Tuesday, July 15, 2014

အမေရိကန်တွေ ခရိုနီတွေနဲ့ပေါင်းတော့မှာလား



ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ အမေရိကန်နိုင်ငံဆိုင်ရာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ်မလီနော့စကီး မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ခဲ့ပါတယ်။ အခုလို အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး မြန်မာနိုင်ငံကိုရောက်လာတာဟာ မထူးဆန်းပေ မယ့် မြန်မာပြည်က ခရိုနီလို့လူသိများတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ ဦးထွန်းမြင့်နိုင် (စတီဗင်လော)တို့လို စီးပွားရေးသမားတွေ နဲ့တွေ့ဆုံခဲ့တာကတော့ အလွန်ထူးခြားတယ်လို့ဆိုရမှာပါ။

ဘာလို့လဲ ဆိုတော့ အဲဒီပုဂ္ဂိုလ်တွေဟာ အမေရိကန်အစိုးရရဲ့ အမည်ပျက်စာရင်း ဝင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့သူတွေမို့ပါ။ အဲဒီတွေ့ဆုံမှု ဟာ မြန်မာပြည်သားအားလုံးအတွက် အကျိုးရှိမယ့်တွေ့ဆုံမှုလား (သို့) ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပဲ အကျိုးရှိမယ့် တွေ့ဆုံ မှုလားဆိုတာ ပြည်သူတွေအကြား သို့လောသို့လော မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

SDN စာရင်းက နိုင်ငံတိုင်းမှာရှိတယ်
ဒါပေမဲ့ လိုအပ်ရင်ပယ်ဖျက်ပေးနိုင်တယ

အခုအချိန်မှာ အမေရိကန်အစိုးရဟာ မြန်မာပြည်တွင်းက စီး ပွားရေးလုပ်ငန်းရှင် ၂ဝဝနီးပါးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထား ပါတယ်။ ဒီလိုကိစ္စမျိုးဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာရှိတာမဟုတ်ဘဲ SDN ( Specially Designated Nationals) list ထဲ အသွင်းခံရတဲ့ လူမျိုးတွေဟာ ကမ္ဘာ့နိုင်ငံတိုင်းမှာရှိနေတတ်ကြောင်းနဲ့ လိုအပ်တဲ့စစ် ဆေးမှုအဆင့်ဆင့်လုပ်ပြီး အမေရိကန်ကွန်ဂရက်က ပယ်ဖျက်ပေး ရင် ဒီလူတွေဟာ Blacklistက ပယ်ဖျက်သွားနိုင်တယ်လို့ UMFCCI မှ ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကပြောပြပါတယ်။

သူက အထူးသတ်မှတ်ထားတဲ့နိုင်ငံသား (Specially Designated Nationals) List ဆိုတာကို အမေရိကန်ဘဏ္ဍာရေးဌာနက သတ်မှတ်ထားတာရှိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးလုပ်တော့ မယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေက သူတို့နဲ့နီးစပ်တဲ့ သူတို့ယုံကြည် တဲ့လူတွေနဲ့ပဲ လုပ်တတ်ပါတယ်။ ကိုရီးယားမှာလည်း ဒီလိုပဲ။ မလေး ရှားမှာလည်း ဒီလိုပဲလုပ်တတ်ကြတယ်။ ဒါကို Buddy Base Economy (မိတ်ဆွေခင်မင်မှုကိုအခြေခံတဲ့စီးပွားရေး)လို့ ခေါ်တာပေါ့။ နောက်တော့ ခရိုနီဖြစ်သွားတာပေါ့။ ကိုရီးယားမှာလည်း ချီဖောဆို တာ ရှိတာပဲ။ အခု မြန်မာပြည်မှာ အပြောင်းအလဲတွေဖြစ်လာတော့ အမေရိကန်က အထိုက်အလျောက်ဆက်ဆံမှုတွေ ရှိလာတဲ့သဘောပဲ။ ဒါကို သမ္မတရဲ့ Executive order လုပ်လို့မရဘူး။ ကွန်ဂရက်က တစ်ဆင့် သဘောတူညီမှုရအောင်လုပ်ပြီးမှ ဆုံးဖြတ်လို့ရတာ။ ဗြုန်း ဒိုင်းတော့ မဖြစ်နိုင်ဘူး။ တဖြည်းဖြည်း ဖြေလျှော့သွားမယ့်သဘော တော့ ရှိပါတယ်''လို့ ပြောပြပါတယ်။

