Sunday, July 6, 2014

ဖက်ဒရယ်အရေးလား...ဗဟိုဦးစီးမှုဖြေလျှော့ရေး (Decentralization)လား...(အပိုင်း-၁)

July 8, 2014 at 7:20am
 
ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံပေါင်း (၂၅)ခန့်ရှိပြီး ယင်းတို့ အနက်၊
ဗဟိုမှ အာဏာချုပ်ကိုင်ခြင်း မရှိသည့် Noncentralization နိုင်ငံပေါင်းအနည်းငယ်မျှသာ
ရှိသည်ဟု ဆိုရမည် ဖြစ်ပါသည်။

ကျန်နိုင်ငံများမှာမူ ဖက်ဒရယ်စနစ်ကျင့်သုံးသည်ဟု ဆိုသော်ငြားလည်း၊ ဗဟိုဦးစီးချုပ်ကိုင်မှု
များပြားသည့် Centralized State များနှင့် ဗဟိုဦးစီးချုပ်ကိုင်မှု ဖြေလျှော့ထားသည့်
Decentralized State ဖြစ်သည့် ဖက်ဒရယ်ပုံသဏ္ဍန်ရှိသော တပြည်ထောင်စနစ်ကျင့်သုံး
သည့်နိုင်ငံ (Unitary State)များသာ ဖြစ်ကြပါသည်။


ထို့အပြင် အသွင်ကူးပြောင်းရေးကာလ(Transition)ထဲ ရောက်ရှိနေသော ဖက်ဒရယ်စနစ်
ကျင့်သုံးရန် တာစူနေသော နိုင်ငံများလည်း ရှိပါသေးသည်။ ဥပမာအားဖြင့်- အီရတ်၊ ဆူဒန်
နှင့် မြန်မာနိုင်ငံတို့ ဖြစ်ကြပါသည်။ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် ဦးရေမှာ ကမ္ဘာ့လူဦးရေ၏
စုစုပေါင်း ၄၀% ခန့်ရှိသည်ဟု ဆို၏။

မြန်မာနိုင်ငံရေးသည် ၁၉၆၀ ခုနှစ်ဝန်းကျင်မှ စ၍ ကမ္ဘာလုံးဆိုင်ရာ ဖက်ဒရယ်ရေစီးကြောင်း
ထဲသို့ ရောက်ရှိလာခဲ့ပြီး၊ မျက်မှောက်ခေတ် နိုင်ငံရေးအခင်းအကျင်းတွင်လည်း ဖက်ဒရယ်
အရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြောဆိုလာကြပြီ ဖြစ်ပါသည်။

မြန်မာ့ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ နိုင်ငံရေးအသိုင်းအ၀ိုင်းရှိ Stakeholderများ ဆွေး
နွေး ထောက်ပြဝေဖန်ကြရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကထား အခြေတည်
ကာ ဆွေးနွေးကြလိမ့်ရှိသည်ကိုလည်း တွေ့ရှိကြရမည်ဖြစ်သည်။

ယင်းသို့ဆွေးနွေးရာတွင် နိုင်ငံရေးအသိုင်းရှိ Scholarအုပ်စုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေ
ခံ ဥပဒေ၏ ပုဒ်မ ၉၆ အရ ပေးထားသော ပြည်ထောင်စုအစိုးရ၏ ဥပဒေပြုခွင့် အာဏာဖြစ်
သည့် ဇယား(၁)မှ ဥပဒေပြုခွင့်အာဏာတစ်ချို့ကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးများ၏
ဥပဒေပြုခွင့် အာဏာများဖြစ်ကြသော ဇယား(၂)သို့ ရွှေ့ပြောင်းလိုက်လျှင် ဖက်ဒရယ်ဖြစ်ပြီဟု
အမြဲတစေ ထောက်ပြလေ့ရှိကြသည်ကို သတိထားမိပါသည်။

အဆိုပါနည်းလမ်းနှင့်အတူ ထပ်ချပ်မကွာလိုက်ပါလာသည့် နောက်ထပ် အတွေးအမြင်တစ်ခု
မှာ ဗဟိုအစိုးရ၏များပြားလှသည့်အာဏာပိုင်စိုးမှုကို လျှော့ချရမည်ဆိုသော Decentralization
လမ်းစဉ်ပင် ဖြစ်လေသည်။

အဆိုပါနည်းလမ်းများကို စာရေးသူကိုယ်တိုင် ယခင်က အစဉ်တစိုက်ထောက်ခံခဲ့ကြောင်း ၀န်
ခံ လိုပါသည်။ အကြောင်းမှာ လက်တွေ့ကျပြီး သူနိုင်-ကိုယ်နိုင်(win-win)လမ်းစဉ်ဟု ယူဆခဲ့
၍ ဖြစ်၏။

သို့ရာတွင် နောက်ပိုင်းကာလများ၌ မြန်မာ့ဖက်ဒရယ်အရေးသည် Decentralization မျှဖြင့် မ
ပြီးပြတ်နိုင်ကြောင်း သိလာသောအခါ စာရေးသူအနေဖြင့် ယင်းအတွေးအယူမှ သွေဖယ်လာ
ခဲ့ပြီ ဖြစ်ပါသည်။

ဤဆောင်းပါးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် ဖက်ဒရယ်အနှစ်အရသာကို
ပျက်ပြားစေသော၊ သို့တည်းမဟုတ် ဖက်ဒရယ်လမ်းကြောင်းမှ ချော်ထွက်နေသော ပုဒ်မ တစ်
ချို့နှင့် အကြောင်းအရာတချို့ကို ထောက်ပြထားပြီး၊ Federalism၏ သီအိုရီတချို့နှင့် ပူးကပ်တင်
ပြထားပါသည်။

ယခုတင်ပြချက်များသည် စာရေးသူ၏အတွေးအခေါ် အကောက်အယူမျှသာဖြစ်ပြီး၊ မှားသည်
မှန်သည်ဆိုသည့် ငြင်းခုန်ချက်များအပေါ် မည်သည့်တုန့်ပြန်မှုမျှ ပြန်ပေးမည် မဟုတ်သလို၊
စာဖတ်သူများအနေဖြင့်လည်း စာရေးသူ၏ သုံးသပ်ချက်များအပေါ် တထစ်ချ တရားသေ မှတ်
သား စရာ မလိုကြောင်း ပန်ကြားလိုပါသည်။


