Tuesday, July 8, 2014

နှစ်ထောင့် ရှစ်ဆယ့် လေး (တတိယပိုင်း)


ဗြိတိသျှ စာရေးဆရာကြီး


ဂျော့အော်ဝဲလ် ၏


လုံးစည်းနိုင်ငံတော်ဆိုး (Totalitarian Nation) သရုပ်ဖော် ဝတ္ထု


1984 ကို


ဗမာ့နိုင်ငံရေး အခင်းအကျင်းနှင့် ဆီလျော်အောင်


ဗမာမှုပြုထားသည့်


နှစ်ထောင့်ရှစ်ဆယ့်-လေး

*အမျိုးသားရန်သူတော် ဦးတာယုရွှေပယင်း ခိုအောင်းနေသော နေရာတို့ အကြောင်း ဖော်ပြ ထားသည့် ကောလာဟလတို့ သမုဒ္ဒရာဗမာပြည်တွင် ကျော်ကြားပြန့်နှံ့ နေကြောင်းမှ အဆက်…

ကိုကျောက်ညို၏ ဝမ်းတွင်း အသက်ရူကြွက်သားမသည် တင်းကြပ်လာခဲ့သည်။ ဦးရွှေပယင်း ၏ မျက်ခွက်ကို ကြည့်လိုက်တိုင်း နာကျည်းခံပြင်းမှုတို့ မဖြစ်ပေါ်လာရသည်ဟု မရှိ။
မျက်နှာရှည်ရှည် နှင့် ရဟူဒီသွေး စပ်ပုံရသော သင်းသည် ဖြူဖွေးလံထွက်နေသော ဆံပင်များ၊ ဆိတ်ကလေး တစ်ကောင်၏ ပါးသိုင်းမွေးစပ်ဖျင်းဖျင်းနှင့် ပင်ကို သဘာဝ နေပုံထိုင်ပုံကိုက အတော်လေး ရွံစရာကောင်းတဲ့ လူတစ်ဦး ဖြစ်သည်။ လူကတော့ လူပါးလူလည် တစ်ဦး ဖြစ်ပုံရသော်လည်း ဘူတားအိုကြီးတွေရဲ့  ထုံးစံအတိုင်း သတိလက်လွတ်၊ ကြိုးမဆိုင်းထားတဲ့ သူ့ မျက်မှန်ဟာ သူ့ နှာခေါင်းရှည်ရှည်ကြီးရဲ့  အစွန်းပေါ် လျှောကျနေ၊ ကျက်သရေတုံး။ မျက်နှာပေါက်က စုတ်ချွန်းချွန်း၊ သိုးတစ်ကောင်လို။ သောက်သံက ဆိတ်ဝှေးသင်းခံရတဲ့ အခါမှာ အော်တဲ့ အသံမျိုး။


ထုံးစံအတိုင်း ရွှေပယင်းဟာ ‘ပါတီ’ ရဲ့  သည်းမြစ်သည်းခြေ အယူအဆတွေကို စိတ်ဆိုးနေတဲ့ နဂါးတစ်ကောင်ဟာ သူ့မြွေဆိတ်တွေ မှုတ်ထုတ်နေသလို အမြုံတစီစီနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။ ၄င်း တိုက်ခိုက်နေပုံဟာ အောက်တန်းစား အလွန်ဆန်ရကား ဒါကို ကလေးတစ်ယောက်ကတောင် ယုံကြည်လက်ခံ စရာ မရှိပါ။ ကြည့်နေတဲ့ ပရိသတ်ဟာ သူတို့ထက် ဥာဏ်အရည်အသွေး အလွန် နိမ့်ကျတဲ့ လူတစ်ဦးက လာပြီး လက်ချာပေးနေတာကို မခံမရပ်နိုင်တော့ဘဲ စိတ်ဆိုးပေါက်ကွဲ လာပါတော့တယ်။

သည် ဥာဏ်မရှိတဲ့ မျိုးဖျက်ကောင်ဟာ မျိုးစောင့်ဘဘကြီးကို မတော်တရော်တွေ စွပ်စွဲနေတယ်။ ‘ပါတီ’ရဲ့  စစ်အာဏာရှင်စနစ် ကျင့်သုံးမှုကို ရူတ်ချနေတယ်။ ဥရောရှား (Eurasia) နိုင်ငံ နဲ့ တိုက်နေတဲ့ စစ်ပွဲကို ချက်ချင်းရပ်တန့် ငြိမ်းချမ်းရေးယူဖို့ တောင်းဆိုနေတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စည်းဝေးစုရုံးပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်တွေ အတွက် သူဟာ ဆင်ခြင်တုံတရား မရှိ အော်ဟစ်တောင်းဆိုနေတယ်။ တော်လှန်ရေးဟာ သစ္စာဖောက်ခံလိုက်ရပြီ လို့ သူဟာ ကြေကွဲရူးသွပ် အော်ဟစ် ခံစားပြနေတယ် ဒီလူကြီးရဲ့  ဗလုံစီ ပြောဆိုမှုတွေဟာ ချဲ့ကားကြွားဝါ ဗြောင်လိမ်ဗြောင်ညာတဲ့ မိန့်ခွန်းတွေကို ပြောလေ့ရှိတဲ့ ‘ပါတီ’ ရဲ့  ပြောရေးဆိုခွင့်ရှိသူတွေ ပြောတဲ့ ပုံစံနဲ့ ဘာမှမထူး ၊ ကျက်သရေ ယုတ်မဲ့လွန်းလှ ပါသည်။

 ပြီးတော့လည်း ခေတ်ဆွေးက ဘူတားကောင်ကြီးဟာ ‘ဘာသာစောင့် စကားသစ်’ ကို တိုက်ခိုက်နေပြန်သေး။ ကြည့်စမ်း၊ ‘ဘာသာစောင့် စကားသစ်’ ကို တိုက်ခိုက်နေတဲ့ သင်းက သုံးနူန်းတဲ့ ဘာသာစကားကိုက လူထုက မုန်းတီးစက်ဆုပ်တဲ့ (မုန်းတီးစက်ဆုပ်တာကိုလည်း နောက်ဆုံးမေ့သွားတဲ့) ဦးနှောက်ချွတ် ‘ဘာသာစောင့် စကားသစ်’။ သည်နိုင်ငံမှာ ဘာသာစောင့် စကားသစ်ကို ပါတီမှာ တရားဝင် အလုပ်လုပ်ရတဲ့ အချိန်က လွဲလို့ ကိုကျောက်ညို အပါအဝင် ဘယ် ဗမာလူမျိုးကမှ အပြင် လက်တွေ့ဘဝတွင် မည်သူကမှ မသုံးစွဲကြပါ။ ‘မုဒိတာ ရပ်ဝန်း’ ဟူသည်မှာ ‘သတ်ဟ’ ‘ဖြတ်ဟ’ ‘နှိပ်ကွပ်ဟ’ ‘ငြင်းဆဲဟ’ ‘အငတ်ထားဟ’ ‘တိရစ္ဆာန်ကောင်တွေကို နေရာမပေးနဲ့ဟ’ ဟု ဆိုလိုခြင်း ဖြစ်သည် ဟု တရားဝင် အနက်ဖွင့်ပေးထားသော ဘာသာစောင့် စကားသစ်ကို အောက်တန်းစား မိဘပြည်သူများက အောက်တန်းစားပီပီ အတိအလင်း ပွင့်ပွင့်လင်းလင်း မုန်းတီးသလို ကိုကျောက်ညိုတို့ အပြင်ပါတီဝင် တော်တော်များများကလည်း ဖွင့်မပြောဝံ့ပေမယ့် တိုးတိုးတိတ်တိတ် စက်ဆုပ်ရွံရှာကြပါသည်။ ‘ဘာသာစောင့် စကားသစ်’ နဲ့ ဗြောင်လိမ်ဗြောင်ညာ မမှန်တာတွေကို ဖြန့်ဖြူးနေတဲ့ ရွှေပယင်းကို ပွဲကြည့် ပရိသတ်ဟာ ကြည့်ရင်းကြည့်ရင်း စိတ်ဆိုးသည်ထက် စိတ်ဆိုးလာပါတယ်။

