Tuesday, July 15, 2014

ဆြာဒင်၏ ကျမျက်ရည် မကြေညာစတမ်း

Min Din
ယနေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ

ဆြာဒင်၏ကျမျက်ရည်မကြေညာစတမ်း
(မင်းဒင်)

(တစ်)
မပွင့်တပွင့်၊နံနက်ခင်းနေရောင်ခြည်အောက်တွင် ကြပ်ပြေးနေပြည်တော်လေဆိပ်သို့ငြိမ့်ကနဲထိုးဆင်းလာသော စင်းလုံးငှားဂျက် လေယာဉ်ပေါ်မှ ရှိုးစမိုးစတိုင်အပြည့်နှင့် ဆင်းလာသည့် ဆြာဒင်၏ရုပ်သွင်သည် “ခွေးသော်မှနေ့ကောင်းရက်သာတစ်နေ့ရှိစမြဲ” (Even dog has a day)ဟူသော စကားပုံကိုမှန်ကန်ကြောင်းသက်သေခံလျက်ရှိ၏။ဂျိုင်းနှစ်ဘက်ကိုအနည်းငယ်စီဟလျက် မြောက်ကြွားကြွား ခြေလှမ်းများဖြင့်တစ်လှမ်းချင်း လှမ်းလာနေသည့် ဆြာဒင်၏ဝဲယာနှစ်ဘက်တွင် နိုင်ငံခြားသား မျက်နှာဖြူလေးဦး တစ်ဘက်နှစ်ဦးဆီ ခြံရံလိုက်ပါလာလျက် ရှိရာ ယင်းကြောင့်ပင် ဆြာဒင်တစ်ယောက် သွေးနားထင်ရောက်နေဟန်ရှိလေသည်။

အဆိုပါဧည့်သည်တော်လေးဦးကား နေမဝင်အင်ပါယာပြည့်ရှင်ဘုရင်မကြီးအယ်လိဇဘတ်၊အမေရိကန်ပြည်ထောင်စုသမ္မတကြီး အိုဘား မား၊မိုက်ခရိုဆော့ဖ်သူဌေးကြီးဘီလ်ဂိတ်နှင့် ကျန်တစ်ဦးကား နေတိုးမဟာမိတ်များစစ်စာချုပ်အဖွဲ့(NATO)၏ အထွေထွေအတွင်းရေးမှူး ချုပ်ဆွီဒင်နိုင်ငံသား ဖီးလ်မာရှယ် ဂျင်းစ် စတိုတင်ဘတ်ဂ်(Jens_Stoltenberg )တို့ဖြစ်ကြ၏။

အဆိုပါ ကမ္ဘာကျော်မဟာပုဂ္ဂိုလ်များနှင့် ဆြာဒင်မည်သို့မည်ပုံ ရင်းနှီးကျွမ်းဝင်ခဲ့ကြပုံကို အသေးစိတ်ရေးသားဖော်ပြရမည်ဆိုပါက ဆြာဒင် ၏ကျော်ကြားလှသောဂုဏ်သတင်း၊ဖွံ့ဖြိုးစည်ပင်လှသော ဖူးခက်မြို့ကြီးသို့ နိုင်ငံတစ်ကာလူ့အလွှာမျိုးစုံတို့  ကမ္ဘာလှည့်ခရီးသည်အဖြစ် လာရောက်လေ့ရှိကြသည့် အကြောင်းတို့ကိုပါ ရှည်လျားစွာထည့်သွင်းရေးဖွဲ့ရမည်ဖြစ်လေရာ လူဂုဏ်မြို့ဂုဏ်တို့ကို ဖော်ကျူးရာရောက်မည်ဖြစ်၍ အကျယ်မရေးလိုတော့ပြီ။အတိုချုပ်အားဖြင့်မူ အဆိုပါပုဂ္ဂိုလ်များနှင့် ဆြာဒင်သည် ဖူးခက်မြို့ကမ်မလာအမည်ရှိကမ်းခြေတွင် မမျှော်လင့်ပဲ ဆုံတွေ့ ရင်းနှီးမိကြရာမှ ဆြာဒင်၏ဇာတိ၊ဗမာပြည်ကြီးကို ရောက်လိုလှပါသည်ဟု နားပူကြလေသဖြင့် မလွှဲသာမရှောင်သာ ဆြာဒင်လိုက်ပါပို့ဆောင်ရ ခြင်းဖြစ်ချေသည်။