ဤနေရာတွင် စာရေးသူအနေဖြင့် ဖက်ဒရယ်နိုင်ငံများတွင် သုံးစွဲသည့် အာဏာခွဲဝေခြင်းဆိုင်
ရာ အခေါ်အဝေါ်တချို့ကို ဦးစွာ ဖေါ်ပြပေးလိုပါသည်။

  • Expressed Powers (Enumerated Power)
    ပြည်ထောင်စု အစိုးရ(ဗဟိုအစိုးရ)ကို မဖြစ်မနေသီးသန့်ပေးရလေ့ရှိသည့် အာဏာဖြစ်ပါ
    သည်။
    ဥပမာ-ငွေစက္ကူထုတ်ဝေခွင့်၊ စစ်တပ်၊ နိုင်ငံခြားရေး။ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ
    အခြေခံဥပဒေအရ၊ ပုဒ်မ (၉၆)၊ ဇယား(၁)

  • Concurrent Power (Shared Power)

    ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ မျှဝေသုံးစွဲခွင့် ရှိတဲ့အာဏာ။  ဇယား(၁)=ဇယား(၂)

  • Reserved power

    ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်း ရေးသားမထားပဲ ပြည်နယ်များ အသုံးပြုနိုင်ရန် ချန်ပေးထားသော အာဏာကို ဆိုလိုပါသည်။ ယင်းအာဏာသည် ပြည်နယ်များအတွက်သီးသန့် ပေးထားသည့်အခွင့်အရေးလည်း ဖြစ်ပါသည်။

  • Exclusive Power

    ပြည်နယ်များက သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရက သော်လည်းကောင်း အစိုးရနှစ်ရပ်အကြား ထပ်တူမကျပဲ သီးခြားစီ ပိုင်ဆိုင်ခွင့်ရထားသော အာဏာဖြစ်ပါသည်။

  • Residual Power

    ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးမှ ဖြစ်ပေါ်လာသောဥပဒေ ပြုခွင့်ကိစ္စကို ဆိုလိုပါသည်။
    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ (၉၈)။
ကြွင်းကျန်အာဏာကို ပြည်ထောင်စုမှယူထားလျှင် တစ်ပြည်ထောင်စနစ်ဆန်သွားတတ်ပြီး၊ ပြည်နယ်များမှ ယူထားမည်ဆိုပါက Confederation ဖြစ်သွားတတ်သည်ဟု ယေဘုယျ အား
ဖြင့် ပြောနိုင်ပါသည်။


၂၀၀၈ ခုနှစ်၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုနှင့် ပြည်နယ် သို့မဟုတ်
တိုင်းဒေသကြီးအစိုးရများအကြားက အာဏာခွဲဝေမှုအရ-

ပုဒ်မ(၉၆)အရ၊ ပြည်ထောင်စုအစိုးရ၏ ဥပဒေပြုခွင့်စာရင်း၊ ဇယား(၂)တွင် ဥပဒေပြုခွင့်အာဏာ
ပေါင်း (၁၃၀)ခု ပါရှိပြီး၊

ဇယား(၂)အရ၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးများ၏ ဥပဒေပြုခွင့်အာဏာပေါင်း(၄၁)ခု
ရှိပါသည်။

ပုဒ်မ(၉၈)အရ ကြွင်းကျန်အာဏာ(Residural Power)ကို ပြည်ထောင်စုအစိုးရအား ရယူသုံး
စွဲခွင့် ပြုထားပြန်သည်။

ထို့အပြင် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရများ၏ ဥပဒေပြုခွင့်စာရင်းထဲမှ စည်ပင်
သာယာရေးကိစ္စမှလွဲလျှင် ကျန်အာဏာအားလုံးသည် ပြည်ထောင်စုအစိုးရ၏ ဥပဒေပြုခွင့်
အာဏာနှင့် ထပ်တူကျနေသဖြင့်၊ ပြည်နယ်များရော၊ ပြည်ထောင်စုပါ မျှဝေသုံးစွဲရသော အာ
ဏာ(Shared Power or Concurrent Power) ဖြစ်နေသည်ကို တွေ့ရပါသည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ပြည်နယ်အစိုးရများအား ဝေဖန်နေမှုများအား စာရေးသူ မကြာ
ခဏ ကြားနေရပါသည်။ ယင်းဝေဖန်ချက်များအနက်၊ တချို့သော ဝေဖန်ချက်များမှာ လက်ခံ
နိုင်စရာကောင်းသော်လည်း၊ တစ်ချို့ ဝေဖန်ချက်များမှာမူ အပေါ်ယံဆန်လွန်းလှသည် ယူဆ
မိပါသည်။

ဥပမာအားဖြင့်- ပြည်နယ်အစိုးရများသည် မိမိတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်
ထားသော ဇယား(၂)ပါ ဥပဒေပြုစာရင်းကို ကောင်းစွာသုံးစွဲနိုင်ခြင်း မရှိ၊ သုံးစွဲရကောင်းမှန်း
လည်း မသိ။ ထို့ကြောင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးများတွင် မည်သည့်ဥပဒေမှ
ပေါ်ပေါက်လာခြင်းမရှိဟူသော ဝေဖန်ချက်ပင်ဖြစ်သည်။

ယင်းဝေဖန်ချက်မှာ မှန်ကန်သည်ဟု ဆိုနိုင်ကောင်းသော်လည်း အလုံးစုံမှန်နေသည် မထင်
မိပါ။ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရများ၏ အကြီးအကဲများဖြစ်ကြကုန်သော
ဝန်ကြီးချုပ်များသည် နိုင်ငံတော်အကြီးအကဲ(Head of State)နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်
(Head of Government)ဖြစ်သော သမ္မတက ခန့်အပ်ထားခြင်းဖြစ်ပြီး၊ ယင်းတို့ကို သမ္မတ
ကပင် ပြန်ဖြုတ်နိုင်သည် ဖြစ်ရာ၊ ၀န်ကြီးချုပ်များသည် သမ္မတ၏ သြဇာကို လွန်ဆန်ရန် မ
လွယ်ကူလှချေ။ တစ်နည်းအားဖြင့်ဆိုရသော် ၀န်ကြီးချုပ်များသည် သမ္မတ၏ အရိပ်အာဝါသ
ကို ခိုလှုံနေရသူများဟုပင် ခေါင်းစဉ်တပ်နိုင်ပါသေးသည်။

