Wednesday, July 9, 2014

တပ်မတော်ကြီးကိုဖြင့် အားနာကြဖို့ ကောင်းနေပြီ


အခုတလော သတင်းတွေထဲမှာ တပ်မတော်ကြီးကို လွှတ်တော်ထဲမှာ ယူနီဖောင်းနဲ့ မြင်နေရတာဟာ အမြင်မတော်ကောင်း၊ အဲ ဒီအခြေခံဥပဒေကို ပြင်သင့်ပြီဖြစ်ကြောင်း ပြော သံလည်းကြားရ၊ တပ်မတော်ကြီးက မြေတွေ သိမ်းလယ်တွေသိမ်းထားလို့ ပြန်တောင်းတဲ့ အသံ၊ ဆန္ဒပြအပြစ်ဆိုသံတွေ လည်း ကြားနေမြင်နေရ၊
တစ်ခါ မြန်မာ့သမိုင်းကို ပြန်ပြန် ပြောတဲ့အခါ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာ သိမ်းချိန်ကစပြီး ဒီမိုကရေစီ အမှောင်ကျခဲ့ပုံ ကို (အမှန်တရားပင် ဖြစ်သော်ငြားလည်းပဲ) ခဏခဏ ထည့်ထည့်ပြောပြောရတာ ကြာ လာတော့ ပြောရတဲ့သူတွေမှာ တပ်မတော် ကြီးကိုတောင် အားနာစရာဖြစ်နေပြီလို့ ခံစား ရပါသဗျာ။ (အင်း၊ ချစ်ရတဲ့တပ်မတော်ကြီးနဲ့ မတတ်သာဘဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါတွေ မှာ ဟိုသီချင်းထဲကလို “အား ... နာလိုက် တာအချစ်ရယ်” လို့ အော်ခဲ့ရတာကလည်း ခဏခဏကိုးခင်ဗျ)။
ဒီလို အားနာမိရင်းနဲ့ တစ်ခုစဉ်းစားမိတာ ကတော့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၊ ဘန်ကောက်မှာ ရဲဘော်သုံးကျိပ်တို့ သွေး သောက်သစ္စာပြုပြီး မြန်မာ့တပ်မတော်ကို စ တင် အခြေတည်ဖွဲ့စည်းကြစဉ်က မြေတွေ သိမ်းမယ်၊ ယာတွေသိမ်းမယ်၊ တပ်ပိုင်မြေ ဆိုင်းဘုတ်တွေစိုက်မယ်၊ လွှတ်တော်ထဲ ယူနီ ဖောင်းနဲ့ဝင်ထိုင်ပြီး ယူနီဖောင်းချွတ် စီနီယာ များနဲ့အတူတူ နိုင်ငံရေးဝင်လုပ်မယ် စသဖြင့် ကြံစည်စိတ်ကူးခဲ့မယ်မဟုတ်ဘူးလို့ ထင်တာ ပါပဲ။ ဒီလိုတောင် စိတ်မကူးဘူးဆိုရင် စစ်တပ် နာမည်နဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီး ထောင် ပြီး စီးကရက်တွေ၊ ဘီယာတွေရောင်းမယ်။ဘဏ်တွေထောင်မယ်၊ ကျောက်တွေတူးမယ်၊ ရွှေတွေတူးမယ်၊ လုပ်ကွက်တွေကြိုက်တာယူ မယ်၊ ကြိုက်တဲ့နိုင်ငံက ကြိုက်တဲ့လူနဲ့ ကြိုက် သလိုစာချုပ်ပြီး ရောင်းမယ်ဝယ်မယ် စသဖြင့် စိတ်မကူးခဲ့မှာကလည်း သေချာပါတယ်။

