Wednesday, July 2, 2014

နှစ်ထောင့်ရှစ်ဆယ့်-လေး (ဒုတိယပိုင်း)

ဗြိတိသျှ စာရေးဆရာကြီး


ဂျော့အော်ဝဲလ် ၏


လုံးစည်းနိုင်ငံတော်ဆိုး (Totalitarian Nation) သရုပ်ဖော် ဝတ္ထု


1984 ကို


ဗမာ့နိုင်ငံရေး အခင်းအကျင်းနှင့် ဆီလျော်အောင်


ဗမာမှုပြုထားသည့်


နှစ်ထောင့်ရှစ်ဆယ့်-လေး

  
(ကိုကျောက်ညို သူ့ တိုက်ခန်းပြူတင်းပေါက်မှ ပြင်ပလောကကို လှမ်းကြည့်ကာ အတွေးမျှောငေးမော နေခဲ့ရာ… မှ အဆက်)

ကိုကျောက်ညိုသည် အခန်းဘက်သို့ ရုတ်ကနဲ ပြန်လှည့်လိုက်သည်။ စောင့်ကြည့်မှန်သားပြင် နှင့် မျက်နှာချင်းဆိုင် ရပြီဆိုလျှင် ငြိမ်သက်သည့် မျက်နှာပေး သွင်ဟန်ကို ပြသနိုင်ဖို့ ပုံမှန် ကြိုးစားနေကျ အတိုင်း သူကြိုးစား မျက်နှာပြင်လိုက်ပါသည်။ ၄င်း ရူတည်တည်ရုပ်ကလေး ပေးကာ အခန်းကို ဖြတ်ပြီး ကျဉ်းကြုပ် သည့် သူ့မီးဖိုချောင်ကလေးရှိရာသို့ သူလာခဲ့သည်။
ဝန်ကြီးဌာနကနေ သည်လို အချိန်မျိုးမှာ ရုံးဆင်းလာခဲ့သည့် သူသည် ကန်တင်းတွင် ကျွေးသော နေ့လည်စာကို လက်လွတ်ခဲ့ရသည်။

မီးဖိုချောင်ထဲမှာ ခပ်ကြီးကြီး ဓားလှီးဘိန်းမုန့် မည်းမည်းနက်နက် တစ်တုံးမှ လွဲလို့ စားစရာ မရှိကြောင်း ကျောက်ညို သတိထားမိသည်။ ဓားလှီးဘိန်းမုန့်မှာ မနက်ဖြန် မနက်စာစားဖို့ သူချန်ထားရပေမည်။ မီးဖိုချောင်၏ စင်ကပ်ကလေး ပေါ်မှာ “အမျိုးသားရေး အောင်ပွဲ” သင်္ကန်းရောင်တောက်တောက် တံဆိပ်နှိပ်ထားသော ဂျင်အရက်သည် အရောင်မွဲတိမွဲတေ နှင့် ကျောက်ညိုအား ခြောက်အက်အက် ရယ်ပြနေသည်။ သူသည် အရက်ပုလင်းကို ဆွဲချပြီး  လ္ဘက်ရည်ကြမ်းခွက် တစ်လုံးစာကို တစ်ခါတည်း မော့ချလိုက်သည်။ ဆီချေးစော် နံပြီး တရုတ်ပြည် တောင်ပိုင်းက တင်သွင်းသော ဆန်အရက်ပြင်း ဖြစ်သည်။ မီးသင်းဆေးခါးရည် သောက်ရသလို လည်ချောင်းထဲ ပူရှိန်းသွားလေသည်။

ရုတ်ချည်းဆိုသလို ကျောက်ညို၏ မျက်နှာသည် စွေးစွေးနီလာပြီး မျက်လုံးအိမ်မှ မျက်ရည်စီးကြောင်းများ ရေသွန်ချလိုက်သလို ယိုဆင်းလာလေသည်။ နိုက်ထရစ် အက်ဆစ်လို အဝင်ဆိုးလှတဲ့ အရက်။ လည်ချောင်းထဲသို့ ဂလိုက်ကနဲ အကြိုက်တွင် သူ့နောက်စေ့ကို ရာဘာတုတ်ဖြင့် ဂလုကနဲ ထုရိုက်ခံလိုက်ရသလို ခံစားရသည်။ အတန်ငယ်ကြာတော့ ကျောက်ညို၏ ဗိုက်ထဲမှ ပူစပ်စပ် ဝေဒနာသည် ဖြည်းဖြည်းချင်း တိုးတိတ်သွားပြီး ကမ္ဘာကြီးဟာ ပိုပြီး ပျော်မြူးစရာ ဖြစ်လာခဲ့သည်။

သူသည် အိတ်ထောင်ထဲမှ နေ၍ ကျိုးကြေနေသော စီးကရက်ဗူးကို ထုတ်ယူလိုက်သည်။ ဗူးပေါ်မှာ ကပ်ထားသော တံဆိပ်ကလည်း “အမျိုးသားရေး အောင်ပွဲ” တံဆိပ်၊ ထို့ကြောင့် စီးကရက် နာမည်ကလည်း “အမျိုးသားရေး အောင်ပွဲ” စီးကရက်။ ကျောက်ညိုသည် အမှတ်မရှိ စီးကရက်ကို မတ်တပ်ထောင်ပြီး မီးညှိလိုက်ရာ ဆေးရွက်ကြီးမှုန်များသည် ကြမ်းပြင်ပေါ် ပလဲသွားတော့သည်။ ဆေးလိပ် မီးညှိဖို့ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားရလေသည်။ သည် တစ်ခေါက်တော့ အဆင်ပြေသွားပြီး ကျောက်ညိုအတွက် အားလုံးနေရာကျသွားပြီ ဖြစ်သည်။

ကျောက်ညိုသည် ဧည့်ခန်းရှိရာ ပြန်လာခဲ့ပြီး “တီဗွီ” ၏ ဗယ်ဘက်တွင်ရှိ စားပွဲခုံကလေးမှာ ထိုင်လိုက်သည်။ စားပွဲခုံ၏ အံဆွဲမှ နေပြီး ဖောင်တိန်တင်ခွက် တစ်ခု၊ မင်အိုး တစ်လုံး နှင့် ဆယ်လက်မ x ရှစ်လက်မ ပတ်လည် မှတ်စုစာအုပ် တစ်အုပ်ကို သူထုတ်ယူလိုက်သည်။ မှတ်စုစာအုပ်သည် ရှေ့ဘက်ကမျက်နှာဖုံးက သန္တာရောင် ဖြစ်ပြီး ကျောဖုံးကတော့ အနီရောင် ဖြစ်သည်။

တစ်စုံတစ်ရာသော အကြောင်းကြောင့် အဝေးဆွဲ တီဗွီကင်မရာသည် ခုအခါမှာ “မြှောင်” ခံလိုက်ရသည်။ ကင်မရာမှန်ပြောင်းသည်  အခန်းတစ်ခုလုံးကို တစ်နေရာမကျန် လှမ်းရိုက်နိုင်သည့် ပင်ကိုနေရာ ဖြစ်သော နံရံ၏ အဆုံး ဒေါင့်နေရာတွင် ယူထားနိုင်ခြင်း မရှိတော့ဘဲ နံရံ၏ ပိုရှည်လျားသော ဘက်ခြမ်းမှ နေပြီး ပြူတင်းပေါက်ဘက်ကို မျက်နှာချင်းဆိုင် ရိုက်ယူနေသည့် ရူဒေါင့် ဖြစ်သွားလေသည်။ ကင်မရာရူဒေါင့်၏ သည်တဘက်တွင် ကိုကျောက်ညို ခုထိုင်နေသည့် နံရံဖောက် မြှောင်နေရာ ကလေးရှိသည်။ သည် နံရံဖောက် မြှောင်နေရာကလေးသည် နဂို တိုက်တန်းတို့ကို ဆောက်စဉ်တုန်းက နံရံမြုပ် စာအုပ်စင်တို့ကို ထည့်တပ်ဆင်ရန် ရည်ရွယ်ပုံရပါသည်။ သူ တိုးတိုးတိတ်တိတ် လှုပ်ရှားနေသည့် အသံကို ဖမ်းယူနိုင်တာကတော့ သေချာပါ၏ ။ ဒါပေမယ့် အဲသည် မြှောင်ကလေးတွင် ကိုကျောက်ညို နေရာယူထားသရွေ့  ပတ်လည် လှည့်ရိုက်နေသော တီဗွီကင်မရာသည် ကိုကျောက်ညို ဘယ်မှာရှိသလဲ ဆိုတာကို ရှာမတွေ့နိုင်ပါ။ ဤသို့ ပုံမှန်မဟုတ် ထူးခြားသည့် တိုက်ခန်းတွင်း ပထဝီဝင် အနေအထားသည် ကိုကျောက်ညို အခုလုပ်မည့် ကိစ္စကို လမ်းစဖွင့်ပေးနိုင်ခဲ့ ပါသည်။