ထို့ထက်ပိုဆိုးသည်မှာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးများ၏ ဥပဒေပြုအာဏာ အား
လုံး နီးပါး (စည်ပင်သာယာရေးကိစ္စမှ လွဲလျှင်)သည် ပြည်ထောင်စုအစိုးရ၏ ဥပဒေပြုစာရင်း
(ဇယား-၁)ထဲတွင် ပါဝင်နေသည်ဖြစ်ရာ ပြည်နယ်အစိုးရများအနေဖြင့် ဥပဒေပြုရမည်မှာ
ဇဝေဇ၀ါဖြစ်နိုင်ပါသည်၊ မ၀ံ့မရဲလည်း ဖြစ်စေနိုင်ပါသည်။

တစ်ကယ်တန်းတွင် ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်င်ငံများတွင် ပြည်နယ်များ၏ အာဏာ
(State Power)၊ တစ်နည်းအားဖြင့် သီးခြားလုပ်ပိုင်ခွင့်အာဏာ(Exclusive Power)ပေးရ
မည်ဖြစ်သည့်အပြင် ပြည်နယ်များအတွက် သီးသန့် ချန်ထားသည့် အာဏာ (Reserved
Power)ကိုလည်း ပေးရဦးမည်ဖြစ်ပါသည်။


စာရေးသူဆိုလိုသည့်အဓိပါယ်ကို ဖက်ဒရယ်စနစ်လေ့လာနေသူများအတွက် ဘ၀င်မကျစရာ
ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ထိုအချင်းအရာကို အနည်းငယ် တင်ပြလိုပါသည်။

ကမ္ဘာတွင် စစ်မှန်သည့်ဖက်ဒရယ်စနစ်ဆိုသည်မှာ မရှိချေ။ ထို့အပြင် ပြည်နယ်များမှ အာဏာ
ပိုရနေမှ ဖက်ဒရယ်ဖြစ်မည်ဟူ၍လည်း အတိအကျမပြောနိုင်သလို၊ ပြည်ထောင်စုမှ အာဏာ
ပိုများနေမှ ဖက်ဒရယ်စစ်မည်ဟုလည်း တထစ်ချမသတ်မှတ်နိုင်ပါ။

အာဏာခွဲဝေကျင့်သုံးရာတွင် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား နှစ်ဦးနှစ်ဘက် လက်ခံ
ကျေနပ်သည့်ခွဲဝေမှုသည်သာ အဆိုပါနိုင်ငံအတွက် စစ်မှန်သည့်ဖက်ဒရယ်ဟု ဆိုနိုင်ပေသည်။

အမေရိကန်နိုင်ငံ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုနှင့် ချိန်ထိုး၍အနည်းငယ် ဥပမာပေးလိုပါသည်။
အမေရိကန်နိုင်ငံမှာ ဒေသကို အခြေပြုပြီး ရွှေ့ပြောင်းဝင်ရောက်လာသည့် လူမျိုးပေါင်းစုံဖြင့် ဖွဲ့
စည်းထားသော State-Nation ဖြစ်သည်၊ မြန်မာနိုင်ငံမှာမူ လူမျိုးပေါင်းစုံကို အခြေပြု၍ တည်
ဆောက်ထားသော Multi Nation-State ဖြစ်သည်ဟု စောဒကတက်နိုင်သော်လည်း စာရေး
သူ ပြောလိုသည်မှာ အဆိုပါကိစ္စကို အခြေမခံပါ။

အမေရိကန်နိုင်ငံတွင် ဖက်ဒရယ်စနစ် စတင်ကျင့်သုံးစဉ်က ပြည်ထောင်စုနှင့် ပြည်နယ်များ
အကြား အာဏာခွဲဝေစဉ်က အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံ(၁၃)နိုင်ငံက တစ်နိုင်ငံတည်း
စုပေါင်းကြသည်ဖြစ်ရာ၊ State(၁၃)ခုက ယင်းတို့တွင်ရှိနေသာအာဏာများကို ပြည်ထောင်စု
အစိုးရကို ခွဲပေးရခြင်းဖြစ်ပါသည်။ ယင်းကို Division of Powers ဟု ခေါ်သည်။ အာဏာခွဲ
ဝေရာတွင် ပြည်နယ်များမှ ပြည်ထောင်စုအစိုးရသို့ အာဏာခွဲပေးရလျှင် Bottom-up ဟု ခေါ်
ပြီး၊ အကယ်၍ ဗဟိုမှ ပြည်နယ်များသို့ ဖက်ဒရယ်စနစ် ကျင့်သုံးရန် အာဏာခွဲဝေပေးရလျှင်
Up-down ဖြစ်ပါသည်။


ဖက်ဒရယ်စနစ် စတင်ကျင့်သုံးခဲ့သည့် အမေရိကန်နိုင်ငံသည် ၁၇၈၉ ခုနှစ်ကာလများတွင်
စတင် အသုံးပြုခဲ့ပြီး၊ ယင်းကာလများသည် ဖက်ဒရယ်စနစ် စတင်ကျင့်သုံးသည့် ကာလများ
ဖြစ်သောကြောင့် ပြည်နယ်များတွင် အာဏာပိုများကာ ဗဟိုတွင် အာဏာနည်းပါးလွန်းသည်
ကို တွေ့ရသည်။

ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာ နည်းပါးလွန်းသောကြောင့် သမ္မတများအတွက်
မလူးသာ မလွန့်သာသည့် အခြေအနေဖြစ်သည်။ Confederation ဆန်လွန်းပါသည်။ ပြည်
ထောင်စုအစိုးရကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ Enumerated Powers မျှသာ ပေးသုံးထား
သည်ကို တွေ့ရသည်။