US-ASEAN Business Council မှ အကြံပေး ဦးချစ်ထွန်းဖေ ကလည်း ခရိုနီတွေ ဘယ်လိုဖြစ်လာလဲဆိုတာကို အမြစ်လှန်ရှာကြည့် မယ်ဆိုရင် အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတိုင်းမှာ ခရိုနီလူတန်းစားတွေ ရှိပြီး အဲဒီအာဏာရှင်တွေဟာ ခရိုနီကိုအသုံးချပြီး အုပ်ချုပ်ရေးကို ခိုင်မြဲအောင်လုပ်ခဲ့တဲ့ သဘောသဘာဝကြောင့်ပါလို့ သုံးသပ်ခဲ့ပါတယ်။ သူက ''လူနည်းစုအုပ်ချုပ်တဲ့စနစ်မှာ နိုင်ငံရေးအရ ခရိုနီတွေလိုအပ် တယ်။ အာဏာရှင်စနစ်တည်မြဲအောင် စီးပွားရေးလိုအပ်ချက်တွေကို ပူးပေါင်းလုပ်နိုင်တဲ့ opportunists တွေ ပေါ်လာတယ်။ ဒီလိုကနေ ခရိုနီတွေမွေးဖွားလာပြီးတော့ သူတို့ကလဲ အညမညသဘောပဲပြော မလား အာဏာရှင်စနစ်ကိုတည်မြဲအောင် ပြန်ပြီးအကျိုးပြုတတ်ကြတာပါ။ အခုတော့ နိုင်ငံက ဒီမိုကရေစီစနစ်ကိုသွားနေပြီဆိုတော့ ပြောင်းချင်တဲ့လူက ရာခိုင်နှုန်း၂ဝရှိမလား၊ ရာခိုင်နှုန်း ၈ဝရှိမလား မပြောနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ ရာခိုင်နှုန်း၅ဝ-၅ဝ ရှိနေမယ်လို့ထင်ပါတယ်။ အဲဒီပြောင်းလဲမှုဟာ နိုင်ငံရေးပဲဖြစ်နေပြီး စီးပွားရေးပြောင်းလဲမှုမလုပ်ပေးနိုင်ဘူးဆိုရင်တော့ မရဘူး။ သမ္မတ ကြီးဆိုလဲ ဆန်ရှင်ထဲမှာပါတယ်။ ဦးရွှေမန်းဆိုလဲ ဆန်ရှင်စာရင်းထဲမှာ ပါနေတာပဲ။ လောလောဆယ်ဆယ်မှာ economic reform နဲ့ ကြီး ကြီးကျယ်ကျယ်ပြောရင် ညသမာေူငဖအေငသည ပေါ့။ ပုံမှန်အခြေအနေကို ရောက်ဖို့ဆိုရင် ဒီလူတွေကို ထားခဲ့လို့မရဘူး။ ထားခဲ့ရင် ဒီလူတွေထဲ မှာ စနစ်ဟောင်းကိုပြန်သွားချင်တဲ့ resistance တွေရှိနေပြီး တိုင်း ပြည်က နောက်ပြန်လှည့်သွားမယ်။ ဒါတွေကို လမ်းဖွင့်ပေးနိုင်ဖို့လို့ အခုလို အမေရိကန်အစိုးရက မြန်မာပြည်က ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေနဲ့တွေ့တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်''လို့ ပြောပြပါ တယ်။

ခရိုနီတွေဟာ အရင်က တိုင်းပြည်အခြေအနေအရ ပေါ်ပေါက်ခဲ့ ရသလို အခုအချိန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ တိုင်းပြည် အတွက် ပြန်အကျိုးပြုနိုင်တဲ့လူမျိုးတွေလည်း ဖြစ်နိုင်ပါတယ်လို့ ဝါး ခယ်မထရေးဒင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်း က သုံးသပ်ပါတယ်။