သည်တစ်ခေါက်တွင်တော့ စင်းလုံးငှားဂျက်လေယာဉ်တွင် ထိုင်ခုံအလုံအလောက်မပါရှိသည့်အပြင်၊ဒူးနေရာဒူး၊တော်နေရာတော် ဟူသော ဆိုရိုးနှင့်အညီ ဆြာဒင်၏လက်ကတုံးတောင်ဝှေးတပည့်ကျော်သုံးဦးအား ဖူးခက်မြို့မှာပင်နောက်ချန်နေရစ်စေကာ ချစ်လျက်နှင့်ခွဲခွာ၊ထားရစ်ခဲ့ရချေ၏။သို့ကြောင့်ပင် ဆြာဒင်တစ်ယောက် ယခင်အခေါက်များကကဲ့သို့ ဆြာကြီးဟန်ပန်ဖြင့် စတိုင်မထုတ်နိုင်တော့ပဲ ကိုယ့်ကိုယ်ကို ဧည့်လမ်းညွန်အဖြစ်သာ သဘောပိုက်လျက် ဧည့်သည်တော်ဂုဏ်သရေရှိ လူကြီးမင်းတို့ကို ဦးဆောင်လမ်းပြနေရပြန်ချေ သည်တမုံ့။ ။

(နှစ်)
ထူးထူးခြားခြားသာယာလှပသည့် တိုင်းပြည်ဖြစ်လေသည်မို့ ဧည့်သည်တော်လေးဦးမှာ လေယာဉ်ပေါ်မှ မြေပြင်ပေါ်သို့ခြေချမိပြီ ဆိုကတည်းကပင် So nice, Very beautiful, So wonderful, Ohh; great land အစရှိသည်ဖြင့် သာယာပါဘိတောင်း ဟု အသီးသီး ဝမ်းမြောက်ဝမ်းသာရေရွတ်ထောမနာပြုကြသော်ငြား ဆြာဒင်မှာ လေဆိပ်မှအထွက်တွင် “ဘယ်သကောင့်သား ဆီလိုအပေါက်ရှာ ငွေရ အောင်ညစ်နည်းမျိုးစုံနဲ့ ခွင်ဖန်အုံးမှာပါလိမ့်”ဟူသော အတွေးဖြင့် တစ်စက်ကလေးမျှရတက်မအေးနိုင်ချေ။

သို့သော် သည်တစ်ကြိမ်တွင် ကံတရားက မျက်နှာသာပေးလေသဖြင့် ပြဿနာတစ်စုံတစ်ရာ မကြုံခဲ့ရပဲ၊နေပြည်တော်၏ ကျက်သရေ ဆောင် ရွှေတိဂုံပုံတူ၊ဥပတ္တသန္တိစေတီတော်ကြီးကို ဖူးမျှော်ကြည်ညိုကြပြီးနောက် (Ocean)ကုန်တိုက်ကြီးအတွင်းရှိ ရွှေပလ္လင်(Key Stone) စားမြိန်ဆိုင်ကြီးတွင် တစ်ယောက်လျှင် မုန့်ဟင်းခါးအကြော်နှင့်နှစ်ပွဲနှုန်းဖြင့် ဟာနေသောဝမ်းမီးပါစကကိုငြိမ်းစေရင်း ၎င်းတို့ကြွမြန်းလိုသော ခရီးစဉ် တိုးပလန် (Tour plan)ကို မေးမြန်းသမှုပြုရလေ၏။ 