၁၈၁၉ ခုနှစ်တွင်မူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၁၀ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပြင်ဆင်ပြီးနောက် အစိုးရများအကြား အာဏာနှစ်ရပ်ပိုင်းခြားမှု ဖက်ဒရယ်စနစ်(Dual
Federalism)စနစ်ကို စတင်ကျင့်သုံးလာရာ ပြည်နယ်နှင့် ပြည်ထောင်စုတို့ အာဏာခွဲဝေမှုမှာ
ညီမျှလာပါသည်။

ထို့ကြောင့်ပင် Dual Federalism ကို ကဏ္ဍအလိုက် လုပ်ပိုင်ခွင့်အာဏာများ ပိုင်းခြားပေး
ထားသည့် ဖက်ဒရယ်စနစ် (LayarCake Faderalism)ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ Dual
Federalism တွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ နှစ်ဘက်လုံးတွင် တိကျ
သည့်အာဏာ(Specific Power)များကို ညီမျှစွာ အပ်နှင်းထားသည့်အပြင် ယင်းအစိုးရများ
သည် မိမိတို့သက်ဆိုင်ရာ ဧရိယာဒေသအတွင်း၌ အာဏာလွှမ်းမိုးမှု ရှိပါသည်။


ဤဖက်ဒရယ်စနစ်အရ ပြည်နယ်များကို တရားစီရင်မှုကဏ္ဍအား ပိုမို လွှဲပြောင်းပေးအပ်ထား
သည်ကို တွေ့ရပေသည်။ ပြည်ထောင်စုအစိုးရသည် ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာကို
ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိချေ။

၁၈၆၀ ခုနှစ်ကာလများတွင်မူ အမေရိကန်၏တောင်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များ ပြည်တွင်း
စစ်(Civil War)ဖြစ်ကြပါသည်။ ယင်းစစ်ပွဲပြီးနောက်တွင် ပြည်ထောင်စုအစိုးရက အာဏာပိုယူ
လာပါတော့သည်။ ထိုအခြေအနေတွင် ပြည်နယ်များသည် ပြည်ထောင်စုအစိုးရအား အာဏာ
ပြန်လည်ထိန်းကျောင်းနိုင်ခြင်း (Check and Balance)မရှိတော့ချေ။


ထို့နောက် ၁၉၂၉ ခုနှစ်မှ စတင်ကာ ပူးတွဲဆောင်ရွက်သည့် ဖက်ဒရယ်စနစ် (Cooprative
Federalism)သို့ ပြောင်းလဲလာပြီး၊ ပြည်ထောင်စုအစိုးရ၏ အာဏာများထဲတွင် ပြည်နယ်အစိုး
ရ များ၏ လုပ်ပိုင်ခွင့်များ ပူးတွဲလာခြင်းများ၊ ရောယှက်လာခြင်းများ တွေ့ရပြန်ပါသည်။ နိုင်ငံလုံး
ဆိုင်ရာ အကျိုးစီးပွားအတွက် ပူးတွဲဖြေရှင်းကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် တူညီသော
ဘုံပြဿနာများ (Common Problems)ကို စုပေါင်းဖြေရှင်းကြခြင်းပင် ဖြစ်ပါသည်။


သို့ရာတွင် ပြည်ထောင်စုမှသာ အာဏာ ပိုများနေပါသေးသည်။ ယင်းဖက်ဒရယ်အမျိုးအစားကို
Marble Cake Federalism ဟုလည်းလူသိများပြီး Creative Federalism ဟုလည်း ခေါ်ပါသေး
သည်။

Cooprative Federalism ၏ အဓိကရည်ရွယ်ချက်မှာ ပြည်နယ်များတွင် အာဏာနည်းပါးလွန်း၍
အလုပ်မဖြစ်သည့် အခြေအနေတွင် ပြည်ထောင်စုအစိုးရမှာ ပြည်နယ်များသို့ အာဏာပြန်လည်
မလွှဲပြောင်းပေးချင်သည့်အတွက် တမင်တီထွင်ဖန်တီးထားသည့်စနစ်ဟုပင် ဆိုနိုင်ပါသည်။ ဤ
ဖက်ဒရယ်အမျိုးအစားတွင် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား လုပ်ပိုင်ခွင့်အာဏာများ ရော
နှော ယှက်နွယ်နေတတ်သည်ကို တွေ့ရသည်။

Creative Federalism သည် Cooperative Federalism မှ ခွဲထွက်လာသည့် အမျိုးအစားတစ်ခု
ဟု ဆိုနိုင်ပြီး "picket-fence federalism"ဟုလည်းခေါ်သေးသည်။ ဤအမျိုးအစား၏သဘောမှာ
ပြည်ထောင်စုအစိုးရက ပြည်နယ်များ၏ ပြဿနာရပ်များအတွက် ၀င်ရောက်စွက်ဖက် ကာကွယ်ပေး
ရမည်ဆိုသည့် ပုံစံမျိုး ဖြစ်ပါသည်။ ထို့အပြင် ပြည်နယ်များ၏ အသေးစားချေးငွေများ အသုံးပြုခြင်း
ကိစ္စရပ်များတွင်ပင် ပြည်ထောင်စုအစိုးရ၏ အလိုဆန္ဒအတိုင်းသာ ဖြစ်လေသည်။ ထို့ကြောင့် ဤ
ဖက်ဒရယ်အမျိုးအစားတွင် ပြည်နယ်များ၏အာဏာမှာ လွန်စွာအားနည်းလွန်းသည်ကို တွေ့ရမည်
ဖြစ်သည်။

၁၉၆၀ ခုနှစ်ဝန်းကျင်တွင် အမေရိကန်၌ Competitive Federalismဟု ပေါ်ပေါက်လာပြန်ပါသည်။
ယင်းဖက်ဒရယ် အမျိုးအစား၏ သဘောသဘာဝမှာ ပြည်နယ်အစိုးရများနှင့် ဒေသန္တရအစိုးရများ
အားလုံးတွင် အခွန်ကောက်ခံခွင့်နှင့် ပြည်သူ့ရေးရာ ၀န်ဆောင်မှုများကို အပြိုင်အဆိုင်ပေးနိုင်ကြ
သည်။