ဒါပေမယ့် သည်လို “ထွက်ပေါက်” ရှိနေမှန်း ပထဝီဗေဒကို သူ အခု အံဆွဲထဲက ဆွဲထုတ်လိုက်သည့် မှတ်စုစာအုပ်က လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သည်။ စာအုပ်သည် သောက်ကျိုးနဲ လှပသော စာအုပ်ဖြစ်သည်။ စာရွက်သားတို့သည် ကြွေရောင်တောက်ပပြီး အိုမင်းခဲ့ပြီ ဖြစ်ရကား ဒေါင့်စွန်းတို့တွင် အဝါရောင် ဖျော့ဖျော့တော့ ယှက်သန်းလို့ နေသည်။ ဤစာအုပ်သည် အနည်းဆုံး လွန်ခဲ့တဲ့ အနှစ်လေးဆယ်က ထုတ်လုပ်ခဲ့သော စာအုပ် ဖြစ်ပုံရသည်။ သည့်ထက်မကလည်း အိုမင်းကောင်း အိုမင်းနိုင်သည်။  မြို့ဆင်ခြေဖုံး အရပ်က ညစ်ထပ်ထပ် ဆင်းရဲသားရပ်ကွက် တစ်ခု၏ တိုလီမှုတ်စတွေ ရောင်းချသည့် ဆိုင်တစ်ဆိုင်က ဒေါင့်တစ်နေရာဝယ် ပစ်ပယ်ထားခံရသည့် ဤစာအုပ်ကလေး လဲလျောင်းနေသည်ကို ကိုကျောက်ညို “ဈေးဝယ်ထွက်ရင်း” “ချောင်းမြောင်း” တွေ့ရှိခဲ့သည် (မည်သည့် ဆင်းရဲသား ရပ်ကွက် ဆိုတာကိုတော့ သူ ခုခါမှာ မမှတ်မိ) ။ စာအုပ်ကို မြင်မြင်ချင်း ဘာကြောင့်ရယ်မှန်း မသိ၊ လိုချင်စိတ်တွေ သူ့မှာ တအားပေါ်လာပါသည်။ တကယ်ကတော့ “ပါတီ” ဝင်တို့သည် “သာမန်” ဈေးဆိုင်တို့နှင့် အဆက်အသွယ် မလုပ်ရဘူးဟု “အကြံပြု တားမြစ်”ထားလေသည်။

* ဘာသာစောင့်စကားသစ် အဘိဓာန်သည် ဈေးကွက်စီးပွားရေး ဟုဆိုလျှင်  “လွတ်လပ်ပျက်စီး” ဟုသတ်မှတ်သည်။ ခုနောက်ဆုံး တစ်ဆယ့်တစ်ကြိမ်ထုတ် စကားသစ်အဘိဓာန် အရ “လွတ်လပ်” ဟူသော ဝေါဟာရသည် “ပျက်စီး”၊ “သာမန်”၊ “ဆုတ်ယုတ်”၊ “ပြိုကွဲ”၊ “ဖောက်ပြန်” စသော မကောင်းသည့် အနက်အဓိပ္ဗာယ် အားလုံးကို သိမ်းကြုံး ကိုယ်စားပြုသည်*

 ဘာသာစောင့် စကားသစ် အဘိဓာန် (Newspeak Dictionary) တွင် “အကြံပြုခြင်း” ဟူသော ဝေါဟာရသည် တားမြစ်ခြင်း၊ အမိန့်နာခံခိုင်းခြင်း၊ ကန့်သတ်ခြင်း စသော အာရုံတို့ကို ကိုယ်စားပြုပြီး အကြံပြုခြင်း နှင့် အမိန့်အာဏာတို့ အကြားတွင် ကွဲပြားခြားနားသော အနက် မရှိဟု စာအုပ်ကဆိုသည်။ နောက်ပြီး “အကြံပြုခြင်း” နှင့် “မေတ္တာရပ်ခံခြင်း” ဟူသော ဝေါဟာရ နှစ်ခုတွင်လည်း ကွဲပြားမှု မရှိတော့။ အဘယ်ကြောင့်ဆိုသော် နှစ်ခုလုံးသည် အမိန့်အာဏာဖြင့် ဘောင်ချစေခိုင်းမှု ဟူသော သဘောတရား တစ်ခုတည်းကို ညွှန်းနေသောကြောင့် ဖြစ်သည်။

ဤကဲ့သို့ တရားဝင် အမိန့်အာဏာဖြင့် တားဆီးကန့်သတ်ထားပေမင့်လည်း မုတ်ဆိတ်ရိတ်စားလိုမျိုး၊ လက်သည်းညှပ်လိုမျိုး၊ တောစီးဘွတ်ဖိနပ် အောက်ခံသားရေပြားလိုမျိုး ရှောင်တခင် လိုအပ်သည့် လူသုံးကုန်တွေကို ဆင်းရဲသား ဈေးကွက်မှာပဲ အလွယ်တကူ ရနိုင်သည် ဖြစ်ရာ ဤစည်းမျဉ်းသည် သိပ်တော့ အတင်းအကြပ်ကြီး မဟုတ်လှ။ ကိုကျောက်ညိုသည် လမ်းတောင်မြောက်ကို ကျီးကန်းတောင်းမှောက် လှမ်းအကဲခတ် လိုက်ပြီးလျှင် ဆိုင်ထဲသို့ လစ်ကနဲဝင်ကာ စာအုပ်ကို ပိုက်ဆံ နှစ်ထောင့်ငါးရာကျပ် ပေးဝယ်လာခဲ့သည်။ အဲသည်တုန်းက စာအုပ်ကို ဝယ်လာသောသူ့တွင် မည်သည့် အထူးတလည် ရည်ရွယ်ချက်မှ မရှိ။ ငါ မှားများ မှားနေပြီလား ဟု အိမ်အပြန်လမ်းတွင် သူသည် စိတ်ပင် လေးခဲ့ရပါသေးသည်။ စာအုပ်ထဲမှာ ဘာမှ မရေးထားလျှင်တောင်မှ စာအုပ်တစ်အုပ် လက်ဝယ်ထားရှိ ခြင်းသည် အန္တရယ် ပြင်းထန်စွာ ကျရောက်နိုင်သော ကိစ္စ။

သူ အခု လုပ်မယ့်ကိစ္စဟာ ဒိုင်ယာရီ ရေးမလို့ ။ ဒိုင်ယာရီ ရေးတာဟာ ဥပဒေ နဲ့ မညီညွတ်ဘူး လို့တော့ မဟုတ် (ညီညွတ်ဖို့ရာ ဥပဒေရယ်လို့လည်း မရှိ) ။ ဒါပေမယ့် မိသွားရင်ဖြင့် သေဒဏ်အထိ အပြစ်ပေးခံရကောင်းလည်း ခံရနိုင်သည်၊ ဒါမှမဟုတ် အနဲဆုံး အလုပ်ကြမ်း စခန်းမှာ နှစ်ဆယ့်ငါးနှစ်အထိ ခိုင်းစေခံရန် ပြစ်ဒဏ်ချမှတ် ခံရနိုင်သည်။

ကိုကျောက်ညိုသည် ဖောင်တိန်၏ ကညစ်ချွန်ကို ဖောင်တိန်တင်ခွက် ကြမ်းပြင်ထဲသို့ ဆွဲဖိချလိုက်ပြီး ပိတ်နေသော မင်ချေးတွေကို ခါထုတ်ရန် ကြိုးစားရလေသည်။ ဖောင်တိန်သည် ရှေးဟောင်း ပစ္စည်း တစ်ခု ဖြစ်ပြီး ကိုကျောက်ညိုသည် ခက်ခက်ခဲခဲ ခိုးကြောင်ခိုးဝှက်နှင့် ဤဖောင်တိန်ကို ရလာခဲ့ခြင်း ဖြစ်သည်။ သူ့အဖို့ကတော့ ဒိုင်ယာရီက စက်စက်ရက်ရက် တောက်သော ကြွေရောင်စက္ကူသည် ဖောင်တိန်အစစ် တစ်ခု၏ ကညစ်နှင့်သာ သေသပ်လှပစွာ ဆွဲခြစ်ဖို့ပဲ ထိုက်တန်ပါသည်။ တကယ်ကတော့ သူသည် ပုံမှန် အလုပ်ခွင်တွင် စာရေးလေ့ မရှိပါ။ အင်မတန် တိုတောင်းသော မှတ်စုတချို့ ခဏတဖြုတ် ရေးချရန်မှ အပ “ပြော-ရေး” (စကးပြောလျှင် စက်က အလိုအလျောက် လိုက်ရေး) ခြင်းသည် သူ့ ပုံမှန် အလုပ် သဘာဝဖြစ်သည်။