စိတ်မကူးခဲ့တာတွေ လုပ်ဖြစ်ခဲ့ပြီးတဲ့နောက် တပ်မတော်ကြီးဟာ အရှေ့ကို ဘာတွေဆက် လုပ်ပြီး ဘယ်ခြေလှမ်းကို လှမ်းရမယ်ဆိုတာ အတွက် သေနင်္ဂဗျူဟာရေးဆွဲရမှာတော့ သေ ချာပါတယ်။ ကောင်းတာတွေ လုပ်ဖြစ်တာ တွေလည်း တကယ်ကို ရှိပါတယ်။ ဥပမာ တပ်ကသိမ်းထားတဲ့မြေတွေ ပြန်ပေးရမယ်လို့ အစိုးရကြီးက ဆုံးဖြတ်ပြီးတဲ့နောက် တပ်ပိုင် မြေတချို့ထဲက ပြန်မပေးလို့မရတာများ (ခဏ ခဏတိုင်၊ ခဏခဏစစ်၊ ပြန်ပေးမှ ဖြစ်တော့ မယ်လို့ လူကြီးတွေကကို ပြောလာတာမျိုး)၊ ပြန်ပေးလို့ရတာများ (ဒီမြေလောက်ပြန်ပေး လို့လည်း သိပ်နစ်နာစရာတော့ မရှိပါဘူးလို့ ထင်ရတဲ့မြေမျိုး) ကိုပဲဖြစ်ဖြစ် ပြန်ပေးခဲ့တာ များ နည်းနည်းနောနောမထင်နဲ့။ ဧရာဝတီတိုင်း ထဲမှာကို ပြန်ပေးခဲ့တဲ့ဧကက ဧကငါးထောင် တောင်ကျော်ဆိုပါလား။ ဒီဂဏန်းကိုကြည့်ပြီး အတော်တောင် လန့်သွားမိပါရဲ့။ (သြော်၊ ဒီ လောက်ကြီးများတောင် သိမ်းခဲ့၊ အဲလေ၊ ပြန် ပေးခဲ့တာပါလားလို့ပေါ့)။

သမိုင်းမှာ ၀န်းကျင်ဒေသများဖြစ်တဲ့ မဏိ ပူရတို့၊ ယိုးဒယားတို့ကို အောင်နိုင်သိမ်းပိုက်ခဲ့ ဖူးတဲ့ ရှေးခေတ်မြန်မာ တပ်မတော်ကြီးက လည်း အစဉ်အလာကြီးလေတော့ ဒီနေ့တပ်မ တော်ကြီး ဘာခြေလှမ်းတွေလှမ်းခဲ့ပြီး ဘယ်လိုအကြံအစည်များနဲ့ ဘာနယ်မြေတွေများ သိမ်းပိုက်ဖို့ လုပ်နေသေးလဲလို့ တစ်ခါတစ်ခါ တွေးပြီး အိမ်နီးချင်းတွေ အတွက်တောင် ပူ ပန်မိပါတယ်။ မပူပန်ရင်ခံနိုင်ရိုးလား။ အရင် တုန်းက ရာဂဏန်းမျှသာ သင်ကြားထုတ်လုပ် ပေးခဲ့တဲ့ ဗိုလ်သင်တန်းလို့ လူသိများတဲ့ တပ် မတော်အရာရှိသင်တန်းက ဗိုလ်လုပ်နည်းတွေ သင်ပြီး ဗိုလ်တွေကိုလေ့ကျင့် မွေးထုတ်ပေး နေရာမှာ တစ်နှစ်ကို သောင်းဂဏန်းအထိ ထုတ်လုပ်နေကြောင်း မကြာခင်က ဟိုတယ် ကြီးတစ်ခုမှာ လုပ်ခဲ့တဲ့ ဆွေးနွေးဝိုင်းတစ်ခုမှာ သတင်းစာနဲ့ ဂျာနယ်တွေမှာ ပုံမှန်သတင်း ဆောင်းပါးတွေရေးနေတဲ့ ဆရာစည်သူအောင် မြင့်က ပြောပြတာကြားလိုက်ရပါတယ်။ ဒါပေမဲ့ ခုနက အိမ်နီးချင်းနိုင်ငံများအတွက် ပူပန်တာ က မှားနေတယ်ဆိုတာ ဆရာဆက်ပြောတဲ့ စကားနဲ့မှ သဘောပေါက်နားလည်ရပါတယ်။ တကယ်တော့ ဗိုလ်ခြေတစ်သောင်းလောက် တစ်နှစ်တစ်နှစ် ထုတ်လုပ်နေတယ် ဆိုတာ ပြည်ပနယ်မြေများဆီ ကျူးကျော်သိမ်းပိုက်ဖို့ စိတ်ကူးနေတာမဟုတ်ဘဲ ကိုယ့်တိုင်းပြည်ထဲ မှာပဲ အရပ်သား အုပ်ချုပ်ရေးနယ်ပယ်ထဲကို ကျူးကျော်သိမ်းပိုက်ဖို့သာ ကြံစည်ပြီး ယခု လည်း တပ်မတော်အရာရှိများကို အရပ်ဘက် ကို ပြောင်းနေဟာ မကြားချင် မမြင်ချင်မှအဆုံး ဖြစ်ကြောင်း သိလာရပါတယ်။

အင်းလေ၊ တကယ်တော့ စစ်ဘက်တပ် ဘက် အရာထမ်းများကို အရပ်ဘက်အုပ်ချုပ်ရေး မှာ ၀င်ပြီးလုပ်ခိုင်းတယ်ဆိုတာက လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ခြောက်ဆယ်က အိမ်စောင့် အစိုးရဆိုတာကြီးလက်ထက်ကတည်းကနေ ယခုထက်တိုင် ရှိနေခဲ့တာမို့ ရောဂါသစ် မ ဟုတ်ဘဲ ကုမရသေးတဲ့အနာဟောင်း၊ တစ်နည်း အားဖြင့် နာတာရှည်ရောဂါ တစ်ခုပဲကိုး။ ဒီ ရောဂါဆိုးကြောင့် မကျွမ်းကျင်တဲ့ အရာရှိရဲ့ အုပ်ချုပ်မှုခံရသူ ပြည်သူများ၊ အထူးသဖြင့် သက်ဆိုင်ရာဌာနက ၀န်ထမ်းများသာ ဒုက္ခ ရောက်တာမဟုတ်ဘဲ ကိုယ်ကစားနေကျ ကွင်း မဟုတ်ဘဲ နည်းပြကြီး ဇွတ်ခိုင်းလို့ ၀င်ကန် ရတဲ့ တပ်မတော်အရာရှိများခမျာလည်း အ တော်ဒုက္ခရောက်ခဲ့ကြပါတယ်။ အဲဒီမှာ “ထ ညက်(ထန်းလျက်) မျိုးချန်စိုက်ခိုင်းတာတို့၊ စပါး နက်ကို မီးလောင်တဲ့စပါးဆိုပြီး လွှင့်ပစ်ခိုင်း တာတို့၊ ၀ယ်သာ မကောင်းရင် လဲလိုက်ပေါ့ ပြောတာတို့”လို ဟာသပုံပြင်တွေ ပေါ်လာ တော့တာပါပဲ။ တကယ်တော့ တပ်မတော် အရာရှိဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ ဗိုလ်လုပ် သူတစ်အုပ်တို့ဟာ လူညံ့တွေ၊ လူဆိုးတွေ မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ မကျွမ်းကျင် တဲ့အလုပ်၊ သူတို့နားမလည်တဲ့လုပ်ငန်း၊ သူတို့ လုံးလုံးမသိတဲ့နယ်ပယ်မှာ စီမံခန့်ခွဲမှုလုပ်ခိုင်း တော့ အများရယ်စရာဘ၀နဲ့ ဟာသဇာတ် လိုက်တွေ ဖြစ်ကုန်ရတာကတော့ တပ်မတော် ကြီးကို တကယ်အားနာဖို့ ကောင်းပါတယ်ဗျာ။