ယင်းအခြေအနေတွင် နိုင်ငံသားများအနေဖြင့် မည်သည့်ပြည်နယ် သို့တည်းမဟုတ် မည်သည့်
ဒေသတွင် နေထိုင်မည်ဆိုသည့် ရွေးချယ်ခွင့်များ ရရှိကြပြီး၊ ရင်းနှီးမြှပ်နှံသူများကလည်း မိမိတို့
စိတ်ကြိုက်ပြည်နယ်/ ဒေသများကို ရွေးချယ်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ကြပါသည်။

သဘောတရားမှာ အစိုးရများသည်လည်း နိုင်ငံသားများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်
အတွက် ယှဉ်ပြိုင်နေကြရသည်ဟူ၍ပင် ဖြစ်လေသည်။

ဆိုရှယ်လစ်တို့ကမူ ယှဉ်ပြိုင်မှုအသားပေးသည့် ဖက်ဒရယ်ဝါဒကို နှစ်မြို့ခြင်းမရှိကြပေ။ ယင်းတို့က
ယှဉ်ပြိုင်မှုသည် ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သည်ဟုယူဆသဖြင့် Cooprative Federalism
ကို ပိုမိုနှစ်သက်ကြပါသည်။ တစ်ကယ်တန်းတွင် ယှဉ်ပြိုင်မှုများအတွက် စည်းမျဉ်းစည်းကမ်းများ
(Rules of the game)ကို သတ်မှတ်ပေးထားရလေ့ရှိပြီး၊ ယှဉ်ပြိုင်သူများမှာလည်း ယင်းကစားပွဲ
စည်းမျဉ်းဥပဒေသများအတွင်းမှာသာ ပြိုင်ဆိုင်ရခြင်း ဖြစ်ပါသည်။

ဤစနစ်တွင် ပြည်ထောင်စုအစိုးရ(ခေါ်) ဗဟိုအစိုးရအနေဖြင့် ဥပဒေပြုခြင်းဖြင့် ကစားပွဲစည်းမျဉ်း
များ အသက်ဝင်စေခြင်းများ ပြုလုပ်ပေးရပါသည်။ ယင်းစနစ်အပေါ် ပညာရှင်တစ်ချို့က ကစားပွဲ
စည်းမျဉ်းသတ်မှတ်ပေးသူ ဗဟိုအစိုးရ ကိုယ်တိုင်က ၀င်ရောက်ပါဝင် ယှဉ်ပြိုင်ပါက တရားမျှတမှု
မဖြစ်နိုင်သဖြင့်၊ ဗဟိုအစိုးရသည် ပြည်နယ်အစိုးရများနှင့် ဒေသန္တရအစိုးရများအတွက် စည်းမျဉ်း
ထိန်းကျောင်းပေးသူမျှသာ ဖြစ်သင့်သည်ဟု ဝေဖန် ထောက်ပြကြပါသည်။

ပြည်နယ်များအတွက် မကြာခဏကြုံတွေ့ရသည့်ခေါင်းခြောက်စရာကိစ္စမှာ မိမိတို့ဒေသဆိုင်ရာ
ခေါင်းစဉ်များအပေါ်မူတည်၍ Cooperate အသုံးပြုရမည်လား၊ Compete ကို အသုံးချရမည်လား
ဆိုခြင်းပင် ဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် Horizontal Federalism ကျင့်သုံးလေ့ရှိတတ်
သည်။

၁၉၇၀ ခုနှစ်ခန့်တွင် New Federalism School မှ နိုင်ငံရေးခေါင်းဆောင်များနှင့် စကော်လာများ
က New Fderalism ဟူသော အယူအဆသစ်တစ်ခုကို အဆိုတင်သွင်းလာခဲ့ပါသည်။ ယင်းအယူ
အဆအရ အမေရိကန်ရှိ ပြည်ထောင်စုအစိုးရတွင် အာဏာပိုမိုကြီးထွားများပြားလာသောကြောင့်
ပြည်နယ်များကို ပြန်လည်ပေးအပ်သင့်သည်ဟူ၍ပင် ဖြစ်သည်။ ထိုသို့ပေးအပ်ရာတွင် ဗဟိုအစိုးရ
တွင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဗဟိုဘဏ်၊ ငွေစက္ကူထုတ်ဝေခွင့်တို့ကဲ့သို့သော အရေးကြီးသည့်
လုပ်ပိုင်ခွင့်များ ကျန်နေခဲ့ပြီး၊ ပြည်နယ်များမှလည်း အာဏာတစ်ချို့ ပြန်လည်ရရှိသွားခဲ့ပါသည်။

ရစ်ချတ် နစ်ဆင်(Richard Nixon)က သူ၏သမ္မတသက်တမ်းဖြစ်သော(၁၉၆၉–၁၉၇၄)ခုနှစ်ကာလ
များတွင် New Federalism ကို စတင်အကောင်အထည်ဖေါ်ခဲ့ပြီး ပြည်နယ်များနှင့် ဒေသန္တရအစိုးရ
များကို အာဏာပြန်လည်ပေးခဲ့လေသည်။

ယင်းကဲ့သို့သော ဗဟိုအစိုးရမှ ပြည်နယ်များနှင့် ဒေသန္တရများသို့ အာဏာ ပိုမိုပြန်လည်ပေးအပ်ခဲ့
သည့် ဖြစ်စဉ်ကို "Devolution Revolution" ဟု ခေါ်ပါသည်။ Devolution ဆိုသည်မှာ Decentrali-
zation Process (၃)ခုဖြစ်သော-

၁။ Deconcentration - အာဏာကို တစ်နေရာတည်းတွင် စုစည်းထားမှုအား ဖယ်ရှားခြင်း။

၂။ Delegation - လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်း။

၃။ Devolution - ဗဟိုမှ အာဏာကို လက်အောက်ခံ အဖွဲ့အစည်းများသို့ ခွဲဝေပေးခြင်း သို့မဟုတ်
လွှဲပြောင်းပေးခြင်းဆိုသည့်အနက်မှ၊ နံပါတ်(၃) Devolution ကို ရည်ညွှန်းပါသည်။

