Sunday, August 10, 2014

၈ လေးလုံးကာလ ဘီဘီစီအသံလှိုင်းများအကြား ဖြတ်သန်းခဲ့သူ ၂၆ နှစ်အကြာ သမင်လည်ပြန်ကြည့်လိုက်ရာ



ဒီကနေ့သည် မြန်မာပြည်မှာနေထိုင်ကြသည့် ပြည်သူတွေအနေနှင့် ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူတိုင်း အထူးမှတ်မိနေကြမည့် နေ့ရက်တရက်ဟုဆိုနိုင်ပါသည်။ ၈-၈-၈၈ သည် မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် ဒီမိုကရေစီတောင်းဆိုမှုကြီး၏ အပြင်းထန် ဆုံးခြေလှမ်းဟုဆိုလျှင်လည်း ငြင်းလို့မရနိုင်ပါ။ ထိုအထဲမှာ ဦးနေမင်းတယောက်သည် ဘ၀နှင့်ရင်းပြီး အရေးပါသောနေရာက ပါဝင်ခဲ့သူ တယောက်ဖြစ်သည်။
ဒီကနေ့ ၈ လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့်ကနေ လွန်ခဲ့သည့် ၂၆ နှစ်တာ ကာလကို ပြန်သွား ကြည့်ရအောင်ပါ။

““ဘယ်သူမှ ဒီအချိန်မှာ မြန်မာပြည်က သတင်းတွေကို ခင်ဗျားတို့ဆီ သတင်းမပေးရဲဘူး မဟုတ်လား။ ကျွန်တော် ပေးရဲပါတယ်။ ခင်ဗျားသာ ကျွန်တော်ဆီ တနေ့ကို ၄ ခါဖုန်းဆက်။ အကြောင်းထူးရင် ထူးမယ်လို့ ကျွန်တော်ပြောရင် ထပ်ဆက်ခင်ဗျား ဒီမှာဖြစ်နေတဲ့ သတင်းတွေရစေရမယ်””

ယခုလို ပြောခဲ့သူက ၈ လေးလုံး အရေးတော်ပုံကာလအတွင်းမှာ ဘီဘီစီသတင်းထောက် ခရစ်စတိုဖာဂါးနက်ကို ပြည်တွင်းကနေ ဘီဘီစီ သတင်းပေးအဖြစ် တောက်လျှောက်လုပ်ပေးခဲ့သူ ဦးနေမင်း၏စကားသံ အချို့ဖြစ်ပါသည်။
ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ တပါတီအုပ်ချုပ်မှုနှင့်အတူ ပြည်သူတွေအပေါ် အာဏာရှင် ဆန်ဆန်လုပ်ရပ်တွေသည် ၁၉၈၈ ကာလမှာ မြန်မာနိုင်ငံအနှံ့မှာဖြစ်နေသည့်အတွက် ထိုအချိန်မှာ တနိုင်ငံလုံး မမျှတမှုတွေပဲ ကြီးစိုးနေသည်ဟု ဦးနေမင်းက အတိတ်ကို ပြန်စဉ်းစားရင်း လေသံပျော့ပျော့နှင့် ပြန်ပြောပြပါသည်။

တကယ်တော့ သူသည် ထိုအချိန်ကာလတုန်းက ဘီဘီစီနှင့်ပတ်သက်ခဲ့သူတဦး မဟုတ်သလို သတင်းထောက်အလုပ်နှင့် လားလားမျှ မသက်ဆိုင်သော ရှေ့နေတယောက်အဖြစ်နှင့် အသက်မွေးနေသူတဦးဖြစ် ပါသည်။ နေ့စဉ် သူ၏လုပ်ငန်းတာဝန်တွေသည် သူ့ကိုအမှုလာအပ်သည့် အမှုသည်တွေအရေးနှင့်ပဲ ပင်ပန်းနေသည့်ကာလ ဖြစ်ပါသည်။

