ…နင့်ကိုဖက်လို…ငါ အိပ်ချင်စမ်းပေမယ် ရယ်လို့ ဘယ်လိုမှ အခွင့်အရေး မရှိ။ နင် မိန်းကလေး၏ ချိုမြိန်နွဲ့နှောင်းတဲ့ ခါးကလေးဟာ ငါ့လက်ကြမ်းမွကြီးတွေနဲ့ ဆွဲကပ် သိုင်းဖက်ထားလိုက်ပါလို့ ပြောနေသယောင် ။ ဒါပေမယ့် ရူတင့်မဆုံးအောင် နွဲ့ကျင်တဲ့ ခါးယဉ်ကလေးမှာ ဝိုင်းရံပတ်ထားတာက ပျို့အံလောက်အောင် ရွံစရာကောင်းလှတဲ့ မအေပေး ရွာမဘုန်းကြီးဆိုးရဲ့  ပရိတ် ခါးသိုင်းကြိုး၊ လူတကာပေါ်မှာ မောက်မာခက်ထန်ပြတဲ့ ဗြဟ္မစရိယ သင်္ကေတ။

          အမုန်းပွဲသည် ရေချိန်ထိပ်ဆုံး ရောက်လာခဲ့ပြီ။ ကျက်သရေ မရှိတဲ့ ဦးရွှေပယင်း ရဲ့  အသံဟာ ဆိတ်သိုးမြည်သံနဲ့ တူသည်ထက် တူလာပြီး နောက်ဆုံးမှာ ၄င်း၏ မျက်နှာဟာ ဆိတ်သိုးကြီးတစ်ကောင်ရဲ့  မျက်နှာအဖြစ် ပြောင်းလဲသွားပါတော့တယ်။ တဖန် အဲသည် ဆိတ်သိုးကြီးမျက်နှာဟာ အရေးကြောင်းတွေ လိမ့်လိမ့်နဲ့ ပတ်ကြားတက်လာကာ အက်ကွဲပြိုကျသွားပြီး ဥရောရှား စစ်သားကောင်ကြီး တစ်ကောင်ဟာ မားမားနဲ့ ချီတက်လာတာကို တွေ့ရပါတယ်။ စစ်သားကောင်ကြီးဟာ လူကောင်ကြီးသလို ကြောက်စရာ အလွန်ကောင်း၊ ၄င်းကိုင်ထားတဲ့ စက်သေနတ်နဲ့ တဒိုင်းဒိုင်း…တဒက်ဒက် တရစပ် ပစ်ပက်ထည့်နေသည်။ သည်ကောင်ကြီးဟာ သူ့ရဲ့ ပါးစပ်ကြီးကို သံကုန်ဖြဲကာ  တီဗွီမှန်သားပြင်ထဲကနေ အပြင်ကို ဖောက်ထွက်ပစ်လာတော့မယ့် အလား ခုန်ပျံချလာရာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ လူတွေဟာ ကြောက်စိတ်တွေ ထိုးတက်လာကြပြီး ခုံတန်းတွေမှာ အတုံးအရုံး ပက်လက်လန်ကုန် ကြလေသည်။

