Thursday, July 31, 2014

•• သမီးတော် ရာဇဝင် ( ၅ ) ••



`` ဧည့်ခန်းထဲကအပုံကြီး ဘယ်သူပါတာလဲဟေ့ ´´

စစ်အာဏာရှင်သာဂိကြီးရဲ့ ပုဂံညောင်ဦးခရီးစဉ်မှာ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ထိုင်ကန်တော့ခဲ့ဖူးပါတယ်၊ ညဘက် နိုင်ငံတော်ဧည့်ရိပ်သာကြီးမှာ သာဂိကြီးကအတူပါလာတဲ့ ဝန်ကြီးတွေနဲ့ထိုင်ပြီး စကားစမြည်ပြောနေချိန်မှာပေါ့၊ အဲဒီနိုင်ငံခြားရေးဝန်ကြီးက ဆက်တီပေါ် ကနေ မြ်းပြင်ပေါ်ကိုဆင်းပြီး သာဂိကြီးကို လက်အုပ်ချီလိုက်တယ်၊
ပါးစပ်ကလည်း ကျွှန်တော်သံအမတ်ကြီးအဖြစ်နဲ့ နိုင်ငံပေါင်းများစွာမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံခေါင်းဆောင်တွေအများကြီးနဲ့ ထိတွေ့ဆက်ဆံဖူးပါတယ်၊ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးလို ဉာဏ်ပညာကြီးမားတဲ့၊ ထက်မြတ်တဲ့၊ အမြှော်အမြင်ရှိတဲ့ တိုင်းပြည်အတွက် နေ့မအိပ်ညမအိပ် ကြိုးပမ်းဆောင်ရွတ်တဲ့ခေါင်းဆောင်မျိုး မတွေ့ခဲ့ဖူးပါဘူး၊ ဒါကြောင့် ကျွှန်တော်ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲကြည်ညိုလွန်းလို့ ကန်တော့ပါရစေဆိုပြီး ကန်တော့ပန်းဆင်လေတော့ ဆက်တီပေါ်က ကျန်ဝန်ကြီးတွေလည်း ရောယောင်ပြီး ကြမ်းပြင်ပေါ်ဆင်းလို့ လိုက်ကန်တော့ရခဲ့ဖူးပါတယ်၊ ပြီးမှ နောက်ကွယ်က ဆဲကြတာပေါ့လေ။

အဲဒီ နိုင်ငံခြားရေးဝန်ကြီးဟာ ဘယ်ဝန်ကြီးကမှ မကြံစည်ဖူးတာတစ်ခုလည်း လုပ်ခဲ့ပါတယ်၊ ဒါကတော့ သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အတွင်းဝန်ရာထူးအသီးသီးနဲ့ ခန့်အပ်လိုက်တာပါပဲ၊ ဒီလို အသားကုန်ဖားခဲ့ပေမယ့် သူရဲ့နောက်ဆုံးခရီးကတော့ မလှပခဲ့ပါဘူး၊ စာမဖွဲ့လောက်တဲ့ပြစ်မှုနဲ့ အထိန်းခံရပြီး အကျဉ်းထောင်ထဲမှာပဲ ဘဝဇာတ်သိမ်းခဲ့ရပါတယ်၊ အဲဒီအချိန်မှာ ဒီလူကြီးက ငါတို့ကို မတန်မရာ ရာထူးတွေပေးပြီး ဥရောပက ပိတ်ဆို့ထားချိန်မှာ ငါတို့ကို ဥရောပနိုင်ငံတွေမှာ သံအရာရှိအနေနဲ့ နေခဲ့ဖူးအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါလားဆိုတဲ့ စိတ်မျိုးလည်း သူတို့ရင်ထဲမှာ ပေါ်ခဲ့ဟန်မတူဘူး။

အဲဒီ သွားလေသူ နိုင်ငံခြားရေးဝန်ကြီးကောင်းမှုနဲ့ သမီးတော်အသီးသီးဟာ နိုင်ငံခြားက မြန်မာသံရုံးတွေကိုရောက်ပြီး အမွှေဇာတ်တွေခင်းကြပါတော့တယ်၊ သမီးတော်တစ်ပါးကတော့ ဥရောပက သံရုံးတစ်ရုံးကို ရောက်ပါတယ်၊ အဲဒီမှာနေတုန်း တစ်နေ့မှာ သံအမတ်ကြီးကတော်က သူ့ရဲ့မွေးနေ့ပွဲကို မြို့ထဲကဟော်တယ်တစ်ခုမှာ လုပ်မှာဖြစ်လို့ သမီးတော်ကြွရောက်ချီးမြှင့်ပေးဖို့ ဖိတ်ကြားပါတယ်။

