Saturday, July 5, 2014

ဆြာဒင်၏တပ်ကုန်းတရားစီရင်ခန်း။ (မင်းဒင်)

၆။၀၇။၂၀၁၄နေ့ထုတ် စောင့်ကြည့်ဂျာနယ်။

ဆြာဒင်၏တပ်ကုန်းတရားစီရင်ခန်း။
(မင်းဒင်)

(၁)
"အကြောင်းကား တစ်နေ့သ၌ရဟန်းတို့သည် တရားသဘင်အစည်းအဝေးဖြစ်သောအခါ မြတ်စွာဘုရား၏ပညာတော်ကို ဤသို့ချီးမွမ်းကြ ကုန်၏။အရှင်တို့၊လာခြင်းကောင်းသော မြတ်စွာဘုရားသည် ကြီးမြတ်သောမဟာပညာ၊မြေကြီးအထုနှင့် တူသောပုထုပညာ၊ရွှင်လန်း သော ဟာသပညာ၊လျင်မြန်သော ဇဝနပညာ၊ဝဇိရ စိန်လက်နက်ကဲ့သို့ထက်မြက်လှစွာသော တိက္ခပညာ၊ခဲခက်နက်နဲသောဂမ္ဘီရပညာ၊ယုံ မှားသင်္ကာမိစ္ဆာအထုံးအဖွဲ့ကို ဖြေနိုင်သော နိဗ္ဗေဋ္ဌိတပညာ၊သူတပါးတို့၏မိစ္ဆာအယူတို့ကိုနှိမ်နှင်းနိုင်သော ပရပ္ပဝါဒမဒ္ဒနပညာ၊ဤသို့သော ပညာတော်အပေါင်းနှင့်လည်း ပြည့်စုံတော်မူ၏။"

ပင်ကိုယ်မူလဝါသနာစရိုက်အားဖြင့် သီချင်းလေးတအေးအေး၊သီကျူးမွေ့လျော်နေတတ်သော ဆြာဒင်သည် အသက်အရွယ်နှင့်အခြေအ နေအရ နာယကဂုဏ်ဖြင့်လိုက်လျောညီထွေစွာ နေစိမ့်သောငှာ အဋ္ဌမတန်းကျောင်းသုံးဖတ်စာမှ မင်းပူးဆရာတော်ဦးသြဘာသ၏ မဟော်သဓာဇာတ်တော်ကြီးပထမတွဲကို ယိုးဒယားပြည်အမ်မခန်အရပ်မှ အိမ်အိုကြီးအတွင်း၊ စာဖတ်ခန်း၌ လေးလေးနက်နက် စိတ်ဝင် တစား ဖတ်ရှုနေချိန်ဖြစ်၏။ 

"ဟေ့ကောင်တွေ၊တော်ဆိုတော်ကြနော်၊ဒီကိစ္စကိုဆြာဒင်ရှင်းပေးလိမ့်မယ်"
"မင်းလည်းပါးစပ်ပိတ်ထား၊ဆြာဒင်ရှင်းနိုင် မရှင်းနိုင်၊ကြည့်ကြသေးတာပေါ့"
ခြံဝင်းတံခါးဝဆီမှ အုတ်အုတ်သဲသဲထွက်ပေါ်လာသော ဆူဆူညံညံအသံတို့ကြောင့် ဆြာဒင်တစ်ယောက် ဖတ်လက်စ ရှစ်တန်းစာအုပ်ကို ပိတ်ကာအိမ့်အပြင်ထွက်မိသည်တွင်ကား ဦးစွာသော် ရှူးရှူးရှားရှားဖြစ်နေကြသည့် ဖေကြည်နှင့်ဝင်းကျော်ခိုင်ကို မြင်၏။နောက် လေမင်း သားနှင့်ကပ္ပလီ။သူတို့၏နောက်တွင်ကား ငါးကျိပ်ခန့်ရှိသည့်လူအုပ်သည် လှုပ်လှုပ်ရွရွဖြစ်လျက်ရှိ၏။

ရန်သူ့ရွာတစ်ရပ်တစ်ကျေးတွင် ဆြာဒင်နှင့်ဇာတိမျိုးနွယ်တူသူတို့ ရုတ်ရုတ်သဲသဲဖြစ်ကြခြင်းမှာ မသင့်တော်ချေတကားဟု အတွေးပေါ်မိ သည့်ဆြာဒင်သည် ပြေရာကြေကြောင်း ကြားဝင်စေ့စပ်နိုင်ရန်အလို့ငှာ လူအုပ်ကြီးအား  ခြံဝင်းအတွင်းသို့ ဖိတ်မန္တကပြုပြီးသည်နောက် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းရချေတော့၏။

