Thursday, August 21, 2014

ဘုရင်ငို (ဆူးငှက်)

” …ဒီနေရာကြုံတုန်း ပြောပါဦးမယ်။ နှစ်စဉ်ကျင်းပတဲ့ “ ဆို၊ က၊ ရေး၊ တီး ” ပြိုင်ပွဲတွေမှာ ဇာတ်တော်ကြီးတွေပါတော့ အဲဒီဇာတ်တော်ကြီးတွေကို တီဗွီကပြန်လွှင့်တဲ့အခါ ဇာတ်ပို့ဆိုင်းရဲ့တီးလုံးကို ဖြတ်တောက်ပစ် လိုက်တာက အဆိုးဆုံးပါပဲ။ သမားစဉ်အရအသံကုန်အထိ “တျာတျေတျော” သပ်ကာတီးမှ ပြည့်စုံ တာကို အလွယ်တကူဖြတ်ပစ်လိုက်တာဟာ “သဘင်မှုအနုပညာ” ကိုစော်ကားခြင်းတမျိုးပါပဲ။ ဘယ် သူမှလည်း ဒါကိုမလုပ်ရဘူး၊ .”

မြန်မာ့ဇာတ်သဘင်မှာ နောက်ပိုင်းဇာတ်တော်ကြီးတွေက အခရာ ကျလှပါသတဲ့

ဒီနောက်ပိုင်းဇာတ်တော်ကြီးတွေမှာလည်း “ အဆို၊ ပြော၊ အငို” တွေက ပညာသားတွေ ဖြစ်တယ်လို့ လည်း ဆိုတယ်။ ပါဠိ၊ ပါဋ်သားအပါအ၀င် ရှေးစာ၊ လင်္ကာတွေနဲ့တန်ဆာဆင်ထားတဲ့ အဆိုတွေ၊ အပြောတွေဟာ ပရိသတ်ကို စွဲဆောင်နိုင်ပြီး ဇာတ်ခုံကြီးတခုလုံး တောကြီးမြိုင်ကြီး ဖြစ်သွား သလို၊ ပင်လယ် သမုဒ္ဒရာကြီးလည်း ဖြစ် သွားနိုင်တာပါပဲ။ အလားတူပါပဲ ပြာသာဒ်အဆောင်ဆောင် ဖြစ်နိုင်သလို ၀ါးတလုံး ကြမ်းတခင်းနဲ့ တဲလေးတတဲလည်း ဖြစ်နိုင် ပါတယ်။


အလားတူပါပဲဒီ “ အဆို၊ အပြော၊အငို” တွေကြောင့် ပျော်ရွှင်ကြည်နူး ရသလို ဒေါသအမျက် ချောင်းချောင်း လည်း ထွက်ကြရတယ်။ တ၀ါးဝါး တဟားဟားရယ်မောရသလိုပဲ မျက်ရည်တွေတွေစီးပြီး ငိုပွဲဆင်ရတာ လည်း ရှိပါတယ်။

ဒီလိုရသမြောက်စေဖို့အတွက် “အဆို၊ ပြော၊ အငို” တွေမှာသူ့နေရာနဲ့သူ၊ သူ့စည်း၊ သူ့ကမ်း၊ သူ့စံနစ်၊ သူ့ ဇယားနဲ့ ရှိသတဲ့။ ဇာတ်ပွဲတွေကိုငယ်ငယ်က ကြည့်ဖြစ်တော့ မင်းသားကဆံပင်ဖားလျားချ၊ တောင်ရှည်ကို လည်း ဇာတ်ကောင်စရိုက်လိုက်ပြီး အဆင် အရောင်အသွေး ရွေးချယ်ဝတ်…၊ ရင်ဘတ်ထု ငိုတာပါပဲ လို့ ခပ်ပေါ့ပေါ့ တွက်မိပါတယ်။ နောက်တော့ လူကြီးသူမတွေပြောတာဆိုတာ…၊ စာထဲပေထဲ ဖတ်ရ ရှုရ တာတွေကြောင့် ငို၊ ငို… နဲ့ လွယ်လွယ်ငိုလို့မရမှန်း သိလာတော့တယ်။

