Sunday, July 13, 2014

ဖက်ဒရယ်အရေးလား...ဗဟိုဦးစီးမှုဖြေလျှော့ရေး (Decentralization)လား...(အပိုင်း-၂)

လင်း သက် July 11, 2014 at 4:14am
အမေရိကန်နိုင်ငံ၏အာဏာခွဲဝေမှုမှာ ပြည်နယ်များမှ ပြည်ထောင်စုအစိုးရသို့ အာဏာခွဲပေးရခြင်း
(Bottom-up)ဖြစ်သောကြောင့် ပြည်နယ်များတွင် အာဏာပိုများနေပြီး၊ မြန်မာနိုင်ငံတွင်မူ ဗဟိုမှ
ပြည်နယ်များသို့ အာဏာခွဲဝေပေးရသော(Up-down)စနစ် ဖြစ်သောကြောင့် ဗဟိုတွင် အာဏာ
ပိုများနေခြင်းဖြစ်သည်ဟု စောဒက တက်လိုက တက်နိုင်ပါသေးသည်။
 
စာရေးသူအနေဖြင့် အဆိုပါအချက်ကို လက်ခံပါသည်။ ယင်းကဲ့သို့ ဗဟိုတွင် တင်ကျန်ခဲ့သည့် များ
ပြားလှသည့် အာဏာများကို ပြည်နယ်အစိုးရသို့ Decentralization ပြုလုပ်ခြင်းဖြင့် ဖက်ဒရယ်ဖြစ်
စေနိုင်သည်ဆိုသည့်အချက်ကိုမူ အပြည့်အ၀သဘောမတူနိုင်ပါ။

မြန်မာနိုင်ငံ၏ ၂၀၀၈ဖွဲ့စည်းပုံအခြေခံတွင် စည်ပင်သာယာရေးကိစ္စမှလွဲ၍ ကျန်ဥပဒေပြုခွင့်အာဏာ
အားလုံးကို ပြည်ထောင်စုမှ လွှမ်းမိုးချယ်လှယ်ထားသည်ဖြစ်ရာ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်
များသည် စည်ပင်သာယာရေးကော်မတီအဆင့်မျှပင် ရှိသည့် သဘောဖြစ်ပါသည်။


မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် (Transitional Process)သည် အင်ဒိုနီးရှားနိုင်ငံကို စံ
နမူနာပြုထားခြင်းဖြစ်ရာ ယင်းနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်သို့ အရွေ့အပြောင်းပုံသဏ္ဍန်
အတိုင်းပင် ပြည်နယ်များနှင့် ဒေသန္တရအစိုးရများကို အာဏာခွဲဝေပေးထားခြင်းဖြစ်လေသည်။

ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည်နယ်အစိုးရ(Provincial Government)၊ မြူနီစီပယ်အစိုးရ
(Municipality Government)နှင့် မြို့တော်ဝန်အစိုးရ(City Government)ဟူသော အစိုးရ(၃)ရပ်ကို
အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈ (၁)မှ (၇)ထိသော အပိုဒ်များတွင် ဗဟိုဦးစီးမှု
ဖြေလျှော့ခြင်း(Decentralized)ပြုလုပ်ရာတွင် ယင်းအစိုးရများကို ဗဟိုမှ ဗဟိုဦးစီးချုပ်ကိုင်မှု မူဝါဒ
များချမှတ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြေခံကာ စီမံခန့်ခွဲ၊ ဥပဒေပြုနိုင်သည့် အာဏာများ အပ်နှင်း
လိုက်ပါသည်။


သို့သော်မြန်မာနိုင်ငံတွင်မူ ပြည်နယ်များ၏ဥပဒေပြုရေးအပိုင်းတွင် အားနည်းလွန်းနေပြီး၊ ပြည်နယ်
များကို သီးသန့်ဥပဒေပြုခွင့်အာဏာ(Exclusive Power)အနေဖြင့် စည်ပင်သာယာရေးကဏ္ဍကိုသာ
ပေးအပ်ထားခြင်းမှာ စည်ပင်သာယာရေးကော်မတီများ မည်မျှပင် ဖွဲ့စည်းခွင့်ပြုစေကာမူ ပြည်နယ်
အစိုးရများ၏အဆင့်အတန်းကို မြူနီစီပယ်အစိုးရ(Municipality Government)မျှသာ သဘောထား
သည်ဟု ပြသရာရောက်နေသည်။