သို့သော် ၁၉၈၈ ကာလအတွင်းမှာစခဲ့သည့် ဖုန်းမော်အရေး အခင်းကစပြီး ကျောင်းသားတွေနှင့်ပတ်သက်သည့် အမှုတွေမှာ အစိုးရ၏တရားစီရင်ရေးယန္တရားသည် ကြောက်စရာကောင်းလောက်အောင် အုပ်ချုပ်ရေးက စီရင်ပြောဆိုမှုတွေအတိုင်း ဆောင်ရွက်နေခြင်းသည် မခံချင်စရာဖြစ်ရပ်တခုလို မြင်တွေ့ခဲ့ရသည်ဟု ဦးနေမင်းက ပြန်ပြောင်း ပြောပြပါသည်။
““လူတယောက်ကို အမျိုးမျိုးအကြောင်းပြပြီး ရမန်ယူထားတယ်။ မီးရှို့မှု၊ ဆူပူမှု၊ ဖျက်ဆီးမှု စသဖြင့် ယူထားတဲ့ ရမန်ဟာ စက်ဝိုင်းလိုပဲ အားလုံးစေ့သွားရင် ပထမဆုံးယူထားတဲ့အကြောင်းနဲ့ ရမန်ပြန်ယူတာကို ကျွန်တော် အမှတ်တမဲ့ တရားရုံးမှာ မိတ္တူကူးရင်း သွားတွေ့လိုက်ရတာ။ ကြောက်စရာအရမ်းကောင်းပါတယ်””လို့ သူက ဆိုပါသည်။

၁၉၈၈ မတ်လလောက်ကနေစပြီး ဦးနေမင်းသည် ၈၈ ကာလ အတွင်း ကျောင်းသားတွေအပေါ် မမျှမတအစိုးရ၏ အရေးယူမှုတခုအပေါ် မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ သူ့တဦးတည်းအားနှင့် မဆလယန္တရား ကြီး၏ခြိမ်းခြောက်မှုကို ကြံ့ကြံ့ခံ အမှုလိုက်ခဲ့ရသည်ဟု ပြောပြပါသည်။
““နောက်ဆုံး ရှေ့နေလိုင်စင်အသိမ်းခံရနိုင်သည်အထိ ခြိမ်းခြောက် မှုတွေရှိခဲ့သလို နိုင်ငံတော်က ခင်ဗျားကို ငြိုငြင်လိမ့်မယ်လို့ အဲဒီခေတ်က တရားသူကြီး ဥက္ကဋ္ဌတွေက ပြောခဲ့တာပါ””လို့ ဆိုပါသည်။

ဦးနေမင်း၏ မခံချင်စိတ်နှင့် လှုပ်ရှားမှုတွေနှင့် တဖက်မှာဆောင် ရွက်နေသလို တတိုင်းတပြည်လုံးကလည်း မဆလအစိုးရ ဖိနှိပ်မှုကို မခံ ချင်ရာကနေ နေရာဒေသအတော်များများမှာ မဆလအစိုးရအပေါ် ပြစ်တင်ဝေဖန်သံတွေ ဘ၀ဂ်ညံသည့်ကာလကလည်း ဖြစ်ခဲ့ပါသည်။ တနေ့ မှာတော့ ဦးနေမင်းတယောက် ဘီဘီစီ မြန်မာပိုင်းကနေ ထုတ်လွှင့်လိုက် သည့် သတင်းတပုဒ်ကို လေလှိုင်းကနေကြားခဲ့ရပုံနှင့်ပတ်သက်ပြီး ယခုလို ပြောပြပါသည်။
ထိုသတင်းကတော့ ၈၈ ကာလတွင်း မြန်မာနိုင်ငံနှင့်ပတ်သက် သည့် သတင်းတွေကိုရယူဖို့အတွက် ဘီဘီစီသတင်းထောက် ခရစ်စတိုဖာ ဂါးနက် ရန်ကုန်မြို့ကို လာမည်ဆိုသည့်သတင်း ဖြစ်ပါသည်။ ထိုသတင်း ကို နေမင်းကြားကြားချင်းမှာပဲ မိမိဘာသာ ပြုံးမိသည်ဟု ပြောပါသည်။
““ကျွန်တော် ရယ်တာပေါ့။ အခုလို ကာလကြီးမှာ ဘယ်သူမှမပြောရဲ မဆိုရဲဖြစ်နေတဲ့အချိန်မှာ ခရစ်က သတင်းလာယူမယ်ဆိုတော့ ဒီပုဂ်္ဂိုလ် ဘာသတင်းမှ မရဘူးလို့ ကျွန်တော်က သိပြီးရယ်လိုက်တာပါ””လို့ သူက ပြောပါတယ်။