ဒီနေရာမှာ ၁၉၆၂ လောက်ကတည်းက ယနေ့အထိ အရပ်ဘက် အုပ်ချုပ်ရေးနယ် ပယ်ထဲကို တပ်အရာရှိမင်းများ ကျူးကျော်ဝင် ရောက် တာဝန်ထမ်းရရာမှာ မြန်မာ့မီးရထား ဌာနကြီးမှာလည်း ဒုအထွေထွေမန်နေဂျာ၊ အထွေထွေ မန်နေဂျာ၊ ဦးဆောင်ညွန်ကြားရေး မှူး၊ ဒုဝန်ကြီး၊ ၀န်ကြီးအစရှိသဖြင့် အုပ်ချုပ် ရေးအရာထမ်းအဆင့်ဆင့်မှာ တပ်အရာရှိမင်း များ ရောက်ရောက်လာတတ်ပါသတဲ့။ အဲဒီ ထဲမှာ မီးရထားဌာနကြီးကို နှစ်အတန်ကြာ အောင်အုပ်ချုပ်လုပ်ကိုင်သွားတဲ့ တပ်အရာရှိ မင်းတစ်ဦးရဲ့တကယ့်ဖြစ်ရပ်ဟာသပုံပြင်ကို နားထောင်ကြည့်ပါဦး။

အဲဒီ အရာရှိမင်းဟာ မီးရထားဌာနကို ရောက်ပြီး တစ်နေ့ သူစီးလာတဲ့ မီးရထားက ဘူတာကနေတော်တော်နဲ့ မထွက်ဘဲဖြစ်နေ တော့ “ဘာဖြစ်လို့မထွက်တာလဲ”လို့ မေးသ တဲ့။ အဲဒီရထားက ဒီဇယ်ခေါင်းဖြစ်ပြီး ဘရိတ် စနစ်က Vacuum Brake လို့ခေါ်တဲ့ လေဟာနယ်ဖိအားကို သုံးပြီး ရပ်တဲ့စနစ်ဖြစ်ပါတယ်။ “ဗက်ကရူမ်”လေဖိအား မကောင်းရင် ဘရိတ်မမိလို့ အဲဒီအနေအထားကို ရထားမောင်းသူများက “ဗက်ကရူမ် မလာဘူး”လို့ သုံးနှုန်းလေ့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ခမျာ အင်္ဂလိပ်စကား ကျွမ်းသူများမဟုတ်တော့ အသံထွက်မှားပြီး “၀ါကင်မလာဘူး”လို့ ပြောလေ့ရှိပါသတဲ့။ ဒီတော့ ဗိုလ်မင်းမေးတဲ့အမေးကို တာဝန်ရှိသူ တစ်ဦးက “၀ါကင်မလာလို့ပါခင်ဗျ”လို့ဆိုတော့ သူက “၀ါကင်”ဆိုတာကို ၀န်ထမ်းနာမည် မှတ်သွားပြီး ဒီကောင်မလာလို့ ရထားမထွက် နိုင်တာကိုးလို့ သဘောပေါက်သွားတဲ့အတွက် “အဲဒီဝါကင်ဆိုတဲ့အကောင် အလုပ်ဖြုတ်ပစ် ကွာ”လို့ စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါသတဲ့။ ကျန်ပုဂ္ဂိုလ်များကလည်း သူ မဟာအရှက် တော်ကွဲမယ့်ကိစ္စကြီးကို ဒီလိုမဟုတ်ပါဘူးလို့ ဘယ်ရှင်းပြပါ့မလဲ။ ဒီတော့ “ဟုတ်ကဲ့ခင်ဗျ” ဆိုပြီး သူ့ရှေ့မှာပဲ “ဦးဝါကင်အား အလုပ်မှ ထုတ်ပယ်လိုက်သည်” ဆိုတဲ့ အမိန့်စာထုတ် ပြန်ပေးရတယ်ဆိုပဲ။