အဆိုပါဧည့်သည်တော်များနှင့်ဆြာဒင်တို့အပြန်အလှန်အချီအချ ပြောဆိုကြ သောဘာသာ စကားမှာ သိုးဆောင်းဘာသာဖြစ်သော်ငြား စာဖတ်သူတို့ ရှင်းလင်းစွာနားလည်သဘောပေါက်ကြစေရန်အလို့ငှာ ဆြာဒင့်အနေဖြင့် ဗမာသံ ဗမာစကားပြေဖြင့်သာ ပြေပြစ်စွာပြန်ဆိုရေးသားလိုက်ရပေ၏။(ဤကားစကားချပ်)။

“ကျမကတော့ အငြိမ့်သား စာထိုင်ဖတ်နေတဲ့ ဟိုတစ်ယောက်ကိုပဲ စိတ်ဝင်စားမိတယ်၊ဖြစ်နိုင်ရင်တွေ့ချင်စမ်းပါဘိ”

ငြုပ်သီးရှိန်ကြောင့် နှာရည်တရွှဲရွှဲဖြစ်နေတော်မူသည့် အင်္ဂလန်ဘုရင်မကြီး၏မိန့်တော်မူသောစကားကြောင့် ဆြာဒင်တစ်ယောက်နားရွက်
ထောင်သွားသည်ကို ဟန်မပျက်အသာ ဣနြေ္ဒဆည်ရင်း ဗမာ့နည်းဗမာ့ဟန်အတိုင်းအနှိပ်တော်၊ကွမ်းရည်တော်ကိုင်၊မျက်နှာသစ်တော်
ရေဆက်သူတို့နှင့် ချိတ်ဆက်လိုင်းဝင်လိုက်သည့်အခါ ချက်ချင်းဆိုသလို အဆင်ချောလေ၏။

စာဖတ်နေသူကိုယ်တော်ကြီးသည် မဟာဿနပလ္လင်အရွယ်အစား၊ ကြီးမားလှသည့်ဆိုဖာဆက်တီကြီးပေါ်တွင် ခန့်ခန့်ကြီးစံတော်မူ၍
၎င်း၏မိသားစုနှင့်အတူအယ်လိဇဘတ်ဘုရင်မကြီးကိုတွေ့ဆုံတော်မူ၏။ဘုရင်မကြီးကား ဝမ်းမြောက်၍မဆုံးပြီ။ဦးခေါင်းထက်က ဦးထုပ်
ဝိုင်းကိုချွတ်ရင်း ခါးကိုအကြိမ်ကြိမ်ညွတ်ကာ အလေးအမြတ်ပြုရှာ၏။ထူးခြားလှသောမြင်ကွင်းကြောင့် သိချင်စိတ်ကိုမျိုသိပ်မရသည့်
အဆုံးအိမ်တော်မှအထွက် ယဉ်ကျေးစွာခွင့်တောင်း၍စပ်စုရသည်။

“ယော်မာဂျစ်စတီ၊မသိလို့မေးပါရစေ။ဘုရင်မကြီးလိုနေမဝင်အင်ပါယာအရှင်သခင်က ဘယ်လိုကြောင့်များ အနှီပုဂ္ဂိုလ်ကြီးကို
သို့ကလိုအရေးတယူရှိရသတုန်း”
“သြော်၊ဆြာဒင်ရယ်၊ပင်စင်သွားတာတောင် ဂရက်ဂျူတီငွေတွေသုံးမကုန်အောင်ရ၊ပင်စင်လစာတောင် လက်ရှိသမ္မတထက်များတဲ့သူ၊
ဘယ်သူသေသေငတေမာအောင်ဇယားဆွဲနိုင်တဲ့သူလိုလူမျိုးကမ္ဘာမှာရှားလွန်းလို့တော်ရေ့၊စကြာဝတေးမင်းသေလို့ဝင်စားတဲ့သူကို
ဖူးမြော်ရခဲပါဘိခြင်း”