ကံကြမ္မာရဲ့ ဆန်းကြယ်မှုလား၊ ၈၈ လှိုင်းကြမ်းကိုစီးဖို့ ဦးနေမင်း ၏ဘ၀အကျိုးပေးလားတော့ မသိနိုင်ပါ။ ထိုနေ့မှာပဲ ခရစ်စတိုဖာဂါးနက် သည် ဦးနေမင်း၏ နေအိမ်ဖုန်း ၈၇၄၃၉ ကို တိုက်ရိုက်ဖုန်းခေါ်လာသည်ဟု သူက ပြောပါသည်။
““ကျွန်တော်လည်း သူနဲ့မတွေ့ရဲစရာမရှိတော့ တွေ့လိုက်ပါတယ်။ သူကလည်း အဲဒီအခြေအနေမှာ ကျွန်တော်ကလည်း ရှေ့နေတယောက် ဖြစ်နေတော့ကျောင်းသားတွေနဲ့ပတ်သက်သည့် အခြေအနေကိုလည်း သူ့ အနေနှင့် သိချင်နေပုံရပါသည်။ ဒါနဲ့ပဲ သူနှင့်ကျွန်တော် အဲဒီနေ့ နေ့လယ် ပိုင်းက လျှို့လျှို့ဝှက်ဝှက်ပဲ တွေ့လိုက်ကြပါတယ်””လို့ ဆိုပါသည်။

ထိုနေ့သည် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ရက်တရက်ဟုလည်း ဆိုနိုင်ပါသည်။ ရက်စွဲအားဖြင့်တော့ ၁၉၈၈ ဇူလိုင်လ ၂၃ ရက်နေ့ဖြစ် ပါသည်။ မဆလပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းက အရေးပေါ်ပါတီညီလာခံ မိန့်ခွန်းကို ထိုနေ့မှာပဲ ရန်ကုန်မြို့ တာမွေမြို့နယ်ထဲက ကျိုက်္ကဆံကွင်းမှာ ဟောပြောနေချိန် တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမလိုပါပဲ။ ဦးနေမင်းနှင့် ခရစ်စတိုဖာဂါးနက်တို့ တာမွေမြို့နယ်ထဲမှာ တွေ့ဆုံနေကြပါသည်။ မဆလ ပါတီဥက္ကဋ္ဌကြီးက ထိုနေ့မှာပဲ လူထုကို တပါတီကြိုက်သလား။ ပါတီစုံ ကြိုက်သလားမေးခွန်းကို ထုတ်ခဲ့တဲ့နေ့ရက်လည်းဖြစ်သည်ဟု ဦးနေမင်းက ပြောပါသည်။

ခရစ်နှင့် ဦးနေမင်းတို့ အဆိုပါနေ့ကတွေ့ပြီး ထပ်မံမတွေ့ဆုံဖြစ်တော့သလို ခရစ်နောက်တွင်လည်း ထောက်လှမ်းရေးများ ၀ိုင်းဝိုင်းလည်နေ သောကြောင့် ခရစ်ကိုယ်တိုင်က သူ့နှင့်တွေ့မည့်သူများအနေနှင့်အန္တရာယ်ရှိနိုင်ကြောင်း အသိပေးခဲ့သည်ဟုလည်း သူကပြောပါသည်။ အဲဒီကြားထဲကပဲ ခရစ်ကို သတင်းပေးလိုသည့် ကျောင်းသားတစုကို လျှို့ဝှက်စွာတွေ့ ဆုံခွင့်ရဖို့ သူ့အနေနှင့် စီစဉ်ပေးခဲ့သည်ဟု ဦးနေမင်းက ပြောပါသည်။ အဲဒီမှာပဲ ခရစ်နှင့် ဦးနေမင်းတို့၏ တွေ့ဆုံမှု တစခန်းရပ်ခဲ့သော်လည်း ၈၈ ကာလကတော့ မြန်မာနိုင်ငံအရေးမှာ တစခန်းမရပ်ဘဲ အမြင့်ဆုံးအခြေ အနေသို့ ရောက်လာခဲ့ပါသည်။