ဒါတင်မကသေးဘူး။ သည့်နောက်မှာ သူ့ပထွေး ဥရောရှားတပ်မတော်က စစ်သားတွေဟာ တပြုံတမကြီး မဆုံးတမ်း စီတန်းချီတက်လာနေပါတယ်။ တီဗွီမှန်သားပြင်ကြီး တစ်ခုလုံးဟာ မျက်လုံးအိုင်းအိုင့် နီစပ်စပ် မွန်ဂိုမျက်နှာရှိတဲ့ စစ်သားတွေနဲ့ ဖွေးဖွေးလှုပ် ပြည့်နှက်သွားပါတော့တယ်။ စစ်သားတွေရဲ့ မျက်နှာဟာ တစ်ပုံစံတည်း၊ တစ်ပေါက်တည်း။ စစ်ချီဘွတ်ဖိနပ်သံတွေရဲ့  နောက်ခံ တေးဂီတကတော့ နဲ့ ဆိတ်အော်သလို ညှော်ပြနေတဲ့ ရွှေပယင်းရဲ့ ဘာသာစောင့်စကားသစ် ပါပဲ။

‘သမုဒ္ဒရာ ဗမာပြည်သား (အောက်တန်းစား-မိဘပြည်သူ) အပေါင်းတို့ ။

ပါတီ က ပြောသမျှဟာ (အမှန်တရားစစ်စစ်-အတုလိမ်ဆင်) တွေချည်း။

မျိုးစောင့်ဘဘကြီး ဟာ (တကယ်ရှိတဲ့- ပါတီက တမင် လုပ်ကြံဖန်တီးထားတဲ့) ခေါင်းဆောင်။

ငါတို့ဟာ ဘယ်တုန်းကမှ ဥရောရှား နိုင်ငံနဲ့ (အမြဲတမ်းစစ်ခင်းနေ-စစ်မဖြစ်ခဲ့ဘူး)။

ဗမာပြည် မြို့ရွာတွေကို လာဗုံးကြဲတာဟာ (ရန်သူ ဥရောရှားလေတပ်- မင်းတို့ကို အုပ်ချုပ်နေတဲ့ ပါတီအစိုးရကိုယ်တိုင်)။

ပါတီဟာ ပြည်သူလူထုကို (နိုင်ငံတကာက လူမျိုးဘာသာ အသီးသီးနဲ့ ရင်းနှီးချစ်ကြည်အောင်-နိုင်ငံခြားသား မှန်သမျှ ၊ ဘာသာကွဲ မှန်သမျှကို မုန်းတီးစက်ဆုပ်လာအောင်) တမင် ကြံဆောင်နေတယ်။

ဒါမှ တိုင်းပြည်အာဏာကို (ဖြောင့်မှန်စွာရယူထားတဲ့-လူညစ်လူကောက်) သင်းတို့ကို လူထုက (ကြည်ညိုမုန်းတီးပြီး) (ပြည်သူ့ ရောင်းရင်းမိတ်ဆွေသူတို့ကို-ရန်သူအစစ်အဖြစ်) (တည်တံ့အောင်ပံပိုး- တော်လှန်ဖြုတ်ချ) ဖို့ (မှတ်မိ-သတိမရ) မှာ ဖြစ်တယ်။

ပါတီကို အမှန်တကယ် ဦးဆောင်နေတာက (စိတ်ရင်းစေတနာမှန်တဲ့ မျိုးစောင့်ဘဘကြီး - (ဝါ) မျက်နှာမရှိတဲ့ လူယုတ်မာ အုပ်စုတွေရဲ့ ယန္တရား စနစ်)’

[မှတ်ချက်။ ။ သန်းရွှေ နေဝင်း ခင်ညွန့် စတဲ့ အာဏာရှင်တွေ၊ လူယုတ်မာ အစိုးရဝန်ကြီး အောင်ကြည်၊ ရဲထွဋ် တဲ့ အာဏာရှင် လက်ပါးစေတွေ၊ သီတဂူ ဝီရသူ စတဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မဘသ မျိုးစောင့်ဘုန်းကြီးခေါင်းဆောင်တွေ စတဲ့ သီးသန့်ပစ်မှတ်တွေဟာ အင်မတန် မှားယွင်းနေတဲ့ တော်လှန်ရေး ပစ်မှတ်များဖြစ်ပါတယ်။  လုံးစည်းစနစ်ရဲ့  သဘော ဖြစ်စဉ်ကိုယ်၌ကိုက ဤသို့ ပစ်မှတ်အတုများနောက်ကို လူထု နှင့် တော်လှန်ရေးသမားများ အားအင်ဆုံးရူံး မုန်းတီးတိုက်ခိုက်နေအောင် ဖန်တီးလာတတ်ပြီး တကယ်ထိအောင် ပစ်ရမယ့် ပစ်မှတ်အစစ်ကတော့ လုံးစည်း ယန္တရားစနစ်လည်ပတ်နိုင်မှုမှာ အသက်သွေးကြောဖြစ်တဲ့ လူထုတစ်ရပ်လုံးမှာ လွှမ်းမိုးနေတဲ့ လူ့ဘောင်ဆိုင်ရာ ဒဿနအမြင် (ပြခဲ့တဲ့) အမှားကို မေ့ပျောက်ထားခြင်း-လက်ခံခြင်း-ကိုးကွယ်လာခြင်း တို့ကို နောက်ဗိတ်ဆုံး လူ့ဘောင် တစ်ခုရဲ့  အစဉ်အလာ ယဉ်ကျေးမှုမှာ အနည်းငယ်လေးတောင် ဘယ်လိုမှ အတင်မခံနိုင်တော့တဲ့ အထိ ပြောင်းလဲပစ်ခြင်း ပါပဲ]

[ တစ်နည်းအားဖြင့် လောကပါလ သစ္စာတရား ပျက်ယွင်းမှု (ဝါ) မတရားသဖြင့် ပြောမိဆိုမိလုပ်မိမှာကို  ‘အနည်းငယ်လေးကိုပင်’ ‘အပြင်းအထန်’ ‘အလိုအလျောက် (အမိန့်အာဏာကြောင့် မဟုတ်)’  ‘ရှက်တတ်တဲ့’ ယဉ်ကျေးမှု ပေါ်ထွန်းလာပြီ ဆိုတာနဲ့ မည်သည့် စစ်အာဏာရှင် စနစ်၊ မည်သည့် လုံးစည်းဝါဒတို့ကမှ လူ့ဘောင်တစ်ခုတွင် ဆက်လက် မတည်တံ့နိုင်တော့ပါ။]

          အမုန်းဖော်ထုတ်ပွဲဟာ စတင်လို့ စက္ကန့်သုံးဆယ်တောင် မပြည့်သေး၊ အခန်းထဲက လူထက်ဝက် ပမာဏဟာ ဒေါသတွေ မထိန်းနိုင်အောင် ပေါက်ကွဲထွက်လာပါတော့တယ်။ ကိုယ့်ကိုကိုယ် အင်မတန် အရေးပါအရာရောက်တယ်လို့ မြှောက်ကြွပဲဟဲဟဲ လုပ်နေတဲ့ စောင့်ကြည့်မှန်သားပြင် ပေါ်က ဆိတ်သိုးကောင် တာယုရွှေပယင်း၊ သူ့နောက်မှာ ကျောထောက်နောက်ခံ ပါလာတဲ့ ဥရောရှား တပ်မတော်ကြီး၊ ဒါတွေဟာ လူထုရဲ့  သည်းခံနိုင်တဲ့ ရေမှတ်ကို ကျော်လာပြီ ဖြစ်သည်။ ဦးရွှေပယင်း ဟာ ‘ဥရောရှား နိုင်ငံ’ နဲ့ ‘အရှေ့အာရှ နိုင်ငံ’ ဒီတိုင်းပြည် နှစ်ခုထက်တောင် လူထုရဲ့ အမုန်းကို ထာဝရ ခံယူရရှိသူကြီး ပေပဲ။ ပါးနပ်တဲ့ ‘ပါတီ’ အစိုးရ က ဦးဆောင်တဲ့ သမုဒ္ဒရာ ဗမာပြည်ဟာ ရန်သူတော် နှစ်နိုင်ငံလုံး နဲ့ တစ်ပြိုင်တည်း စစ်ဘယ်တော့မှ မဖြစ်။ ဥရောရှားနဲ့ စစ်ဖြစ်နေတဲ့ အချိန်မှာ ဆိုရင် အရှေ့ အာရှ နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ထားပြီး အရှေ့အာနဲ့ စစ်ဖြစ်နေချိန်တဲ့ အချိန်မှာဆို ဥရောရှားနဲ့ ဗမာပြည်ဟာ ငြိမ်းချမ်းရေး ရထားလေ့ ရှိပါတယ်။ ရွှေပယင်းကတော့ အချိန်တိုင်းမှာ အချိန်မလပ် ပြည်သူတွေနဲ့ ထာဝရ ကမ္ဘာ့ရန်ပါ။