          ဒါပေမယ့်လည်းလေ၊ အဲသည် အချိန်မှာကိုပဲ ပူပန်စိုးရွံ့နေမှု အပေါင်းကနေ လွတ်မြောက်သက်သာခွင့်ရသွားတဲ့ သက်ပြင်းဆွဲချသံကြီးဟာ အခန်းထဲရှိ လူအားလုံးဆီကနေ ထွက်ပေါ်လာပါသည်။ ရိုင်းစိုင်းကြမ်းကြုတ်လှတဲ့ ဥရောရှား စစ်သားကောင်ကြီးရဲ့  မျက်နှာဟာ အရည်ပျော်ကျကာ လွင့်ပျောက်သွားပြီး မျိုးစောင့်ဘဘကြီးရဲ့  မျက်နှာဝင်းပ ချမ်းမြမြဟာ ဖန်သားပြင်ပေါ်မှာ ကြွားကြွားဝံ့ဝံ့ ပေါ်ထွက်လာခဲ့သည်။ ဆံပင်နက်နက်၊ နူတ်ခမ်းမွေးမည်းမည်း၊ သြဇာပြည့်ဝသလို ရုန့်ရင်းတည်ငြိမ်သော မျက်နှာကြီးဟာ ပြန့်ကျဲကြီးမားလိုက်သဟာဖြင့် ပိတ်ကားတစ်ခုလုံး နီးပါး မျက်ခွက်ကြီးနဲ့ ပြည့်နှက်နေပါတော့သည်။ မျိုးစောင့်ဘဘကြီးဟာ တိုးတိုးတိုးတိုးနဲ့ ဘာတွေ ရေရွတ်နေမှန်း မသိပါဘူး။ ကြည့်ရတာ အားပေးနှစ်သိမ့်စကား အနည်းငယ်ပြောကြားနေပုံ ရပါသည်။ စစ်ပွဲကြီးတစ်ခုရဲ့  ဗလောင်ဆူညံနေတဲ့ သေနတ်သံ ဗုံးဆံသံတွေကြားမှာ ထောင်းထောင်းညက်ကျေနေတဲ့ ဒုက္ခသည်တို့အား တရားသောစစ်ကို တန်ပြန်ဆင်နွဲနေတဲ့ ဗိုလ်ချုပ်ကြီးက နှစ်သိမ့်အားပေး စကား အနည်းငယ်မျှ ပြောကြားပေးနေ သလိုပေါ့။ ဘဘကြီး ဘာတွေ ပြောနေသလဲ၊ သဲသဲကွဲကွဲတော့ မကြားရပါ၊ ဒါပေမယ့် တို့များ ဒုက္ခသည်တွေရဲ့  ငယ်ခဲ့ရတဲ့ စိတ်အားတွေ ပြန်လည် တက်ကြွရှင်သန်လာနိုင်ခဲ့ပါသည်။
         
          သည့်နောက်မှာ မျိုးစောင့်ဘဘကြီး ရဲ့  မျက်နှာဟာ မှိန်ကျပျောက်ကွယ်သွားပြီး ပိတ်ကားဟာ ဖြူဖြူလင်းလင်းကြီး ဖြစ်သွားကာ အဲသည်မှာ တက်လာတာကတော့ စာလုံးမည်းကြီးတွေနဲ့ ထိုးထားတဲ့ ပါတီရဲ့  ဆောင်ပုဒ်သုံးခုပါပဲ။

တိုင်းရင်းသားအားလုံးငြိမ်းချမ်းရေးကို စစ်ဘီလူးစောင့်သည်။ War is Peace

လွတ်မြောက်ငံ့လင့်လူသားတိုင်း မျိုးဆက်ကျွန်အဖြစ် သဘာဝအလျောက်ခံယူသည်။ Freedom is slavery

တိုင်းပြည်ခွန်အားသည် နိုင်ငံတော်လမ်းပြအသိ ဖြစ်ပြီး ကျန်မကောင်းအသိအားလုံးကို ငါတို့ ပစ်ပယ်သည်။ Ignorance is strength

          စက္ကန့်အတော်များများ လွန်မြောက်သွားသည့်တိုင်အောင် လူအားလုံးရဲ့  အမြင်အာရုံထဲမှာ မျိုးစောင့်ဘဘကြီးရဲ့  ပုံရိပ်ဟာ စွဲထင်ကျန်ရစ်နေခဲ့ပါတယ်။ သဲဖြူရောင်ဆံပင်နဲ့ အမကြီးဟာ ခုံကို ကျောမှီကပ်ထားရာကနေ ထရပ်လိုက်ပြီး သူ့လက်အစုံကို ရှေ့ထုတ် ကြက်ခြေခတ်ပုံစံနဲ့ ခေါင်းပေါ်မြှောက်တင်လိုက်ကာ ပိတ်ကားရှိရာဆီသို့ ဆန့်တန်းလိုက်ပါသည်။ သူမ၏ စိတ်ကို လျှော့ချလိုက်တာနဲ့အတူ ထွက်ပေါ်လာတဲ့ တီးတိုးရေရွတ်သံ၊ ‘ကယ်တင်ရှင် အဘရေ’ လို့ မသဲဖြူဟာ ဆုတောင်းရေရွတ်နေပုံ ရပါတယ်။ သည့်နောက် မသဲဖြူဟာ သူ့ခေါင်းကလေးကို ဆန့်တန်းထားတဲ့ လက်အစုံထဲ ပစ်မြုပ်ထည့်လိုက်ပေသည်။ ဘုရားကို ဝတ်ဖြည့်လို့ရယ် တော်ပါပေ့တယ် …သဲဖြူလေး ခင်ရယ်…ဒါပေမယ့် ကယ်တင်ရှင်ကို အာရုံပြုကာ ငြိမ်ကျသွားတဲ့ မသဲဖြူ သူ့ လက်ချောင်းကြီးတွေကို ခေါင်းပေါ်မှာယှက်လို့ သူ့မျက်လုံးကြီးတွေက ပြူးထွက်လို့။