ပြောငိုတဲ့၊ အအေးငိုတဲ့၊ အပူငိုတဲ့။ ဒီထဲမှာကို ဒွေးချိုးငိုတဲ့၊ လေးချိုးငိုတဲ့၊ တေးထပ်ငိုတဲ့၊ မျက်ရည်ခံ ငို ချင်းတိုတဲ့၊ မျက်ရည်ခံငိုချင်းရှည် တဲ့၊ သံချိုငို တဲ့။ ငယ်ငယ်ကဇာတ်ပွဲကြည့်တော့ ငိုချင်းဆိုလည်း ဒီလိုပဲ ငိုလိုက်တာပဲလို့ အပေါ်ယံသိသလို ငိုချင်းဆိုင်းဆိုရင်လည်း “ဗျောင်နောင်ပူနောင်၊ ဗျောင် နောင် ပူနောင်” ဆိုပြီး တမျိုးတည်းပဲ ထင်ခဲ့တာကိုး။ ဘယ်ဟုတ်မလဲ…၊ ပြောငိုဆို အပိတ်ဆိုင်းက ဘယ်ကလို၊ ဒွေးချိုးလေးချိုး ဆိုဘယ်လို၊ တေးထပ်ဆိုဘယ်လို… စသည်ဖြင့် သူ့နေရာနဲ့သူ၊ သူ့စည်း သူ့ကမ်းနဲ့ ရှိပြီးသားတဲ့။

ငိုချင်းဆိုင်းမှာကို “သမားစဉ်”ကုန်အောင် တီးကြရသတဲ့။ ဒီနေရာကြုံတုန်း ပြောပါဦးမယ်။ နှစ်စဉ်ကျင်းပတဲ့ “ ဆို၊ က၊ ရေး၊ တီး ” ပြိုင်ပွဲတွေမှာ ဇာတ်တော်ကြီးတွေပါတော့ အဲဒီဇာတ်တော်ကြီးတွေကို တီဗွီကပြန်လွှင့်တဲ့ အခါ ဇာတ်ပို့ဆိုင်းရဲ့ တီးလုံးကို ဖြတ်တောက်ပစ် လိုက်တာက အဆိုးဆုံးပါပဲ။ သမားစဉ်အရအသံကုန်အထိ “တျာတျေတျော” သပ်ကာတီးမှ ပြည့်စုံ တာကို အလွယ်တကူဖြတ်ပစ်လိုက်တာဟာ “သဘင်မှုအနုပညာ” ကိုစော်ကားခြင်းတမျိုးပါပဲ။ ဘယ် သူမှလည်း ဒါကိုမလုပ်ရဘူး၊ မလုပ်အပ်ဘူးလို့ တားတာဆီးတာမရှိတာက လည်း အံ့သြစရာပါပဲ။ ကဲ… ထားပါတော့။

ပြောငိုမှာတော့ ဥပမာပြရရင် ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓ၀င်တောထွက်ခန်းမှာ သားတော်သိဒ္ဓတ္ထ မင်းသား တောထွက်သွားလို့ ယသော်ဓယာကပူဆွေးပြီး ငိုကြွေး တိုင်တန်းတော့ ဖခင်သုဒ္ဓေါဓန မင်းကြီးက-
“မကောင်းပါဘူးမင်းကြီး၊ ဖအေက ၀ါးလုံးဆိုရင် သူက၀ါးခြမ်း၊ ဖအေကဖြူရင် သူကမဲ၊ လူတကာထဲ အရှက်ရအောင် တချက်ကမှ ငါ့အလိုမပါဘူး။ သူ့မယ်တော်လို လာမှာပေါ့။ မာယာဆိုတဲ့ သူ့မယ် တော်လို လာမှာပေါ့။ နှုတ်ငုံဓမ္မတာတော်ရတာနဲ့ သူ့မောင် နေပြည်ဒေ၀၊ သန္ဓေပြ သွားပါရစေတဲ့။ မသွားပါနဲ့ မိဖုရားရယ်လို့တားပေမယ့် ငါ့စကားတော့ ပေလာယျကံ။ လှေခွက်ချည်း ဒီအတိုင်း ဆန်မယ် အလံတော်မလှဲဘူးဆိုတဲ့ မိန်းမစားမို့ ဇွတ်အတင်းသွားတော့ ဘာဖြစ်သလဲ။ ခရီး အကြားမှာ မီးဖွားပြီး ခန္ဓာစဲလို့ နတ်ပွဲဝင်ခဲ့ရတယ်မဟုတ်လား မင်းကြီး။ အခုလည်း သူ့သားက ငါ့ စကားဖီဆန်လို့ နန်းယံက သွားပြန်ပေါ့။ မယားမနိုင် သားမနိုင်နဲ့ ထီးနန်းပြိုင်စံတဲ့မင်းတွေ သတင်းကြားမှာ ရှက်ပါရဲ့။ အသက်တော်ဇရာအိုလို့ ဘာမဆိုဂုဏ်သိမ်မှေးပြီး ကြောင်အိုရင်ကြွက် မလေးသလို ပသိဒ္ဓတ်မောင် ဖေ့ရင်သွေးရယ်နဲ့၊ မယ်မာယာ ဒုက္ခပေး တာကြောင့် မင်းသုဒ္ဓေါ အပူမအေး သမျှ (အမလေး) အခုပြေးလို့ မြင်လှည့်ပါဦး” လို့ ငိုတာပြောငိုပါ။