(၂)
"ပွက်လောရိုက်သံတို့သည် အဘယ်ကြောင့်ဖြစ်လေသနည်းတပည့်တို့"
"ငမိုက်သားနှစ်ကောင် အငြင်းအခုန်ကြောင့် ထိုးမည်ကြိတ်မည်  ဖြစ်ကြပါသည်ဆြာဒင်"
လေမင်းသား၏အဖြေအဆုံးတွင် နီမြန်းနေသော မျက်နှာကိုယ်စီရှိသည့် ဖေကြည်နှင့်ဝင်းကျော်ခိုင်ကို ဖျတ်ကနဲမြင်ရုံမျှဖြင့် အကင်းပါးလှ သောဆြာဒင်သည် ပြဿနာ၏ လက်သည်နှစ်ဦးကို ဒက်ကနဲသိလိုက်၏။ဗမာ့တပ်မတော်မျိုးဆက်သွေးပါသူ၊ ဖူးခက်ပါတောင်ကမ်းခြေမှ ဗမာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဝင်းကျော်ခိုင်ကား ဒီမိုကရေစီအရေးစိတ်ဝင်စားသူဖေကြည်ငယ်နှင့် ရံခါ အစေးမကပ်လှသည်ကို ဆြာဒင် တဆက်တည်းတွေးမိသည်။

"ညီအကိုရင်းတမျှခင်မင်ကြပါလျက် အဘယ်အကြောင်းကြောင့် ခိုက်ရန်ဖြစ်ကြလေသနည်း၊ဖေကြည်ငယ်နှင့်ဝင်းကျော်ခိုင်"
ဆြာဒင့်မေးခွန်းဆုံးသည်နှင့် အချင်းဖြစ်ပုဂ္ဂိုလ်တို့သည် ဒေါသအလျောက်၊မိမိတို့အားသန်ရာ ခံယူချက်များအတိုင်း ဆြာဒင့်ရှေ့မှောက် တွင်ပင် တင်းမာစွာ အသီးသီးဖြေကြားကြလေကုန်၏။ အဦးအစ ရုတ်ခြည်းတိုင်တန်းဆိုမြည်သူမှာ ဖေကြည်ဖြစ်သည်။

"ဒီကောင်၊အမေ့ကိုစော်ကားတာဆြာဒင်"
ဝင်းကျော်ခိုင်သည်လည်း အားကျမခံ မဆိုင်းမတွ ဖေကြည့်ကိုလှည့်၍ပက်ပြန်သည်။
"အေး အဲဒီအမေက အသက်ခုနစ်ဆယ်ကျော်အဘိုးကြီးနဲ့ ရန်ဖက်ဖြစ်တာကိုပြောနေတာကွ"
"အော်၊ဒါဆိုအဲဒီအဘိုးကြီးရဲ့အဖေကို ဗိုလ်ချုပ်အောင်ဆန်းသတ်တယ်ဆိုတာတော့ မင်းက လက်ခံတယ်ပေါ့"
"အံမယ်၊ဒါဆိုမင်းက ဗိုလ်ချုပ်နဲ့ သခင်သန်းထွန်း မယားညီအကိုမဟုတ်ဘူးလို့ငြင်းတယ်ပေါ့"

အချို့သောသူတို့သည် ဆြာဒင်အား ဒုံးဝေးသူဟုထင်မှတ်ကြလင့်ကစား ဤအရေးအရာတွင်မူ အားအားရှိ၊ဖေ့စ်ဘွတ်နှင့်အလုပ်ရှုပ်ကာ ကမ္ဘာကြီးနှင့်အဆက်မပြတ်လေသော ဆြာဒင်သည် ပြဿနာ၏မြစ်ဖျားခံရာကို မဆိုင်းမတွ တပ်အပ်သိလေသည်မှာ အမှန်ဖြစ်ချေ သည်။ပြဿနာအစ၊အခြေခံဥပဒေပုဒ်မ(၄၃၆)ကဟုဆိုရမည်ဖြစ်၏။လူထုခေါင်းဆောင်၏ ပုဒ်မ(၄၃၆)ပြင်ဆင်ရန်စည်းရုံးရေးခရီးစဉ်၊ တပ်ကုန်းမြို့ တစ်နေရာအရောက်၊ 