          ထိုအခါတွင် လူအုပ်ကြီး တဖွဲ့လုံးဟာ သိမ်ဝင်အက်ကွဲစွာဖြင့်… ဖြည်းဖြည်းချင်း… နရီစည်းချက်လိုက်ကာ သံပြိုင် အသံပြုကြသည်မှာ ‘ဘ-ဘ!...ဘ-ဘ!’ … တခေါက်ပြီးတခေါက်၊ အလွန် နှေးကွေးစွာဖြင့်၊ ပထမ ‘ဘ’ တလုံး ကို ရွတ်ပြီးရင် အကြာကြီး ရပ်လို့ ပြီးမှ ဒုတိယ ‘ဘ’ တလုံးကို — တလုံးချင်း တုန်ဟီးလေးလံ…တိုးညှင်းစွာ…တနည်းတဖုံအားဖြင့် စိမ်းကားနာကျင်စွာ။ နောက်ခံဂီတဟာ ခြေဗလာတွေ ဖနောင့် တအားဆောင့်လို့ ဒုန်းနင်းသွားသံ၊ ဗုံတုတ်ကလေးတွေရဲ့ မျက်နှာပြင်မှာ လက်ဗလာတွေ ရွပြေးလို့ ခေါက်နေသံတွေ…၄င်းသံတို့ အကြားမှာ။
         
စက္ကန့်သုံးဆယ်ခန့်ထိ လူအုပ်ဟာ ပိတ်ကားရှိရာ လက်တွေမြှောက်ယှက် သက်သာငြိမ်းချမ်း သွားသော “လုံးစည်း” ခံစားမှုကို ဆွဲဆန့်ထားကြပါသည်။ တနည်းတော့လည်း မျိုးစောင့်ဘဘကြီး ရဲ့  ဘုန်းကံသမ္ဘာ နဲ့ ပညာပါရမီကို ဧယဉ် တူပြိုင်ကျုးနေကြခြင်း။ တကယ်မှာတော့ ကိုယ့်ကိုကိုယ် အိပ်မွေ့ချ …ဘဝကို မေ့ပစ်လိုက်ကြခြင်း။

ကျောက်ညိုရဲ့  အူအသည်းတွေဟာ ဌက်ဖျားထသလို ဟီးဟီး တုန်ချမ်းလာပါသည်။ နှစ်မိနစ်အမုန်းပွဲက အများနှင့် ထပ်တူထပ်မျှ အရက်ဆိပ်သင့် ရူးသွပ်မေ့မျောသွားတဲ့ ဝေဒနာကို နာကျင်သက်စွာ ဝေမျှခံစားရမှုကို သူမရှောင်ရှားနိုင်ခဲ့ ၊ သည့်ထက် လူလို့မှမပြည့်တဲ့ လူနှစ်ပိုင်းတခြမ်းအဖြစ်နဲ့ ‘ဘ-ဘ!...ဘ-ဘ!’ ကို ခေါ်တမ်းတရသော အခါတိုင်းမှာ ကျောက်ညိုဟာ သူ့မှာ ပျို့အန်ရွံရှာစိတ်တွေ ဖုံးလွှမ်းလာခဲ့ရပါသည်။ ကျန်လူတွေ နဲ့အတူ တပြေးညီ သူလိုက်လုပ်တာကတော့ မှန်ပါရဲ့။ ဒါမျိုး လိုက်မလုပ်ဘဲ နေလို့လဲ ရတာမှ မဟုတ်တာ။ နင့်ကိုနင် ခံစားမှုတွေ မပေါ်လွင်အောင် ရုပ်ဖျက်၊ မျက်နှာ အမူအရာကို ထိန်းချုပ်၊ ဘယ်သူတွေ ဘာပဲလုပ်လုပ် နင်အကုန်လိုက်လုပ်၊ ဒါကိုက ရူပ်ထွေးတဲ့ အဆင့်မြင့်သက်ရှိသတ္တဝါ တကောင်ဟာ ပတ်ဝန်းကျင်၏ စေ့ဆော်မှုကို အလိုအလျောက် တုံ့ပြန်နိုင်တဲ့ အခြေခံသဘာဝ။

