Sunday, July 13, 2014

ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးဆိုသည်မှာ


ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို အနက်ဖွင့်ကြလျှင် အဖြေအမျိုးမျိုး၊ အဓိပ္ပါယ် အမျိုးမျိုး ရရှိနိုင်ပါတယ်။
သို့သော် ထိုအယူအဆရဲ့ အနှစ်သာရက ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ချဉ်း ကပ် ဆောင်ရွက်ရာမှာ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနဲ့ စီးပွားရေးစတဲ့ မတူညီတဲ့ ကဏ္ဍအသီးသီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့ လူမှုဝန်းကျင်ရှိ အရင်း အမြစ်များကို မျှတစွာ ထုတ်ယူသုံးစွဲဖို့ ဖြစ်ပါတယ်။
‘‘မျှတစွာ ထုတ်ယူ သုံးစွဲဖို့’’ ဆိုတာမှာ ပစ္စုပ္ပန်ကာလရှိ လူများက မိမိတို့ရဲ့ လိုအပ်ချက်များကို အမှန်တကယ် လိုအပ်သလောက်သာ ယူငင် သုံးစွဲဖို့ ဖြစ်ပြီး မိမိတို့ရဲ့ မျိုးဆက်များ အနာဂတ်မှာ ရရှိခံစားရမယ့် အရင်းအမြစ်တို့ကို မဆင်မခြင် ဖြုန်းတီးပစ်မှုမှ ရှောင်ကြဉ်ဖို့ ဖြစ်ကြောင်း နားလည်ရပါတယ်။
မကြာခဏဆိုသလို ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ကြတဲ့အခါ မိမိတို့ တစ်စု၊ တစ်ဖွဲ့ ကောင်းစားဖို့အရေးမျှ စဉ်းစား လုပ်ဆောင်ကြတာကို တွေ့ ရလေ့ ရှိပါတယ်။