အယူဝါဒ၊သဘောမမျှသူ အဘိုးအိုတစ်ဦးနှင့် တွေ့ဆုံလက်ခံစကားပြောဆိုခဲ့ရာမှ နှစ်ဖက်အခြေ အတင်  ငြင်းခုန်ကာ ခွန်းတုန့်ကြီး ငယ်ဖြစ်ခဲ့ကြသည့်သတင်းမှာ အွန်လိုင်းတွင်အထူးရေပန်းစားလျက်ရှိချေသည်။ ပြည်တွင်းနှင့်ကမ္ဘာ အနှံ့အပြား ရှိမြန်မာတို့မှာ အဆိုပါကိစ္စ ရပ်အပေါ် မိမိတို့၏အမြင်အလျောက် အွန်လိုင်းတိုက်ပွဲဆင်နွှဲလျက်ရှိကြရာ ယင်းစစ်မီးသည် ဖူးခက်သို့ ကူးစက်လာဟန်ရှိလေ၏။ မြန်မာအလုပ်သမားတို့၏ဂုဏ်သိက္ခာ၊မြောင်းထဲမကျမီ လက်တစ်လုံးအလိုတွင် ပြန်လည်ဆယ် တင်ရန် တာဝန်သည် ဆြာဒင့်ပုခုံးထက်သို့ ကျရောက်လာလေရာ ဆြာဒင်သည် ကြီးစွာသောစေတနာတရား လက်ကိုင်ထားလျက် အချိန်မီထိန်းသိမ်းရန် အားထုတ်လိုက်ရလေသည်။

"တော်ကြစမ်းကွယ်ရို့၊ငြင်းခုန်ခြင်းကား ရန်မီးကိုသာ  ပွားစေတတ်သည်ကို သတိချပ်ကြလေလော့"
"သို့ဆိုလျှင် ဤပြဿနာကို နှစ်ဘက်ကြေလည်ရန်အလို့ငှာ ဆြာဒင်တရားမျှတစွာစီရင်ပါကုန်လော့"
ပိန္နဲပင်ဆြာဒင့်ကိုပါ ပြဿနာတွင်းသို့ဆွဲထည့်သူကား တပည့်ကျော်ကပ္ပလီဖြစ်၏။အခြေခံပညာနည်းပါးသူ ရွေ့ပြောင်းအလုပ်သမားတို့ အကြား ဟိတ်ဟန်တစ်လုံး ဖြင့် သုခမိန်စတိုင်ထုတ်နေသောဆြာဒင်မှာ နှဲကြီးနင်းမိသည့်ကိန်းကြုံလေ၏။ 

ဆြာဒင့်နှံပြည်စုတ် ဦးခေါင်းအတွင်းတွင် ရွှေစင် တစ်ကျပ်သား ရှိသည်ဟု အဘယ်ကြောင့်ယုံကြည်နေကြပါသနည်း။ ဆြာဒင်သည် ခေါင်းကိုဗျင်းဗျင်း မည်အောင်ကုတ်ကာ ဦးနှောက်အား  ဂျက်အင်ဂျင်ဖြင့် ပြောင်းလဲတပ်ဆင်လိုက်သည့်တခဏတွင်ပင် ဆြာဒင့်ခေါင်းထဲသို့ အတွေး တစ်ချက်လျှပ်ပြက်သကဲ့သို့ ဝင်ရောက် လာလေသည်။ လတ်တလော ဆြာဒင်ဖတ်နေသောဘုတ်အုပ်ကား မဟော်သဓာဇာတ်တော်ကြီး ဖြစ်၍ထိုဖတ်စာအုပ်ထဲတွင် ဆင်တူ ယိုးမှား အမှု၊ စီရင်ခန်း တစ်ပိုဒ်တစ်ပါဒပါလေသော် ယခုပြဿနာကို အလွယ်နည်းဖြင့်ရှင်းနိုင်ပေအံ့။

(၃)
ဖေကြည်ရောဝင်းကျော်ခိုင်ပါနှစ်ဦးစလုံး ဆြာဒင်၏တပည့်စာရင်းဝင်သည်ချည်းနှင်နှင်ဖြစ်၍ မည်သည့်ဘက်သို့မျှလိုက်ရန် အကြောင်းမရှိ သည့်အတွက်ဆြာဒင်သည် တွန့်ဆုတ်သောလုံ့လဖြင့် လေးနက်တည်ကြည်စွာဆို၏။