သည်လို ဖြစ်ပေမယ့်လည်း ၄င်းစက္ကန့်ကလေး အနည်းငယ်အတွင်းမှာ ကိုကျောက်ညိုဟာ သတိလွတ်သွားခဲ့ပါသည်။ တဒင်္ဂ — လူလို့မပြည့်နိုင်တဲ့ လူမည်ကာ မတ္တဘဝကို သတိသွားရမိတဲ့ စက္ကန့်ပိုင်း တဒင်္ဂကလေး— အဲသည် စက္ကန့်ပိုင်းကလေးမှာမှ တိုက်တိုက်ဆိုင်ဆိုင်။ သွားပြီးဆုံလိုက်မိတာက ဦးထင်ဂီရိရဲ့  မျက်လုံးတစုံ။ ဦးထင်ဂီရိဟာ သူ့ထုံးစံအတိုင်း နှာခေါင်းပေါ်မှာ သူ့မျက်မှန်ဝိုင်းကလေးတွေကို ပြန်နေရာချလိုက်တုန်း တခဏတာ အချိန်မှာ သူတို့ နှစ်ဦးသား မျက်လုံးချင်း သွားဆုံမိလေသည်။ အဲသည် အချိန်ပိုင်းကလေး အတွင်းမှာ ကိုကျောက်ညို သိလိုက်တာက — ဟုတ်ပြီ၊ ဒီလူ ငါ့ကိုသိသည် — ဦးထင်ဂီရိဟာ သူစဉ်းစားတဲ့အတိုင်း တထပ်တည်း စဉ်းစားနေသည်၊ ငါတို့ နှစ်ဦးကြား ဘယ်လိုမှ မမှားနိုင်တဲ့ ကြော်ငြာချက်။

သူတို့ နှစ်ဦး၏ စိတ်တွေဟာ တံခါးချပ်တွေ ဟင်းလင်းဖွင့်လို့ တဦးနဲ့ တဦး အတွေးအာရုံတွေကို မျက်လုံးများမှ တဆင့် အသံတိတ်ရထားနှင့် သယ်ဆောင်ပေးပို့နိုင်လိုက်သည်။ ‘ကျောက်ညိုရေ၊ ငါ မင်းနဲ့ အတူရှိနေတယ်နော်’ လို့ ဦးထင်ဂီရိဟာ လှမ်းပြောနေပုံ ရသည်။ ‘မင်းဘာတွေ ခံစားနေရသလဲ ဆိုတာကို ငါသိတယ်၊ မင်းရဲ့  ခါးသီးမှု၊ စက်ဆုပ်မှု၊ ရွံရှာမှုတွေ အားလုံး ငါသိထားပါတယ်။ စိတ်မပူသွားပါနဲ့ ၊ ငါက မင်းဘက်က လူရယ်ပါ!’ ။ အဲသလို သိလိုက်တဲ့ ဥာဏ်မီးပွင့်ကလေး ကျောက်ညိုရဲ့  အာရုံမှာ ဖျတ်ကလေး လင်းလက်သွားပြီး နောက်မှာတော့ ဦးထင်ဂီရိရဲ့ မျက်နှာဟာ အများသူငါလိုပဲ ဖောက်ထွင်းအကဲခတ်လို့ မရတဲ့ မျက်နှာတည်ကြီးအဖြစ် ပြန်ပြောင်းသွားလေသည်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ဒါဟာ တကယ်ဖြစ်ခဲ့တာလားဆိုတာ ကျောက်ညို မသေချာတော့ပါ။ သည်လို အမှတ်မထင် ကိစ္စတွေဟာ အကောင်အထည် တကယ်ပေါ်လာတယ်ရယ်လို့ မရှိတတ်ပါဘူး။ ဒါမျိုး ခံစားမှုတွေ သူ့မှာ ဘာလို့ ပေါ်ထွန်းလာတတ်မှန်း သူ မဝေခွဲနိုင်ပေမယ့် သူ့ ဘေးနားဝန်းကျင်က တခြား ပါတီဝင်တွေအားလုံးဟာ ပါတီကို ပုန်ကန်ဖို့ တိုးတိုးတိတ်တိတ် လှုပ်ရှားနေကြတယ် ဆိုတဲ့ မျှော်လင့်ချက်ကလေးက ကိုကျောက်ညိုအတွက် နောက်ဆုံး မျှော်လင့်ချက်ပါ။ [မှတ်ချက်။ ။ ကြံ့ဖွံ့ပါတီကနေ သဘောထားကွဲလွဲသူဆိုတဲ့ တော်လှန်ရေးသူရဲကောင်းတွေ ပေါ်လာတိုင်း ပရိသတ်ကြီး လွယ်လွယ်နဲ့တော့ မယုံပါနဲ့]