          သမုဒယ သမုဒ္ဒရာဗမာနိုင်ငံတော်မှာ လူတိုင်းလိုလို ဆိတ်သိုးကြီး ရွှေပယင်းကို မုန်းတီးကြသည်။ ထူးဆန်းသည်မှာ သည်လို လူထုတစ်ရပ်လုံးက မုန်းတီးနေပေမယ့်လည်း ရွှေပယင်း၏ လူထုအပေါ် သက်ရောက်သော သြဇာလွှမ်းမိုးမှုသည် ဘယ်တုန်းကမှ မကျဆင်းသွားခဲ့ပါ။ နေရာတိုင်း တစ်နေ့ကို အခါတစ်ထောင်မက လမ်းဘေးပလက်ဖောင်းကအစ လူထုပန်းခြံအဆုံး တစ်နိုင်ငံလုံးမှာ ကျင်းပတဲ့ လူထုဟောပြောပွဲများ၊ (ပါတီလက်အောက်ခံ-လွတ်လပ်သော) အရပ်ဘက်အဖွဲ့အစည်း အသီးသီးရဲ့  ထုတ်ပြန်ကြေငြာချက်များ၊ စောင့်ကြည့်မှန်ပြင်က ထုတ်လွှင့်တဲ့ သတင်းတွေ၊ တစ်နိုင်ငံလုံး မှာ ထုတ်ဝေဖြန့်ချီသမျှ သတင်းစာ ဂျာနယ် စာအုပ် အားလုံးမှာ ‘လူထုဘုံရန်သူကြီး’ ရဲ့  သီအိုရီတွေဟာ ပယ်ချခံရ၊ ဆွဲစုတ်ခံရ၊ လှောင်ပြောင်ရူံ့ချခံရ၊ မြောင်းထဲ အမှိုက်ပုံးထဲ ကျုံးထည့်ခံရ နဲ့ ဆိတ်သိုးကောင်ကြီးဟာ အခြေအနေ ဘယ်ခါမှ လှတယ်ရယ်လို့ မရှိပါဘူး – သို့ပေငြားသော်လည်းပဲ ရွှေပယင်းကြီးဟာ သမုဒ္ဒရာဗမာပြည် ရဲ့  နိုင်ငံရေး စင်မြင့်ပေါ်ကနေ ရွှေ့လျောကျလာရယ်တယ်လို့ ဘယ်ခါမှ မရှိခဲ့။ မည်သည့် အချိန်အခါမှာမဆို ဆိတ်သိုးကြီးက အသစ်စက်စက် ဂျင်းထည့်လို့ရမယ့် အချဉ်ကျပ်ချွတ် ကလေးတွေရဲ့  မျိုးဆက်ဟာ ပြတ်တောက်သွားတယ် ရယ်လို့ မရှိပါ။ သမုဒ္ဒရာဗမာပြည် ရဲ့ တစ်နေ့တာဟာ တာယုရွှေပယင်း က ကြီးကြပ်စေလွှတ်ထားတဲ့ လျှို့ဝှက်သူလျှိုတွေ၊ အဖျက်သမားတွေကို မျိုးစောင့်ဒဿနစောင့် အထူးရဲတပ်ဖွဲ့ဝင်တွေက ဖော်ထုတ်ဖမ်းဆီးမိခြင်း မရှိဘဲ ကုန်လွန်သွားခဲ့ရယ်တယ်လို့ မရှိသေးပါ။

ရွှေပယင်းဟာ တစ္ဆေလို ကိုယ်ပျောက်ခြောက်လှန့်နေတဲ့ ရန်သူ တပ်ပေါင်းစုကြီးရဲ့  စစ်သေနာပတိချုပ်ကြီး၊ နိုင်ငံတော်’မျိုးဆက်’ကို အစဉ်တစိုက် လုပ်ကြံနေတဲ့ ပြည်တွင်းပြည်ပ မြေအောက်အဖျက်သမား ကွန်ရက်တွေရဲ့  ဦးခေါင်းကြီး ။ သူ့ အဖွဲ့ရဲ့  နာမည်ကိုက ကြည့်လိုက်စမ်း၊ ကမ္ဘာလောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်ဖို့ လုပ်ကြံနေတဲ့ အကြံအစည်ကို ဗြောင်ဖော်ပြထားတဲ့ နာမည် –  ‘လူသားအားလုံး တစ်ကမ္ဘာလုံး ညီရင်းအစ်ကိုများ သမဂ္ဂ’ တဲ့၊ ပက်စက်တဲ့ အကြံ၊ ငါတို့ရဲ့  မျိုးကောင်းမျိုးသန့် ဗမာမတွေကို တစ်ကမ္ဘာလုံးမှာ ရှိသမျှ လူတကာနဲ့ မျိုးစပ်ပေးဖို့ ဆိတ်ကြံကြံ နေတဲ့ စောက်ထီးကြီး။

ဒါ့အပြင် ကောလာဟလတွေလည်း ပျံ့လွင့်လာတတ်သည်မှာ တာယုရွှေပလင်းဟာ ‘ကျမ်း’ ကို စီရင်ထားတယ် ဆိုပဲ။ ဗမာ လူ့ဘောင်သမိုင်းမှာ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သမျှ ဖောက်ပြန်လွဲမှားတဲ့ အယူအဆတွေကို စုစည်းထားတဲ့ စာအုပ် ဆိုပဲ။ ‘ကျမ်း’ စာအုပ်တစ်အုပ်ကို မည်သည့် သီးသန့်နာမည်နဲ့ မှ သမုဒ္ဒရာနိုင်ငံသားတွေ ခေါ်စရာ မလိုဘူးလို့ ဘာသာစောင့်စကားသစ် အဘိဓာန် တည်းဖြတ်စောင် တစောင်စောင်မှာ ကိုကျောက်ညို ဖတ်ရူမှတ်သားခဲ့ဖူး ပါသည်။

လိမ်လည်လှည့်ဖြားတဲ့ သြဝါဒတွေ၊ မိုက်မဲဖောက်ပြန်တဲ့ (မျိုးစောင့်မှတခြားဒဿန) တွေ၊ ခေတ်မမီ အသုံးမဝင်တော့တဲ့ (ရှေးဟောင်း အောက်တန်းစား ဗမာမိဘပြည်သူ) တို့၏ အယူအဆတွေ စသည်တို့ကို စုစည်း ရေးထားသော (ယဉ်ကျေးရိုင်းစိုင်း၊ လွတ်လပ်ပျက်စီး)သော စာအုပ်ဟူသမျှကို ‘ကျမ်း’ လို့ခေါ်သည်’