"ကောင်းလှပေပြီ။ဤပြဿနာကား အရှင်းမတော်လျှင် ငါးပါးသာမက၊သံဃာစင်ပါမှောက်လျက်၊အကျိုးနည်းမည်ကိုဆြာဒင်သိသော်ငြား ပညာရှိတို့မည်သည် အမှန်တရားကိုရှာဖွေရာ၌ ရဲဝံ့အပ်သည်ဖြစ်သောကြောင့် ရှင်းပေအံ့။ထိုလေးနက်လှသောပြဿနာကို အများ မြင်သာအောင်တော်တည့်မှန်ကန်စွာ၊ဖြေရှင်းနိုင်ရန်အလို့ငှာ၊ ရှေးထုံးကျမ်းဂန်၊ ဓမ္မသတ်တို့ကို လှန်လှောဖတ်ရှုရန်အတွက် အချိန် အားဖြင့် မိနစ်သုံးဆယ်နာရီဝက်ခန့်မျှဖြင့် လိုအပ်ချေသည်။ယင်းအချိန်ပိုင်းတွင် ဖေကြည်နှင့်ဝင်းကျော်ခိုင်တို့သည်မိမိတို့နှင့် ဆန္ဒအလို တူရာပရိသတ်ကို အုပ်စုနှစ်ခုခွဲလျက် ထိန်းသိမ်းထားကြပါလော့"

ဆြာဒင်သည် အခန်းတွင်းသို့ရုတ်ခြည်းပြန်ဝင်လျက် ဆိုခဲ့သော ရှစ်တန်းစာအုပ်ကို ကသုတ်ကယက်လှန်ကာ အိမ်ရှေ့တွင်ကျရောက်နေ သည့်အမှုနှင့် မယိုးရင်းစွဲ၊အနီးကပ်ဆုံးတရားစီရင်ခန်းကို ကမန်းကတန်းရှာရ၏။အမဲသားတစ်ချစေခန်းနှင့်ကားမဆိုင်၊နွားတရားစီရင်ခန်း နှင့်မူမပတ်သက်။လည်ရွဲတရားစီရင်ခန်းနှင့်ကား တစ်ဘာသာဖြစ်၏။ချည်ထွေးတရားစီရင်ခန်းမှာ တစ်မည်ဖြစ်၏။နွားတရားစီရင်ခန်းမှာ သီးခြားဖြစ်နေပြန်၏။သားတရားစီရင်ခန်းနှင့်လည်းဝေးပြန်သည်။မယားခိုးတရားစီရင်ခန်းကား...၊ထင်တိုင်းမပေါက်လေသည့် ဆြာဒင့်ခ မျာ နာရီဝက်ပြည့်မည့်အချိန်ကိုသာ ရင်ကိုမရင်းစောင့်မျှော်နေချိန်တွင် အခန်းအပြင်ဆီမှ နင်ပဲငဆဖြစ်သံတို့ကို ကြားရပြန်လေ၏။

"ငါ ပါးထရိုက်မိမယ်နော်။ငါက မှန်တယ်ဆိုရင် မှန်တယ်လို့သာမှတ်ကွာ။တော်တော်လျှာရှည်တဲ့ကောင်"
"မင်းကို ဒီအုပ်စုထဲလာပါလို့ငါခေါ်ထားတာမဟုတ်ဘူး။မင်းသဘောနဲ့မင်းလာပြီး အခုမှတောင်ပြောမြောက်ပြောလာပြောနေရင် သွားတွေပြုတ်ထွက်ကုန်အောင် ထထိုးမိ မယ်နော်"