ဆီချေးတွေ ကွာသွားလောက်ပြီဟု ယူဆရတော့ သူသည် ဖောင်တိန်ကို ဖောင်တိန်အိုးထဲမှ ဆွဲထုတ်လိုက်ပြီးလျှင် မင်အိုးထဲသို့ တစ်စက္ကန့်မျှ နစ်ချလိုက်သည်။ ကြက်သီးမွေးညှင်း တစ်ချက်သည် ကိုကျောက်ညို၏ အသည်းအအူ ထဲထိရောက်အောင် စိုက်ဆင်းသွားပါ၏။ စက္ကူပေါ် စတင်ကျရောက်အဲ့သော ကညစ်မင်စက် ထိုတစ်ချက်သည် ဘဝတစ်သက် အတွက် အဆုံးအဖြတ် ပေးမည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သွားနိုင်ပါသည်။ မွဲနုတ်ကျိုးကျဲသော သူ့ဆံပင်လို ရူတ်ထွေးသလောက် မညီညာ မလှပ သေးငယ်သော စာလုံးများကို သူ စရေးချလိုက်ပါ၏ ။ ။

၂၀၈၄ ဧပြီ ၄ရက် -

သူသည် ကုလားထိုင်ပေါ် ကျောပြန်မှီပစ် လိုက်သည်။ ရုတ်ချည်းဆိုသလို ကိုကျောက်ညိုသည် အလွန်တရာ အားငယ်သွားရှာသည်။ ပြောရမည် ဆိုလျှင် လက်ရှိခုနှစ်ဟာ ၂၀၈၄ ခုနှစ် တကယ် ဟုတ်မဟုတ် သူ မသေချာပါ။ သူ့အသက်သည် ၃၉ နှစ် တဝိုက်မှာ ဆိုတာကတော့ သေချာလောက်သည်ဟုတော့ သူ ထင်မြင်ယူဆသည်။ ၂၀၄၄ (သို့) ၂၀၄၅ ပတ်ဝန်းကျင်လောက်တွင် သူ မွေးဖွားလာခဲ့သည်ဟု မောင်ကျောက်ညို ယုံကြည်ထားသည်။ လက်ရှိခေတ်ကာလ သမုဒ္ဒရာဗမာနိုင်ငံတော်တွင် နေထိုင်ကြကုန်သော နိုင်ငံသားတို့သည် မိမိ၏ မူလ မွေးနှစ်သက္ကရာဇ်ကို အတိအကျ မမှတ်မိကြတော့ဘဲ ၄င်းနှင့် တစ်နှစ် နှစ်နှစ် ပတ်ဝန်းကျင်လောက်သာ အကောင်းဆုံး ခန့်မှန်းနိုင်လေသည်။

ငိုင်တိုင်တိုင် ဖြစ်သွားသည့် မောင်ကျောက်ညိုတွင် စိတ်အားထပ်ငယ်စရာ မေးခွန်းတစ်ခု ပေါ်လာပြန်သည် “နင်ဟာ ဘယ်သူ့အတွက် ဒိုင်ယာရီကို ရေးနေရတာ ပါလဲ”၊  အနာဂါတ် အတွက်လား၊ မမွေးသေးတဲ့ ကလေးတွေ အတွက်လား။ သူ့အာရုံသည် စာရွက်မှာ မရေမရာ သူချရေးထားသည့် နေ့စွဲအပေါ် ဝှေ့ဝဲသွားခဲ့သည်။ ကျောက်ညို၏ စိတ်တေလေ ဌက်ငယ်ကလေးသည် လှောင်အိမ်မှ လွတ်ထွက်လာပြီး ရုတ်တရက်ဆိုသလို “ဆန့်ကျင်ဒွိဟဒဿန” DOUBLETHINK နံရံကြီးကို “အုန်း ကနဲ” ဆောင့်မိလေတော့သည်။

“ငြိမ်းချမ်းရေးကို စစ်ဘီလူးစောင့်သည်”

“သာမဂ္ဂိယက္ခ (ဝါ) ငြိမ်းချမ်းရေးစောင့် စစ်ဘီလူး” သည် ပါတီမှ လက်စွဲဖော်ဆောင်နေသော “ဒီပင်္ကရာ ယထာဘူတဥာဏ်စဉ်” (ဝါ) “DOUBLETHINK” ၂၀၈၄-ဗမာပြည် တွင် ထွန်းကားလွှမ်းမိုးရေးအတွက် အရေးပါအရာရောက်ဆုံး ရှေ့ဆောင် အသိသညာတွေထဲက တစ်ခု ဖြစ်သည်။ ပါတီမှ ယုံကြည်စွဲကိုင်ထားသည်မှာ ခေတ်သစ် ဗမာပြည်မျိုးဆက်ကို မျိုးဆက်၏ အမြုတေ “ရှေးဗမာကြီးတို့၏ ဝိဥာဉ်” များက အစဉ် ကြည့်ရူစောင့်ရှောက်လျက်ရှိရာ ၄င်းတို့အနက် သာမဂ္ဂိယက္ခ (ဝါ) ငြိမ်းချမ်းရေး စစ်ဘီလူးသည် တစ်ဦး အပါအဝင် ဖြစ်ပြီး စစ်ဘီလူး၏ တာဝန်မှာ “နဂို” ကို မျက်ခြေမပြတ် စောင့်ကြပ်ကာကွယ် ပြန်လည်တည့်မတ်ခြင်းပေတည်း။ 

ဗမာလူမျိုးတို့သည် ဗုဒ္ဓတရားတော် အရ လောက စကြာဝဌာတွင် အရာအားလုံးသည် ရပ်တန့်မှု မရှိ၊ သင်္ခါရ ရေစီးကြောင်းတွင် မည်သည့်အရာမဆို အစဉ် ပြောင်းလဲနေသည်မှာ လောကတွင် ပုံမှန် ဖြစ်ပွားနေကျ ဓမ္မတာသဘောဟု ယုံကြည်သည်။ ရွှေ့လျော ပြောင်းလဲခြင်း ဟူသည် “နဂို မူလအနေအထား” မှ ယွင်းစောင်း ဖောက်ပြန်ခြင်း ဖြစ်ပြီး ဤသို့ “နဂို” မှ တိမ်းစောင်း-ခွဲထွက်-ဖောက်ပြန်-ပျက်ပြား မှုတို့ လွှမ်းမိုးများပြားလာခဲ့သော် အစဉ်သဖြင့် တည်တံ့ခဲ့သော ဗမာမျိုးဆက်သည် နောက်ဆုံးတစ်ချိန်တွင် ယိုယွင်းပျောက်သုဉ်းသွားရ ပါလိမ့်သည်။ ထို့ကြောင့် “နဂို”မှ လှိုက်စား-ပြောင်းလဲ-ခွဲထွက်-ဖောက်ပြန်-ရွှေ့လျား ဖို့ အမူအယာတွေ၊ အရိပ်အရောင်တွေ၊ လက္ခဏာတွေ လူ့ဘောင်တွင် သန်းလာခဲ့သည် ရှိသော် ဗမာ လူ့ဘောင်၏ ငြိမ်းချမ်းတည်ငြိမ်ရေးသည် အန္တရယ်ရှိနေပြီ ဖြစ်ပြီး ဒါကို နိုင်ငံသားအားလုံးသည် သတိပြု ကာကွယ်ကြရမည်။ ဗမာတို့ အလွန် ကံထူးသည်မှာ ငါတို့၏ မျိုးဆက် အစဉ်အဆက် ကို ကာကွယ်စောင့်ရှောက်ခဲ့သော သာမဂ္ဂိယက္ခ- ငြိမ်းချမ်းရေးစစ်ဘီလူးသည် ဗမာလူ့ဘောင်တွင် ဆိုးဝါးသော “ပြောင်းလဲဖောက်ပြန်မှု” အသစ်တို့ ပေါ်ပေါက်လာလေတိုင်း ၄င်း “အရိပ်အရောင်” တို့ကို အပြတ်တိုက် နှိမ်နင်းပစ်သည်။ ဗမာ လူ့ဘောင်တွင် စစ်ပွဲတို့ ပေါ်ပေါက်လာရခြင်းမှာ “သဘာဝလိုအပ်ချက်” အရ သာမဂ္ဂိယက္ခဘီလူးသည် လူ့ဘောင်ကို ပြောင်းလဲဖောက်ပြန်အောင် လုပ်ဆောင်လာသူတို့ကို “အချိန်မီ” မြန်မြန်ဆန်ဆန် အကြမ်းဖက် ကာကွယ် နှိမ်နင်းရသောကြောင့်သာ ဖြစ်ပါ၏ ။