၁၉၈၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်းတွင်လည်း သမ္မတ ရော်နယ်လ်ရေဂင် (Ronald  Reagan)က
New Federalism ကို တကျော့ပြန် မွမ်းမံဖေါ်ထုတ်ခဲ့င်္ပြီး၊ ပြည်နယ်များနှင့် ပြည်ထောင်စု အစိုးရ
အကြား အာဏာချိန်ခွင်လျှာ ထိန်းညှိနိုင်ရေးအတွက် ပြည်နယ်များသို့ အာဏာ ပိုမိုလွှဲပေးသင့်သည်
ဟု ဆိုခဲ့ပြန်သည်။

ဗဟိုအစိုးရ (ခေါ်) ပြည်ထောင်စုအစိုးရဆိုသည်မှာ ပြည်နယ်များက ဖန်ဆင်းပေးထားခြင်းသာ ဖြစ်
သဖြင့် ပြည်ထောင်စုအစိုးရသည် ပြည်နယ်များကို လွှမ်းမိုးစရာမလို၊ ပြည်နယ်များအတွက်သာလျှင်
အလုပ်လုပ်ပေးသင့်ဟု New Federalists များက မှတ်ယူခဲ့ကြပါသည်။


သမ္မတအိုဘားမားလက်ထက်တွင်မူ တိုးတက်သည့် ဖက်ဒရယ်ဝါဒ (Progressive Federalism)
အယူအဆတစ်ခု ပေါ်ထွက်လာပြန်ပါသည်။ သမ္မတအိုဘားမားသည် ဒီမိုကရက်တစ်ပါတီမှဖြစ်ပြီး၊
ဆိုရှယ်လစ်ဘရယ် အိုင်ဒီယိုလိုဂျီ ယုံကြည်သူတစ်ယောက်ဖြစ်ရာ၊ သူ၏လက်ထက်တွင် လူမှုဖူလုံ
ရေးဆိုင်ရာ မူဝါဒများ (Welfare Policies)ကို အကောင်ဖေါ်လေသည်။


ထို၏ အကျိုးဆက်မှာ ပြည်ထောင်စုလွှတ်တော်မှ ချမှတ်လိုက်သည့် စာမတတ်သူကလေးသူငယ်များ
မရှိစေရဆိုသည့် ပညာရေးဆိုင်ရာမူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မူဝါဒများ ထွက်ပေါ်
လာပါတော့သည်။ ထိုမူဝါဒများကို ပြည်နယ်များသို့ အလုံးစုံလွှဲအပ်လိုက်ရာ၊ ပြည်နယ်များမှာ အဆို
ပါ တာဝန်များကို ၀န်ထုပ်ဝန်ပိုးကဲ့သို့ ရှုမြင်ပြီး များစွာစိတ်ပျက်လက် ဖြစ်ကြရလေသည်။


ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုလည်း ပြည်နယ်များကပင်လျှင် တာဝန်
ယူကြရပါသည်။ သို့သော် အမျိုးသားရေးကိစ္စရပ်များ (တနိုင်ငံလုံး ဆိုင်ရာကိစ္စရပ်များ) ပြည်နယ်များ
တွင် ဖြစ်ပေါ်လာပါက ပြည်ထောင်စုအစိုးရမှသာလျှင် ၀င်ရောက်ဖြေရှင်းခွင့်ရှိပါသည်။

ဤစနစ်အရ ပြည်ထောင်စုအစိုးရသည် ပြည်နယ်အစိုးရများသို့ စမ်းသပ်လုပ်ပိုင်ခွင့်များ အပ်နှင်းလေ့
ရှိသည်။ ဆိုလိုသည်မှာ မူဝါဒရေးရာ လုပ်ကွက်များ ချပေးခြင်းပင် ဖြစ်သည်။


ပြည်နယ်များက ဗဟိုအစိုးရမှ ချပေးသည့် စမ်းသပ်လုပ်ခွင့်များအပေါ်မူတည်၍ မိမိတို့ ပြည်နယ်နှင့်
ကိုက်ညီမည့်မူဝါဒများ၊ ဥပဒေများ၊ လုပ်နည်းကိုင်နည်းများကို ရှာဖွေစမ်းသပ်ကြပြီး၊ ယင်းတွေ့ရှိချက်
များကို ဗဟိုအစိုးရသို့ အကြောင်းကြားလေ့ရှိပါသည်။


သို့သော် ပြည်နယ်အစိုးရများအနေနှင့် ထိုစမ်းသပ်တွေ့ရှိချက်မှ ထွက်ပေါ်လာသည့် ဥပဒေပြုခြင်း၊
မူဝါဒများချမှတ်ခြင်းကိစ္စရပ်များတွင်မူ ဗဟိုအစိုးရကို အကြောင်းကြားရုံသာ ကြားခြင်းသာဖြစ်ပြီး၊
လုပ်ခွင့်တောင်းခံခြင်းမျိုးတော့ မဟုတ်ချေ။


ရုတ်တရက်ကြည့်မည်ဆိုလျှင် ပြည်နယ်များကို ဗဟိုအစိုးရက လုပ်ပိုင်ခွင့်အာဏာများ ရက်ရက်ရော
ရော ပေးနေသည်ဟု ယူဆနိုင်သော်လည်း၊ တစ်ကယ်တန်းတွင်မူ ပြည်နယ်များက နောင်တစ်ချိန်
ကာလတွင် ပြည်ထောင်စုအစိုးရက အသုံးပြုနိုင်မည့် မူဝါဒများကို စမ်းသပ်လုပ်ကိုင်ပေးနေရသူများ
သာ ဖြစ်ပေသည်။