ဤဖြစ်စဉ်ကို အပေါ်ယံကြည့်လျှင် ခပ်ပါးပါးမျှသာသုံးသပ်မိမည်ဖြစ်သော်လည်း တစ်ကယ်တန်းတွင်
မူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-Determination)သည် ဖက်ဒရယ်ဝါဒ၏အသက်ဖြစ်ရာ ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့်ဟူ၍ မရှိသလောက် နည်းပါးလွန်းလှသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လူ
နည်းစုတိုင်းရင်းသားများဘက်က မကျေနပ်သည်မှ အဆန်းတကျယ်မရှိလှချေ။


သို့ရာတွင် ဤနေရာ၌ စာရေးသူအနေဖြင့် ကြားဖြတ်သုံးသပ်ချက်တစ်ခု ပေးလိုသည်မှာ ၂၀၀၈ ဖွဲ့
စည်းပုံအခြေခံဥပဒေအပေါ် လူနည်းစုတိုင်းရင်းသားများဘက်မှ ရှုမြင်ပုံနှင့် လူအများစုဗမာတိုင်းရင်း
သားများဘက်မှ ချည်းကပ်ပုံတို့ မတူညီသည့်အကြောင်းပင် ဖြစ်ပါသည်။

ဗမာတိုင်းရင်းသားများဘက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချည်းကပ်ပုံမှာ Human Right, Political
Right များဘက်မှ ချည်းကပ်သော်လည်း၊ လူနည်းစုတိုင်းရင်းသားများဘက်ကမူ Human Right,
Political Right များအပြင်၊ Indigenous Right(မူလဌာနေလူမျိုးစုများ၏ အခွင့်အရေး)၊ Administrative
Right (ကိုယ်ပိုင်အုပ်ချုပ်နိုင်သည့် အခွင့်အရေး)နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်(Self-Determination)
ကိုပါ ရှုမြင်တောင်းဆိုကြခြင်း ဖြစ်ပါသည်။

ဆိုရသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူနည်းစုတိုင်းရင်းသားများအတွက် အပေါ်ယံရွှေမှုန်
ကြဲထားသည့် ကြေးထည်၊ သံထည်သက်သက်မျှသာ ဖြစ်နေပါတော့သည်။


တိုင်းရင်းသားလူနည်းစုများလိုလားသော ဖက်ဒရယ်၏ အနှစ်သာရမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်
ဖြစ်ပါသည်။ ဤနေရာတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-
Determination)ကိုသာ ဆိုလိုပြီး၊ ခွဲထွက်ပိုင်ခွင့် (Right of Secession)ကို မရည်ညွှန်းပါ။


ကိုယ်ပိုင်ပြဌာန်းခွင့်သည် တိုင်းရင်းသားလူမျိုးစုံ(Multi-Ethnic)နိုင်ငံအတွက်လွန်စွာအရေးကြီးလှ
သည်။ ဖက်ဒရယ်နိုင်ငံများတွင် မူလဌာနေလူမျိုးများ၏အခွင့်အရေး (Indigenous Right)ကို ကာ
ကွယ်နိုင်ရန်အတွက်လည်း ဥပဒေများ၊ မူဝါဒများချမှတ်ပေးနိုင်ရန် လိုအပ်ပါသည်။


တချို့နေရာများတွင် ပြည်ထောင်စုအစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွား(National Interest)နှင့်
နိုင်ငံတော်လုံခြုံရေး(National Security)ရှုထောင့်မှ ကြည့်ကာ ပြည်နယ်များ၏ ကိုယ့်ကြမ္မာ ကိုယ်
ဖန်တီးခွင့်ဆိုသော မူဘောင်ကို ကျော်လွန်ပြုကျင့်ရမည်ကိုလည်း လက်ခံနိုင်ရမည်ဖြစ်လေသည်။


ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများပြားလှသော ပြည်နယ်များ
တွင် ဗဟိုအစိုးရက နိုင်ငံခြားသား ၀င်ရောက်မှု၊ နိုင်ငံသား ဖြစ်မှုနှင့် နယ်စပ်ဒေသ လုံခြုံရေးများ
အတွက် အာဏာချုပ်ကိုင်မှုများ၊ ချုပ်ကိုင်လွှမ်းမိုးမှုများ၊ စွက်ဖက်မှုများ ရှိသကဲ့သို့ပင် မြန်မာနိုင်ငံ၏
အခြေအနေမှာလည်း ပြည်ထောင်စုအစိုးရမှာ မှန်ကန်စွာဆောင်ရွက်ပေးပါလျှင် လက်ခံနိုင်ရမည့်
အခြေအနေတွင် တည်ရှိနေပါသည်။


တစ်ချို့သော ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများက ဖက်ဒရယ်ဆိုသော အမည်နာမကို နိုင်ငံရေး
ဂယက်ထမည်စိုး၍ ရှောင်ရှားကြသည်။ ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ဒေသန္တရအစိုးရများ

သို့ လုပ်ပိုင်ခွင့်အာဏာ အများအပြားလွှဲအပ်နေခြင်းအားဖြင့် ဖက်ဒရယ်ပိုဆန်လာစေရန် ကြိုးပမ်း
နေသော်ငြားလည်း၊ ဖက်ဒရယ်ဆိုသည့်အသုံးအနှုန်းကို ဆက်လက်ရှောင်ရှားသွားဖွယ် ရှိနေဆဲပင်
ဖြစ်သည်။


သို့ရာတွင် မလေးရှားနိုင်ငံမှာမူ ဗဟိုဦးစီးချုပ်ကိုင်ထားမှု (Centralized) များပြားလွန်းသော်လည်း
ဖက်ဒရေးရှင်းဆိုသည့် ဝေါဟာရကို ပြောင်ပြောင်တင်းတင်း သုံးစွဲလျှက် ရှိဆဲပင် ဖြစ်သေးသည်။


မည်သို့ပင်စေ မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် အင်ဒိုနီးရှားနိုင်ငံကို နမူနာယူ
ထားသည်ဖြစ်ရာ အင်ဒိုနီးရှားနိုင်ငံကဲ့သို့ပင် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီအသွင်ကူးပြောင်းမှု
ပြုလုပ်ပေး၊ ထိုမှတစ်ဆင့် ဖက်ဒရယ်စနစ်သို့ ဖက်ဒရယ်အမည်မခံပဲ ဗဟိုဦးစီးချုပ်ကိုင်မှု တဖြည်း
ဖြည်း လျှော့ချခြင်း(Decentralization)ပြုလုပ်၊ နောက်တစ်ဆင့်အနေဖြင့် ဒေသန္တရအစိုးရများသို့
အာဏာလွှဲပြောင်းမှုဖြစ်စဉ်(Devolution)၀င်နိုင်ကောင်းသည်ဟုလည်း မြန်မာပြည်တွင်းမှ ပညာ
ရှင်တချို့က ယူဆထားပုံ ရပါသည်။

သို့သော် အင်ဒိုနီးရှားနိုင်ငံသည် အချိုးမညီဖက်ဒရယ်(Asymmetrical Federalism)စနစ်ကျင့်သုံး
သည်ကို သတိပြုရန် လိုပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် Papua(ပါပူးအား)ပြည်နယ်နှင့် Ah Cheik
(အာကျဲ့)ပြည်နယ်တို့တွင်သာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ
တို့ကို အလုံးစုံလွှဲအပ်လိုက်ခြင်းဖြစ်ပြီး၊ ကျန်ဒေသများ၌မူ ဗဟိုဦးစီးချုပ်ကိုင်မှုဖြည်လျှော့သည့်စနစ်
(Decentralization)ကိုသာ အသုံးပြုသည်ကို တွေ့နိုင်ပါသည်။

ယင်း Decentralization ပုံစံမှာ ဒေသန္တရအစိုးရများသို့ ဘဏ္ဍာရေးဆိုင်ရာ ဖြေလျှော့ပေးမှု၊ အုပ်ချုပ်
မှု ဆိုင်ရာ ဖြေလျှော့ပေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ဖြေလျှော့ပေးမှုများကို အနည်းအကျဉ်းပေးခြင်းသာ
ဖြစ်ပြီး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အဆင့်သို့ ရောက်ရှိသေးခြင်းမဟုတ်ချေ။