(သုံး)
ထို့နောက်လူငယ်ပီပီလမ်းတစ်လျှောက်လုံး ရွှတ်နောက်နောက်စကားတွေချည်း တံတွေးသီးအောင်ပြောဆိုနေလေသည့် အမေရိကန် သမ္မတလူမည်းကလေး အိုဘားမား၏ရင်တွင်းဆန္ဒ၊တောင်းဆိုချက်ကား ထူးထွေဆန်းပြားသည်မဆိုသာချေ။
“ဖြစ်နိုင်ရင် ကျုပ်ကဖြင့် ဆြာဒင်တို့သမ္မတကြီးကို အလွတ်သဘောနှစ်ကိုယ်ကြား တွေ့ချင်ပါရဲ့ဗျာ”
ဤသို့လျှင် ဆြာဒင်သည် သမ္မတကြီးနှစ်ဦးအလွတ်သဘောတွေ့ဆုံနိုင်ရေးအတွက် ဗမာ့နည်းဗမာဟန်ဖြင့်ပင် ထုံးစံအတိုင်း လုံးပန်းရပြန် ပေရာ ဒီမိုကရေစီခေတ်တွင် ယခင်ကလောက်ကြေးမမြင့်တော့ပဲ ထိပ်သီးနှစ်ဦးတွေ့ဆုံခွင့်ကို ဖန်တီးပေးနိုင်ခဲ့ချေ၏။
မာန်မာနထောင်လွှားမှုရှိဟန်မတူသော သမ္မတကြီးသည် အိုဘားမားအား ဝမ်းသာအားရဖက်လှဲတကင်းတွေ့ဆုံပါ၏။နှစ်ဦးသား အပြန် အလှန် ပွေ့ကြဖက်ကြရင်း နှစ်ကိုယ်ကြားတီးတိုးစကားတချို့လည်းဆိုကြပြန်ချေသည်။

နုံချာချာဆြာဒင်လည်း သမ္မတအိမ်တော်မှအတန်ငယ်အလှမ်းဝေးသည့်နေရာသို့အရောက် မမြိုမသိပ်နိုင် နှစ်ကိုယ်ကြားတီးခေါက်ကြည့် မေးမြန်းမိပြန်လေ၏။
“နေပါဦးမောင်ဘားမားရဲ့။ကိုရင့်လို ဇမ္ဗူထိပ်ဒိတ်ဆိုတဲ့လူက ဘယ့်နှာကြောင့် ငတို့သမ္မတကြီးကို ရေးကြီးခွင်ကျယ်လုပ်ပြီးတွေ့နေရ ပြန်သတုန်း”

“ကျနော့်မှာအကြောင်းရှိတယ်ဗျ။ကာချုပ်ကသူ့စကားနားမထောင်၊လွှတ်တော်က ကြံ့ဖွံ့အမတ်အင်အားနဲ့ပေါက်ကရတွေလုပ်၊ သွားလေ သူကြီးကတစ်မှောင့်၊တကယ်ခေတ်ပြောင်းချင်သူတွေက နေရာအနှံ့ဆူညံပွက်လောရိုက်၊ဒီကြားထဲက နှလုံးစက်နဲ့ အသက်ရှင်ပြီး မိဘပြည်သူများခင်ဗျာဆိုတဲ့လေသံလေးနဲ့ ခပ်ပြုံးပြုံးလေးနေနိုင်တာမို့ လာမဲ့(၂၀၁၅)ရွေးကောက်ပွဲမှာ ဘယ်လိုလှိမ့်လုံးထွင်လုံးသုံးမလဲ သိချင်လွန်းလို့ အနားကပ်မေးခဲ့တာဗျို့”