သူက ''အရင်တုန်းက ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ အခု လက်တွဲပြီးသွား တဲ့လမ်းစဉ်ဖြစ်တဲ့အတွက် အရင်က Blacklist စာရင်းဝင်ဖြစ်နေပေ မယ့် အခုအချိန် အကောင်းဘက်ပြောင်းလာရင် ကျွန်တော်တို့ စဉ်း စားပေးရမှာပဲ။ ဥပမာ ဦးချစ်ခိုင်လိုမျိုးပေါ့။ အရင်တုန်းက Blacklist မှာပါတယ်။ အခုတော့ အမေရိကန်ဗီဇာရသွားပြီ။ အမေရိကန်သွား လို့ရပြီ။ ဒါဟာ CSR နည်းလမ်းတွေနဲ့ အကောင်းဘက်ကို ရောက် လာအောင် လက်တွဲခေါ်တဲ့နည်းလမ်းရဲ့ အကျိုးရလဒ်တွေပဲလို့''ပြော ပြပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့မြန်မာ ပြည်ခရီးစဉ်အတွင်းမှာ ''ပိတ်ဆို့အရေးယူခြင်းခံထားရတဲ့စာရင်းမှာ ပါဝင်နေတဲ့ မြန်မာကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့စီးပွားရေး လုပ်ငန်းတွေမှာ တာဝန်ခံမှုအပြည့်အဝရှိတဲ့ စီးပွားရေးဆိုင်ရာအလေ့ အကျင့်တွေကို လုပ်ကိုင်နေတဲ့အကြောင်း အမေရိကန်အစိုးရယုံကြည် အောင် လက်တွေ့ပြရမယ်''လို့ တောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆို မှုကို မြန်မာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း မဆိုင်း မတွပဲ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို အချိန်မရွေးလာစစ်ဖို့ အမေရိကန်အစိုးရကို အကြောင်းကြားလိုက်ပါတယ်။ မြန်မာပြည်မှာရှိတဲ့ သစ်တောတွေ ပြုန်းတီးအောင် သစ်လုပ်ငန်း အကြီးအကျယ်လုပ်ခဲ့တဲ့ စစ်အစိုးရနဲ့ အင်မတန်နီးစပ်တဲ့ ဦးတေဇလိုပုဂ္ဂိုလ်မျိုးနဲ့ ကမ္ဘာကျော် မူးယစ်ရာဇာတစ်ယောက်အဖြစ် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဘိန်း ဘုရင်လောစစ်ဟန်ရဲ့သား လက်ရှိအေးရှားဝေါလ်ကုမ္ပဏီရဲ့ CEO ဦးထွန်းမြင့်နိုင်တို့လို ပုဂ္ဂိုလ်မျိုးက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လာစစ်ပါလို့တောင်းဆိုလိုက်တာဟာ အံ့သြဖွယ်ကောင်းနေပါတယ်။ ဒါဟာ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုပေါ်လစီမှာ ပြန်လည်ဖြေလျှော့ ပေးနိုင်တဲ့ နည်းလမ်းနှစ်သွယ်ထဲက နည်းလမ်းတစ်ခုကို မြန်မာခရိုနီ တွေက ရဲရဲတင်းတင်းတောင်းဆိုလိုက်တာပဲလို့ ဦးချစ်ထွန်းဖေက သုံးသပ်ပါတယ်။

ပိတ်ဆို့မှုကို ဖြေလျှော့ပေးမယ့်
နည်းလမ်းနှစ်သွယ်

အမေရိကန်အစိုးရဟာ သူတို့ချမှတ်ထားတဲ့ဆန်ရှင်ကို ပြန်ရုပ် သိမ်းပေးနိုင်တာ နည်းလမ်းနှစ်ခုပဲရှိပါတယ်။ ဒါတွေကို ဘယ်လိုကျော် ဖြတ်နိုင်လဲဆိုရင် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီမှာ အကြံ ပေးအဖြစ်ဆောင်ရွက်နေတဲ့ ဦးချစ်ထွန်းဖေက“ ''အမေရိကန်ဆန်ရှင် ပြုတ်ချင်ရင် လုပ်နိုင်တာ နည်းလမ်းနှစ်ခုပဲရှိတယ်။ ပထမနည်းလမ်း က လူ့အခွင့်အရေးချိုးဖောက်မှု ဒါမှမဟုတ် တခြား အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်တစ်ခုခုနဲ့ငြိနေတဲ့ လုပ်ငန်းရှင်ဟာ သူ့အနေနဲ့ ဘာ အမှားအယွင်းမှ မလုပ်ထားဘူးဆိုတာကို အမေရိကန်အစိုးရယုံ ကြည်အောင် သက်သေပြတဲ့နည်းလမ်းပဲ။