စစ်ကို လိုလား၍ ငါတို့ စစ်တိုက်သည်မဟုတ်၊ လိုအပ်၍သာ ငါတို့ စစ်တိုက်ရပါသည်။ “နဂို” သည် “မကြာမီမှာပင်” ပြောင်းလဲပြိုကွဲမည့် “အရိပ်အခြေ” ကျရောက်သဖြင့်သာ “မလွတ်တမ်း” စစ်ကို  ခင်းရပါသည်။ ငါတို့ လူ့ဘောင်တွင် ပြောင်းလဲမှုအသစ်တို့ ဖြစ်ပွားရောယှက်သော အရိပ်အချည်တို့ ပေါ်လာလေတိုင်း အစဉ် ကြပ်မတ် စောင့်ကြည့်နေသော ဗမာဝိဥာဉ် စစ်ဘီလူးက ပြိုစီးလာသော သင်္ခါရ ရေစီးကြောင်းကို သတိကောင်းကောင်းဖြင့် ဖမ်းချုပ်၊ ရောယှက်-ပျက်ပြား-ခြိမ်းချောက် လာမှုတို့ကို နှိမ်နင်းကာ၊ မျိုးဆက်လူ့ဘောင်၏ နဂို ရွှေ့လျားတိုးတက်မှု လမ်းကြောင်းကို ပြန်လည်တည့်မတ်ခြင်းသည် သာလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟု ပါတီက စွဲစွဲမှတ်မှတ် ယုံကြည်ပါသည်။

[မှတ်ချက်။ ။ လက်ရှိ ဗမာစစ်အာဏာရှင်ဝါဒ သည် ပြခဲ့သော “နဂိုကို အထပ်ထပ် ပြန်လည်တည့်မတ်မှု” နှင့် ပြောင်းလဲမှု သင်္ခါရရေစီးကို “သတိကောင်းကောင်း နှင့် အမြဲမပြတ် ဖမ်းချုပ်ဖို့ရန် လိုအပ်မှု” ပေါ်မှာ ၄င်းတို့ စနစ်တစ်ခုလုံးကို တည်ဆောက်ထားခြင်း ဖြစ်သည်။ ဒါကို နားလည်ပြီဆိုလျှင် မော်ဒန် မဘသ ဇာတ်လမ်းဟူသည် “အရိပ်အခြေ” တစ္ဆေကို လက်ညိုးတွင်တွင်ထိုးပြီး ဖင်ထိုင်ခုံမှ ဖယ်ပေးမှာ မဟုတ်သည့် စစ်အာဏာရှင် စနစ်ကို သက်ဆိုးတစ်ဆုံး ရှည်ဆန့်ဖို့ ဖြစ်တည်လာသော ဇာတ်လမ်းဖြစ်ကြောင်း နားလည်နိုင်ပါသည်။ ဒါဟာ ဘုန်းကြီး အသိတရားမဲ့၊ သူနိုင်ကိုယ်နိုင် ရုန်းကန်ခဲ့ရသော ဘဝ အတွေ့အကြုံ မရှိ၊ စဉ်းစားဆင်ခြင်ဥာဏ် မရှိ၊ ရွှေအိမ်စံရစ် ဘုံခုနှစ်ဆင့်က လာဘ်ယစ် ဂုဏ်ယစ် ဘဝင်မြင့် တွေ အရူးထ လုပ်ဆောင်လာသော ဇာတ်လမ်းသက်သက် သည်လည်း မဟုတ်၊ ဗမာ့ သမိုင်းတလျှောက်လုံးကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ သွပ်သွင်းလွှမ်းမိုးလာခဲ့သော “အရိပ်အခြေ-ဗမာ စစ်ကျွန်စနစ်” မှ ရိုက်သွင်းထားသည့် “ကျွန်ပြု ဒဿန” မှ ပေါ်ထွက်မွေးဖွားလာသော ဇာတ်ကွက် ဖြစ်ပြီး ဤ ကျွန်ပြုဒဿန၏ ရိုက်သွင်းလွှမ်းမိုးခံရမှုကို ငါတို့ မဖြိုနိုင်မချင်း တောမသတ်အောင် မွေးဖွားပေါ်ပေါက်လာနေအုံးမှာ ဖြစ်သည့် စစ်ကျွန်ဘုန်းကြီးတွေ နှင့် ငါတို့သည် အောက်တွင် အမြဲတမ်း နဘမ်းသတ်နေရမှာ ဖြစ်သလောက် စစ်အာဏာရှင်တွေနဲ့တကွ ၄င်းတို့အောက်စွဲ လူအုပ်စုတစ်စု ဟာ အပေါ်က အမြိုက်သား မပြတ်တမ်း စိုးစံစား တည်တံ့နေအုံးမှာ ဖြစ်ကြောင်းကို ကျွန်တော်တို့ တော်လှန်ရေး သမားများနှင့် တကွ ပြည်သူလူထု တစ်ရပ်လုံး သတိထားအပ်လွန်းလှပါ သတည်း]

[ တစ်နည်းအားဖြင့်လည်း ဤသော့ချက် အယူအဆ နှစ်ခုကို ဗမာလူ့ဘောင်က ပြောင်းပြန်လှန် ဖြိုချနိုင်လိုက်လျှင် ဗမာ စစ်အာဏာရှင် စနစ်ဟာ ဘယ်လိုနည်းနဲ့မှ မတည်တံ့နိုင်တော့ပါ ]

[ နောက်ပြီး သည် စစ်အာဏာရှင် အုတ်မြစ် အယူအဆ နှစ်ခုကို မဖြိုချဘဲနှင့် ဗမာလူ့ဘောင်ဟာ အမှန်တကယ် လွတ်လပ်တိုးတက်သော လူ့ဘောင် မဖြစ်နိုင်ပါ ။ လက်ရှိ မဘသဟာ ဗမာ လူ့ဘောင်ရဲ့ ကျွန်ဒဿနစောင့် ကျွန်အကြီးစားတွေ ဆိုတာကို ကျွန်တော်တို့တတွေ အခိုင်အမာ သိမှတ်စေလိုပါတယ် ]

အချိန်အတန်ကြာသည့်တိုင် ကိုကျောက်ညိုသည် စာရွက်ပေါ်ကို ငေါင်းစင်းစင်းနှင့် ကြောင်ကြည့်နေပါသည်။ တီဗွီမှန်သားပြင်သည် ကျယ်လောင်စူးဆိုးသော စစ်ချီသံသီချင်းကို ပြောင်းပြီးတော့ပင် ထုတ်လွှင့်နေပြီ ဖြစ်သည်။