နေရာတိုင်းမှာ စွယ်စုံ မြေအောက် လျှို့ဝှက်တော်လှန်ရေး အကြံအစည်တွေ ရှိနေတယ် ဆိုတဲ့ ကောလာဟလဟာ မှန်ရင်လည်း မှန်နေပါလိမ့် ― ‘လူသားအားလုံး ညီရင်းအစ်ကိုများ သမဂ္ဂကြီး’ ဟာ အမှန်တကယ် တည်ရှိနေတယ်ဆိုတာ ဟုတ်ရင်လည်း ဟုတ်နေပါလိမ့်။ သည်လောက်တောင် အတောမသတ်နို်င်တဲ့ ဖမ်းဆီးမှုတွေ၊ ခံဝန်ဖြောင့်ချက်ပေးမှုတွေ၊ ပြစ်ဒဏ်စီရင်မှုတွေ ရှိနေပါလျက်နဲ့ ‘ညီရင်းအကိုများ’  သမဂ္ဂ လူဆိုးဂိုဏ်းကြီးဟာ ယုံတမ်းသက်သက် ဟုတ်မဟုတ်ဆိုတဲ့ ကိစ္စဆိုတာဟာ သူ့အတွက် မသေချာနိုင်ခဲ့သေးပါ။ တချို့ရက်တွေမှာ ယုံကြည်ချင်တယ်ဆို ဒါကို ယုံပစ်လိုက်၊ တချို့ရက်တွေမှာတော့ မယုံရေးချ မယုံရင်လဲ မယုံနဲ့။ တော်လှန်ရေးဆိုတာဟာ ဘယ်ဟာကမှ သက်သေ အထောက်အထား တခု ခိုင်ခိုင်မာမာ ဟူ၍ ဘယ်တုန်းကမှ မရှိ။

ခုမြင်ခုပျောက်သွားတဲ့ ညပွဲခင်းကလေးမှာ ထွန်းတဲ့ မီးခွက်စွန်းက ယှက်ဖြာပုံရိပ်…လှုပ်လှုပ်လွန့်လွန့် ရုပ်သေးရုပ်တွေရဲ့  လေးတွဲ့တွဲ့ သဏ္ဍန်တွေလို၊ ပုံရိပ် တစ်ခုဟုတ်ရင်ဟုတ်…ဘာမှမဟုတ်ရင်လည်း မဟုတ်။ နားစွန်နားဖျား ကြားရတဲ့ စကားပြောသံတွေ…အိမ်သာနံရံတွေမှာ မှိန်ပျပျ ခြစ်ဆွဲထားတဲ့ လှုံ့ဆော်စာတွေ …တစိမ်းနှစ်ယောက် ပန်းခြံဒေါင့် ဆုံမိတယ်ဟေ့ ဆိုရင် လက်ချောင်းကလေး နှစ်ချောင်း မသိမသာ ထောင်ပြတာဟာ တိုးတိုးတိတ်တိတ် အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောလေလား။ ဒါတွေ အကုန်လုံး သူ့ရဲ့  စိတ်ကူးမှန်းဆမှု သက်သက်ပေလား။ သေချာနိုင်တာကတော့ သူဟာ အရာရာကို…တမျိုးပြီးတမျိုး စိတ်ကူးနေခဲ့မိတာပါ။