အင်ဒိုနီးရှားနိုင်ငံတွင် Decentralization ပြုလုပ်ရာတွင် ပြဿနာတစ်ခုကြုံတွေ့ခဲ့ဖူးသည်။ အင်ဒိုနီးရှား
နိုင်ငံ၏ ၁၉၉၉ ခုနှစ်၊ ဥပဒေအမှတ် (၂၂)တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ဇယား(၁)၊
(၂)ကဲ့သို့ပင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ၊ ဒေသန္တရအစိုးရများအကြား ထပ်နေသည့်ကဏ္ဍများ၊
(တနည်းအားဖြင့် Concurrent Power များ)ရှိနေခဲ့ဖူးပါသည်။


အဓိကမှာ ပြည်နယ်နှင့်ဒေသန္တရအစိုးရများကို အုပ်ချုပ်ရေးအာဏာသာ တိုးမြှင့်ပေးခဲ့ပြီး၊ အရေးကြီး
သည့် အခန်းကဏ္ဍများဖြစ်သော သဘာဝသယံဇာတလုပ်ပိုင်ခွင့်များနှင့် သစ်တောကဲ့သို့သော ကဏ္ဍ
များကိုမူ ဗဟိုအစိုးရမှပင် ဆက်လက်ချုပ်ကိုင်ထားဆဲ ဖြစ်လေသည်။


ထို့ကြောင့် ၁၉၉၉၊ ဥပဒေအမှတ်(၂၂)ကို ၂၀၀၄ ခုနှစ်၊ ဥပဒေအမှတ်(၃၂)ဖြင့် အစားထိုးခဲ့ပါသည်။
သို့ရာတွင် ဥပဒေအမှတ်(၂၂)အရ ပေးထားသော ဒေသန္တရအစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာများကို
ဥပဒေအမှတ် (၃၂)ဖြင့် အစားထိုးခြင်းသည် ဗဟိုက ပြန်လည်ချုပ်ကိုင်ဖို့ရာ အားထုတ်ခြင်းပင်ဖြစ်
သည်ဟု လူထု၏ စွတ်စွဲမှုကို ရင်ဆိုင်ရပြန်ပါသည်။


မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှား၏ အသွင်ကူးပြောင်းရေးပုံစံကို အတုယူထားသည်ဖြစ်ရာ၊ ယင်း
နိုင်ငံကဲ့သို့ အချိုးမညီဖက်ဒရယ် (Asymmetrical Federalism)ပေးရာမှတဆင့် ပြည်နယ်အားလုံး
အာဏာအလုံးစုံလွှဲအပ်ခံရပြီး၊ အချိုးညီဖက်ဒရယ် (Symmetrical Federalism)သို့ ကူးပြောင်းနိုင်
လိမ့်မည်ဟူ၍ မျှော်လင့်ချက်တော့ ကြီးကြီးထား၍ မရပါ။

အဘယ်ကြောင့်ဆိုသော် တစ်ပြည်ထောင်စနစ်မှ ဖက်ဒရယ်စနစ်သို့ ကူးပြောင်းသည့်နိုင်ငံများတွင်
ဖြစ်စေ၊ အချုပ်အခြာပိုင်သည့်နိုင်ငံများစုဖွဲ့ကာ ဖက်ဒရေးရှင်းပြုလုပ်သည်ဖြစ်စေ၊ ယင်းနိုင်ငံအသီး
သီး၏ လျှောက်လှမ်းခဲ့ရသည့် ဖက်ဒရယ်ခရီးသည် ပန်းခင်းလမ်းချည်းတော့ မဟုတ်ခဲ့ချေ။

အကြောင်းမှာ ယင်းနိုင်ငံအများစု၏ ဖက်ဒရယ်စနစ်ကျင့်သုံးခဲ့ရာ သမိုင်းကြောင်းများတွင် ပြည်တွင်း
စစ်ပွဲများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားခဲ့သောကြောင့်ဖြစ်ပါသည်။


မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်(Democratization)နှင့် ဖက်ဒရယ်အရွေ့
(Federal Movement)ကို တပြိုင်တည်းရွေ့ဖို့ ကြိုးစားနေသည်ဖြစ်ရာ(တစ်ကယ့် အရွေ့ဖြစ်သည်/
မဖြစ်သည်မှာ အငြင်းပွားစရာရှိနေသော်လည်း) မြန်မာ့ဖက်ဒရယ်အရေးသည် ဒီမိုကရေစီ အမြစ်
တွယ် ရှင်သန်ခိုင်မာမှု (Democratic Consolidation)အပေါ်မူတည်နေသည်ကို သတိပြုရမည်ဖြစ်
ပါသည်။