နေ့ရက်တိုင်းသည် တိုင်းပြည်ကို ကိုင်လှုပ်သည့်နေ့ရက်တွေချည်းပဲ ဖြစ်နေသလို လူအများ၏စိုးရိမ်မှု ရေချိန်တွေ မြင့်တက်ခဲ့ရသည့်ကာလ လည်းဖြစ်သည်ဟု ဦးနေမင်းကပြောပါသည်။ သို့သော် တဖက်မှာတော့ ဖြစ်ရပ်တွေ၏နောက်ကွယ်က သတင်းအမှန်တွေ၏ရှေ့တန်းကို ရောက် မလာသလို အမှန်တရားသည်လည်း ကွယ်ပျောက်ရင်း အာဏာသိမ်း စစ်အစိုးရ၏ ထင်ရာစိုင်းမှုကိုပဲ ခါးစည်းခံနေရသည်ဟု သူ့အနေနှင့်ခံစား ရကြောင်း ဦးနေမင်းက ပြောပါသည်။
ထိုအချိန်မှာ ဦးနေမင်းအနေနှင့် ခရစ်ကို ပြန်လည်ဆက်သွယ်ပြီး သတင်းတွေပေးဖို့ ကြိုးစားသော်လည်းပဲ မြန်မာနိုင်ငံမှာ သူနှင့်အဆက် အသွယ်လုပ်ဖို့ ထားခဲ့သူကတောင် ဦးနေမင်း၏ဆက်သွယ်မှုကို လက်မခံခဲ့ဘူးဟု ပြောပါသည်။
ဒါအပြင် ၈ လေးလုံးကာလက ဘီဘီစီသတင်းထောက်အနေနှင့် ရန်ကုန်မှာ တာဝန်ယူထားသူကို အကြိမ်ကြိမ် ဖုန်းဆက်သွယ်ဖို့ကြိုးစားခဲ့ သော်လည်း ဖုန်းကိုဘေးချထားခြင်းနှင့်သာ ကြုံတွေ့ခဲ့ရသည်ဟု ပြောပါ သည်။
ဒါပေမဲ့ တနေ့မှာတော့ ဦးနေမင်းသည် ဗြိတိသျှသံရုံး၏ အဆက် အသွယ်နှင့် သူ၏ဖုန်းနံပါတ်ကို ဘီဘီစီအပါအ၀င် ပြည်ပက သတင်းဌာန တွေ ဆက်သွယ်လာလျှင်ပေးဖို့ ထားခဲ့ရာကနေ ခရစ်ဟာ ဆိုက်ဆိုက်မြိုက် မြိုက်ပဲ သူ့ဆီကို နောက်တနေ့မှာ ဖုန်းဆက်လာသည်ဟု ဦးနေမင်းက ပြောပါသည်။

““ကျွန်တော် အဲဒီတုန်းက သူ့ကိုဖုန်းနံပါတ်တွေလည်း ပေးပါ တယ်။ ဒါပေမဲ့ သူကမယူခဲ့ဘူး။ မင်းအနေနဲ့ အန္တရာယ်ရှိနိုင်တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံက သူထွက်ခွာခဲ့ပြီး ဒါကာကို ထွက်သွားခဲ့တာပါ။ အဲဒီကနေ မြန်မာပြည် ပြန်လာဖို့ ကြိုးစားပေမဲ့ ပြည်ဝင်ခွင့်မရတော့တဲ့အတွက် မလာနိုင်တော့ ဘဲ ဟိုကနေ ဆက်သွယ်ရင်း ကျွန်တော့်နံပါတ်ကိုပြန်ရလို့ သူ့အနေနဲ့ လည်း အံ့အားသင့်မိတယ်လို့ ပြောပါတယ်””ဟု သူက ပြောပါသည်။