သမီးတော်ကလည်း ပွဲကိုကြွချီလာပါတယ်၊ ဒါပေမယ့် သံအမတ်ကြီးကတော်ရဲ့ မွေးနေ့ပွဲစမယ်အလုပ်မှာ သမီးတော်က သူ့ဗိုက်အောင့်လှချည်ရဲ့လို့ အော်ပါတော့တယ်၊ အားလုံးလည်း ပြာယာခတ်ကုန်တာပေါ့၊ ဒါနဲ့ မွေးနေ့ရှင်သံအမတ်ကြီးကတော်နဲ့ ခင်ပွန်းသံအမတ်ကြီးတို့က ပွဲကိုဖျက်ပြီး သမီးတော်ကို ဆေးခန်းပို့ဖို့ကားနဲ့ခေါ်လာတော့ သမီးတော်က ဆေးခန်းမသွားချင်ဘူး၊ အိမ်ပြန်မယ်လို့ အမိန့်တော်ချပါတယ်၊ အိမ်ရောက်လို့သမီးတော်က ကားပေါ်ကဆင်းပြီး ပြောသွားတဲ့စကားတခွန်းကတော့ မှတ်သားလောက်ပါတယ်၊ ကျွှန်မဘာမှမဖြစ်ဘူး၊ တမင် အန်တီ့မွေးနေ့ပွဲကို ဖျက်လိုက်တာတဲ့၊ ဒီတော့ အရင်အပတ်တွေက ပြောခဲ့ဖူးသလို ဒီမိသားစုက သူများတွေပျော်ရွင်နေရင် ကြည့်မရဘူးဆိုတဲ့စကားက မမှန်ပေလားဗျာ။

နောက်တစ်ယောက်ကတော့ ပိုဆိုးတယ်လို့ ပြောရလိမ့်မယ်၊ သူက အိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ သံရုံးမှာ တာဝန်ကျတယ်၊ အမှန်က တာဝန်ကျတာမဟုတ်ဘူး၊ အစိုးရရာထူးနဲ့ နိုင်ငံခြားမှာ အလည်သွားနေတာပါ၊ သံတမန်ဆိုတော့ တော်ယုံအရူးကြောထရင်လည်း သံတမန်ကင်းလွတ်ခွင့်တွေဘာတွေနဲ့ အရေးယူမခံရနိုင်ဘူးလေ၊ အဲ့ဒီသံရုံးမှာ သမီးတော်က သံအမတ်ကြီးရဲ့ စံအိမ်တော်မှာ စံမြန်းတော်မူပါတယ်၊ သံအမတ်ကြီးကတော့ ဘေးနားက သံအရာရှိငယ်တစ်ယောက်အိမ်ကို ပြောင်းပေးရပါတယ်၊ သမီးတော်က စံမြန်းတာမှ ရိုးရိုးစံမြန်းတာမဟုတ်ပဲ ဧည့်ခန်းထဲမှာ သူထိုဖို့ ဆက်တီတစ်လုံးသာထားပြီး ကျန်ဆက်တီတွေကို ဖယ်ရှားလိုက်ပါတယ်၊ သဘောကတော့ လာတဲ့ဧည့်သည်ဟာ ကြမ်းပြင်ပေါ်မှာထိုင်ပြီး သူ့ကိုစကားပြောရမယ်ပေါ့၊ သံအမတ်ကြီးက ကြမ်းပြင်ပေါ်မထိုင်ချင်လေတော့ အဲဒီအိမ်ကို အခေါ်ခံရလေတိုင်း မတ်တပ်ရပ်ပြီး စကားပြောလေ့ရှိပါတယ်၊ ဒီအချက်ကို သမီးတော်က မကျေနပ်ဘူး၊ တစ်နေ့တော့ ငါ့အကြောင်းကောင်းကောင်းသိရစေမယ်လို့လည်း စိတ်ထဲက အကြံထုတ်နေပုံရပါတယ်။