လက်ရှိအခြေအနေတွင် မြန်မာ့နိုင်ငံရေးအခြေအနေမှာ ကြိုးတန်းပေါ် လမ်းလျှောက်နေရသူကဲ့သို့
မည်သည့်အချိန်တွင် မည်သို့သောအကြောင်းများကြောင့် ချွတ်ချော်ပြုတ်ကျသွားမည်နည်း ဆိုသည်
ကို ရင်တထိတ်ထိတ်စောင့်ကြည့်နေရသည့် ကာလလည်းဖြစ်သည်။


အကယ်၍ ဒီမိုကရေစီ နောက်ပြန် လန်ကျသွားမည်ဆိုပါက ဖက်ဒရယ်ကိုလည်း တပြိုင်တည်း စွန့်
လွှတ်ရမည်ဖြစ်ရာ စာရေးသူတို့အနေဖြင့်“မြွေပါလည်းဆုံး၊ သားလည်း ဆုံး”ရလိမ့်မည်ဖြစ်ပါသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်မည်ဆိုပါက ဖက်ဒရယ်စနစ်နှင့်ဖက်ဒရယ် အနှစ်
သာရလည်း ခံစား စံစားရမည်ဖြစ်ရာ “သား ရွှေအိုးထမ်းသည့် ကိန်း” ဆိုက်မည် ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှု(Transition)မှာ Choa Theory(စနစ်ကျ
သည်လည်း မဟုတ်၊ စနစ်မကျသည်လည်းမဟုတ် ဗရမ်းဗတာပြန့်ကျဲနေသည်ဟု ထင်မြင်ယူဆနိုင်
အောင် စနစ်တကျတည်ဆောက်ထားသည့် အခြေအနေ)အရ တည်ဆောက်ထားသည်ဖြစ်ရာ “နိုင်ငံ
ရေးတွင် မတော်တဆဆိုတာ မရှိ”ဆိုသည့် စကားအတိုင်းပင် မည်သည့်အရာမှ ကံသေ၊ ကံမ မပြော
နိုင်သေးပါ။

နောက်တစ်ချက်စဉ်းစားစရာရှိသည်မှာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေသော နိုင်ငံရေးဆိုင်ရာ အကြပ်
အတည်းများသည် အမှန်တကယ်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်း(Constitutional
Crisis)ဖြစ်ပါသလား ဆိုသည့်မေးခွန်းပင် ဖြစ်ပါသည်။


စာရေးသူနားလည်မိသည့် Constitutional Crisis ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်
မှားယွင်းချွတ်ချော်မှုကြောင့် ထွက်လာသော ဘေးထွက်ဆိုးကျိုးများဟု ဖြစ်ပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အသက်ဖြစ်ရာ၊ မည်သည့်ဥပဒေမဆို အထွဋ်
အထိပ်ဖြစ်သော ယင်းဖွဲ့စည်းပုံဥပဒေကို ကျော်လွန်သက်ရောက်နိုင်စွမ်းမရှိပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ
မှားယွင်းပါက မူဝါဒဆိုင်ရာအမှားများ၊ လုပ်ထုံးလုပ်နည်းအခက်အခဲများကိုလည်း မလွဲမသွေ ရင်ဆိုင်
ရလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မူလကပင် မူဝါဒပိုင်းဆိုင်ရာ အားနည်းမှုများနှင့် လုပ်ထုံးလုပ်နည်းကို တော်သလို
ကြည့်လုပ်လေ့ရှိသည့် အစဉ်အလာများရှိရာ၊ ယင်းကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးသည့်
ပြဿနာမျိုးကို အကြီးအကျယ်မခံစားရသေးဟု ယေဘုယျမှတ်ချက်ချ၍ ရပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်
ပေါ်နေသော နိုင်ငံရေးဆိုင်ရာ ပြဿနာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လုံးဝမသက်ဆိုင်ဟု ဆိုလို
ခြင်းမဟုတ်ပါ။