၂၀၈၄ ဧပြီ ၄ရက် - ရုပ်ရှင်ပြတဲ့ နောက်ဆုံးည။ ပြသမျှ ရုပ်ရှင်ကားအားလုံး စစ်ကားတွေချည်း။ ဘင်္ဂလား ပင်လယ်အော်ထဲဝယ် အန်ဒါမန် ကျွန်းစုနား တစ်နေရာမှာ  ဒုက္ခသည်တွေကို တင်လာတဲ့ သဘောင်္ကို စစ်ရဟတ်ယာဉ်တွေက ဗုံးကျဲနစ်မြုပ်လိုက်ပုံဟာ သောက်ကျိုးနဲ ကောင်းတဲ့ကား။ အန်ဒါမန် ပင်လယ်ထဲမှာ တရုတ်ဝဝကြီး တစ်ယောက်ဟာဗမာပြည် ကမ်းခြေကို ရောက်နိုင်လိမ့်နိုးနိုး နဲ့ အသက်လုပြီး လက်ပစ်ကူးနေ လေရဲ့။ သူ့နောက်မှာ စစ်ရဟတ်ယာဉ်က ဝီဝီခေါ်ပြီး တရုတ်ကြီးကို လိုက်နေတာပေါ့။ ရေထဲမှာ ဝေလငါး ဖြူဖြူဖွေးဖွေးကြီး လိမ့်လိမ့်နဲ့ ကူးနေသလို တရုတ်ဖြူကြီးဟာလဲ ရေလိုင်းတွေကြားမှာ ပေါ်လိုက်လိမ့်လိုက်နဲ့။ သည့်နောက်တော့ စစ်ရဟတ်ယာဉ်က စက်သေနတ် ပြောင်းဝတွေကို ဆွဲရိုက်ပြ။ သည့်နောက်တော့ တရုတ်ကြီး တစ်ကိုယ်လုံး စကာပေါက်တွေ ဖြစ်ကုန်ပြီး သူ့ပတ်ဝန်းကျင်က ပင်လယ်ရေတွေ အကုန်လုံး ပန်းရောင်ဖြန်းဖြန်း လွှမ်းသွားလေတော့တယ်။ စကာပေါက်တွေ သဖွယ် ဖြစ်ပေါ်လာတဲ့ ကျည်ဆံပေါက်တွေထဲ ရေတွေဝင်လာတာနဲ့ တရုတ်ကြီးရဲ့ ခန္ဓာကိုယ်ဟာ ပင်လယ်ထဲ စုန်းစုန်းနစ်သွားရှာ တာပေါ့။ ပွဲကြည့် ပရိသတ်ဟာ တရုတ်ကြီး ရေနစ်နေတာကို အော်ကြဟစ်ကြ၊ ပျော်မြူးလှောင်ပြောင်ကြ။

သည့်နောက်မှာတော့ ကလေးငယ်တွေ အပြည့်ပါတဲ့ အသက်ကယ်လှေ တစ်စင်းကို စစ်ရဟတ်ယာဉ် တစ်စင်းက ထပ်ချပ်မကွာ လိုက်နေတာကို ပြပြန်တယ်။ လှေဦးခုံးမှာ သက်လတ်အရွယ် ကုလားမတစ်ဦးဟာ အသက်သုံးနှစ်သား အရွယ် သားငယ်ကလေးကို လက်မောင်းမှာ ပွေ့ပိုက်လို့။ ကလေးငယ်ဟာ ကြောက်လွန်းလို့ မိခင်ရဲ့ ရင်ခွင်ထဲကို သူ့ခေါင်းကလေးကို အတင်း ဝင်လျှိုးလို့ နေပေတော့တယ်။ မိခင်လုပ်တဲ့သူဟာ ကလေးငယ်ကို ထွေးပိုက်နှစ်သိမ့်နေပေမယ့်လည်း သူကိုယ်တိုင်က ကြောက်လွန်းလို့ တစ်ကိုယ်လုံး ပြာနှမ်းလို့။ ဒါပေမယ့် သူမဟာ ကလေးငယ်ကို လုံးကျစ်နေအောင် သူ့လက်မောင်းတွေထဲမှာ ဆွဲအပ်ထားလိုက်တာ သည်လက်မောင်းတွေဟာ ကျည်ဆံကို ကာကွယ်ပေးနိုင်သည့် အလား။ သည်မှာ စစ်ရဟတ်ယာဉ်ဟာ ကီလို နှစ်ဆယ်ကျော်လေးတဲ့ ဗုံးကို ဒုက္ခသည်တွေရဲ့ လှေဝမ်းအပေါ် ကျဲချပစ်လိုက်ရာမှာ ကောင်းကင်ယံကို မီးလုံးကြီး ဝုန်းကနဲ တက်သွားပြီး လှေတစ်စင်းလုံးဟာ မီးစွဲနေတဲ့ မီးခြစ်ဆံချောင်းတွေ အဖြစ် အစိတ်စိတ် အမွာမွာ ကျိုးကြေသွားခဲ့လေ သပေါ့။ မိခင်ကို ဖက်ထားခဲ့တဲ့ ကလေးငယ်ရဲ့  လက်အစုံဟာ ကောင်းကင်ကို မြှောက်တက်လာပြီး ဟယ်လီကော်ပတာ ရဲ့  နှာတံပေါ်မှာ တပ်ထားပုံရတဲ့ ကင်မရာဟာ ဒါကို လိုက်ရိုက်ပြနေတာနဲ့ အတူ ပွဲကြည့်ပရိသတ်ရဲ့  အုတ်အော်သောင်းတင်း သြဘာပေးသံဟာ တခဲနက် ထွက်ပေါ်လာပါတယ်။ သြဘာသံတွေဟာ ပါတီဝင်တွေ နေရာယူတဲ့ သီးသန့်အထက်တန်း ထိုင်ခုံတန်းတွေဘက်မှာ အရုတ်သဲဆုံး၊အကျယ်လောင်ဆုံး၊ အဆူညံဆုံး။

ဒါပေမယ့် ရုပ်ရှင်ရုံရဲ့ အောက်တန်းစားပြည်သူတွေကို နေရာချထားတဲ့ သာမန် ထိုင်ခုံတန်းဘက်က မိန်းမ တစ်ယောက်ဟာ စိတ်ဆိုးဆိုးနဲ့ ထိုင်ခုံကို ဆောင့်ကန်ပြီး “ကလေးတွေရှေ့မှာ သည်လို ကြမ်းတမ်း ရိုင်းစိုင်းတာတွေ မပြပါနဲ့။ ကလေးတွေကို သည်လို ကြမ်းတမ်းရိုင်းစိုင်းတဲ့ စိတ်တွေ မသွင်းပေးပါနဲ့…” လို့  မရပ်တမ်း သံကုန်ဟစ်အော်နေတာဟာ နောက်ဆုံး ရဲတွေရောက်လာပြီး သူမကို ရုပ်ရှင်ရုံ အပြင်ကို ဒရွတ်တိုက် ဆွဲထုတ်သွားတဲ့ အထိပါပဲ။ ရဲတွေလက်မှာ သည်မိန်းမ အထွေအထူး တစ်ခုခု ဖြစ်သွားလိမ့်မယ်လို့ ငါမထင်ပါဘူး။ သည် တိုင်းပြည်မှာ “အောက်တန်းစားမိဘပြည်သူ” (Proles) တွေ ပြောတာကို ဘယ်သူကမှ အရေးလုပ်မနေ သလို၊ ဥာဏ်မရှိတဲ့ အဲသည် “အောက်ခြေအလုပ်သမား” (Proles) တွေ  သဘာဝ - အလွန်အကျုး စိတ်လှုပ်ရှား တုံ့ပြန်ပေါက်ကွဲနေတာတွေကိုလည်း  ဘယ်တော့ကမှ

          ကိုကျောက်ညိုသည် ကြွက်တက်လာသလို ဖြစ်လာသောကြောင့် စာရေးနေတာကို ရပ်တန့်လိုက်သည်။ ဘာလို့များ သူဟာ ခေါင်းထဲကနေပြီး သည်လို အသုံးမကျတဲ့ အမှိုက်သရိုက် တစ်ပုံတစ်ခေါင်းကို သွန်ထုတ်နေမိရပါ သနည်း။ ခုတော့မှ သူ့ကိုယ်သူ နားလည်လာမိသည်မှာ ကနေ့ ငါအိမ်ကို စောစော ပြန်ပြီး ဒိုင်ယာရီ ရေးနေခဲ့တာဟာ ထူးထူးခြားခြား ဖြစ်ပွားခဲ့တဲ့ တခြား အဖြစ်အပျက် တစ်ခုကြောင့်လို့ သာပဲ။ သူ့တစ်သက် ပျက်ခဲ့သမျှ အဖြစ်တို့တွင် သည် အဖြစ်အပျက်လောက် စိတ်နောက်ကျိ ခြောက်ခြားဖွယ်ကောင်းတာဟာ ရှိမှ ရှိဘူးပါလေစ။