ဆြာဒင်မှာ ဘုတ်အုပ်ကိုပစ်ချကာ အခန်းပြင်ထွက်၍စနည်းနာရပြန်သည်။တပည့်ကျော်ဖေကြည်ကြိမ်းမောင်းနေသည်ကား မိမိအုပ်စုထဲမှ တယောက်သောသူသို့ဖြစ်၏။ထို့အတူဝင်းကျော်ခိုင်သည်လည်း သူ့လူသူပြန်ကြိမ်းနေခြင်းဖြစ်လေရာ ဆြာဒင်သည်အကြောင်းရင်းကိုသိ လိုမိ၏။
"တပည့်တို့၊ရှေ့ပြဿနာပင် ဖြေရှင်း၍မပြီးသေး၊အဘယ်ကြောင့် ကိုယ့်တပ်ကိုယ်ပြန်နင်းနေကြပြန်သနည်း"
"စာမတတ်ပေမတတ်၊ဒီနလဗိန်းတုံးတွေ သိပ်နားဝေးတယ်ဆြာဒင်၊စေတနာကိုနားမလည်ကြဘူး"
"တပည့်အကျိုးတစ်ပြားသားမှမပါပဲ လုပ်နေတာဆြာဒင်၊သူ့ဖို့ကိုယ့်ဖို့မှန်းမသိ ၊သိပ်လက်ပေါက်ကပ်တဲ့ကောင်တွေ"

သင်းတို့နှစ်ဦး၏စကားအဆုံးတွင် ဥာဏ်ပညာကို စောင့်ရှောက်သော သူရဿတီနတ်သမီးသည်ဆြာဒင်ကို စောင်မခဲ့လေပြီတ ကား။ဆြာဒင့်ဦးနှောက်သည်ဝပ်အားတစ်ရာမီးသီးကဲ့သို့ ဖျတ်ကနဲလင်းလက်လာချေ၏။ပတ္တမြားမှန်လျှင်နွံမနစ်ဟုဆိုရိုးရှိသည် မဟုတ်တုံ လော။ရုတ်ခြည်းပင်တန်ပြန်မေးခွန်းထုတ်လိုက်ရ၏။
"မောင်တို့ဆိုသကဲ့သို့ စေတနာမှန်သည်၊ကိုယ်ကျိုးမပါဟူသော စကားတို့သည် ဧဝကန်အမှန်ပေလော"

"ဟာ၊ဆြာဒင်မေးစရာမှ မလိုတာ။စေတနာထားတာ အသိသာကြီးပဲလေ"
"သူတို့အမှန်သိစေချင်လို့ လူမုန်းခံနေတာဆြာဒင်ရ"
သင်းတို့အခက်သည်ဆြာဒင့်အချက်ပေတည်း။အကွက်ကောင်းကောင်းဝင်ခဲ့ပြီ။ဆြာဒင်သည် လည်ချောင်းကို တဟမ်းဟမ်းရှင်းရင်း ပညာ ရှိခုံသမာဓိ လေသံဖြင့် အန္တရာယ်ကြီးလှသော အငြင်းပုစ္ဆာ၏အဖြေကို အောက်ပါအတိုင်းထုတ်လိုက်ရချေတော့သည်။

(၄)
"အို အချင်းတို့၊ငြိမ်သက်စွာရှိကြကုန်လော့။သင်တို့နှစ်ဦးသည် သုံးကျိပ်မပြည့်သော ကိုယ့်လူအုပ်ကို၊မိနစ်သုံးဆယ်ပင်၊ပြည့်အောင် မထိန်းနိုင်။မိမိနှင့်အလိုမတူကာမျှဖြင့် ကိုယ်ထိလက်ရောက်ရိုက်မောင်းပုတ်မောင်းပြုရန်အားထုတ်ခဲ့ကုန်၏။ဤသို့ပြုမူသူနှစ်ဦးက တပ် ကုန်း အရေးကို မှားသည်မှန်သည် အခြေအတင်ခိုက်ရန်ပြုကြကုန်၏။တပ်ကုန်းအရေးသည် အုတ်အော်သရဲ ငြင်းခုန်ခြေကျောက်ရန် သင့်မသင့်စဉ်းစားကြပါကုန်အံ့။တစ်ဦးကားတိုင်းပြည်အနာဂတ်နှင့်လူအများကောင်းစားရေးအတွက် ဘဝတစ်ခုလုံးစွန့်လွှတ်ပေးအပ်ကာ အာဇာနည်တို့၏လမ်းအတိုင်း ခရီးရှည်ကြီးကို မရပ်မနားနှင်နေသူတည်း။တစ်ဦးကား မိမိ၏အတ္တနောမတိ၊မကျေနပ်ချက်တစ်ခုတည်းကို ဆွဲကိုင်လျက်  ငါ့စကားနွားရ၊ဖြတ်ပိုင်းလှီးချ၊စကားစစ်ထိုးရန် ရည်ရွယ်ချက်ရှိရှိ၊ပြင်ဆင်စောင့်ကြိုခဲ့ချေ၏"