ဆိုလိုသည်မှာ ပြည်နယ်များသည် ဓါတ်ခွဲခန်းထဲမှ အစမ်းသပ်ခံများ သက်သက်သာ ဖြစ်နေခြင်းပင်
ဖြစ်လေသည်။ ယင်းဖက်ဒရယ်စနစ်တွင်ကျင့်သုံးသည့် ဒီမိုကရေစီစနစ်ကို တရားသူကြီး Louis
Brandeis က အစမ်းသပ်ခံ ဒီမိုကရေစီ (laboratories of democracy)ဟု ခေါ်ဝေါ်သုံးစွဲလေသည်။


အထက်ပါ အမေရိကန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပြောင်းအလဲများကို Supreme Court ဟု ခေါ်သော
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ အဓိက ကြိုးကိုင်ဆောင်ရွက်သည်ဟုဆိုလျှင် စာဖတ်သူများ
အံ့သြကောင်း အံ့သြသွားပါလိမ့်မည်။


အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေ
မှုကဏ္ဍတွင် ရှင်းလင်းပြတ်သားစွာ ရေးသားပြဌာန်းထားခြင်း မရှိသည့်အတွက် ပြည်ထောင်စုတရား
လွှတ်တော်ချုပ်မှ လိုအပ်သလို အနက်အဓိပါယ်ဖွင့်ဆိုနိုင်ပေသည်။


ဤအချက်ကပင်လျှင် ပြည်နယ်များနှင့် ပြည်ထောင်စုအစိုးရအကြား မည်သည့်ဘက်မှ အာဏာ ပိုယူ
စေ၊ သို့တည်းမဟုတ် ပူးတွဲဆောင်ရွက်စေ၊ သို့တည်းမဟုတ် အညီအမျှသုံးစွဲစေဆိုသည်များကို နိုင်ငံ
ရေး အခြေအနေအပေါ်မူတည်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်နိုင်လေသည်။


(ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် လွတ်လပ်ပြီး၊ အာဏာ
အထွဋ် အထိပ်ရောက်ရှိလာသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပုံ ရပါသည်။)


သို့ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မိမိတို့နိုင်ငံ (အမေရိကန်နိုင်ငံ)တွင် မည်သည့်
ဖက်ဒရယ်စနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်ကြောင်း ပြည်ထောင်စုနှင့် ပြည်နယ်များ(နိုင်ငံသားများ
အားလုံး)သိရှိအောင် အမြဲတစေ ထုတ်ဖေါ်ပြောကြားလေ့ ရှိတတ်ကြပါသည်။ ထိုမှသာလျှင် ပြည်နယ်
များသည် ပြောင်းလဲကျင့်သုံးနေသည့် ဖက်ဒရယ်စနစ်နှင့်အညီ လိုက်ရောညီထွေစွာ လိုက်နာကျင့်သုံး
နိုင်မည်လည်း ဖြစ်ပါသည်။


ဤကဲ့သို့ ဖက်ဒရယ်စနစ်များ မကြာခဏပြောင်းလဲကျင့်သုံးရသည့်အကြောင်းရင်းမှာ ဖြစ်ပေါ်လာသည့်
နိုင်ငံရေးအခြေအနေများအပေါ်မူတည်၍ နိုင်ငံရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အတွက် ဖြစ်
သည်ဟု ဆိုသည်။


ထို့ကြောင့်ပင်လျှင် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာဏာခွဲဝေမှုကဏ္ဍများကို ရှင်းလင်း
ပြတ်သားစွာ ပြဌာန်းမထားခဲ့ခြင်း ဖြစ်ဟန်တူပါသည်။

အမေရိကန် ဖက်ဒရယ်စနစ်ပြောင်းလဲမှုဖြစ်စဉ်များကို သုံးသပ်ကြည့်မည်ဆိုလျှင် အချက်(၂)ချက်ကို တွေ့
ရမည်ဖြစ်သည်။

နံပါတ် (၁)အချက်မှာ မည်သည့်ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ မည်သည့်အစိုးရတစ်ရပ်ဆီတွင်
အာဏာပိုများနေသည်ဖြစ်စေ၊ ပြည်နယ်များကို Reserved Powers နှင့် Exclusive Power များကို နတ်
နေကိုင်းအဖြစ် ချန်လှပ်ပေးထားလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။


ယင်းအခြေအနေသည် ဗဟိုအစိုးရဘက်ရော၊ အထူးသဖြင့် ပြည်နယ်အစိုးရဘက်မှ များစွာဖြေသာသည့်
အခြေအနေဖြစ်သလို၊ ကြွင်းကျန် အာဏာ(Residual Power)ကို လက်လွှတ်ရလျှင်ပင် ခုသာခံသာသည့်
အနေအထားတွင် ရှိနေပါသေးသည်။                                                   


ထို့အပြင် အမေရိကန်နိုင်ငံ၌ Cooperative Federalism ကျင့်သုံးစဉ် ကာလများတွင်ပင်လျှင် Reserve
Power နှင့် Exclusive Power ကို ပြည်နယ်များအတွက် မဖြစ်မနေ ချန်ထားပေးကြသည်ကို တွေ့ရပါ
သည်။

ယနေ့ခေတ် အမေရိကန်နိုင်ငံ၏ ဗဟိုအစိုးရ (Central or Federal Government)တွင် အာဏာပိုများ
သွားပြီဖြစ်သော်ငြားလည်း၊ ပြည်နယ်များအတွက် State Protection Law ကို ပြဌာန်း ပေးထားသေး
သည်။

နံပါတ် (၂)အချက်မှာ ပြည်ထောင်စုအစိုးရ(Federal Government)နှင့် ပြည်နယ်အစိုးရများ (Federal
Units)များအကြား အာဏာရွေ့လျားမှု ဖြစ်စဉ်တွင် အမျိုးအစား (၃)မျိုးကို တွေ့ရှိရပြီး၊ ယင်း (၃)မျိုးမှာ-

၁။ ဗဟိုမှ အာဏာအသာစီးယူကာ တင်းကြပ်လိုက်ခြင်း (Centralization)

၂။ ပြည်နယ်များသို့ အာဏာလွှဲပြောင်းပေးအပ်လိုက်ခြင်း (Devolutioon)

၃။ အာဏာမျှဝေသုံးစွဲခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်း(Shared Power & Share Rule)တို့ ဖြစ်ကြပါသည်။