          ဤ အဖြစ်အပျက်သည် မနက်တုန်းဆီက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကျောက်ညို အလုပ်လုပ်နေသော မှတ်တမ်းဌာနရုံး (Records Department) တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်၏ ။ ကျောက်ညိုသည် ထုံးစံအတိုင်း ရုံး၏ အလုပ်ပေါင်းမိုးခန်းတွေထဲက ထိုင်ခုံတွေကို ဆွဲထုတ်ပြီး အဝေးကြည့် တီဗွီမှန်သားပြင်နှင့် မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းနေရာတွင် အစီအရီ နေရာချကာ “နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ” (Two minutes Hate) အခမ်းအနားကို ပြင်ဆင်နေခဲ့သည်။ ခုံတွေ စီအပြီးမှာ မောမောနှင့် ကျောက်ညိုသည် ခလယ်တန်းတစ်ခုံတွင် နေရာယူ ထိုင်လိုက်ဖို့ ပြင်မတုန်း ရှိသေး၊ မကြာခဏ မျက်မှန်းတန်းမိပေမယ့် တစ်ခါမှ ခေါ်ပြောနူတ်ဆက်ခြင်း မပြုဘူးသူ နှစ်ဦး အခန်းထဲသို့ ဝင်ချလာသည်။ တစ်ဦးသည် မိန်းကလေး ဖြစ်ပြီး သူနှင့် မကြာမကြာ ဆိုသလို ရုံးခန်းအပြင်ဘက် စင်္ကြန်လမ်းဒေါင့်တွင် ဆုံမိလေ့ ရှိသည်။

သူကလေး နာမည် ဘယ်လိုခေါ်သလဲ ဆိုတာ ကိုကျောက်ညို မသိ။ ဒါပေမယ့် ကောင်မလေးဟာ “စိတ်ကူးယဉ်ဌာန” (Fiction Department) မှာ တာဝန်ကျနေသူဟု သူ ခန့်မှန်း မိသည်။ ဝတ္ထုရေးစက် (Novel-writing machines) တို့ကို ထိန်းသိမ်းသော စက်ပြင်ဆရာမ ဖြစ်ပုံရပြီး သူမ၏ လက်တစ်ဖက်တွင် ခွတစ်ချောင်းကို ကိုင်ထားတတ်ကာ လက်အိတ်စွတ်မထားတတ်သော သူမ၏ လက်များသည် ဆီချေးတို့ဖြင့် ပေကျံနေတတ်သည်။ သူမသည် ပုရိသလိင်ကို ရဲရဲကြီး စူးပြီး ကြည့်လေ့ရှိသော မိန်းကလေး ဖြစ်သည်။ ကောင်မစူးကလေးသည် အသက် နှစ်ဆယ့်ခုနှစ်နှစ်ခန့် ရှိပုံရပြီး ဆံပင်အုံက ထူထူနှင့် မျက်နှာတွင် ညှင်းအညိုပျောက်လေး တချို့ရှိကာ သွားလာလှုပ်ရှားမှုတို့သည် အရေးပေါ် လူနာခန်းက ဆရာဝန်မကလေး တစ်ဦးလို သွက်လက်ဖျတ်လတ်လှသည်။ “လိင်မှုဖြတ် ဗြဟ္မစရိယ အမျိုးသမီးငယ်ရေးရာ အဖွဲ့” (Junior Anti-sex League) က အမှတ်အသား ဖြစ်သည့် အနီရောင်တောက်တောက် “ရွာမ” ပရိတ် ခါးပန်းကြိုး ဖြင့် ဂျိုင်းကြိုးသိုင်းဘောင်းဘီရှည်အောက်မှ သူမ၏ ခါးကျင်ကျင်ကလေးကို ကျစ်နေအောင် စည်းထားတတ်ပြီး အချိုးကျသော ခါးကျင်စပ်ကလေးသည် ပိုပြီး ပေါ်လွင်လှပနေတတ် ပါ၏။

၂၀၈၄ သမုဒ္ဒရာဗမာနိုင်ငံတွင် (အစိုးရလက်အောက်ခံ-သီးခြားလွတ်လပ်သည့်) အရပ်ဘက် အဖွဲ့အစည်း (Leagues) များလည်း ရှိရာ လိင်ကိစ္စကို အပြင်းအထန် ဆန့်ကျင်သော “ဗြဟ္မစရိယ ကုမ္မာရီ အမျိုးသမီးရေးရာ အဖွဲ့” (Junior Anti-sex League) သည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ကုမ္မာရီအဖွဲ့တွင် “မိမိကိုယ်ပိုင် စိတ်ဆန္ဒ” ဖြင့် လိင်မှုကိစ္စ တစ်သက်လုံး မပြု၊ မပျော်ပါးပါဟု သစ္စာဆိုထားသော အမျိုးသမီးငယ် များစွာ ပါဝင်ကြပြီး အဖွဲ့၏ ရည်ရွယ်ချက်မှာ မျိုးဆက်ကောင်း၊မျိုးဆက်သန့်တို့သာ ဗမာလူ့ဘောင်တွင် အစဉ်တစိုက် မွေးဖွားလာစေရန် ဖြစ်သည်။

အမျိုးသမီးရေးရာ အဖွဲ့ဆိုပေမယ့် အမျိုးသမီးများသာ မက အမျိုးသားများပါ အိမ်ထောင်သားမွေး မလုပ်၊ ဆန့်ကျင်ဘက်လိင်ကို အတူအိပ်ရန် မဆွဲဆောင်ဘဲ မိမိဘာသာ တစ်ကိုယ်ရေ တစ်ကာယ တစ်သက်လုံး နေထိုင်သွားရန် (တိုက်တွန်း-ဖိအားပေး) သည်။ ဗမာပြည်၏ နောက်မျိုးဆက် ကလေးသူငယ် မှန်သမျှသည် အဖွဲ့မှ အလှူခံထားသည့် ရေခဲပြီးယောင်္ကျားသုတ် (frozen semen)ကို အပ်မပါသော ဆေးထိုးပြွန် နှင့် အမျိုးသမီး၏ သားဦးအိမ် လမ်းကြောင်းထဲသို့ ထိုးသွင်းလိုက်ခြင်း (Artificial insemination) ဖြင့်ပဲ သားစပ် မွေးဖွားလာတော့စေရန် ဖိအားပေးသည်။

စကားသစ်အဘိဓာန် က ဤကဲ့သို့ ဗမာအချင်းချင်း လိင်ကိစ္စမဲ့ မျိုးစပ်ပေးခြင်းကို “ဆေးပြွန်ထိုးသံဝါသကုသိုလ်” ဟုခေါ်ပြီး သမုဒ္ဒရာဗမာနိုင်ငံ၏ အစိုးရ အဖွဲ့အစည်းများနှင့် တကွ ဆေးရုံဆေးခန်းတို့သည် လိင်မှုမဲ့မျိုးစပ်ခြင်း ကို တစ်နိုင်ငံလုံး ယောကျာင်္းမိန်းမမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမရွေး တညီတညွတ်တည်း သဘောတူ လိုက်နာကျင့်သုံးလာကြစေရန် အကောင်အထည်ဖော် ဆောင်ရွက်ကြလေသည်။
         
ပထမ စတွေ့ကတည်းကပင် ကိုကျောက်ညိုသည် ဒီမိန်းကလေးကို မနှစ်မြို့ပါ။ သူမနှင့်အတူ သိမ်ဖြူကွင်းကို ပတ်ပြေးသော သံဆူးခွာ ကင်းဘတ်ဖိနပ်နံ့၊ ရာသီပြဿနာကို ရေအေးသုံး ရင်ဆိုင်ပစ်သော ခါးသက်မှု၊ ကမ္ဘာအေး ကင်းထောက်သင်တန်း မျှော်စင်တက် လေ့ကျင့်ခန်းမှာ သုံးတဲ့  သားရေခါးပတ်က စွံပလွံသီးအနံ့၊ လိင်စိတ်ကို သန့်သက်ပစ်သော ဗြဟ္မစာရ ယောဂသမထ၏ စိမ်းကားသော အငွေ့အသက်၊ ဒါတွေအားလုံး သူမ၏ ပတ်ဝန်းကျင်ဝယ် ပါလာသည်ကို ကိုကျောက်ညို ခံစားမိသည်။

တကယ်တော့ ကျောက်ညိုသည် မိန်းမဆိုလျှင် အကုန်လုံးနီးပါး သူ မနှစ်မြို့၊ အထူးသဖြင့် ငယ်ရွယ် ချောမောသော မိန်းကလေးများ၊ “ပါတီ”မာန်မြောက် ဆောင့်ကြွားနေတဲ့ သောက်ကောင်မလေးတွေ။ မျိုးစောင့်ဘဘကြီးရဲ့ မှိုင်းတိုက်ဆောင်ပုဒ်တွေကို အလုံးလိုက် မျိုချထားတဲ့ တစ္ဆေမလေးတွေ၊ အပျော်တမ်း သူလျှိုမလေးတွေ၊ မျိုးစောင့် “ပါတီ” ရဲ့  သတင်းပေးလက်တို့ အောက်ဆွဲ ဒလံမလေးတွေ။