          မောင်ကျောက်ညို ပြန်မြင်ယောင်လာတာက သူငယ်စဉ်အခါမှာ ဗမာပြည်တစ်ဝှမ်းလုံး မြို့နယ်အလိုက် ကျင်းပခဲ့သော ‘ကျမ်းဖျက်ဆီးပွဲ’ များ။ ဖောက်ပြန်ရေးသမားတွေ ဖြစ်တဲ့ လယ်တီဦးပဏ္ဍိတ၊ ရှင်ဇနကာဘိဝံသ၊ ဦးရွှေအောင် စသူတို့ရဲ့ ဗုဒ္ဓဝါဒကို မဟုတ်တရုတ် လုပ်ကြံပြင်ဆင်ရေးသားထားတဲ့ စာအုပ်တွေ၊  ရွှေပယင်းဂိုဏ်းရဲ့ သြဇာခံ ဥရောရှားဘာသာရေးပညာရှင်တွေ ဆဌမ အကြိမ်မြောက် လုပ်ကြံရေးသား တည်းဖြတ်ခဲ့တယ်ဆိုတဲ့ သင်္ဂါယနာတင်ပိဋကတ်ဆိုတဲ့ နာမည်နဲ့ စာအုပ်ဝါဝါကြီး တွေ ၊ စာရေးသူကိုယ်တိုင် သူ့ကိုယ်သူ ‘စိတ်မနှံ့သူ ညိုထွန်း’ ဆိုပြီး မျက်နှာဖုံးမှာ ဝန်ခံထားတဲ့  ‘နှစ်ထောင့်ရှစ်ဆယ့်လေး’ ဆိုတဲ့ စစ်အာဏာရှင်ဝါဒဖြန့် ကာကီရောင်စာအုပ်တွေကို  ရန်ကုန်မြို့လယ်ခေါင်က ဆူးလေစေတီ အဝိုင်းကြီးမှာ အပျော်တမ်း ကင်းထောက်လူငယ်တွေက မြို့လုံးကျွတ် မီးပုံရို့ပြီး ဖျက်ဆီးနေပုံ။ ဒါဟာ ညုကလီးယား ဗုံးကြီး ရန်ကုန်မြေပေါ် အကျဲခံရ ၊ တိမ်လိပ်မည်းကြီးတွေ ထိုးတက်လာပြီးမှ ဖြစ်တာလား၊ ဒါ့မတိုင်ခင် ကတည်းက ဖြစ်တာလားဆိုတာကိုတော့ ကိုကျောက်ညို မမှတ်မိတော့။ သေချာတာက ‘ကျမ်း’ ဆိုတာ လက်ရှိခေတ်စနစ်နဲ့ မညီ၊ အသုံးမဝင်တော့တဲ့ စာအုပ်တွေ၊ မျိုးဆက်ကို အဆိပ်အတောက် ဖြစ်စေတဲ့ အတွေးအခေါ်တွေကို စုစည်းထားတဲ့ စာအုပ်တွေ၊ အဲသလို စာအုပ်အမျိုးစားအားလုံးကို ခေါ်သည်။ ရွှေပယင်း ရဲ့  ဘာမှ အဓိပ္ဗာယ်မရှိတဲ့၊  မိုးလုံးပြည့် ကောလာဟလတွေကို စုစည်းထားတဲ့ စာအုပ်ကိုလည်း ဘာနာမည်မှ အထူးတလည် တပ်နေစရာမလို ၊ ‘ကျမ်းကြီး’ လို့ ခေါ်သည်။ ရန်သူကြီးရဲ့  အာပွားကြီးတွေဆိုတော့ ကျမ်းကြီး ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ‘ပါတီဝင်’တွေဟာ အချင်းချင်း စကားပြောတဲ့နေရာမှာ လူဆိုးကြီး တာယုရွှေပယင်း ရဲ့   လက်ကိုင်စာအုပ် ‘ကျမ်းကြီး’ နဲ့ သူ့ရဲ့ လက်ကိုင်လူဆိုးအဖွဲ့ ‘လူသားအားလုံး ညီရင်းအစ်ကိုများ သမဂ္ဂကြီး’ အကြောင်းကို မပြောဆိုမိလေအောင် ရှောင်နိုင်သလောက် ရှောင်ကြပါတယ်။

          ‘နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲ’ ဟာ ဒုတိယမြောက် မိနစ်မှာ ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရတော့။ လူတွေဟာ လှိုင်းလုံးကြီးကြွလာသလို ထလာလိုက်၊ ပြန်ထိုင်လိုက်၊ တီဗွီကနေ တပဲပဲနဲ့ ထွက်နေတဲ့ ရွှေပယင်းရဲ့  ဆိတ်သိုးသံကို လူထုဟာ သူတို့ရဲ့  စုပေါင်းဝုန်းဒိုင်း အသံပင်လယ်ကြီး ထဲမှာ နစ်မြုပ်သွားအောင် သံကုန်ဖြဲပြီး အော်ဟစ်လိုက် နဲ့  ပိုရမ်းလာပါတော့သည်။ သဲဖြုရောင်ဆံရှင် အမကြီးဟာ ရေထဲက ငါးကို ကုန်းပေါ်တင်လိုက်သလို ဖျတ်ဖျတ်လူးခါနေပြီး စိတ်ဆိုးနေလိုက်သမှ သူ့ မျက်နှာတစ်ခုလုံး ပန်းရောင်တွတ်တွတ် ရဲသမ်းနေတော့သည်။ ဦးထင်ဂီရိ ရဲ့  မျက်နှာကြမ်းကြီးကလည်း စိတ်ပူဒေါသတွေ ထိုးတက်လာတာဟာဖြင့် ပြောင်းဖူးဖုတ်ရင်း အားကောင်းလာတဲ့ မီးကျီးခဲလို နီတာရဲလို့။ သူ့နောက်က ဆံပင်ဂုတ်ဝဲ ညှင်းပြောက်ကွက်ကလေးတွေနဲ့  ကလေးမဟာ ‘ဝက်၊ ဝက်’ လို့ စတင်အော်ဟစ်လိုက်ပြီး ကောင်မစိတ်ဆတ်ကလေးဟာ ဘယ်က ရလာမှန်းမသိတဲ့ ‘ဘာသာစောင့် စကားသစ်အဘိဓာန်’ စာအုပ်ထူထူကြီးနဲ့ တီဗွီမှန်သားပြင်ပေါ်ကို ပေါက်ထည့်ပစ်လိုက်သည်။ ရွှေပယင်းနဲ့ နှာခေါင်းတည့်တည့်ကို ထိမှန်ပြီး ပြုတ်ကျသွားပေမယ့် ဆိတ်သိုးသံကြီးက မရပ်သွားပါဘူး။
         
          ကောင်မလေး ပေါက်လိုက်တဲ့ စာအုပ် မှန်သားပြင်ကို ထိမှန်ပြီး ပြုတ်ကျသွားတဲ့ အခါ ကိုကျောက်ညိုဟာ နေခင်းကြောင်တောင် မျှောပါနေတဲ့ သူ့အိပ်မက်က လှုပ်နိုးခံလိုက်ရပြီး သူလည်း တခြားသူတွေနဲ့ အတူ သံကုန်ဖြဲပြီး လိုက်လံအော်ဟစ် ၊ သူ့ဖနောင့်နဲ့  ဖင်ထိုင်ခုံက အောက်ခြေသစ်သားတန်းကို တဝုန်းဝုန်း တဒုန်းဒုန်းနဲ့ ကန်ကျောက်ပစ်နေမိ တော့သည်။

          ‘မုန်းလိုက်သမှမုန်း’ အမုန်းပွဲ၏ ထူးခြားချက်ကတော့ တဦးတယောက်ဟာ တမင်ကလာ ‘လုပ်မုန်း’ ပြနေစရာ မလိုပါဘူး။ သည်လို စိတ်ကြိုက်မုန်းခွင့်ရတဲ့ တရားဝင် စုဝေးပွဲကိုက မည်သူမည်ဝါကိုမဆို ပါဝင်မနွဲဘဲ မနေနိုင်အောင် ဆွဲဆောင်တတ်တဲ့ သဘောသဘာဝ ရှိပါသည်။ စက္ကန့်သုံးဆယ် အတွင်းမှာ လူသားဟာ သူ့ရဲ့  ဖြစ်တည်မှု ကို အရင်းကတည်းက တလျှောက်လုံး မကျေနပ်နိုင်ခဲ့တဲ့ အတွင်းသဘာဝကို ထပ်မံ မကွယ်ဝှက်ထားနိုင်တော့ ပါဘူး (existentialism) ။

[ဘဝရဲ့ဖြစ်တည်မှု အနှစ်ရည်ရွယ်ချက် ဘာညာဆိုတာဟာ နောက်ကျမှ ကျွန်တော်တို့တတွေ ကိုယ့်ကိုကိုယ် ‘ညာဖို့’ စွပ်လိုက်တဲ့ မျက်နှာဖုံးတွေပါ (Existence precedes essence) ။  ငါဟာ ‘ဘယ်သူဘယ်ဝါ’ လို့ ဘဝကို ကျေနပ်နှစ်သိမ့်ဖို့ ကျွန်တော်တို့ ကြိုးစားရေးဆွဲနေတဲ့ မျက်နှာဖုံးတွေ၊ စိုက်ထူဖို့ ကြိုးစားနေတဲ့ သမိုင်းမှတ်တိုင်တွေရဲ့  ရှေ့က ရှေ့ဦးအရင်လာတဲ့ တကယ့် ဖြစ်တည်မှုသဘော (ပထမဦးဆုံး သစ္စာ) မှာ ‘ပုဂ္ဂိုလ်၊ ငါ၊ သီးသန့် တစ်စုံတစ်ဦး’  ဆိုတာတွေဟာ ဖျောက်ဆိတ်ကင်းမဲ့၊ ထူးခြားကွဲပြားသော အနှစ်သဘာဝ တစ်ခုရယ်လို့ မရှိ၊ တကယ်က ဂုဏ်ရှိန်ဂုဏ်ဝါ စတဲ့ ဘဝလက္ခဏာ မျက်နှာဖုံးတွေ နောက်ကွယ်က ကျွန်တော်တို့အားလုံးရဲ့  ဖြစ်တည်မှုတိုင်းဟာ ကြယ်လေးဖျောက်ဆိတ်တွေနောက်က အာကာသကောင်းကင်ပြင်ကြီးလို ဟာလာဟင်းလင်း empty ဖြစ်လို့ နေပါတယ်။