အနာဂတ်ကို မေ့ထားတတ်ကြ၊ စာနာထောက်ထားမှုကို အခြေခံပြီး ကျယ် ကျယ်ဝန်းဝန်းစဉ်းစားလေ့ မရှိကြနဲ့ အတ္တကို အခြေပြု ဖြစ်တည်လာတဲ့ တာဝန်မဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖြစ်သွားလေ့ ရှိကြပါတယ်။
ထိုသို့ တာဝန်မဲ့ လုပ်ရပ်များကြောင့် အတိတ်မှာသင်ခန်းစာ ယူစရာများစွာ ကို တွေ့ကြုံ ဖြတ်သန်းခဲ့ကြပြီး ဖြစ်ပါတယ်။
ကမ္ဘာခြုံ စီးပွားပျက်ကပ်ဘေး ကြုံခဲ့တဲ့ သင်ခန်းစာ၊ မြေကြီးမှ ရရှိသော သဘာဝ ဓာတ်ငွေ့များနဲ့ သယံဇာတများတို့ကို အလွန်အကျူး ထုတ်ယူ သုံးစွဲခြင်းကြောင့် ကမ္ဘာခြုံ ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှု စတဲ့ သင်ခန်းစာများတို့နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ရေရှည်တည်တံ့မှုကို အားမပေးတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်း များကို ခုံမင် တပ်မက်နေသမျှတော့ အလွန်အကျွံ ထုတ်ယူသုံးစွဲခံရတဲ့ ကမ္ဘာ့ကဏ္ဍ အသီးသီး ယိုယွင်းလာမှုရဲ့ အကျိုးဆက်ကို ခံကြရဖို့ ရှိပါတယ်။
ထို့ကြောင့် ဖွံ့ဖြိုးရေးလို့ ဆိုတာမှာ ရေရှည်တည်တံ့မှုရှိတဲ့ ဖွံ့ဖြိုးရေးကိုသာလျှင် တာဝန်သိစိတ်နဲ့ ဖော်ဆောင်ဖို့ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
သည်လိုပြောခြင်းကြောင့် ရေရှည်ဖွံ့ဖြိုးရေးဆိုတာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တစ်ခုတည်းလား လို့ မေးနိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ မမြဲသော ကမ္ဘာမြေကို မှီတင်းနေထိုင်ရခြင်းကြောင့် ကမ္ဘာမြေဆီက ထုတ်ယူသုံးစွဲနိုင်တဲ့ သယံဇာတ အရင်းအမြစ် ပမာဏက ကန့်သတ်မှု ရှိကြောင်းနားလည် သိရှိဖို့ သင့်ပါတယ်။
သည်အရာ ဘာအရေးလဲ စဉ်းစားဖို့ ဝေးပါသေးတယ် ဆိုလျှင်ဖြင့် သဘာဝ တရားကို ဖောက်လွဲဖောက်ပြန် ဖြစ်ပေါ်စေတဲ့ သမိုင်းတရားခံ ဖြစ်ဖို့ မြင် ပါတယ်။
ထို့ပြင် ရေရှည်တည်တံ့မှုရှိတဲ့ ဖွံ့ဖြိုးရေးအတွက် သဘာဝ ပတ်ဝန်းကျင် ကို စောင့်ရှောက်တာအပြင် အခြားလုပ်ဆောင်ရမယ့် ကဏ္ဍများစွာ ရှိပါသေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ရရှိပြီး တရားမျှတမှု အခိုင်အမာရှိတဲ့ လူ့အသိုက်အဝှမ်းဖြစ်ဖို့လည်း ဆောင်ရွက်ရပါမယ်။
ထို့ကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ် ကာလများမှာ လူသားတိုင်း တန်းတူ အခွင့် အရေး ရရှိပြီး တစ်ဦး တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိပိုင်ခွင့်ကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
လူမှုဝင်ဆံ့မှုနဲ့ အကျုံးဝင် ပါဝင်ခွင့် ရှိရေးတို့အပြင် အခြေခံ လိုအပ်ချက်များ အားလုံးကို တန်းတူ ရရှိနိုင်ရန် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးဆိုတာ အနာဂတ်အတွက် ထည့်သွင်း စဉ်းစားတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်တာကြောင့် ပစ္စုပ္ပန်ရှိ လူသားများအနေနဲ့ အခွင့်အရေး အားလုံးကို လက်လွှတ် လိုက်ရမှာလားလို့ မေးစရာရှိပါတယ်။ သည်လို လုပ်စရာ မလိုဘူးလို့ ပြောချင်ပါတယ်။
အကြောင်းက ဖွံ့ဖြိုးရေး လုပ်ငန်းကို ရေရှည်တည်တံ့အောင် လုပ်ဆောင်ခြင်း ဆိုသည်မှာ လက်ရှိ လုပ်ဆောင်မှုများကို သင်ခန်းစာ ယူပြီး ပိုမိုကောင်းမွန်တဲ့ နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ ပြုပြင်သွားဖို့ ဖြစ်ပါတယ်။
အနာဂတ်အတွက် ထည့်သွင်းစဉ်းစားသကဲ့သို့ ပစ္စုပ္ပန်ကိုလည်း မေ့မထားသော နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ လက်ရှိနေထိုင်နေတဲ့ ရှင်သန်မှု ဘဝ ပုံစံကို ဆန်းစစ်တဲ့ အခါ ပြောင်းလဲပစ်ဖို့ လိုအပ်လျှင် ပြုပြင်ရမှာပါပဲ။
သို့သော် ထိုသို့ပြောင်းလဲရခြင်းက ကျွန်တော်တို့ ဘဝရဲ့ ဖြစ်တည်မှု အနှစ်သာ ရကို လျှော့ချပစ်ဖို့ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ ရှင်သန်မှုက တာဝန်မဲ့စွာနဲ့ ကိုယ်ကျိုး အတ္တအတွက်သာ ရှင် သန်မှုမျိုး မဟုတ်ဘဲ လူသား ပီသစွာ ရှင်သန်ခွင့် ရရှိရေးအတွက် သည်ကိစ္စကို ထည့်သွင်း စဉ်းစားဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။
ရေရှည်တည်တံ့မှု ရှိတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကြောင့် ရရှိနိုင်တဲ့ အကျိုး သက်ရောက်မှုများစွာ ရှိပါတယ်။
ဥပမာအနေနဲ့ အဆောက်အဦ တည်ဆောက်တဲ့အခါ စွမ်းအင်ပြုန်းတီးမှု အနည်းပါးဆုံးဖြစ်တဲ့ ဒီဇိုင်းကို အသုံးပြုပြီး အသစ် ပြန်လည် တည်ဆောက်ရ လွယ်ကူအောင်၊ အဆောက်အဦအတွက် အသုံးပြုထားတဲ့ ပစ္စည်းများ ကို နောင်များမှာလည်း ပြန်လည် အသုံးချနိုင်အောင် စတဲ့ ရေရှည် အသုံးတည့်မယ့် နည်းစနစ်ကို အခြေခံပြီး အိမ်ရာ၊ အဆောက်အဦများကို တည်ဆောက်ခြင်း ဖြစ်ပါတယ်။
ထိုသို့ တည်ဆောက်ခြင်းကြောင့် အချိန် အတိုင်းအတာ တစ်ခု ရောက်တဲ့အခါ အသစ် ပြောင်းလဲ တည်ဆောက်ဖို့ ကြုံလာလျှင် အလွယ်တကူ ပြောင်းလဲနိုင် မယ့်အပြင် စွမ်းအင် ပြုန်းတီးမှု၊ အရင်းအမြစ် ပြုန်းတီးမှု စတဲ့ မလိုလားအပ် တဲ့ ပြုန်းတီးမှုများကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ခုဆိုလျှင်လည်း ထိုဥပမာနဲ့ သင်ခန်းစာ ယူနိုင်မယ်လို့ မျှော်လင့်ရပါ တယ်။ မိမိတို့မှာ ရှိရင်းစွဲ ဖြစ်တဲ့ သယံဇာတများကို ပြုန်းတီးမှု အနည်းဆုံး နည်း လမ်း အသုံးပြုကာ မိမိတို့ရဲ့ လက်ရှိ အသိုက်အဝှမ်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။
ထိုသို့ ပြုန်းတီးမှု အနည်းဆုံး နည်းလမ်းကို ကျင့်သုံးတဲ့ အတွက်ကြောင့် နောက် မျိုးဆက်ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းခွင့် ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
သို့မှသာ ပစ္စုပ္ပန်ရှိ မိမိတို့က သားမြေးများအတွက် တာဝန်ကျေသော လူသားများ ဖြစ်နိုင်ပါမယ်ဆိုတဲ့ အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
မြန်မာ့ဇွဲမာန်
မြန်မာ့ဇွဲမာန်သို့ - http://www.myanmarzweman.com/myanmar_news/1435/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...