ဒါ့ထက်တောင် ဒီကောင်မကလေး တစ်ယောက်ဟာဖြင့် ထူးထူးခြားခြား အန္တရယ် အရှိဆုံးဟု ကိုကျောက်ညို တစ်ယောက် အန္တရယ်အငွေ့အသက် ကို ခံစားမိသည်။ စင်္ကြန်မှာ သူ့ကို ဆုံမိလျှင် ကောင်မလေးသည် သူ့ခေါင်းလေးကို တမင်စောင်းငဲ့ပြီးတော့ စူးစူးရဲရဲ အကြည့်တစ်ချက်ဖြင့် ခံစားမှု မပါသော ရုပ်တည်ကြီးနှင့် အကြာကြီး ကိုကျောက်ညိုကို စိုက်ကြည့်ပစ်တတ်သည်။ သူကလေး၏ ရူတည်တည် အကြည့်ဟာ ကိုကျောက်ညိုကို ရင်ခုန်စေပါ၏။ ဒါပေမယ့် ဒီရင်ခုန်ခြင်း၏ နောက်ကွယ်မှာ စိုးရိမ်စရာ ကြမ္မာဆိုး၏ နရီငွေ့သက်တို့ တပါတည်း ပါလာသည်ကို ကျောက်ညိုသည် နက်နက်နဲနဲ အာရုံရမိပါ၏။

သည်ဟာမကလေးဟာ ပုံဖျောက်ထားသည် မျိုးစောင့်ဒဿနစောင့် ရဲမေလား ဟု တစ်ခါတစ်ခါတော့လည်း ကျောက်ညို စဉ်းစားမိသည်။ သူ သံသယဝင်မိသလိုမျိုး ဖြစ်ဖို့ အခွင့်အလမ်းကတော့ နဲပါသည်။ မည်သို့ပင် ဆိုစေကာမူ ကောင်မကလေး နှင့် ဆုံတိုင်း စိတ်မသက်မသာ ဖြစ်ရခြင်း နှင့်အတူ ဒီရူတည်မကလေးကို ကျောက်ညိုသည် ရွံကြောက်ကလေး ကြောက်နေမိသည်။ မချောကလေး သူ့ကို ပုလိပ်ကြည့် ကြည့်လိုက်တိုင်း “ဒီဟာမကလေးကို ငါမုန်းသည်” ဟု ဝေခွဲထားနိုင်ဖို့ ကျောက်ညိုသည် ကိုယ့်ကိုကိုယ် ကြိုမောင်းတင်ထားရ လေသည်။

နောက်တစ်ဦးမှာ ဦးထင်ဂီရိ (O’ Brien) ၊ ပါတီ အတွင်းစည်း အဖွဲ့ဝင်၊ အရေးကြီး ပုဂ္ဂိုလ် VIP တစ်ဦး၊ သာမန် ပါတီဝင် တစ်ဦး ဖြစ်သော သူနှင့် ဦးဂီရိသည် အဆင့် အင်မတန် ခြားနားကား ဦးထင်ဂီရိ သည် ဘာရာထူးလဲဆိုတာ ကိုကျောက်ညို သေသေချာချာ မမှတ်မိ။ အနက်ရောင် ယူနီဖောင်းဝတ် အတွင်းစည်း ပါတီဝင် တစ်ဦး သူတို့နားက ဖြတ်သွားလေသော အခါ ထိုင်ခုံတွေမှာ နေရာယူထားသော ပရိသတ်သည် ခဏမျှ အသံတိတ်သွားလေသည်။ ဦးထင်ဂီရိသည် ဗလတောင့်တင်း၊ လည်ပင်းတုတ်တုတ် ဖြစ်ပြီးလျှင် မျက်နှာပေးက ပြုံးပြုံးရွှင်ရွှင် ရှိတတ်သော်လည်း ရုပ်ရည်ကြမ်းတမ်းပြီး ကြည့်ကောင်းလှသော သူတစ်ဦးတော့ မဟုတ်။ တစ်ခုထူးခြားချက်မှာ သူ့မျက်နှာပေးသည် ကျောချမ်းဖွယ်ရာ ပုံပေါက်နေပေမယ့် အမူအရာတို့သည် ယဉ်ကျေး နှစ်လိုဖွယ်ဖြစ်၏။ ဦးထင်ဂီရိသည် သူ့မျက်မှန်ကို ပင့်ကြည့်တတ်ပြီးလျှင် ဒါ့နောက် ၄င်းတို့ကို နှာတံပေါ်တွင် ပြန်လည်နေရာချထား တတ်ရာ တစ်နည်းအားဖြင့် ဒီတမင်ကလာ အမူအရာဟာ တစ်ဘက်သူမှ သူ့အပေါ် ရွံ့ကြောက်ကြီး ဖြစ်နေမှုကို အတော်လေး လျှော့ပါးသွားစေလေသည်။ ဆရာမင်းသိင်္ခ ဝတ္ထုထဲက ခင်ခင်သာဆို တရုတ်သူဌေး ဟန်ဆောင်လာတဲ့ လူသတ်သမား ကိုသံဟိတ်တစ်ယောက် မျက်မှန်ဝင်းဝင်းကလေး မျက်နှာပေါ် နေရာချ မရ ဖြစ်နေလို့ မျက်မှန်ကို ဆွဲချွတ်ပစ်လိုက်ပြီး ဖယောင်းတိုင် တင်ခုံပေါ်မှာ နေရာအကျ ပစ်တင်လိုက်၊ ဖယောင်းတိုင်ကို မီးမှုတ်ပစ်လိုက်ပေ မပေါ့။

ကျောက်ညိုဟာ ဦးထင်ဂီရိကို အခါတစ်ဒါဇင်မက မြင်ခဲ့ဘူးပါတယ်။ ဦးဂီရိဟာ သူ့အတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ သူတစ်ဦးလို့ သူနက်နက်ရိုင်းရိုင်း ခံစားမိသည်။ နွားသိုးတစ်ကောင်လို ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် နဲ့ နှစ်လို့စဖွယ် သိမ်မွေ့တဲ့ ဟန်ပန် အမူအရာတွေဟာ ခြားနားသလောက် စိတ်ဝင်စားစဖွယ်ကောင်းတာ ကတော့ အမှန်ပါပဲ။ ဒါ့ထက် ကိုကျောက်ညိုတစ်ယောက် မျှော်လင့်မိတာက ဦးထင်ဂီရိ ဟာ ပါတီ ဒဿနတွေကို ပုံသေလက်ခံမှုမှာ အများသူငါလို မပြင်းထန်ကောင်းလောက် ပါဘူး။ တစ်ခါတစ်လေများဆို ပြုံးဖြဲဖြဲ နဲ့ မျက်မှန်ကို နှာတံပေါ် ပင့်တင်လိုက်ပုံများဟာဆို သည်လူဟာ သဘောထားတင်းမာလှတဲ့သူ မဟုတ်ဘူး ဆိုတာကို တကယ် သက်သေခံနေပါတယ်။

အင်း၊ သဘောထား မတင်းမာဘူး ဆိုတာထက် ရိုးရိုးပဲ ဆိုရရင် သည်လူဟာ ဥာဏ်ရှိတဲ့သူပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ တဦးတယောက်ဟာ စောင့်ကြည့်ဖန်သားပြင် (telescreen) ကို တစ်နည်းနည်းနဲ့ လိမ်ခဲ့တယ် ဆိုရင် ဦးထင်ဂီရိကို ဝန်ခံပြောပြမိလို့ ပြဿနာ မရှိလောက်ဘူးလို့ ထင်ပါတယ်။ သူထင်တာ မှန်သလား မမှန်သာလား ဆိုတာတော့ ကိုကျောက်ညို တစ်ခါမှ မစမ်းသပ်ကြည့် ဘူးပါ။ တကယ်တော့လည်း ဒါမျိုး စမ်းသပ်ဖို့ နည်းလမ်းလည်း ရှိပုံ မပေါ်ပါ။