တကယ်ကတော့ ဘဝဖြစ်တည်မှု၏ အစစ်အမှန် သဘာဝသည် ကျေနပ်စရာ ဘယ်လိုနည်းနဲ့မှ မဟုတ်ကြောင်းကို မသိစိတ် (အနုသယ) တွင် ကျွန်တော်တို့ အစဉ်သဖြင့် သိရှိရိပ်စားခဲ့ပါသည်။ အတင်းကာရော မာန်တင်း ဖန်တီးထားရသည့် ‘မိမိ’ ဆိုသော ‘လိပ်ပြာ’  ၄င်းလိပ်ပြာဟာ ပုံရိပ်လွှာတစ်ခုမျှသာ ဖြစ်ပြီး အမှန်တကယ် မရှိမှု အဲသလို မရှိကြောင်းကို  ရိပ်စားသိရှိထားမှုဖန်ဆင်းခံ နာနာဘာဝ စိတ္တဇရုပ်ကို စွဲဖက်ပြီး နေထိုင်နေရတဲ့ ဖြစ်တည်မှု ဟာ အမှန်တကယ် ကျေနပ်ဖွယ်ရာလို့ ဘယ်ခါမှ မရယူမပိုင်ဆိုင်နိုင်လေသည့် အရင်းမူလ ‘ဒုက္ခ’ ကို လူသားကျွန်တော်တို့သည် မသိစိတ်ဝယ် အစဉ်သဖြင့် မနားတမ်း စိုးရွံ့ကြောက်လန့်နေခဲ့ ပါသည် ။ ဘယ်တော့မှ နိစ္စ သုခ အတ္တ ရယ်လို့ မပြည့်လာနိုင်သော တကယ့်ပင်ရင်းဖြစ်တည်မှုဟာ အစဉ်သဖြင့် ကျွန်တော်တို့အား ခြောက်လှန့်လျက်ရှိပြီး ဒါကို ကျွန်တော်တို့ဟာ ဘဝတစ်လျှောက်လုံး မလုံခြုံ စိတ်အားငယ်ခဲ့ရ၊ အလွန်တရာလည်း ကျွန်တော်တို့ စက်ဆုတ်မုန်းတီးနေခဲ့ ပါသည် — ၄င်း ဖြစ်တည်မှု အခြေခံသဘာဝ (ဝါ) မိမိကိုယ်ကို မပြည့်နိုင်မှန်း သိနေသော သဘောသည် ဗမာပြည်နိုင်ငံရေးတွင် လှည့်စားမှုကို ဖန်တီးသောသူတို့က လူထုအပေါ်မှာ နင်းသုံးထားသော သော့ချက်ဖြစ်သည်။ မပြည့်နိုင်သော မိမိကို ဗမာ၊ ဗုဒ္ဓဘာသာ၊အရွေးချယ်ခံ ပါရမီရှင် စသော ကိန်းခန်း လက္ခဏာတို့ဖြင့် ထင်မြင်သိမှတ်လာစေရန် ရွှေရောင်ဝင်း ဟိန်းဟိန်းတောက် နေသော နန်းတော်ကြီးတွေ၊ လွှတ်တော်ကြီးတွေ၊ ရုပ်ထုကြီးတွေ၊ ဘုန်းကံရှင် အဂ္ဂဆရာတော်ကြီးတွေ စသဖြင့် တန်ဆာဆင်ပြီး ဖြည့်ပြလိုက်သည်။ ]

ဤသို့ လူသားတို့၏ ပင်ကို မသိစိတ်တွင် ကွယ်ဝှက်ထားသော ‘ခြောက်ခြားမုန်းတီးမှု’ တို့သည် သမုဒယ သမုဒ္ဒရာဗမာပြည်၏ ပါတီ အစိုးရက ဦးဆောင်ကျင်းပသော နှစ်မိနစ် အမုန်းဖော်ထုတ်ပွဲတွင် ‘တရားဝင်’ ဖော်ထုတ်ခွင့် ရလေပြီးလျှင် ကြောက်ရွံ့စက်ဆုပ်စိတ်၊ ကလဲ့စားချေလိုစိတ်၊ သတ်ဖြတ်လိုစိတ်၊ နှိပ်စက်ညှင်းပန်းလိုစိတ်၊ အားလုံးကို ချေမွပစ်လိုစိတ် စသော ‘ပင်ကိုစရိုက် သားရဲတိရစ္ဆာန် စိတ်စီးကြောင်း’ (Primitive Instincts) တို့ဟာ တစ်အုပ်စုလုံးကို လျှပ်စီးကူးဆက်သွားကာ ပါတီဝင်တွေဟာ (ပင်ရင်း) စိတ်အနာ စိတ်ဒဏ်ရာတွေ နာကျင်လာပြီး ရူးသွပ်စွာပြုမူ ပေါက်ကွဲထွက်ကုန်ကြပါတော့တယ်။

[ မှတ်ချက်။ ။ ခု ပြခဲ့သလို လူသား၏ အခြေခံသားရဲစရိုက် (Basic violent instincts) တို့ကို ပြန်ပေါ်လာအောင် ဆွပေးခြင်း၊ တမင်ဖန်တီးပေးခြင်း၊လမ်းကြောင်းပေးခြင်းသည် လုံးစည်းစနစ် ယန္တရား အစိုးရ (Totalitarian government) ကို တည်တံ့အောင် ထိန်းသိမ်းသော အခြေခံအကျဆုံး သော့ချက်လုပ်ငန်းစဉ် ဖြစ်သည်။  ဖြစ်တည်မှုကို အစဉ်သဖြင့် မကျေနပ်နိုင်မှုမှလာသော အခြေခံသားရဲစရိုက်သည် လူတိုင်းမှာ ရှိပြီး လူတစ်ဦးချင်းဆိုလျှင် ခွန်အားမရှိသောကြောင့် လူတစ်ဦးချင်းသည် ၄င်း အခြေခံစရိုက်တွေကို ဖော်ထုတ်ပြဖို့ရန် ဝံ့ရဲလေ့မရှိ။

‘လုံးစည်းသာ ပဓာန’ ဟူသော ဝါဒကို စွဲကိုင်ကာ တည်ဆောက်ဖွဲ့စည်း လာပြီဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းရင်းသား၊ အမျိုးသား၊ ပါတီ၊ လမ်းစဉ်၊ ပစ္စည်းမဲ့ လူတန်းစား၊ နိုင်ငံတော် စသဖြင့် ‘လုံးစည်းအခြေအနေ-အုပ်စု’ တို့တွင် (၄င်းတို့သည်  အမှန်တကယ် တည်ရှိနေသည့် အုပ်စု အစစ်အမှန်ရယ်လို့လည်း အမြဲတမ်း မဟုတ်တတ်ဘဲ စိတ်ကူးဖြင့်မှန်းဆ (သို့) သက်သက် လုပ်ကြံဖန်တီး လုံးစည်းထားသည် ‘အခြေအနေ’ တစ်ခုရယ်လို့ လည်း ဖြစ်တတ်သည်။ ဥပမာ ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်ဖက်ဆစ်ကလုပ်သော ‘အရှေ့အာရှ ညီအစ်ကိုများ’) အုပ်စု-အခြေအနေ အားကိုးနဲ့ အုပ်စု-အခြေအနေဝင်တို့သည် တစ်ဦးချင်းဆိုလျှင် မြိုသိပ်ထိန်ဝှက်ထားခဲ့ရသော အခြေခံ သားရဲစရိုက်တို့ကို ဖော်ထုတ်ဖို့ရန် ရဲဝံ့လာကြတော့သည်။

သည်သို့ မိမိဘက်က အသာစီးရယူရမှာကို မရှက်ကြောက်တော့ပဲ ရဲဝံ့လာကြသော အချက်ကနေပြီး လူအုပ်စုကို အဓိက ထပ်မံကြိုးကိုင်သွားရန် သော့ချက်မှာ လုံးစည်းစနစ်ကို ဦးဆောင်သူကနေပြီး လုံးစည်းအခြေအနေ-အုပ်စု၏ အနှစ်ရည်ရွယ်ချက်ဟု ‘စီမံချက်’ (planning) ချမှတ်ဖော်ဆောင်၊အုပ်စုဝင်တို့ကို လူစုလူဝေး ရည်မှန်းချက်ကြီး တခုခုကို (အမျိုး ဘာသာ စောင့်ရှောက်ရန် စသဖြင့်) လမ်းကြောင်း ပေးခြင်း ပေတည်း။ ]