မြန်မာ့သဘင်က နောက်ပိုင်းဇာတ်တော်ကြီးတွေမှာ ဘုရင်ကလည်း ငိုမှာပဲ၊ မုဆိုးကလည်း ငိုမှာပဲ၊ ဘုရင့်သားလည်း ငိုမှာပဲ။ မိဖုရားလည်း ငိုမှာပဲ။ သူဌေးလည်း ငိုမှာပဲ။ ဆင်းရဲသားလည်းငိုမှာပဲ။ ဒီနေရာမှာလည်း သူ့ဂုဏ်ဒြပ်၊ သူ့အဆင့်အတန်းနဲ့၊ သူ့နေရာနဲ့ ငိုပုံကွဲပါသတဲ့။ ဘုရင်ငိုတဲ့အခါ ရာဇဣနြေ္ဒနဲ့ “စမုံငို”ခေါ်ပြောငိုနဲ့ပဲ၊ မျက် ရည်လေးတို့ရုံ၊ ငိုမဲ့ဟန်သာ ပြရပါသတဲ့။

ဒါက ရှေး ရှေးသဘာင်ပညာရှင်ကြီးများ၊ ဇာတ်မင်းသားကြီးများ ကျင့်သုံးကြတဲ့ နည်းနာပါပဲ။

သဘင့်ဥသျှောင် ဘုရား ဒကာကြီး ဦးဘိုးစိန်တို့ခေတ်ရောက်တော့ ပရိသတ်အကြိုက်ကိုလိုက်ပြီး “မသွားထိုက်တဲ့အခါ မှာလေ၊ တားလိုက်လျှင် မျက်မာန်တော်ညှိုးမည်ကြောင့် တိတ်တခိုးရယ် ငိုသာငိုရ” ဆိုတဲ့ ငိုချင်း မျိုးကို ဘုရင်ကလည်း ငိုလာကြပါတယ်။

ဒါကြောင့် ရွှေမန်းတင်မောင် ဖွားတော်မူခန်း ကတဲ့အခါ၊ မယ်တော်မာယာ သန္ဓေခလို့ရတာ သူ့ မောင်ကမယုံလို့ ဒေ၀ဒေဟသွားပြီး ကိုယ်ဝန်ပြမယ်ဆိုတော့ မောင်တော် သုဒ္ဓေါဓနမင်းကြီးက စိတ် မချလို့ငိုတဲ့အခါ ဣနြေ္ဒသိက္ခာနဲ့ စမုံခေါ် ပြောငိုပဲ၊ ဘုရင်သိက္ခာနဲ့ ငိုသတဲ့။ ဒီလိုပါ…

“ငါးဖြာကောင်းခြင်း၊ ခုနစ်ဆောင်၊ ဂုဏ်ရောင်လင်းတဲ့
ကြော့ရှင်းမူယာ၊ လဲ့လဲ့ဝင်းတဲ့၊ မင်းမာယာငယ်…
မသာနှလုံး၊ စောဒနီ၊ ဆော်စည်ချုန်းလို့…(လ)
သွားလိုရာမောင်မတားပါဘု၊ ၀န်တွေ သက်သေထားပါရဲ့
မီးဖွားရုံဆိုင်းပါဦး၊ မင်းမာယာလေ…” တဲ့။