ယင်းပုံသဏ္ဍန်များသည် အာဏာအပြန်အလှန်လွှဲပြောင်းခြင်းကိစ္စရပ်များတွင် လိုတိုး ပိုလျှော့ပြုလုပ်သည့်
သဘောသက်ရောက်ပါသည်။ သို့ရာတွင် ဗဟိုဦးစီးမှုဖြေလျှော့သည်စနစ်ကဲ့သို့ ဖြည်းဖြည်းချင်းပြောင်းလဲ
သည့် ပုံသဏ္ဍန်မဟုတ်ပဲ၊ တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှု(Trust)အရသော်လည်းကောင်း၊ နိုင်ငံရေး
ပြဿနာများအပေါ် အခြေတည်၍သော်လည်းကောင်း၊ ဘုံအကျိုးစီးပွား (Common Interest)ကို အခြေခံ၍
သော်လည်း အာဏာအတိုးအလျှော့ ပြုလုပ်လေ့ရှိသည်ကို တွေ့နိုင်ပါသည်။

အာဏာ အတိုးအလျှော့လုပ်သည့် ပုံစံကို နားလည်လွယ်ရန် ရာခိုင်နှုန်းဖြင့် တွက်ချက် ဥပမာပေးကြည့်ပါ
မည်။ ထို ရာခိုင်နှုန်းအတိုင်းဖြစ်သည်ဟု အတိအကျ မှတ်ယူရန် မလိုပါ။ သဘောပေါက်မှု လွယ်ကူစေရန်
ဥပမာပေးခြင်းမျှသာ ဖြစ်ပါသည်။


ဥပမာ- အမေရိကန်ပြည်ထောင်စုတွင်ရှိသော အာဏာအရပ်ရပ်အားလုံးကို ၁၀၀% ဟု သတ်မှတ်မည် ဆို
ကြပါစို့။ Expressed Powers(Enumerated Power)ကို ၂၅% သတ်မှတ်ပြီး၊ Reserved Power ကို ၂၅%
သတ်မှတ်လိုက်ပါမည်။ ကြွင်းကျန်အာဏာ(Residual Power)ကို ၂၅% နှင့် Shared Power)ကို ၂၅% ဟု
သတ်မှတ်မည် ဖြစ်၏။


ပြည်ထောင်စုအစိုးရကို Expressed Powers(Enumerated Power)နှင့်ပြည်နယ်အစိုးရများကိုReserved
Power များ ပေးအပ်ထားသည်။ ယင်းအာဏာနှစ်ရပ်လုံးသည် သီးသန့်လုပ်ပိုင်ခွင့်အာဏာများ(Exclusive
Powers) ဖြစ်ကြပါသည်။

ယင်းအာဏာနှစ်ရပ်သာ ရှိသည့်အခြေအနေတွင် အောက်ပါအတိုင်း ညီမျှခြင်း ချနိုင်ပါသည်။

Enumerated Power-25% = Reserved Power-25%

Federal Government Power-25%=Federal Units Power-25%

***မှတ်ချက်။  ။ Federal Government (ပြည်ထောင်စုအစိုးရ)၊ Federal Units (ပြည်နယ်အစိုးရများ)


ယင်းအခြေအနေတွင် မည်သည့်ဘက်ကမှ အသာစီးရယူထားနိုင်မည် မဟုတ်ချေ။

သို့သော် ပြည်ထောင်စုသို့ Residual Power ကို ထည့်ပေါင်းလိုက်သည့်အခါ၌မူ ယခုကဲ့သို့ ဖြစ်သွားပါတော့
သည်။

Enumerated Power-25%+ Residual Power-25%= Reserved Power-25%

Federal Government Power-50% = Federal Units Power-25%

Residual Power ကို ပြည်နယ်များဘက်သို့ ထည့်ပေါင်းလိုက်လျှင်-

Enumerated Power-25% = Reserved Power-25%+ Residual Power-25%

Federal Government Power-25% = Federal Units Power-50%

အကယ်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ မျှဝေသုံးစွဲခွင့်ရှိသည့် အာဏာ(Shared Power or
Concurrent Power)ကို တစ်ဘက်ဘက်မှ ကျန်တစ်ဘက်သို့ မပေးတော့ပဲ အလုံးစုံရယူ သုံးစွဲလိုက်သော
အခါတွင်မူ အာဏာချိန်ခွင်လျှာ စောင်းသွားသည့် အနေအထားသို့ ရောက်ရှိသွားလေတော့သည်။


Concurrent Power ကို ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်နယ်များနှင့် မျှဝေသုံးစွဲသင့်သော်လည်း မျှဝေ
သုံးစွဲခြင်းမရှိပဲ အလုံးစုံထိန်းချုပ်လိုက်ပါလျှင်-

Enumerated Power-25%+Residual Power-25%+Concurrent Power-25%=Reserved Power-25%

Federal Government Power-75% = Federal Units Power-25%

အကယ်၍ ပြည်နယ်အစိုးရက ချုပ်ကိုင်လိုက်လျှင်မူ-

Enumerated Power-25%=Reserved Power-25%+Residual Power-25%+Concurrent Power-25%

Federal Government Power-25% = Federal Units Power-75%

စာရေးသူ တွက်ချက်ပြသည့် ဥပမာများကိုကြည့်လျှင် အမေရိကန်နိုင်ငံ၏ဖက်ဒရယ်စနစ်ပုံစံ အပြောင်းအလဲ
များကို နားလည်နိုင်လိမ့်မည်ဟု ယူဆပါသည်။

မြန်မာနိုင်ငံတွင် ပညာရှင်တော်တော်များ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဇယား-၁ မှ ဇယား-၂ သို့ ဥပဒေပြု အာဏာများ ရွှေ့ပြောင်းရေးဆိုသည့် အဆိုပြုချက်နှင့် တူသယောင်ရှိသော်လည်း၊ သေချာ ခွဲခြမ်း စိတ်ဖြာ ကြည့်လျှင်မူ ကွဲပြားခြားနားနေပါသည်။


အပိုင်း(၂)ကို ဆက်လက် ဖေါ်ပြပေးပါဦးမည်။

လင်းသက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...