ဒုတိယနည်းလမ်းက လုပ် ငန်းရှင်တွေဟာ အမေရိကန်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဒါမှမဟုတ် အခြားစွပ်စွဲချက်တွေကိုကျူးလွန်ကြောင်း ဝန်ခံပါတယ်။ နောင်အနာဂတ်မှာ အဲဒီလိုချိုးဖောက်မှုမျိုး ဆက်မလုပ်တော့ပါဘူး။ အခုအချိန်ကစပြီး ကျွန်တော်တို့ အမေရိကန်အစိုးရကချမှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ နေထိုင်သွားပါတော့မယ်'' ဆိုတဲ့ ကတိပေး ဖြေရှင်းချက်မျိုးပါပဲ။ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေဟာ ဒုတိယ နည်းလမ်းကို ရွေးချယ်လိုက်တယ်လို့ ထင်ပါတယ်လို့ ဦးချစ်ထွန်းဖေ က သုံးသပ်ပါတယ်။

အခုလိုမျိုး မြန်မာ့လုပ်ငန်းရှင်တွေဟာ ကိုယ့်ရဲ့လုပ်ငန်းတွေကို အစစ်ခံရဲတာဟာ ကြိုဆိုရမှာဖြစ်တယ်လို့ ဒေါက်တာစိုးထွန်းက ထောက်ခံပြောဆိုပါတယ်။ သူက ''ပြီးခဲ့တဲ့တစ်ခေါက်အစည်းအဝေး မှာ ကိုဇော်ဇော်( Max Myanmar ) နဲ့ဆုံတုန်းက သူ့ဆီကလုပ်ငန်းတွေ ကို အဲဒီလိုအစစ်ခံထားတယ်လို့ ပြောပြတယ်။ ကျန်တဲ့လုပ်ငန်းအတော် များများလဲ ပါတယ်။ ဥပမာ ဧဒင်ဆိုရင်လည်း အမေရိကန်ဟီလ်တန် နဲ့ပေါင်းပြီး ဟိုတယ်လုပ်ငန်းတွေလုပ်နေတာရှိတယ်။ အရင်က ပိတ် ဆို့ထားတော့ အမေရိကန်အစိုးရအနေနဲ့ အဝေးကနေပြီး ထင်ထင် ရှားရှား မတွေ့ရဘူးလေ။ တကယ်တမ်းစစ်ဆေးကြည့်လိုက်ရင်တော့ ပွင့်လင်းမြင်သာမှုရှိသွားမှာပေါ့။ ကျွန်တော်တို့အနေနဲ့ အခုလိုအစစ် ခံတဲ့အပေါ်မှာ ကြိုဆိုတယ်''လို့ ဆန်ရှင်ထိထားတဲ့ လုပ်ငန်းရှင်တွေနဲ့ ပတ်သက်ပြီး သူ့သဘောထားကို ပြောပြပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်ကချမှတ်ထားတဲ့ (Sanction) ဒဏ်ခတ်ပိတ်ဆို့မှုအမျိုးအစားကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ၁၉၉၇ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ Burma Senction ၁၉၉၇၊ ၂ဝဝ၃ခုနှစ်မှချမှတ် ခဲ့တဲ့ Burma Freedom and Democracy Acts ၂ဝဝ၃နဲ့ ၂ဝဝ၈ ခုနှစ်မှာချမှတ်ခဲ့တဲ့ Burma anti-JADE (Junta’s Anti- Democratic Efforts) Acts ဆိုပြီး အပိုင်းသုံးပိုင်းကို တွေ့ကြရမှာဖြစ်ပါ တယ်။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလအတွင်းမှာ ဒီမိုကရေစီရေး လှုပ် ရှားသူတွေကို ဖိနှိပ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ ကလေးစစ် သား၊ အဓမ္မအလုပ်ခိုင်းစေမှု၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု၊ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်ရောင်းချမှု စတဲ့ပြစ်ချက်ပေါင်း များစွာနဲ့ အမေရိကန်အစိုးရက စွပ်စွဲပြီး မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ် ဆို့မှုတွေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ခဲ့တာပါ။ ဒီလိုပိတ်ဆို့မှုဟာ အစိုးရအဖွဲ့အစည်းတစ်ခုတည်းကို ဦးတည်ခဲ့ခြင်းမဟုတ်ဘဲ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တိုက်ရိုက်အကျိုးသက်ရောက် မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်းရှင်တွေရဲ့ပိုင်ဆိုင်မှုကို ထိန်းချုပ်တာ၊ အမေရိကန်ဘဏ်မှာ ငွေလွှဲခွင့်မပြုတာ၊ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တာ စတဲ့အရေးယူမှုတွေကို ဆယ်စုနှစ် နှစ်ခုနီးပါး လုပ်ဆောင်ခဲ့ပါတယ်။ အခုချိန်မှာတော့ မြန်မာပြည်ဒီမို ကရေစီစနစ် ပြောင်းလဲလာခြင်းနဲ့အတူ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရမှုကို ဖြေလျှော့ပေးဖို့ အမေရိကန်ကို ဆက် တိုက်တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံခြားဘဏ် တွေမှာ ဒေါ်လာငွေလွှဲပြောင်းခွင့် ကန့်သတ်ခံထားရတဲ့ အခြေအနေ ဆိုးကနေ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ အမြန်ဆုံးရုန်းထွက်ချင် နေတယ်လို့ ဒေါက်တာစိုးထွန်းက ရှင်းပြပါတယ်။