သည် မနက်ခင်း အချိန်တုန်းက ဦးထင်ဂီရိဟာ လက်ပတ်နာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီ ထိုးပြီ ဖြစ်သည်။ ဒါနဲ့ပဲ သူဟာ မှတ်တမ်း ဌာနမှာ “နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ” ပြီးသည်အထိ နေလိုက်မည်ဟု ဆုံးဖြတ်လိုက်ပုံ ပေါ်ပါသည်။ ဦးထင်ဂီရိဟာ ကျောက်ညို နှင့် တတန်းတည်းက နှစ်ခုံကျော်ကလေးမှာ သူကိုယ့်သူ နေရာယူလိုက် ပါသည်။ ကိုကျောက်ညိုနဲ့ ရုံးမှာ ပေါင်းမိုးခန်းနီးချင်း၊ သူ့ဆံပင်ကို သဲဖြူရောင် ဆံပင်ဆေးဆိုးထားတဲ့ ကိုယ်လုံးသေးသွယ်သွယ် အမကြီးက သူတို့ နှစ်ယောက်ကြားမှာ ရှိနေပြီး ဆံပင်ဖားလျား လည်ကုတ်ဝဲပြတ် သည်ကလေးမကတော့ ကျောက်ညိုရဲ့  နောက်တည့်တည့်မှာ ထိုင်ချလိုက်သည်။

လာလာချေပြီ ၊ “အမုန်းဖော်ထုတ်ပွဲ” စပြီ ဖြစ်၏။ ဆီမပါတဲ့ စက်ဘီလူးကြီးတစ်ခု တကျွိကျွိနဲ့ ပြေးနေသလို အသံရိုင်းရိုင်းနင့်နင့်ကြီးဟာ ရုံးခန်းရဲ့  အဆုံးမှာရှိတဲ့ ဧရာမ စောင့်ကြည့်တီဗွီမှန်သားပြင် (telescreen) ကနေ ထွက်ပေါ်လာပါသည်။ အသံဟာ ဝူးဝူးဝဲဝဲ မသာခေါင်းလောင်းသံလို ကျက်သရေမရှိဘဲ နောက်အံသွားတွေကျိန်းသွား၊ ရှေ့ဆံပင်တွေထောင်ကျဲလာလောက်အောင် ကြောက်ရွံ့စက်ဆုပ်ဖွယ် ကောင်းလွန်းလေ၏။ အမုန်းပွဲ “မုန်းလိုက်သမှ မုန်း”သည် စပါပြီ တည်း။ ဦးတာယုရွှေပယင်း (Immanuel Goldstein) ၊ တစ်နည်း လူထုတစ်ရပ်လုံး၏ ရန်သူတော် မျက်နှာသည် တီဗွီမှန်သားပြင်မှာ ပေါ်လာသည်။ သူ့ဘေးနားက ဆံပင်အုံပွ အမကြီးက အာခေါင်ကိုခြစ်ကာ စက်ဆုပ်ရွံမုန်းစွာဖြင့် “စောက်….” ဆိုပြီး စအော်လိုက်ရာမှ တစ်ခန်းလုံး နေရာအနှံ့တွင် “မအေပေး” “စောက်” “ခွေး” “ိုး” “ီး” စသော ဆဲဆိုသံများ ဆူညံပြည့်နှက် သွားလေတော့သည်။

တာယုရွှေပယင်းသည် ယခင်က “ပါတီ” ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး မျိုးစောင့်ဘဘကြီး နှင့် တန်းတူလောက်ကို သြဇာအာဏာ ကြီးမားသူ ဖြစ်သည်။ တန်ပြန်တော်လှန်ရေးဖြင့် နိုင်ငံတော်ကို လုပ်ကြံခဲ့ရာ မအောင်မြင်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရသည်။ ဒါပေမယ့် မည်သို့သော အကြောင်းကြောင့်ရယ် မသိ၊ လွတ်မြောက်သွားကာ လူမြင်ကွင်းမှ နေ၍ စုန်းစုန်းမြုပ်သွားခဲ့သည်။ နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ အစီအစဉ်သည်  တစ်နေ့နှင့်တစ်နေ့ အားလုံးထပ်တူတော့ မဟုတ်။ ဒါပေမယ့် ရွှေပယင်းက အဓိက ဇာတ်လိုက်မင်းသားကြီး အဖြစ် မပါတဲ့ အစီအစဉ်ဆိုလို့ မရှိ။ သူသည် ထိပ်ဆုံးက သစ္စာဖောက်၊  ပါတီ၏ “သန့်စင်ဝါဒ” ကို ပထမဦးဆုံး ဖောက်ပြန်အယူလွဲခဲ့သူ ။ နောက်ပိုင်းခေတ်တွင် ပါတီအပေါ် ကျုးလွန်သော ရာဇဝတ်မှုများ၊ ချိုးဖျက်မှုများ၊ အယူဝါဒ လွဲချော်တိမ်းပါးမှုများ အားလုံးသည် ရွှေပယင်း၏ လုံ့ဆော်မှုတို့ကြောင့် ဖြစ်သည်။

သင်းသည် တစ်နေရာရာတွင် ကိုယ်ပျောက် ခိုအောင်းနေလျက်ရှိပြီး နိုင်ငံတော်ကို လုပ်ကြံသော အစီအစဉ်များကို တလျှောက်လုံး လျှို့ဝှက် စီစဉ်ညွှန်ကြားလျက် ရှိသည်။ တာယုရွှေပယင်းသည် ဘင်္ဂလား ပင်လယ်အော် အလွန်က ကျွန်းတစ်ကျွန်းမှာ ၄င်း၏  နိုင်ငံခြားပထွေးကောင်တွေ၏ အထောက်အပံ့နှင့် လျှို့ဝှက်စခန်း တည်ဆောက်ထားသည်။ ဒါမှမဟုတ်လည်း မကြာခဏ သတင်းထွက်ပေါ်လာတတ်သလို သမုဒယသမုဒ္ဒရာ ဗမာပြည်၏ အထဲ ပြည်တွင်းတစ်နေရာမှာကိုပဲ သင်းသည် လျှို့ဝှက် ခိုအောင်းလျက်ရှိသည်။ ကရင်ပြည်နယ် သံတောင်အရပ်က ကွယ်ပျောက်ခဲ့ပြီ ဖြစ်သော တောင်ခြေ မီးရထားလမ်းတွေမှာလိုလို၊ ရှမ်းပြည်မဲခေါင်မြစ်ကမ်းက အခါး လူမျိုးစုတွေနေတဲ့ တောင်တန်းတွေမှာ လိုလို၊ အာသံနယ်စပ် ဗြဟ္မပုတ္တရမြစ်၏ တောင်ကြောကြီးတွေ မှာလိုလို။




ဇာတ်လမ်းပုံကားချပ်များ


စောင့်ကြည့်မှန်သားပြင်မှ စစ်ဗိုလ်အမျိုးသမီးက ညွှန်ကြားသည့်အတိုင်း ကုန်းကွလေ့ကျင့်ခန်းလုပ်နေရသော ကိုကျောက်ညို (Starring: John Hurt)




မီးဖြတ်ထားသော ကိုကျောက်ညို၏ တိုက်ခန်းထဲက စောင့်ကြည့်မှန်သားပြင် (telescreen)




မှတ်တမ်းဌာန (ဝါ) မှတ်တမ်းဖျက် သို့မဟုတ် ပြောင်းရေးဌာန၏ နှစ်မိနစ် အမုန်းပွဲ (two-minute hate)



အတွင်းစည်းပါတီဝင် VIP ဦးထင်ဂီရိ  (Starring: Richard Burton) [ကမ္ဘာ့ဂန္တဝင် ထိပ်တန်းသရုပ်ဆောင်၊ ၁၉၈၄ ခုနှစ်အတွင်းတွင်ပဲ ကွယ်လွန်၍ “1984” သည် ၄င်း နောက်ဆုံး သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားဖြစ်]



ပြော-ရေးစက် (speak-write machine) - စကားပြောလျှင် စက်က လိုက်ရေးသော ကိုကျောက်ညို၏ အလုပ်ခွင်



နှစ်မိနစ်အမုန်းပွဲကို ပါဝင်ဆင်နွဲနေကြသော အပြင်စည်း ပါတီဝင်များ




စောင့်ကြည့်မှန်သားပြင်ကို မြှောင်ပြီး ဒိုင်ယာရီရေးနေသော ကိုကျောက်ညို



သာမဂ္ဂိယက္ခ (ဝါ) ငြိမ်းချမ်းရေးစစ်ဘီလူး၏ အရန်အင်အား ကင်းထောက်အဖွဲ့ဝင် ကလေးသူလျှို

ကိုညိုထွန်း




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...