နောက်တစ်ယောက်နောက်တစ်မျိုးမရိုးနိုင်အောင်အလှည့်ကျတောင်းဆိုလာသူကားနေတိုးစစ်ဦးစီးချုပ် ဖီးလ်မာရှယ် ဂျင်းစ် စတိုတင် ဘတ်ဂ်ပေတည်း။သူသည် မြန်မာ့ကာကွယ်ရေးဦးစီးချုပ်ကြီးကိုတွေ့ဆုံလိုသည်ဆိုလေသဖြင့် ရှေးမဆွကဖော်ပြခဲ့သည့်နည်းအတိုင်းပင် ဆြာဒင်ခွင်ချနိုင်ပြန်ပါ၏။နေတိုးဗိုလ်ချုပ်ကြီးသည် ဗမာကာချုပ်ကို စစ်ဦးထုပ်ချွတ်လျက် စစ်တပ်ပုံစံ နဖူးနှင့်လက်ကိုရိုက်၍ လေးငါး ဆယ်ကြိမ်မက အလေးပြုရှာ၏။ရောမဒဏ္ဍာရီထဲက ဂန္တဝင်လူစွမ်းကောင်းကြီးကို အရှင်လတ်လတ်တွေ့ရသည့်အလား ခြေဆုံးခေါင်းဆုံး အဖန်ဖန်တလဲလဲစေ့ငုသည်။မနေနိုင်မထိုင်နိုင် ဆြာဒင်တစ်ယောက် မေးမိပြန်သည်တွင် သူ့အဖြေကား …။

“တစ်ပြည်လုံးပေါင်းလို့မှ နှစ်သောင်းမပြည့်တဲ့ လက်နက်ကိုင်တွေကို အင်အားငါးသိန်းရှိတဲ့တပ်ကြီးနဲ့ ဟန်ရေးပြဗျူဟာခင်းထားနိုင်တဲ့သူ၊ အနောက်ဖက်တံခါးအရေးမှာ မြွေမသေတုတ်မကျိုးလုပ်နိုင်တဲ့သူ၊သွားလေသူရဲ့အရှိန်အစော်နဲ့ သမ္မတကိုအာခံရဲတဲ့ ဒီမိုကရေစီနိုင်ငံ ခေါင်းစဉ်အောက်က ဗိုလ်ချုပ်ကြီးမျိုးကို ဘယ်မှာမြေလှန်ရှာလို့တွေ့နိုင်ပါ့မလဲ။ဆြာဒင့်ကျေးဇူးကြီးပါပေတယ်ဗျာ”

(လေး)
နောက်ဆုံးအလှည့်ကျသူကား လမ်းတစ်လျှောက်လုံး နှုတ်နည်းစွာ လိုက်ပါလာသည့် မိုက်ခရိုဆော့ဖ်သူဌေးမင်း ဘီလ်ဂိတ်၏ စိတ်သန် ရာမှာ တစ်မျိုးတစ်ဘာသာဖြစ်ချေ၏။သူကမူ မြန်မာ့ခရိုနီများကို ဗဟုသုတရစေရန်အလို့ငှာဟောပြောပွဲတစ်ရပ်ကျင်းပလိုသည်ဟု ဆိုသည်။သို့နှင့်ပင် ဆြာဒင်ခမျာ လက်လှမ်းမီရာ ဗမာသူဌေးတို့ကို အပူတပြင်းဆက်သွယ်လျက် ဘီလ်ဂိတ်၏ဟောပြောပွဲသို့တက် ရောက်ကြပါမည့်အကြောင်း ဖုန်းတဂွမ်ဂွမ်ဆက်ကာမောင်းထုရပြန်ချေသည်။အများစုကား စိတ်ဝင်စားကြဟန်မပြ။ဆြာဒင့်မှာ အကင်းပါး စွာတစ်ဖက်လှည့်နည်းကိုသုံးရပြန်၏။