ပရိသတ်တို့ကား မျက်တောင်နှင့်နားရွက်ကိုပင် မခတ်နိုင်လောက်အောင် ဆြာဒင့်အဆုံးအဖြတ်ကို ငြိမ်သက်စွာ နားစွင့်လျက်ရှိကြရာ ဆြာဒင်သည် နိဂုံးစကားကို ဆိုလိုက်ရတော့သည်။

"အို၊အချင်းတို့။သန်းချီသောလူထုကို ၎င်းတို့၏ အကျိုးငှာနှစ်ရှည်လများ ကြိုးကုပ်စွန့်စားအားထုတ်နေသူအား စကားအခြေအတင်ဖြစ် ကာမျှနှင့် အဘယ်မှာလျှင်အပြစ်ဆိုဖွယ်ရှိအံ့နည်း။အဘယ်သာမန်ပြည်သူတစ်ဦးသည် အာဏာရှင်အဆက်ဆက်ကို ဤသို့လျှင် နှုတ် လှန်ထိုးခွင့်ရခဲ့ပါသနည်း။လမ်းဘေးမှလူကိုပင် အရေးတယူစကားဆိုခြင်းမှာ အလေးမူထိုက်သည်မဟုတ်ချေလော။ နိုင်ငံ့အာဇာနည်ကို တရားခံစာရင်းသွင်းသူ၏စိတ်အခြေအနေကို ဆန်းစစ်သင့်လှ၏။ယခုကျရောက်သော ပြဿနာတွင် မှန်ခြင်းမှားခြင်းထက် စေတနာပါ၏၊ မပါ၏၊ကိုယ်ကျိုးစွန့်၏၊မစွန့်၏ဟူသော အချက်သည်သာ အခရာကျလှသည်။ စကြာ ဝဠာတိုက်တစ်သောင်းကိုထွန်းလင်းနိုင်သော်ငြား ဝါးလုံးခေါင်းတွင် မထွန်းလင်းသဖြင့် နေမင်းမမည်ဟုမဆိုသာ။ သူရိန်နေမင်းသော်မှ သုံးကျွန်းလင်း၍တကျွန်းမှောင်ချေ၏။ ဘုရား ရဟန္တာမဟုတ်မူ၍ လူသာမန်အဖို့ခြောက်ပစ်ကင်းရန်ကား မဖြစ်နိုင်၊ ကျောက်ကောင်းမှန်သမျှ အနာမကင်း။ကိုယ်ပိုင်ဥာဏ်ဖြင့် ချင့်ချိန် ကြကုန်လော့"

ဆြာဒင်၏အဆုံးအဖြတ်ကို ကြားကြကုန်သော ပရိသတ်အပေါင်းသည် ခေါင်းတဆတ်ဆတ်ငြိမ့်ကြရုံမျှမက ထောက်ခံစကားအသီးသီးဆို ကြလေကုန်၏။
"ဟုတ်သားပဲ။ကိုယ်ကျိုးစွန့်တဲ့နေရာမှာတော့ သူ့မှီတဲ့လူမရှိပါဘူး"
"အေးလေ၊စိတ်အလျောက်မာန်အလျောက်ပြောမိတယ်ဆိုအုံးတော့၊ အပြစ်ရယ်လို့မဆိုနိုင်ပါဘူး"
"ဗိုလ်ချုပ်ကပဲ တရားခံဖြစ်ရတယ်ရှိသေး၊သူ့အဖေက ဘာလုပ်ခဲ့လို့ အသတ်ခံရမှန်းမသိ၊အံ့ပါရဲ့"

"ဆြာဒင်ပြောသလိုစဉ်းစားကြည့်လိုက်တော့ အဖြေကရှင်းနေတာပဲ"
"တော်လိုက်တဲ့ဆြာဒင်"
ဤသို့လျှင်တပ်ကုန်းတရားစီရင်ပြီးချိန်တွင်ကား ဆြာဒင်သည် လူထုပရိသတ်၏ထောက်ခံမှုကိုကား အပြည့်အဝရခဲ့ပါ၏။