ထိုအချိန်ကစ၍ ပြည်တွင်းက ၈၈ သတင်းတွေဟာ ဘီဘီစီညနေပိုင်းသတင်းတွေမှာ တောက်လျှောက်ဆိုသလို ခရစ်၏သတင်းပေးပို့မှုတွေနှင့် ဆက်တိုက်ပါရှိလာသည်ဟုဆိုပါသည်။ ဤနေရာမှာ ခရစ်နှင့် ဦနေမင်း တို့အကြား အလုပ်လုပ်ပုံလေးအချို့ကိုလည်း သူက ယခုလိုပြန်ပြောပါ သေးသည်။
““ကျွန်တော်က အင်္ဂလိပ်လိုမကောင်းပါဘူး။ ဒါကြောင့် ကျွန်တော်နဲ့ ခရစ်ကြားမှာ စကားပြန်လုပ်ပေးခဲ့တဲ့ သူတယောက်လည်း ရှိပါတယ်။ သူ့ကိုတော့ မေ့လို့မရပါဘူး။ သူ့နာမည်ကတော့ ဒေါက်တာစံသာဖြူပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှာနေတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အကူအညီနဲ့ပဲ ကျွန်တော်လည်း ဒီကသတင်းတွေကို ခရစ်ဆီ ကောင်းကောင်းပြောပြနိုင် ခဲ့တာပါလို့ ဦးနေမင်းက ပြောပါသည်။ တနေ့ကို ၄ ချိန်ဖုန်းဆက်ပါဆို သည့် အချိန်းအချက်နှင့်အတူ ခရစ်နှင့် ဦးနေမင်းတို့အကြား အတော်လေး အလုပ်ဖြစ်ခဲ့ပါသည်။ ပြည်တွင်းက သတင်းအတော်များများသည်လည်း ဦးနေမင်း၏အကူအညီ၊ ခရစ်၏သတင်းတင်ပြမှုနှင့်အတူ ၈၈ အရေးတော် ပုံမှတ်တမ်းတွေသည် နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ်ရောက်ပြီး မမျှတမှုတွေရှိနေသည့်အကြောင်းတွေ ရက်စက်မှုတွေရှိခဲ့တဲ့ အခြေအနေ တွေကိုဖွင့်ချနိုင်ခဲ့ပါသည်။ ဘီဘီစီသတင်းထောက်တယောက်နှင့် ဦးနေမင်း တို့ အဓိက သတင်းအပေးအယူလုပ်ခဲ့သည်ကတော့ သာမန်ကြိုးဖုန်းလေး တလုံးနှင့် ဖြစ်သည်ဟုလည်း ဦးနေမင်းကပြောပါသည်။

““ကျွန်တော်တို့ဆီမှာ အဲဒီတုန်းက အော်တိုစံနစ်ကို သုံးတယ်ဆို ပေမဲ့လည်း ပြည်ပကိုခေါ်ရင် အော်ပရေတာက ရှိနေပါတယ်။ ကိုယ်က ဘယ်လိုခေါ်တယ်ဆိုတာ တိုက်ရိုက်သိနိုင်ပါတယ်။ ပြည်ပကခေါ်မယ်ဆို ရင်တော့ အော်တိုစံနစ်နဲ့ တိုက်ရိုက်ဝင်တဲ့အတွက် ထောက်လှမ်းရေးက မသိနိုင်ပါဘူး။ ချက်ချင်းလည်း ခြေရာခံဖို့မလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော်က ခရစ်ကို တနေ့ ၄ ချိန် ဖုန်းခေါ်ခိုင်းတာပါ။ ဒီနည်းနဲ့ပဲ ကျွန်တော်တို့ ၃ လလောက် အလုပ်ဖြစ်အောင် လုပ်နိုင်ခဲ့ကြပါတယ်”” လို့ သူက ပြောပါတယ်။

အဲဒီအချိန်က ဦးနေမင်းအနေနှင့် ဘီဘီသတင်းဌာနအတွက် သတင်းတွေကို ပြည်တွင်းကနေ တိုက်ရိုက်ယူခဲ့သည်နှင့်ပတ်သက်ပြီး အခကြေးငွေယူပြီး အလုပ်လုပ်ခဲ့ခြင်းမဟုတ်သလို ဘီဘီစီ၏ တရားဝင် သတင်းထောက်တယောက်အနေနှင့်လည်း အသိအမှတ်ပြုခံပြီး အလုပ် လုပ်ခဲ့ခြင်း မဟုတ်ပါဟုလည်း သူကပြောပါသည်။