“ဦးဖေမြရယ်၊တက်ဖြစ်အောင်တက်ပါဗျာ။ဘီလ်ဂိတ်ကိုယ်တိုင်ဟောမှာဗျ”
“ဘယ်က ဘီလ်ဂိတ်တုန်း”
“ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့လူဗျ။သူတို့အဖွဲ့က တပ်ချုပ်ဟောင်းကြီးနဲ့သာမက၊သမ္မတကြီးရော၊ကာချုပ်နဲ့ပါတွေ့ပြီးကြပြီမို့ ဆရာတို့ အတွက် ခွင်ကောင်းတစ်ခုခုမိနိုင်တယ်နော်”
အတိုချုံ့ရလျှင်ခွင်ဟူသောအသံကြားသည်နှင့် နောက်ထပ်တစ်ခွန်းဆက်စရာမလိုတော့ပဲဟောပြောပွဲသို့လူစုံတက်စုံရုံမက ခန်းမပြည့်လျှံ အောင် တက်ရောက်တော်မူကြကုန်၏။

ထိုနေ့က ဘီလ်ဂိတ်ဟောပြောသောအကြောင်းအရာမှာ “ငတေတွေပျော်စေဖို့”ဟူသော ခေါင်းစဉ်ဖြစ်၍ စီးပွားရှာရာတွင် ကိုယ်ကျင့်တရားမြင့်မားရေး၊လူအခွင့်အရေးမထိပါးစေရေး၊သဘာဝပတ်ဝန်းကျင်ရင်းမြစ်များ မပြုန်းတီး စေရေး တို့ကို ဇောင်းပေးဟောပြောလေရာ လက်ခုပ်သံတစ်ဖြောင်းဖြောင်းဖြင့်အားရစရာကောင်းလှချေသည်။သို့သော် တစ်စုံတစ်ရာကို သံသယဖြစ်မိသည့် ဆြာဒင်မှာ ဟောပြောပွဲတက်ရောက်သူခရိုနီကြီးတစ်ဦးအားတီးခေါက်ကြည့်မိရာ သူ့အဖြေစကားကြောင့်ရင်ဘတ်ကို ယောင်ရမ်းထုမိလေ ၏။

“လက်ခုပ်သံတွေနဲ့ ပွဲကတော့မြိုင်ချက်ဗျာ။ဒါနဲ့သူဟောတာပြောတာတွေကော သဘောပေါက်ရဲ့လားဗျာ”
“ဟာ၊သဘောပေါက်စရာမလိုဘူးလေ။ခေါင်းစဉ်ကို ဖတ်လိုက်ရင် ကျုပ်တို့ကိုပျော်ရွှင်အောင်လာဟောနေမှန်းတန်းသိနေတာပဲ”

(ငါး)
ဂျက်လေယာဉ်အင်ဂျင်စက်နှိုးသံကြားနေရသည်မို့ခွဲခွာချိန်တန်ခဲ့လေပြီ။ဆြာဒင်မှာ ဇာတိရွှေပင်ရွာရေစက်ဟောင်းပျက်၍စက်ရေတွင်း အသစ်တူးရန် ရောက်တုန်းရောက်ခိုက်လုံးပန်းရဦးမည်ဖြစ်၍ ဇာတိမြေတွင်ကျန်ရစ်နေခဲ့ရပေသည်။ဧည့်သည်တော်ကြီးတို့ကား အိမ့်ရှင် ဝတ္တရားကျေပွန်လှသောဆြာဒင့်ကို မသာမယာသောမျက်နှာကိုယ်စီဖြင့် လှိုက်လှဲစွာလမ်းခွဲနှုတ်ဆက်ကြရင်း မျှော်လင့်မထားသော စကားတစ်ခွန်းကို ဆိုလာလေသည်။

“နောက်ဆုံးအနေနဲ့ ဆြာဒင့်ကို ကျုပ်တို့လေးယောက်စလုံး ဂါရဝပြုနှုတ်ဆက်ပါရစေ”
အံ့သြမှင်တက်မိနေသော ဆြာဒင်ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ပဲ ဆွံ့အနေစဉ်မှာပင် ဧည်သည်တော်တို့သည် ပုံစံအသီးသီးဖြင့် ဆြာဒင့်ကို တရိုတသေ၊အလေးပြုကြရင်း ကရုဏာစကားဆိုနေကြပြန်လေသည်။