သို့သော် မည်သူ က ဘယ်ပုံ၊ချွန်တွန်းသတင်းပေးလိုက်သည်မသိ၊အိမ်ရှေ့သို့ရုတ်တရက်ထိုးဆိုက်လာသော ထိုင်းပတ္တရောင်ရဲကားမှ မည်သည့် အတွက် လူစုလူဝေး ဖြစ်လေသနည်းဟု ဆီလိုအပေါက်ရှာ၊ မေးမြန်းစစ်ဆေးလေတော့သည်။ အချင်းချင်းဖိုက်တင်ထပလေးမတတ်၊ အော်ကြီး ဟစ်ကျယ်ငြင်းခုံခဲ့ကြလေသည့် မဟာနွယ်မြန်မာပရိသတ်တို့ကား ထိတ်လန့်ကြောက်ရွံ့လွန်းသည်ဖြစ်၍ အမြီးကိုယ်စီကုပ်လျက်ရှိ လေပြီ။

မီးခိုးကြွက်လျှောက်ပြဿနာနောက်ဆက်တွဲတို့ကို မဖြေရှင်းတတ်လေသည့် ဆြာဒင်သည်လည်း၊အိမ်မှာအလှူလုပ်နေလေဟန် ငါးကျိပ် မျှရှိသော ပရိသတ်အား ရေခဲသေတ္တာတွင်းမှ ရေသန့်၊အအေး၊ ဘီယာပုလင်းပါမကျန်အကုန်ချတိုက်လျက် ထိုင်းရဲတို့ ကျေနပ်စေရန် အတွက် ရှိစုမဲ့ ခြစ်ခြစ်ကုတ်ကုတ်စုဆောင်းထားအပ်သည့် အသပြာဘတ်သုံးထောင်ကိုစိုက်ထုတ်၍ လာဘ်ထိုးပြေလည် ငြိမ်းအေး စေရပြန်၏။မည်သို့ပင်ဆိုစေကာမူ ဤတွင်လည်း ဆြာဒင်အား ကောင်းချီးမင်္ဂလာသည် တကြိမ်ကျရောက်ခဲ့ပြန်လေသည်ဟုဆိုသော် ရနိုင်ကောင်း ချေသည်တမုံ့။

(၁)
"အကြောင်းကား တစ်နေ့သ၌ရဟန်းတို့သည် တရားသဘင် အစည်းအဝေးဖြစ်သောအခါ မြတ်စွာဘုရား၏ ပညာတော်ကို ဤသို့ချီးမွမ်းကြ ကုန်၏။အရှင်တို့၊ လာခြင်းကောင်းသော မြတ်စွာဘုရားသည် ကြီးမြတ်သောမဟာပညာ၊မြေကြီးအထုနှင့် တူသောပုထုပညာ၊ ရွှင်လန်း သော ဟာသပညာ၊ လျင်မြန်သော ဇဝနပညာ၊ ဝဇိရ စိန်လက်နက်ကဲ့သို့ ထက်မြက်လှစွာသော တိက္ခပညာ၊ ခဲခက်နက်နဲသောဂမ္ဘီရပညာ၊ ယုံ မှားသင်္ကာမိစ္ဆာအထုံးအဖွဲ့ ကို ဖြေနိုင်သော နိဗ္ဗေဋ္ဌိတပညာ၊ သူတပါးတို့၏ မိစ္ဆာအယူတို့ကိုနှိမ်နှင်းနိုင်သော ပရပ္ပဝါဒမဒ္ဒနပညာ၊ ဤသို့သော ပညာတော်အပေါင်းနှင့်လည်း ပြည့်စုံတော်မူ၏။"
ပင်ကိုယ်မူလဝါသနာစရိုက်အားဖြင့် သီချင်းလေးတအေးအေး၊ သီကျူးမွေ့လျော်နေတတ်သော ဆြာဒင်သည် အသက်အရွယ်နှင့်အခြေအ နေအရ နာယကဂုဏ်ဖြင့် လိုက်လျောညီထွေစွာ နေစိမ့်သောငှာ အဋ္ဌမတန်းကျောင်းသုံး ဖတ်စာမှ မင်းပူးဆရာတော်ဦးသြဘာသ၏ မဟော်သဓာဇာတ်တော်ကြီးပထမတွဲကို ယိုးဒယားပြည် အမ်မခန်အရပ်မှ အိမ်အိုကြီးအတွင်း၊ စာဖတ်ခန်း၌ လေးလေးနက်နက် စိတ်ဝင် တစား ဖတ်ရှုနေချိန်ဖြစ်၏။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...