ဥပမာအားဖြင့်ဆိုလျှင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အစိုးရများကို ပါလီမန်စနစ်သဏ္ဍန် ပုံဖေါ်
ထားမှု၊ ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတမှတိုက်ရိုက် ခန့်အပ်နိုင်မှု၊ အာဏာခွဲဝေရေးအပိုင်းတွင်
ပြုလွယ်၊ ပြင်လွယ်အောင် ပြဌာန်းမထားမှု၊ စသည့် ပြဌာန်းချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာ အကြပ်အတည်းများဖြစ်ကြပါသည်။


သို့ရာတွင် Personal Interest ၊ လူမျိုးစုငယ်များ၏ အမြင်များ၊ အစုအဖွဲ့များ၏ ရှုထောင့်များအတွက်
မှာမူ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဘုံရန်သူ(Common Enemy)ဖြစ်လာပါတော့သည်။

ဖက်ဒရယ်ဖြစ်စေမည့် လမ်းကြောင်းနှင့် လွဲချော်နေသည့် နောက်ထပ် တစ်ချက်မှာ ပြည်ထောင်စု
လွှတ်တော်ရှိ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးရေပေါင်း (၂၂၄) ဦး ရှိသည့်
အနက် ပြည်နယ်များကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နည်းအားဖြင့်ဆိုရ
သော် လူမျိုးစုငယ်များ သို့တည်းမဟုတ် လူနည်းစု(Minority)များကို ကိုယ်စားပြုသော လွှတ်တော်
ကိုယ်စားလှယ်အရေအတွက်မှာ တစ်ပြည်နယ်လျှင် (၁၂)ဦးနှုန်းဖြင့် (၇)ပြည်နယ်ပေါင်းလျှင် (၈၄)
ဦးသာ ရှိပါသည်။

ယင်းအရေအတွက်မှာလည်း Unity ဖြစ်သည်ဟု မဆိုသာသေးပါ။ ကျန်အရေအတွက်မှာ တိုင်းဒေ
သကြီး (၇)ခုကို အခြေခံသော၊ တနည်းအားဖြင့်ဆိုရင်လျှင် Majority လူမျိုးစုကို ကိုယ်စားပြုသော
လွှတ်တော်ကိုယ်စားလှယ်(၈၄)ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်ဦးရေ(၅၆)ဦးတို့ ဖြစ်ပါသည်။


ပိုမိုရှင်းလင်းစေရန် ပုံဖေါ်ပြပါမည်။

ပြည်နယ်တစ်ခုလျှင် ကိုယ်စားလှယ်(၁၂)နှုန်းဖြင့် ပြည်နယ်(၇)ခု ရှိသည်ဖြစ်ရာ-

၇ × ၁၂ = ၈၄ ဦး

တိုင်းဒေသကြီးတစ်ခုလျှင် ကိုယ်စားလှယ်(၁၂)နှုန်းဖြင့် တိုင်းဒေသကြီး(၇)ခု ရှိသည်ဖြစ်ရာ-

၇ × ၁၂ = ၈၄ ဦး

တပ်မတော်သား ကိုယ်စားလှယ် - ၂၅% = ၅၆ ဦး

အမျိုးသားလွှတ်တော်ရှိ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း- ၈၄ + ၈၄ + ၅၆= ၂၂၄ ဦး


အကယ်၍ တိုင်းဒေသကြီးများတွင် အချိုးကျကိုယ်စားလှယ်စနစ်(PR စနစ်)ကို မကျင့်သုံးပါက အမျိုး
သားလွှတ်တော်တွင် ပြည်နယ်များအဖို့ Majority ဖြစ်သောဗမာပါတီကြီးကို ယှဉ်ပြိုင်နိုင်ရန်အတွက်
တပ်မတော်သားကိုယ်စားလှယ် (၅၆)မဲကိုသာ အားကိုးစရာ ရှိပါတော့သည်။


(ထိုသို့ ဆိုသဖြင့် စာရေးသူကို PR Lobby ဟု မထင်စေလိုပါ။ စာရေးသူအနေဖြင့် ဖြစ်နိုင်ချေကိုသာ
တွက်ချက်ပြခြင်း ဖြစ်ပါသည်။)



(အပိုင်း-၃ ကို ဆက်လက် ဖတ်ရှုပေးပါရန်-)

-လင်းသက်-

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...