“တကယ်တော့ ဆြာဒင်တစ်ယောက်တည်းကိုအလေးပြုတာမဟုတ်ပါဘူး။ဗမာပြည်သူတစ်ရပ်လုံးကိုယ်စား ဆြာဒင့်ကိုအလေးပြု တာပါ။ဒီလောက်မျက်နှာပြောင်တိုက်နိုင်တဲ့ လက်တစ်ဆုပ်စာလူတစ်စု၊ ထင်တိုင်းကြဲနေတာကို နှစ်ပေါင်းလေးငါးခြောက်ဆယ် ဒုက္ခအဖုံဖုံ ခါးစည်းခံပြီးထမင်းနပ်မမှန်တာတောင် ခန္တီတရားလက်ကိုင်ထားပြီး နေနိုင်တဲ့ဆြာဒင်တို့တစ်မျိုးသားလုံးကို လေးစားလွန်းလို့ပါ။ အဆင်းရဲ ဆုံးနိုင်ငံစာရင်းကနေ အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းလိုက်ပါရဲ့။ ဗမာပြည်ကို ဘုရားသခင်စောင့်ရှောက်ပါစေ”

သူတို့စကားသံအဆုံးတွင်ကား ကိုယ့်ကိုယ်ကိုဧရာမသတ္တိခဲဘာမထီအာဇာနည်ဟု ထင်မှတ်ခဲ့မိလေသော ဆြာဒင်၏မျက်လုံးအိမ်မှ မျက်ရည်ပေါက်ကြီးငယ်တို့သည် တာကျိုးသည့်အလားပြိုဆင်းလာလေရာ ဆြာဒင်တစ်ယောက်စိတ်ကို အတန်တန်ထိန်းလျက် မျက်ရည်ကို လက်ဖမိုးဖြင့်သိမ်းဆည်းစဉ်တစ်ခဏ၌ လေယာဉ်ကွင်းအတွင်းရှိတစ်ခုသောစားသောက်ဆိုင်တွင်းမှ ထွက်ပေါ်လာသော နိုင်ငံတော်သီချင်းသည် ဆြာဒင့်ကို သည်းထန်စွာငိုကြွေးစေယောင်တကား။

“အမျိုးသားရေး ကြိုးပမ်းကြပါတို့ဗမာ၊များလူခပ်သိမ်းငြိမ်းချမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ၊တို့မြေ၊တို့ပြေ”
(တစ်)
မပွင့်တပွင့်၊နံနက်ခင်းနေရောင်ခြည်အောက်တွင် ကြပ်ပြေးနေပြည်တော်လေဆိပ်သို့ငြိမ့်ကနဲ ထိုးဆင်းလာသော စင်းလုံးငှားဂျက် လေယာဉ်ပေါ်မှ ရှိုးစမိုးစတိုင်အပြည့်နှင့် ဆင်းလာသည့် ဆြာဒင်၏ရုပ်သွင်သည် “ခွေးသော်မှနေ့ကောင်းရက်သာတစ်နေ့ရှိစမြဲ” (Even dog has a day) ဟူသော စကားပုံကိုမှန်ကန်ကြောင်းသက်သေခံလျက်ရှိ၏။

ဂျိုင်းနှစ်ဘက်ကိုအနည်းငယ်စီဟလျက် မြောက်ကြွားကြွား ခြေလှမ်းများဖြင့်တစ်လှမ်းချင်း လှမ်းလာနေသည့် ဆြာဒင်၏ဝဲယာနှစ်ဘက်တွင် နိုင်ငံခြားသား မျက်နှာဖြူလေးဦး တစ်ဘက်နှစ်ဦးဆီ ခြံရံလိုက်ပါလာလျက် ရှိရာ ယင်းကြောင့်ပင် ဆြာဒင်တစ်ယောက် သွေးနားထင်ရောက်နေဟန်ရှိလေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...