သို့သော် တဖက်မှာတော့ ဦးနေမင်းပြန်ပေးခဲ့ရသည့် အရင်းအနှီး ကတော့ ကြီးပါသည်။ စစ်အာသိမ်းအစိုးရလက်ထက် မောင်သော်က နှင့်အတူ စစ်ခုံရုံးတင်ခံခဲ့ရသလို၊ သေဒဏ်အထိ ချခံနိုင်ရသည်။ ဤ သတင်းပေးပြစ်မှုအပေါ်မှာ ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရသည်ဟုလည်း သူ အဝေးတနေရာကို ကြည့်ငေးရင်းပြောပါသည်။
နောက်ထပ်ပေးဆပ်ရသည့် အရင်းအနှီးကတော့ သူ့ထမင်းစာ လက်မှတ်ဖြစ်သည့် ရှေ့နေလိုင်စင်သည် ဒီကနေ့ထိ ပြန်မရဘဲ ရာသက်ပန် ပိတ်သိမ်းခံခဲ့ရသည်ဟုလည်း သူကပြောပါသည်။
ဒါအပြင် ထောင်ထဲမှာ နှိပ်စက်ခံခဲ့ရသည့်အဖြစ်ဆိုးတွေနှင့်အတူ ယခုအခါ ဘယ်ဘက်မျက်လုံးသည်လည်း ကောင်းကောင်းအဆင်မပြေ တော့သလို၊ ငွေကြေးမတတ်နိုင်သည့်အတွက် အစိုးရဆေးရုံတွေမှာ ကုသ ရင်းနဲ့ပဲ ယခုထိ အခြေအနေထူးမလာသေးဘူးဟုလည်း သိရပါသည်။

သို့သော် သူ့အနေနှင့် အဲဒီတုန်းက ဖြစ်ရပ်တွေနှင့်ပတ်သက်ပြီး ပြန်တွေးလိုက်လျှင် နောင်တမရသလို၊ မလုပ်သင့်သည့်အလုပ် တခုကို လုပ်ခဲ့သည်ဟုလည်း မခံစားရကြောင်း သူကပြောပါသည်။
““ကျွန်တော်က ဘာလုပ်လုပ် အဆိုးဆုံးကိုပဲတွေးပြီး လုပ်ခဲ့တာ။ နောင်တလည်း မရပါဘူး။ တခုရှိတာက ကျွန်တော်က သေဒဏ်ထိ တောင် ချခံနိုင်ရမဲ့အဖြစ်ကနေ အခုထိ အသက်ရှင်နေတာပဲ ကျေးဇူး တင်ရမှာ””လို့ သူက ပြောပါတယ်။

၈၈ အရေးတော်ပုံသည် မြန်မာ့ဒီမိုကရေစီတောင်းဆိုမှု မှတ်တမ်းမှာတော့ အထင်ကရအရေးတော်ပုံကြီးတခုဖြစ်သလို ခေတ်သစ်အာရှ သမိုင်းမှာလည်း အကြီးကျယ်ဆုံးသော ဒီမိုကရေစီအရေးအခင်းကြီးဖြစ် သည်ဟု မြန်မာနိုင်ငံရေးနှင့်ပတ်သက်သည့် စာအုပ်ပေါင်းများစွာကို ရေး သားခဲ့သည့် မစ္စတာဘတ်တေးလင့်တနာက ပြောပါသည်။

သို့သော် မဆလအစိုးရ အကြွင်းအကျန်တွေနှင့် စစ်အာသိမ်း စစ် အုပ်စုကတော့ ဤဖြစ်ရပ်သည် လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်လိုလို၊ ပြည် ဖျက်သည့်ပြဿနာလိုလိုနှင့် ဒီကနေ့ထိ ရှုမြင်ထားဆဲဟု ပြောဆိုနေကြဆဲ ဖြစ်ပါသည်။ ဤအချက်ကိုတော့ ဦးနေမင်းက ခါးခါးသီးသီး ပယ်ချခဲ့ပါ သည်။
““၈၈ မှာ အမှန်တကယ် အပြစ်ကျူးလွန်ခဲ့သူတွေကတော့ ဒီနေ့ ထိ လွတ်မြောက်နေဆဲဖြစ်ပြီးတော့ ကျွန်တော်တို့လို တိုင်းပြည်အတွက် လုပ်ခဲ့တဲ့ သူတွေကျတော့ အပြစ်ရှိတဲ့သူတွေအဖြစ် မြင်နေကြတာကို တော့ စိတ်မကောင်းဖြစ်ပါတယ်””ဟု သူက တိုးညင်းစွာပြောဆိုလိုက် ပါသည်။

အောင်ရဲမောင်မောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...