မကြာပါဘူး၊ တစ်နေ့မနက်မှာတော့ သံရုံးရဲ့ သန့်ရှင်းရေးဝန်ထမ်းနဲ့ သမီးတော် ပြဿနာအကြီးအကျယ်တက်ပါတော့တယ်၊ ဘာပြဿနာလည်းဆိုတော့ သမီးတော်က သူစံမြန်းနေတဲ့ သံအမတ်ကြီးရဲ့အိမ်က ဧည့်ခန်းထဲက ကြမ်းပြင်ပေါ်မှာ အီးအီးပုံကြီးပါချထားပြီး အဲ့ဒီနိုင်ငံသူ သန့်ရှင်းရေးဝန်ထမ်းကို ကျုံးခိုင်းတဲ့အတွက်ပါ၊ အဲဒီနိုင်ငံမှာက ဝန်ထမ်းခန့်ချင်ရင် ကိုယ်သဘောနဲ့ကိုယ် ခန့်ခွင့်မရှိဘူး၊ အဲဒီနိုင်ငံက နိုင်ငံခြားရေးဗျူရိုမှာ လိုချင်တဲ့ဝန်ထမ်းကို ဌားရတာပါ၊ ဒီတော့ ဟိုကပေးတဲ့ဝန်ထမ်းဆိုတာကလည်း ဘယ်လိုလူတွေပေးမလဲဆိုတာ သိလောက်ကြပါရဲ့၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံက သံရုံးတွေအတွက်ဆိုရင် အထူးလေ့ကျင့်ထားတဲ့ အေဂျင့်တွေကိုပဲ အလုပ်သမားအသွင်ယူပြီး ပေးမှာလေ၊ အဲဒီနိုင်ငံက သန့်ရှင်းရေးအသွင်ယူ ထောက်လှမ်းရေးအေးဂျင့်မလေးမှတော့ သူ့ဘဝတလျှောက် မကြားဖူးတာတွေ ကြားလိုက်ရလို့ ဒေါသအမျက်ချောင်းချောင်း ထွက်သွားပါတယ်၊ သမီးတော်က သူ့အီးအီးပုံကို ကျုံးခိုင်းလို့ပါ။

ပြဿနာက သံအမတ်ကြီးဆီ ရောက်လာပါတော့တယ်၊ သံအမတ်ကြီးက အပြေးအလွှားလည်းသွားကြည့်ရော ဧည့်ခန်းထဲက ကြမ်းပြင်ပေါ်မှာ အနံ့အသက်ဆိုးလှတဲ့ အီးအီးပုံကြီးက မြင်မကောင်းအောင် နံစော်နေတာ တွေ့လိုက်ရပါတယ်၊ ဟိုနိုင်ငံသူဝန်ထမ်းကလည်း သူ့အလုပ်ထဲမှာ ဒါမပါလို့ မကျုံးရေးချမကျုံးဘူး၊ နောက်ဆုံးမှာတော့ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေက အဲဒီ အီးအီးပုံကြီးကို သန့်ရှင်းရေးလုပ်လိုက်ကြပါတော့တယ်၊

အဲဒီခေတ်က သံအမတ်ကြီးတွေဟာ နိုင်ငံတစ်နိုင်ငံမှာ သုံးနှစ်စီတာဝန်ထမ်းဆောင်ရပေမယ့် ပြေလည်ရင်ပြေလည်သလို နှစ်ပိုထားတာတွေ၊ အသက် ၆၀ မှာ ပင်စင်ယူရပေမယ့် ပြေလည်ရင်ပြေလည်သလို Extendion ပေးပြီး ထပ်မံတာဝန်ထမ်းဆောင်ခွင့်တွေ ရကြပေမယ့် အဲဒီသံအမတ်ကြီးကတော့ အသက် ၆၀ ပြည့်တာနဲ့ တစ်ခါတည်း ပင်စင်တင်လိုက်ပါတော့တယ်၊ အဲဒီသံအမတ်ကြီးက တပ်မတော်က ဗိုလ်မှူးချုပ်ရာထူးကနေ သံအမတ်ကြီးဖြစ်သွားတာ၊ မြန်မာနိုင်ငံပြန်ရောက်လာတဲ့အချိန်မှာ မခံစားနိုင်လွန်းလို့ သူ့သူငယ်ချင်းဝန်ကြီးတွေ၊ ဒုတိယဗိုလ်မှူးကြီးတွေကို ပြောပြရင်း အခုမှငါလည်း ဝဋ်လည်တော့တာပါပဲကွာ ဆိုပြီးပြောတော့ အားလုံးက ခေါင်းတငြိမ့်ငြိမ့်နဲ့ မင်းက အိုဇာတာအတော်ညံ့ရှာတာပဲဆိုပြီး အဲဒီ အငြိမ်းစားသံအမတ်ကြီးကို ဝိုင်းသနားနေကြလေရဲ့ ---///

( လက်စောင်းထက် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...