ဒါပေမယ့် ရွှေမန်းတင်မောင်က သုဒ္ဓေါဓနမင်းကြီးအနေနဲ့ လုမ္ဗဏီသာမော အင်ကြင်းတောမှာ မယ်တော်မာယာမီးဖွားရင်း နတ်ရွာလားတော့ ငိုချင်းပညာပြပါတော့တယ်။

သမားစဉ်အရစမုံငို၊ ပြောငိုသာမက… အပူငို၊ အအေးငို၊ ဒွေးချိုးငို၊ လေးချိုးငို၊ တေးထပ်ငိုအထိ ငိုပြပါတော့တယ်။ ဒါပေမယ့် ဘုရင်ဆိုတဲ့ ဣနြေ္ဒသိက္ခာမပျက်ဘဲ ရုတ်ခြည်းကြုံလိုက်ရတဲ့ အပူသည်ကြီးအဖြစ် ပညာ ကုန် ထုတ်သုံးသွားတော့တာပါ။
“ရွှေရုပ်နဲ့ အပြတ်ကွာခြားပါပေါ့လား…၊ မြေသုဿန် ရယ်မရဏလားသူက…၊
အို… နတ်ဗြဟ္မာသိကြားကယ်တော်မူပါဖျာ့” တဲ့…။
“စကြ၀ဠာတစ်သောင်းကကျော်တယ်၊ ဘဂ၀ါအလောင်းတော်မြတ်ရတနာဖွားပါတဲ့၊ အို… မြတ်သောမိဖုရား…၊ နတ်ရွာလားသူသားမယ်တော်ရဲ့၊ ငါးဆယ်ကျော်အခါတွင်မှ၊ (အမလေး…) သေကမ္ဘာယွန်း…”တဲ့…။
“သုံးပြည်ထောင် အရောင်လက်ကြပေ့၊ ခေါင်အဂ္ဂမဟေ…
လောင်စနက် သမ္ဘာပွေသည်၊ ဇာမနေဆင့်ပွဲ၊
စည်ကား၍ မမိန့်တဘောင်လျှံတယ်၊
ဗျိုင်းတောင်သံဟည်းခြိမ့်မစဲ…” တဲ့…။
ဒီနေရာမှာတင်ပဲ မြန်မာ့ဇာတ်သဘင်ရဲ့ နောက်ပိုင်းဇာတ် “အဆို၊ အငို၊ အပြော”သမားစဉ်တွေ၊ ငိုချင်းအသီးသီးရဲ့စံတွေကို အချိန်တိုအတွင်း လေ့လာနိုင်သလို ဇာတ်ပို့ဆိုင်းရဲ့ သူ့ငိုချင်းအလိုက် ကွဲပြားစွာဇာတ်ပို့တီးမှုတ်ပုံတွေလည်း မှတ်သားနိုင်ပါတယ်။ မယ်တော်မာယာ နတ်ရွာလားတော်မူချင်း မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း “ ဗျိုင်းတောင် ” တီးလုံးကိုတော့ အံကျအံကိုက် ထည့်သွင်းပြထားပါသေးတယ်။

x x x x x x ဒါပေမယ့်လည်း ဘုရင်ဖြစ်စေ သမတဖြစ်စေ လူ့သဘော သဘာဝအရ လောကဓံနဲ့ ကြုံလာရင်ငိုမှာပဲ။ သမားစဉ်အရတော့ ရာဇဣနြေ္ဒမပျက် စမုံငို၊ ပြောငိုလေးနဲ့ ငိုမဲ့မဲ့လေးဖြစ်ရုံပေါ့။ ဒါပေမယ့်အခြေအနေအရ ရင်ဘတ်စည်တီး ငိုရတော့မယ်ဆိုရင်လည်း ပညာသားပါပါ ငိုတတ်ဖို့တော့ လိုတာပေါ့။ မိဘပြည်သူများကို တိုင်တည်တန် တိုင်တည်ပေါ့။ ဒါတောင် တိုင်တည်ဖန်များရင် မသနားတဲ့အပြင် အော့ကြောလန်သွားနိုင်သေး။ မင်းသားက လူကြမ်းဖြစ်သွားနိုင်သေး…။ ။

ဆူးငှက်

ဆရာဆူးငှက်၏ ခွင့်ပြုချက်အရ ဖော်ပြပါသည်။

ရှုခင်းသစ်

http://newsightsmm.com/2014/08/17/ဘုရင်ငို-ဆူးငှက်/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...