[တနည်းအားဖြင့် အုပ်စုတစ်အုပ်စုလုံး အတွက် စီမံချက် (Planning) မရှိသော လုံးစည်းစနစ် တစ်ခုဟူ၍ မရှိ။ ဘာလို့လဲဆိုတော့ ဤသို့ မြင့်မြတ်သည်ဆိုသော ဦးတည်ချက်ကြီးများ ‘အမျိုးသားရေး၊ သာသနာရေး၊ ပစ္စည်းမဲ့ လူတန်းစားရေး’ စသော ‘အနှစ်သာရကြီးများ’ ဖြင့် လမ်းလွဲထားမှသာလျှင် အဖွဲ့ဝင်လူသားသည် မိမိ၏ အရင်း ဖြစ်တည်မှုသဘောမှာ ရှိတဲ့ ပြဿနာ (Existential problem) ကို မေ့ပျောက်နိုင်မည် မဟုတ်ပါလား။ သည်မှာလည်း နောက်ထပ် သော့ချက်လှည့်ကွက်ကြီး တစ်ခုကို လုံးစည်းစီမံကိန်းရှင် (လုံးစည်းခေါင်းဆောင်) တို့သည် ထပ်မံ ဖန်တီးရပါ၏။ ၄င်း အုပ်စုအခြေအနေ စီမံကိန်းတို့သည် လူသား၏ အရင်း ဖြစ်တည်မှုသဘောမှာ ရှိတဲ့ ပြဿနာ (Existential problem) ကို လမ်းလွဲမေ့ပျောက်ရုံ သက်သက်သာမက၊ ၄င်း ပြဿနာကို မုန်းတီးစက်ဆုပ်နေမှုကို ‘တရားဝင်’ ဖော်ထုတ်ရန် တမင်ဖွင့်ပေးခြင်းပါတည်း။ ဘယ်လိုလုပ်သလဲဆိုတော့ အုပ်စု-အခြေအနေ၏ ပြင်ပကလူ၊ အုပ်စု-အခြေအနေ၏ ‘အနှစ်ရည်ရွယ်ချက် စီမံကိန်း’ ကို ဆန့်ကျင်သူတို့ကို ‘တရားဝင်’ နှိပ်ကွပ်ခွင့်၊ တစ်နည်းနည်းဖြင့် အကြမ်းဖက်ခွင့် ပေးခြင်း ဖြစ်သည်။

ဗမာပြည်မှာဆိုလျှင် နေဝင်းဟာ ဟိုးအရင်ကတည်းက ကုလား တရုတ်ကို ရန်သူရှာ ၊ မွတ်စ်စလင်-ဗုဒ္ဓဘာသာ သို့တည်းမဟုတ် တရုတ်-ဗမာ အဓိကရုဏ်းတွေ တမင် ဖန်တီး၊ သူခိုး ခါးပိုက်နိုက်လို့ စွပ်စွဲခံရသူကို လူထုအားနဲ့ သေအောင်ဝိုင်းရိုက်တာကို တမင် လွှတ်ပေး စသဖြင့် လုပ်တာတွေဟာ အခြေခံ သားရဲတိရစ္ဆာန် စိတ်တွေကို တမင် တရားဝင် ဖွင့်ထုတ်ခွင့် ပေးခြင်း ဖြစ်ပါ၏။ ဤတွင် အရေးတကြီး သိမှတ်ရန်မှာ ကုလား တရုတ် စသော ‘ပြင်ပလူ’တို့အတွက် နေဝင်းက ဖန်တီးထားသော လုံးစည်းအုပ်စု-အခြေအနေ အနှစ်လက္ခဏာမှာ ‘ဗမာ’ ဖြစ်ပြီး ခါးပိုက်နိုက်ဆိုသော ‘ပြင်ပလူ’ ကို သေအောင် ဝိုင်းရိုက်နေသော လုံးစည်းလူထု ၏ အုပ်စု-အခြေအနေ အနှစ်လက္ခဏာမှာ ‘လူကောင်း’ ဖြစ်သည်။ ထို့အတူပင် သည်ဘက် သိန်းစိန်ခေတ်တွင် ဖန်တီးထားသော လုံးစည်းအုပ်စု-အခြေအနေ၏ အနှစ်လက္ခဏာမှာ ‘ဗမာ-တိုင်းရင်းသား’ ၊ ‘သစ္စာရှိသူ’ ၊ ‘ဘာသာ သာသနာ နှင့် လူမျိုးအပေါ် သစ္စာရှိသူ’ စသဖြင့် ဖြစ်ပြီး ‘ပြင်ပလူ’တို့မှာ ‘လူမျိုးခြား’၊ ‘ဘာသာခြား’၊ ‘မွတ်စလင်’၊ ‘ရိုဟင်ဂျာ-ဘင်္ဂလီ’၊ ‘ဘာသာသာသနာ ပေါ် သစ္စာမရှိသူ’ တို့ ဖြစ်သည်။

အဓိက နားလည်ရန်မှာ လုံးစည်းဝါဒတွင် ပေါ်ပေါက်လာသော စီမံကိန်း (ဝါ) ဒို့အရေး (ဝါ) လူအုပ်စုအရေးတို့သည် လူ့ပင်ကို အခြေခံစရိုက် (ဝါ) ဖြစ်တည်မှု ပြဿနာ (Existential problem) တွင်ရှိသော အာသာမပြေနိုင်မှု (ဝါ) လောဘ၊ မုန်းတီးစက်ဆုပ်မှု (ဝါ) ဒေါသနှင့် အံကိုက်အောင် လုပ်ထားရခြင်း ပေတည်း။ ဒါကို လုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာလည်း တစ်ခုတည်းပဲ ဖြစ်ပါ၏ ။ အဲဒါကတော့ လူတွေကို ‘ဘဝမေ့ သွားအောင် လုပ်ခြင်း’ ဖြစ်ပြီး လူတွေဘဝမေ့ကုန်လျှင် အုပ်ချုပ်ရေး စနစ်ဆိုး (စစ်အာဏာရှင် စနစ်ဆိုး)ကို တော်လှန်ရန် သတိမရတော့ဘဲ ဘဘကြီးငါတို့ နှင့်တကွ ရောင်းရင်း ဗမာ့လူဘောင် ထိပ်တန်းလူတန်းစားဝင်များသည် တစ်သက်လုံး မပြတ်တမ်း ဆက်လက် စံစားရပေအံ့။ ဤသော့ချက် သဘောတရားတို့သည် ဝတ္ထုနောက်ပိုင်းတွင် အလွန်ထင်ရှား၍ လာပါလိမ့်မည်။ ]