ဦးထင်ဂီရိကို ဆက်လက်ကြည့်မနေတော့ဘဲ ကျောက်ညိုဟာ သူ့ ရုံးပေါင်းမိုးခန်းကလေးထဲ ရှိရာ ပြန်လာခဲ့သည်။ ဤပုဂ္ဂိုလ်နှင့် တဒင်္ဂမျှ အကြည့်ချင်းဆုံခဲ့သည့် အဖြစ်ဟာ သူ့စိတ်ထဲမှာ ထပ်ပြီး ပေါ်ပေါက်လာဖို့လည်း ခဲယဉ်းပါသည်။ တော်လှန်ရေး ဆိုတာ စိတ်ထဲမှာ ကြံစည်မိပြီ ဆိုရင်တောင် အန္တရယ် ရှိတဲ့ ကိစ္စမျိုးပဲလေ။ တစက္ကန့်…နှစ်စက္ကန့်မျှ ဖြစ်ပျက်ခဲ့သော မသဲမကွဲ အကြည့်ချင်းဖလှယ်မှု၊ ပုံပြင်လေးက သည်မျှနှင့်တင် သည်ဘဝမှာ နိဂုံးချုပ်လိုက်စမ်းပါ။ သို့ပေသော်လည်း တိုက်ပိတ်သော့ခတ်ခံထားရတဲ့ အထီးကျန် အကျဉ်းသမား ဘဝတစ်ခုအတွက်တော့ သည်တဒင်္ဂဟာ အမှတ်ရဖွယ် အကောင်းဆုံး အဖြစ်အပျက်ကလေး တစ်ခုရယ်ပါ။

ကိုကျောက်ညိုသည် ငူငိုင် စဉ်းစားနေခဲ့ရာမှ ဝန်းကျင်ကို အသက်ပြန်ဝင်လာခဲ့သည်။ ကျို့တစ်ချက်သည် အင့်ကနဲ ရင်ဘတ်ထဲက ထိုးထွက်သွားသည်။ တရုတ် ဆန်အရက်သည် ဗိုက်ထဲမှာ အစွမ်းပြနေပြီ ဖြစ်၏။

သူ့မျက်လုံးတို့သည် ဖွင့်လက်စ ဒိုင်ယာရီ စာရွက်ပေါ်ကို ပြန်ဝှေ့ဝဲသွားခဲ့သည်။ ဒိုင်ယာရီ ရေးနေတုန်းမှာ သူဟာ တောက်လျှောက်ကို အတွေးရေယဉ်ကြောမှာ မျှောနေခဲ့တာပါလား။ တမင်ရယ်လို့လည်း မဟုတ်၊ အလိုအလျောက်သာပင် (spontaneous impulse) အဲသလိုပဲ မျှောပါနေလေ့ ရှိပါသည်။ သူ သတိပြုလိုက်မိသည်မှာ မျှောလွင့်နေစဉ် အလိုအလျောက်သာပင် စာလုံးတွေကို ဒိုင်ယာရီ စာရွက်ပေါ်မှာ သူဟာ ချရေးနေခဲ့တာ ပါလား။

ဘဘကြီးနဲ့ ဝေးရပါလို၏
မျိုးစောင့် ဘဘကြီးနဲ့ ဝေးရပါလို၏
ဘဘကြီးနဲ့ ဝေးရပါလို၏
မျိုးစောင့် ဘဘကြီးနဲ့ ဝေးရပါလို၏

တကြောင်းပြီးတကြောင်း အလျင်မပြတ်။ စာမျက်နှာ ထက်ဝက်ခန့်  ဤစာကြောင်းတွေ ငါ ချရေးနေခဲ့တာပဲ။