မယုံရင်ပုံပြင်မှတ်ပါပဲခင်ဗျ။ ဇာတ်လမ်း က ဒီလောက်နဲ့ မပြီးသေးဘူး။ တစ်နေ့တော့ အဲဒီပုဂ္ဂိုလ်ကြီးက ရထားစီးပြီး စစ်ဆေးရေး သွားပြန်တဲ့အခါ ဒီတစ်ခါသူစီးတဲ့ရထားက မီးသွေးခေါင်းလို့ ခေါ်ကြတဲ့ ရေနွေးငွေ့သုံး အင်ဂျင်စက်ခေါင်းတဲ့။ အဲဒီမှာ ပြဿနာက အရင်က အိန္ဒိယကကျောက်မီးသွေးတင်သွင်း ပြီး လည်ပတ်ရတဲ့ အင်ဂျင်ဟာ အခုတော့ ကလေးဝကျောက်မီးသွေးအမှုန်များနဲ့ အပူ ပေးတဲ့အခါ လုံလောက်တဲ့အပူချိန်နဲ့ ပရက်ရှာ မရလို့ ရထားမထွက်နိုင်ဘူးပေါ့။ အဲဒီလိုအ နေအထားကို ရထားမောင်းသူတွေက “မီး ပေါင်ကျနေတယ်” လို့ ခေါ်ကြပါတယ်။ မီး ပေါင်တက်လာမှ ရထားကထွက်လို့ရမှာပါ။ အဲဒီမှာလည်း အဲဒီပုဂ္ဂိုလ်ကြီးက ဘာလို့ရထား မထွက်တာလဲလို့ မေးပြန်လို့ “မီးပေါင်ကျ နေလို့”ဖြစ်ကြောင်း ပြောတဲ့အခါ သူက “မီး ပေါင်ကျတာ မြန်မြန်ပြန်ကောက်ခိုင်းလိုက်ပေါ့ ကွ”လို့ ပြောသတဲ့။

အဲဒီတော့လည်း ထုံးစံ အတိုင်း သူ့အရှက်ကွဲမယ့်ကိစ္စဆိုတော့ ပြန် ရှင်းမပြရဲဘဲ “ဟေ့၊ မီးပေါင်မြန်မြန် သွား ကောက်စမ်း” ဆိုပြီး ရထားအနောက်ဘက်ကို တစ်ယောက်လွှတ်ပြီး ကောက်ခိုင်းရသတဲ့။ ပြီးတော့ မီးပေါင် မတက်ခင်မှာ ဟိုရှာဒီရှာနဲ့ အချိန်ဆွဲနေရပြီး နောက်မှ မီးပေါင်တက်ပြီလို့ အချက်ပြလိုက်မှ” တွေ့ပြီဆရာ၊ တွေ့ပြီ” ဆို ပြေးလာရပါသတဲ့။ ရှေ့တင်မှာ မရယ်ရဲတဲ့ ၀န်ထမ်းအရာထမ်းများက ကွယ်ရာကျ ရယ် ပွဲဖွဲ့ ဟာသလုပ်ကြမှာပေါ့ဗျာ။ တပ်မတော် ကြီးကို တကယ်အားနာစရာပါပဲ။
ဒါပေမဲ့ နောင်တော့ ရထားမှာအနေကြာ လာတဲ့အခါ ဒီပုဂ္ဂိုလ်ကြီးက အဖြစ်မှန်တွေကို နားလည်သွားပြီး “ခင်ဗျားတို့ကျွန်တော့်ကို လုပ်ရက်တယ်ဗျာ”လို့ ပြောရှာသတဲ့။ ဒီတော့ ”အဘရယ်၊ ကျွန်တော်တို့အဘကို ဘယ်လို ရှင်းပြရဲမှာလဲ၊ ကြောက်လို့ ဒီလိုလုပ်ကြရ တာပါ”လို့ တောင်းပန်ကြရပါသတဲ့။ နောင် တော့ ဒီပုဂ္ဂိုလ်က ဒီလိုထပ်အရှက်ကွဲ မခံနိုင် တော့လို့ ရထားကိစ္စအားလုံးကို ထဲထဲဝင်ဝင် လေ့လာသင်ကြားပြီး ရထားဌာနမှာလည်း အဆင့်ဆင့်ရာထူးများ တက်လို့ နှစ်အတော် ကြာတာဝန်ထမ်းသွားရှာပါသတဲ့။ (အခုတော့ နောက်ကွင်းအသစ် ကန်နေရှာပြန်ပြီလား မ သိပါဘူးဗျာ) သူ့အကြောင်း ပြောရတာဟာ သူညံ့လို့မဟုတ်ဘဲ စနစ်ရဲ့ဒဏ်ကို ခံရပြီး ဇာတ်လိုက်ဝင်လုပ်ရင်းက “လူပြက်”ဖြစ်ရရှာ တဲ့ ဗိုလ်မင်းဘဘတစ်ယောက် အကြောင်း သင်ခန်းစာယူကြရအောင် မျှဝေပေးတာပါ ဗျာ။ လူတော်တာမတော်တာနဲ့မဆိုင်၊ စနစ် ဆိုးတစ်ခု ရှင်သန်နေသရွေ့တော့ ဦးဝါကင် များအလုပ်ပြုတ်၊ မီးပေါင်လိုက်ရှာ ကောက်ရ သူများလည်း ဟန်ပြအလုပ်ရှုပ်နေဦးမယ် ဆိုတာကို ပြောချင်တာပါ။

အခုလည်း ကြည့်ပါဦး။ နဂိုက ကိုယ့်အ လုပ်မဟုတ်လို့ ကျွမ်းကျင်တဲ့နေရာ မဟုတ် သော်ငြားလည်း တပ်မတော် အရာရှိမင်းများ ဟာ လွှတ်တော်ထဲမှာ တာဝန်ကျေစွာနဲ့ အ သေအချာလေ့လာပြီး “ပီအာ”ဆိုတာ ပြည်မြန် မာနဲ့ မသင့်တော်သေးပါဘူး၊ ဒီဟာကြီးကို မသုံးစွဲသင့်သေးပါဘူးလို့ အမိန့်နဲ့ အာဏာနဲ့ ဇွတ်ကြီးအဓမ္မကြီးဆိုတာမျိုး ပြောတာမဟုတ် ဘဲ အကျိုးနဲ့အကြောင်းနဲ့ နိုင်ငံတကာနဲ့ချီပြီး လေ့လာဆန်းစစ် တင်ပြရှာတာပါဗျာ။ အဲဒါ ကို အာဏာရပါတီ လူကြီးမင်းများက သူတို့ ဦးဆောင်ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ အခြေခံဥ ပဒေကြီးအရ နေရာတလွဲကို ရောက်နေတာ တောင် တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ပေးချင်တဲ့ စေတနာနဲ့ အိပ်ပျက်ခံ၊ အချိန် ကုန်ခံ (ညကို အိပ်ပျက်တာပြောတာပါနော်၊ နေ့ခင်းမဟုတ်ပါဘူး) ပြီး လေ့လာတင်ပြတာ တွေကို “ဒုန့်ကဲ”လုပ်လိုက်တာကတော့ ရက် စက်လွန်းတယ် ထင်မိတာပါပဲ။
အင်း၊ ကျွန်တော်ကတော့ စနစ်ဆိုးတွေ ကြောင့် မကြာခဏအရှက်ကွဲကွဲနေတဲ့ ကျွန်တော်တို့ အချစ်တော်ကြီးကို တကယ်ကြီးကို အားနာနေမိတာပါပဲဗျာ။

ဆောင်းပါးရှင် - ရီနေနိုင်
 အတွဲ (၂) အမှတ်စဉ် ၂၀၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...