‘မုန်းလိုက်သမှမုန်း’ ၂မိနစ် အမုန်းပွဲ မှာ လူတွေဟာ သည်လို ရူးသွပ်ပေါက်ကွဲထွက်လာ ပေမယ့်လည်း ခံစားရတဲ့ ဒေါသမီးဟာ တကယ်ကတော့ ပုံချစရာ သီးသန့် တစ်စုံတစ်ဦး ရယ်လို့လည်း အမှန်တကယ် မရှိ။ မီးစာတိုင် တတိုင်မှာ လောင်နေတဲ့မီးဟာ တခြားလောင်လို့ရတဲ့ ဘယ်မီးတိုင်ကို မဆို ကူးစက်လောင်မြိုက်လို့ ရသလို (ကိုယ့်စိတ်ထဲမှာ ကိုယ့်ဟာကိုယ် ရို့နေတဲ့) စိတ္တဇအမုန်းမီးဟာ ရန်သူလို့ ပုံဖော်ချင်တဲ့လူကို ပုံဖော်၊ ရို့ချင်တဲ့လူကို လိုက်ရှို့ပစ်လိုက်စမ်း။ ထိုင်ခုံကို တဝုန်းဝုန်း ကန်နေတဲ့ ကျောက်ညို ရဲ့ စိတ်ထဲမှာ မုန်းမုန်းတီးတီး လောင်မြိုက်ရို့ပစ်လိုက်တဲ့သူဟာ တစ်ခါတစ်ခါမှာဆို လူဆိုးကြီး ရွှေပယင်း လုံးဝ မဟုတ်တော့ပါဘူး၊ နောက်ဆိတ်သိုးကောင်ကြီး တစ်ကောင် (ဝါ) မျိုးစောင့်ဘဘကြီး ၊ ‘ပါတီ’ ၊ မျိုးစောင့် ဒဿနစောင့်ရဲ၊  အို… ပြိုကွဲတိမ်းပါးသွားဖို့ အမြဲမပြတ် အန္တရယ်ရှိနေသော ဗမာလူ့ဘောင်ကြီး ကို မပြိုကွဲမတိမ်းပါးရလေအောင် ထာဝရ စောင့်ရှောက်နေကြသူ နိုင်ငံ့ရှေ့ဆောင် ခွေးမသားတွေ အားလုံးကို ပါပဲ။ သည်အချိန်မှာမျိုးမှာ ဆိုရင်လေ..တီဗွီမှန်သားပြင်ပေါ်က ကဲ့ရဲ့ ရူတ်ချစဖွယ် ဖောက်ပြန်တိမ်းစောင်းတဲ့ အယူအဆတွေဟာ ဘုရားသခင်ကိုယ်တိုင် ရေးသားချီးမြှင့်တဲ့ ကဗျာ သို့မဟုတ် ဘဂဝါဂီတ၊ ဆိတ်သိုးကြီးရွှေပယင်း ဟာ ရွံမုန်းစရာ မည်းညစ်တဲ့ တိရစ္ဆာန်ဆိုးကြီး မဟုတ်တော့ဘဲ သူကလေးသည်သာလျှင် အမှန်တရားကို စောင့်ရှောက်သူ သစ္စာနတ်သမီး ဖြူချောကလေး၊  ဆိတ်သိုးကြီး ဟောပြောနေတာတွေဟာ လိမ်ညာမုသား သလဲဖုန်တွေ ထောင်းထောင်းထ ညစ်ပတ်တဲ့ ဗမာပြည် သဲကန္တာရကြီးထဲမှာ အရိုင်းတပွင့် တပွင့်တည်းသာ ဖူးပွင့်ရှာတဲ့ သစ္စာကြာ။

ဒါပေမယ့်လည်း။ ကိုကျောက်ညို ‘စိတ်မီးရို့’ သွားပြီးတဲ့အခါ မုန်းတီးငွေ့တွေဟာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး လွင့်ပြယ်သွားတဲ့ အမုန်းမီးခိုးငွေ့တွေ နေရာမှာ သဏ္ဍန်ကြီး တစ်ခု ပေါ်ပေါက်လာရာ ကျောက်ညို၏ မြင်ကွင်းနှင့် နီးသည်ထက်နီးလာ ပါတော့၏။ လားလား၊ ပြာကျအောင် ဘယ်လိုပင် အထပ်ထပ်အခါခါ မီးရို့လိုက်ပစေအုံး၊ ဇာမဏီဌက်လို မီးပုံထဲကနေ ပျံသန်းထွက်လာ ပီပီပြင်ပြင် အသက်ပြန်ဝင်လာတဲ့ မျိုးစောင့်ဘဘကြီး ပါလား။ တစ်သက်လုံး ကျောက်ညို အမြင်ကပ် ကြိတ်မုန်းမုန်းခဲ့သမျှ ခံစားမှုတို့ဟာ အားကိုးကြည်ညိုခြင်းသို့ ပြောင်းလဲသွားခဲ့ပါသည်။ ရွှေတောင်ကြီးရယ်က ရွှေထီးပမာ ဘဘကြီး၊ ပတ်လည်ဝိုင်းရံ ပြည်တွင်းပြည်ပ ရန်ဟူသမျှ တွန်းလှန်ချေဖျက် အောင်မြင်နိုင်သူ ဘဘကြီး၊ ကြောက်သွေးဟူ၍ နှမ်းတစ်စေ့မှ မဝှေ့စိတ်ထဲ ရိပ်ပင်မဝဲ တစ်မျိုးသားလုံးကို စောင့်ရှောက်လေသူ ဝီရသူဘွဲ့ရှင် ဘရဲရင့်ကြီး၊ အရှေ့အာရှ  ဥရောရှား ရွှေပယင်း စတဲ့ စစ်တပ်တွေက ဗမာပြည်ကို သိမ်းပိုက်လို့ တမျိုးသားလုံး သူ့ကျွန်အဖြစ် နွံနစ်ရလေမယ့် ဖြစ်အင်ဆိုးကို ကျောက်ဆောင်ကြီးသဖွယ် ကြံ့ကြံ့ခံတိုက်နေတဲ့ စစ်ရေး အမြော်အမြင်ကြီးမား စစ်မဟာဗျူဟာတို့ကို ကျွမ်းကျင်လေသူ  ဘဘဗိုလ်ချုပ်ကြီး။ လူမြင်ကွင်းမှာ ပေါ်လာလေ့မရှိ၊ မည်သူက မည်သို့ ချုပ်ထိန်းစီမနေသည်ကိုလည်း မသိရပေမယ့် မျိုးစောင့်ဘဘကြီးဟာ သမုဒ္ဒရာဗမာနိုင်ငံကို အခိုင်အခန့် လုံခြုံစေသော ကျောက်စရစ်တံခါးမကြီး ဖြစ်ပါသည်။

မျိုးစောင့် ဘဘကြီးဟာ တကယ်ရှိလား၊ မရှိလား ဆိုတာ အရေးမကြီးပါ။ အရေးကြီးတာက မျိုးစောင့်ဘဘကြီးက အမြဲထာဝရ စောင့်ရှောက်ခဲ့တဲ့ ငါတို့အားလုံးရဲ့  အစဉ်အလာ ‘ဘုန်းတန်ခိုးသစ္စာ’ကို သံသယမဝင်မိကြဖို့ပါ။ ဗမာ့ဘုန်း၊ ဗမာ့ကံ၊ ဗမာ့အနာဂါတ်၊ ဗမာ့လားရာဟာ ဘယ်သူနဲ့မှမတူ သီးသန့်ထူးခြား အနှစ်သာရ ဦးတည်ရာ အသေအချာရှိတဲ့ ‘သမိုင်းကြောင်းစဉ်လာ’  ကြီး ဖြစ်တယ်ဆိုတာကို အသည်းနင့်အောင် ယုံကြည်ထွေးပိုက်ထားဖို့ ပါပဲ။ မျိုးစောင့်ဘဘကြီးက မြေအုတ်ပြိုကျလျှင် ကျောက်အုတ်ဖြင့်တည်၊ စက်အုတ်မသုံး လက်အုတ်သုံးကာ ခေတ်သမိုင်းအဆက်ဆက် ချွေးသွေးမြေကျ ဝင်းခတ်ပေးခဲ့သော မဟာရံအုတ်ခြံစည်းရိုးကြီးအထဲက ‘ဗမာ’ ဆိုတဲ့ ‘အထူး အရွေးချယ်ခံ’ (chosen) ဖြစ်တည်မှုကြီးကို မသေမချင်း ငါတို့ ဂုဏ်ယူသွားတတ်ဖို့ ဖြစ်ပါသည်။ ကုန်းကောက်စရာ မရှိ ငတ်ပြတ်နေလဲ ‘ဗမာ’ ဟာ ရွေးချယ်ခံ ၊ ပညာမွဲတေ သူများနောက် ပြတ်ကျန်ရစ်လဲ ‘ဗမာ’ဟာ ရွေးချယ်ခံ၊ စစ်ကျွန်ဖြစ်ရ တွင်းဆုံးကျလည်း ‘ဗမာ’ ဟာ ရွေးချယ်ခံ   မျိုးစောင့်ဘဘကြီးဟာ ကျောက်ညိုတို့ အားလုံးအတွက် ဗမာဆိုတာ ဘာလဲဆိုတာ ရယ်ဒီမိတ် (အဆင်သင့်) ရွေးချယ်ထားပြီး ‘အထူး’လူသားကလေး ကျွန်တော်တို့ တတွေ၏  ‘အထူး’ ဝင်းခြံကြီးတစ်ခုလုံးကို စောင့်ရှောက်ပေးနေပါတယ်။ ကျောက်ညိုတို့ ကလေးတွေ လုပ်ဖို့က တစ်ခုတည်းပါ၊ အဲဒါကတော့ ဘဝ၏ ဖြစ်တည်မှု ပြဿနာဆိုတာ အခြားသူတို့မှာ အဖြေရှာမတွေ့နိုင်ပေမယ့် အများနှင့်မတူ တမူထူးခြားသူ ဗမာတို့အတွက် ‘ဗမာ’ ဆိုတာဟာ ငါတို့ဘဝ ဖြစ်တည်မှု၏ အဖြေ ပဲ လို့ ငါတို့ ရှာဖွေတွေ့ရှိ ကျေနပ်သွားဖို့ ဖြစ်ပါသည်။