ဒါမျိုးလုပ်မိတိုင်း သူ့အဖို့ ထိုးနှက်နာကျင်စွာ မခံစားရလိုက် ရတာရယ်လို့ မရှိခဲ့ပါ။ နာကျင်ထိုးနှက်နေလို့လည်း ဘာအဓိပ္ဗာယ်မှ မရှိ။ ဘာလို့လဲဆို  ဤစာကြောင်းတွေ ချရေးမိခြင်း အတွက် ကျခံရမယ့် ပြစ်ဒဏ်ဟာ ဒိုင်ယာရီစာအုပ်ကို သူ စဖွင့်လိုက်ကတည်းက ကျခံရမယ့် ပြစ်ဒဏ်နဲ့ ဘာမှလည်း ကွာမှာမဟုတ်။ ဒါပေမယ့်လည်းလေ…သူဟာ…တချိန်ချိန်…တခါခါတွင်… နွမ်းကြေနေပြီ ဖြစ်တဲ့ ဒိုင်ယာရီစာရွက်တွေကို ဆွဲစုတ်ပြီး လက်ရှိ လုပ်ရပ်တစ်ခုလုံးကို စွန့်လွှတ်ပစ်လိုက်ချင်လာ ပါသည်။

သို့ပေမယ့် သည်လို သူ တကယ် မလုပ်ဖြစ်ခဲ့ပါဘူး။ လုပ်လို့လည်း ဘာမှ ထူးသွားလိမ့်မှာ မဟုတ်ပါ။ ‘မျိုးစောင့် ဘဘကြီးနဲ့ ဝေးရပါလို၏’ ပေါက်ကွဲစွာနဲ့ ရေးသားနေတာပဲ ဖြစ်ဖြစ်၊ သည်ပေါက်ကွဲမှုကို မဖော်ထုတ်ဘဲ ရှောင်ကြဉ်နိုင်သည်ပဲ ဖြစ်ဖြစ် ဘာမှ မထူးပါဘူး။ ဒိုင်ယာရီကို ဆက်ရေးနေတာပဲ ဖြစ်ဖြစ်၊ ဒိုင်ယာရီ ရေးတဲ့အလုပ်ကို ဆက်မလုပ်တော့ဘဲ ရပ်တန့်လိုက်တာပဲ ဖြစ်ဖြစ် အဆုံးသတ် ဖြစ်ပျက်လာမယ့် ကိစ္စကတော့ ဘာမှ ကွာခြားလိမ့်မှာ မဟုတ်ပါ။ မျိုးစောင့်ဒဿနစောင့် ရဲဟာ သူ့ကို နောက်ဆုံး လာကုပ်မှာကတော့ အတူတူ ပါပဲ။ ငါဟာ ― မျိုးမစောင့်တဲ့ ရာဇဝတ်မှုကို ကျုးလွန်ခဲ့ပြီး ဖြစ်သလို ― ဆက်လက်ပြီးတော့လည်း ကျုးလွန်နေဆဲ ၊ တကယ်တော့ ဖောင်တိန်ကညစ်ဟာ မည်သည့် စာရွက်တရွက် ပေါ်တွင်သို့ တကြီမ်တခါမှရယ်လို့ မကျရောက်ဖူးခင် အချိန်ကပင်လျှင် အစဉ်ပင် ကျုးလွန်ခဲ့ပြီးသား ဖြစ်တဲ့ ငါ့အပြစ်။

‘မျိုးဖျက်အတွေးအခေါ် ရာဇဝတ်မှု’  သည်လိုပဲ သူတို့ ခေါ်ကြသည်။ မျိုးမစောင့်တဲ့ အတွေးအခေါ် ဟာ ရာဇဝတ်လေ၊ သည်ရာဇဝတ်မျိုးကို နင် ဖုံးကွယ်ဖျောက်ဖျက်ထားလို့ မရပါဘူး။ အချိန်အတိုင်းအတာ တစုံတခုထိတော့ နင် ရှောင်ကြဉ်ကောင်း ရှောင်ကြဉ်နိုင်ပါလိမ့်မယ်၊ နှစ်ပေါင်းများစွာ တိုင်အောင်လည်း နင် ကွယ်ဝှက်ထားနိုင်ကောင်း ကွယ်ဝှက်ထားနိုင်ပါလိမ့်မယ်။ ဒါပေမယ်လို့ တချိန်မဟုတ် တချိန်ချိန်  အတွေးအခေါ်ဖောက်ပြန်သူ၊ သစ္စာဖောက်လောက်ကောင် နင်ဆိုတဲ့ ကျောက်ညိုဟာ ရာဇတ်ဘေးက ပြေးလို့ လွတ်ရိုးလား။

….အခန်း (၂) ဆက်ပါမည်…

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...