Tuesday, July 22, 2014

မောင်ဟန်၏ အရံငွေကြေး

မကြာသေးခင်ရက်ပိုင်းအတွင်း ရန်ကုန်က ရဲဘော်ဟောင်းတယောက်က ကိုမြဟန် (တပ်ရင်း ၂၁၆) ကျန်းမာရေးကိစ္စ အကူအညီလိုတယ်ဆိုလို့ ကျနော့် FB မှာ တင်ရင်း ရဲဘော်ဟောင်း တချို့ ကိုပါ tag လုပ်လိုက်ပါတယ်။
ကိုမြဟန်အကြောင်းကို ကျနော်မြန်မာလိုရေးပြီး ABSDF ဆိုတဲ့ စာလုံး ၅ လုံးဘဲ ဗြိတိသျှ လိုပါသွားတယ်။ ခနနေတော့ ထိုင်းမိတ်ဆွေ အမျိုးသမီးတဦးက comment မှာ မေးလာ တယ် “သိချင်လို့ပါ၊ ABSDF ဘာဖြစ်တာလဲတဲ့”၊ ဒါနဲ့ ကျနော်လည်း ငါတို့ရဲဘော်ဟောင်း တယောက်ပါ ။ ကျန်းမာရေးကိစ္စအကူအညီလိုနေလို့၊ အပြင်ကရဲဘော်ဟောင်းတွေ သိ အောင် တင်ထားတာပါ လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ဘဲ သူက “ ဒီမိုကရေစီ ခရီးရှည်ကြီးအတွက် တိုက်ပွဲဝင်တဲ့ ရဲဘော်အဖြစ်၊ ငါတတ်နိုင်သလောက် ကူညီ ပါရစေ” တဲ့။ သူ့ comment နဲ့ နာမည်တော့ ရေးမပြတော့ဘူး၊ ကျနော် တင်ထားတဲ့ post မှာရှိတယ် (တော်ကြာ သူ့နာမည်နဲ့ comment ကိုတွေ့သွားပြီး၊ ဘာတွေ ရေးနေတာလဲ မေးမှာစိုးလို့ )

တကယ်ဆို သူက ကျနော်တို့နဲ့ သိခဲ့တာ ၁၉၉၄ ခုနှစ်လောက်ကတည်းက၊ ကျနော်တို့ မယ်ဟောင်ဆောင်ရုံးမှာ နေတုန်း၊ သူနဲ့ ချင်းမိုင်တက္ကသိုလ်က သူငယ်ချင်းတွေ ကျနော်တို့ ကို တီရှပ် ဆေးဆိုးပန်းရိုက် လုပ်နည်းတွေ လာသင်ပေးသွားတာ။ သူနဲ့ ABSDF ဆက်စပ် တာ ဒီလောက်ဘဲ၊ နောက်ပိုင်းလည်း ကျနော်တို့အပေါ် အမြဲကူညီပါတယ်။ ဆိုလို တာက သူတို့အနေနဲ့ ကျနော်တို့အပေါ် အမြဲအသိအမှတ်ပြုပြီး ရဲဘော်၊ ရဲဘက်လို သဘောထား တာကိုပါ။
သြစတြေလျရောက် ကျနော်တို့တပ်ရင်းက ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကိုစောဝင်း၊ ကိုကြင် စန်းတို့လည်း အလှုခံပေးမယ်ပြောတယ်။ အမေရိကားက ကိုရဲကလည်း သူလည်း တတ် နိုင်သလောက် လိုက်ကောက်ပေးမယ်ပြောပါတယ်။
ကိုမြဟန်သတင်း တင်ပြီးပြီးချင်း၊ ကျနော်လည်း သူ့ကိုကူဖို့ ကျနော့် အရံငွေကြေး ဘယ် လောက်ရှိ သေးလဲ ပေသီးခေါက်ရတယ်။ အရံငွေကြေးဆိုလို့ ဘယ်ဘဏ်မှာ အပ်ထားသ လဲဆိုရင် ဆွစ်ဘဏ်မှာ (နောက်တာနော်)။
ကျနော် ဘောလုံးကန်လို့ ခြေထောက်ကျိုးပြီး နောက်ပိုင်း ခြေစွမ်းမပြရတော့လို့၊ လက်စွမ်း ပြရ တာပေါ့ဆိုပြီး စာလေး နည်းနည်းပါးပါး ရေးတာ၊ စာမူခ နည်းနည်းပါးပါး ရလေ့ရှိတယ်။ စာမူ ခတွေကို မသုံးဘဲ၊ လိုအပ်မှ ထုတ်ပြီး ရဲဘော်ဟောင်းတွေရဲ့ ကျန်းမာရေး၊ နာရေးကိစ္စတွေ မှာ သုံးပါတယ် (သာရေးတို့၊ ၀ိုင်းဖွဲ့သောက်စားရေးတို့တော့ မသုံးပါ)။ အထူးသဖြင့် မဲ ဆောက်မှာရှိတဲ့ ကျနော်တို့ တပ်ရင်းက ဘကြီးလှခင်အတွက် နိုင်ငံခြားအထောက်အပံ့တွေ ရပ်ဆိုင်းနေတဲ့ကာလ မျိုးနဲ့ တခြား တပ်ရင်းက ရဲဘော်တွေ ကျန်းမာရေးနဲ့ နာရေးကိစ္စတွေ ပေါ့။ အများကြီးတော့ မဟုတ်ဘူး၊ နိုင်သလောက်ပေါ့။
ကျနော့်အရံငွေကြေးကို စစ်ကြည့်မိတော့ အောင်မယ် ၃ လအတွင်း ဆောင်းပါး ၂ပုဒ်ကြီး များ တောင်ရေးထားတာဘဲ၊ အဲဒီစာမူခနဲ့ လိုတာလေးစိုက်လိုက်ရင် ကိုမြဟန်အတွက် တသိန်း (ကျပ်နော်) လောက်တော့ ကူနိုင်တာပေါ့။ ဒါနဲ့ ရန်ကုန်က (Bank Of Ko Thar Gyee) ကိုသားကြီးကို အကူအညီတောင်း သွားပို့ခိုင်းရတယ်။
အင်း…ဒါဆို စာမူခကုန်သွားပြီဆိုတော့ အရံငွေကြေးတွေ ကုန်ခန်းသွားပြီ။ ရေးကွက် ရှာရ ဦးမယ်။ ရေးကွက်နဲ့မှ မလောက်ရင် ကိုကျော်တို့နဲ့ပေါင်းပြီး “ဆေးကွက်စီးပွားရေး” လုပ်ဖို့ ကဲ….. မတိမ်းမစောင်း ဗိန်းဗောင်းနဲ့ (ထိုင်း) ဗိန္နောဆေး ရောင်းဖို့ပြင်….. (ဤကား ကြော်ငြာတည်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...