Note: various derogatory usages of ‘the satisfiable’ ကျေနပ်စရာ: ‘inner liberty’ [Hayek], ‘illusion’ [Buddha] , ‘indoctirnation’ [Orwell]

[မှတ်ချက်။ ။ ဗုဒ္ဓဘာသာကို အနော်ရထာကစလို့ မော်ဒန်ခေတ်အထိ ဗမာစစ်အာဏာရှင် အဆက်ဆက်သည် ခုတုံးလုပ်ခဲ့သည်လို့ ကျွန်တော်တို့ နားလည်ကြပါသည်။ ဤတွင် ဖော်ပြလိုရင်းမှာ ‘ငါတို့၏ ဗုဒ္ဓဘာသာလူ့ဘောင်သည် သီးသန့်ထူးခြား ရွေးချယ်ခံအုပ်စု ဖြစ်သည်’ ဟူသော ဘဝအမြင်ကို လူထုမှာ ဖြစ်ပေါ်လာအောင် ရိုက်သွင်းခြင်း၊ သည် အတွေးအခေါ်မျိုးကို စဉ်ဆက်မပြတ် မျိုးဆက်မပြတ် တွေးခေါ်နေအောင် အဆက်မပြတ် ဝါဒဖြန့်လုပ်ဆောင်ခြင်းတို့သည် ‘ကုလားထိုင်ခြေထောက်’ ကို အခိုင်အခန့်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သော ပင်မလုပ်ငန်းစဉ်များ ဖြစ်ကြောင်းကို ပါတည်း။ သံဃနာယက၊ မဘသ စသူတို့ကို စစ်အာဏာရှင်တို့ သုံးစွဲသည့် အပေါင်းပါ ‘ဖင်ခုတုံး’ လို့ ဆိုလိုက ဆိုနိုင်သော်လည်း ကုလားထိုင်ရဲ့ တကယ့် ခြေထောက်အစစ်ဟာ ‘ဗမာ ဗုဒ္ဓဘာသာလူ့ဘောင်ဟာ အထူးရွေးချယ်ခံ လူ့ဘောင် ဖြစ်သည်’ ဆိုပြီး သဲကန္တာရထဲမှာ ကော်ဇောခင်းပြတဲ့ တံလျှပ်ကြီး ဖြစ်ပါ၏။ ]

[ ဤ တံလျှပ်ကြီးကို အမှန်တကယ် တံလျှပ်ကြီးဖြစ်ခဲ့လေမှန်း ကျွန်တော်တို့ လူဘောင်က နာကျည်းခါးသီးစွာ နားလည်လာနိုင်ခဲ့ပြီ ဆိုပါလျှင် ကုလားထိုင်ခြေထောက်သည် ကျိုးနဲ့သွားရမည် ဖြစ်ပြီး စစ်အာဏာရှင် စနစ်သည် ဘယ်လိုမှ မခံနိုင်၊ ဤလူ့ဘောင်မှ အပြီးတိုင် ပြိုကျသွားရမည် ဖြစ်ပါသည်။]

ဝဋ်နာကံနာလို့ပဲ ဆိုဆို ပါတီဝင်တွေဟာ မျိုးဆက်အတွက် အနစ်နာခံ ဖြည့်ကျင့်တဲ့ သူတွေပါ။ ပန်းမြိုင်လယ်က ဥယျာဉ်မှူးနဲ့ တူတဲ့ မျိုးစောင့်ဘဘကြီး နဲ့အတူ ငါတို့ဟာ အကောင်းဆုံး ရွေးချယ်ထားတဲ့ ဘဝအမြင်တွေကို လူ့ဘောင်တစ်ခုလုံးကို ကူးစက်မျှဝေပေးဖို့ ကြိုးစားနေကြပါတယ်။ တခြားသူတွေရဲ့  လွဲချော်နေတဲ့  အသိတရားတွေကို တည့်မတ်ပေးဖို့ ကြိုးစားနေကြပါတယ်။ ငါတို့ဟာ ငါတို့ရဲ့ စိတ်ကို အကျဉ်းခတ်ထားတဲ့ နံရံတွေကို ရိုက်ချိုးပစ်နိုင်ခဲ့ပါပြီ။ မြေပြင်ဟောင်းတွေမှာ ပန်းဥယျာဉ် အသစ်တွေကို ငါတို့ စိုက်ပျိုးကြပါစို့။ ဆွေးမြေ့နေပြီ ဖြစ်တဲ့ အတိတ်ဟောင်း အမြင်ဟောင်း တွေကို မြေလှန်ပစ်ဖို့ တက်ညီလက်ညီ ကြိုးစားကြပါစို့။ အသိတရား ငတ်မွတ်နေရှာတဲ့ နောင်လာနောင်သား ကလေးသူငယ်လေးများ အတွက် သမုဒ္ဒရာကြီးထဲက သီတာရေစင် တစ်ခွက်ကို ငါတို့ ပြေးခပ်ပေးကြပါစို့။

‘တာယုရွှေပယင်းရေ၊ ဘဘကြီးရဲ့  ဥယျာဉ်ထဲက ပန်းကလေးတွေကို လာယူလို့ မခိုးပါနဲ့။

ငါတို့ရဲ့  ဥယျာဉ် တံတိုင်းကြီးကို လာဖြိုလို့ မချလိုက်ပါနဲ့။

တို့ရဲ့ သမုဒ္ဒရာဗမာပြည်ကလေးကို ဖုန်းဆိုးကန္တာရကြီး ဖြစ်အောင် နင်မန်းလို့ မမှုတ်လိုက်ပါနဲ့’

သီချင်းရေးစက်တွေ မပေါ်ခင်တုန်းက ချစ်ရှင် ဆိုတဲ့  အတွင်းပါတီဝင် တစ်ဦးက ပါတီဝါဒဖြန့်ချီရေး အတွက် ရေးခဲ့သော၊ အောက်တန်းစားမိဘပြည်သူအပေါင်း ကြိုက်နှစ်ခြိုက်၊ နိုင်ငံအဝှမ်း မြုးမြုးကြွကြွ ရင်ခုန်သီဆိုခဲ့သော သီချင်းစာသားများ။

ဒါပေမယ့် ငါတို့ရဲ့  ဥယျာဉ်တံတိုင်းကြီးကို ဘယ်မှာ ရှိမှန်းတောင် မသိတဲ့ တာယုရွှေပယင်းက လာပြီး ဖြိုမချခင်မှာ ရွှေပယင်းနဲ့ သူ့ပထွေးတွေရဲ့  အန္တရယ်ဆိုး တပြုံတမကြီးများ သမုဒ္ဒရာဗမာပြည်ကလေးကို အမှန်တကယ် ဝိုင်းရံ (Seige mentality) နေတဲ့ ဖြစ်အင်ကို မယုံကြည်တဲ့သူဟာ အကုသိုလ်ကောင် စစ်စစ်ပါပဲ။ ဒီမယုံကြည်မှု သံသယကို ဖော်ထုတ်ပြောဆိုခြင်းဟာ ငါတို့ရဲ့  ဥယျာဉ်တံတိုင်းကြီးကို ဖြိုချဖို့ ကြိုးစားနေတာပဲ၊ ဒါဟာ ရာဇဝတ်မှု၊ သည်လို ရာဇဝတ်ကောင်မျိုးကို ငါတို့အားလုံး မုန်း၊ မုန်း၊ မုန်းလိုက်သမှ အလွန်မုန်း။

[မှတ်ချက်။ Siege mentality - ရန်စွယ်အပေါင်း ဝိုင်းရံ မွန်းကြပ်စိတ်ဝါဒ သည် လုံးစည်းဝါဒကို ဦးဆောင်သူ (သို့) ထောက်ခံကော်ရော်သူတို့က ပြည်သူကို ဆင်ခြေပေးအကြောင်းပြ၊ ၄င်းဆင်ခြေကို ယုံကြည်မိသော ပြည်သူတို့ကို တွေးခေါ်စဉ်းစားတတ်မှု သေးသိမ်သွားအောင် လှည့်စားထားသည့် ပုံမှန် အယုတ်အညံ့ဆင်ခြေ တမျိုး ဖြစ်သည်]

ကိုညိုထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...