သူက ''အရင်တုန်းကဆိုရင် ကျွန်တော်တို့တိုင်းပြည်က ICDC လုပ်လိုက်လို့ စင်ကာပူဘဏ်ကနေ မြန်မာ ဘဏ်ကို လွှဲလိုက်တဲ့ဟာ Fake လုပ်မလား ကြောက်တာ ပေါ့နော်။ ဒါကြောင့် အဲဒီကဘဏ်တွေက မြန်မာအကောင့် ဆိုရင် သိပ်လက်မခံချင်ဘူး။ ငွေလွှဲတဲ့နေရာမှာ အရမ်း အဟန့်အတား ဖြစ်ခဲ့တာပေါ့။ အခု ဆန်ရှင်လျှော့တဲ့နေ ရာမှာ ဘဏ္ဍာရေးနဲ့ပတ်သက်တာတွေ ဖြေလျှော့ပေးတာ တွေ့ရတယ်။ အခုဆိုရင် Westem Union ဘဏ်ဆို ပြည် တွင်းရောက်နေပြီ။ ဒါကြောင့် ငွေလွှဲမှုအပိုင်းမှာ အခက် အခဲမရှိတော့လို့ အရမ်းအဆင်ပြေသွားတယ်''လို့ ပြော ပြတယ်။

အခုအချိန်မှာ မြန်မာပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေရဲ့ အနေအထားကို နီးနီးကပ်ကပ် လေ့လာနိုင်ဖို့ အမေရိကန်ဟာ သူတို့နိုင်ငံက Law Farm တွေကို မြန်မာ ပြည်မှာ လာရောက် လုပ်ကိုင်ခိုင်းနေပါတယ်။ ဒီဥပဒေ အကြံပေးအဖွဲ့တွေဟာ အခုဆိုရင် ရန်ကုန်မြို့မှာ အများ ကြီးဖြစ်နေပြီလို့ UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက ရှင်းပြပါတယ်။

သူက ''အခုဆိုရင် အမေရိကန်ရဲ့ Consultant တွေ Law Farm တွေ အများကြီးဝင်လာနေတယ်။ သူတို့ ကန့် သတ်ထားတာက မြန်မာပြည်တွင်းက Blacklist စာရင်း အသွင်း ခံထားရတဲ့လူနဲ့ အလုပ်မလုပ်ဖို့ဘဲ ကန့်သတ်ထား တာ။ အဲဒီလူတွေနဲ့ပတ်သက်ပြီး အကောင့်ထဲကို ပိုက်ဆံ မဝင်အောင်ပေါ့။ အဲဒီလူတွေရဲ့ ဘဏ်အကောင့်တွေ ငွေ လွှဲလို့မရအောင် လုပ်ထားတယ်။ ဒါပေမဲ့ တခြားလူတွေနဲ့ ဆို ကြိုက်သလို ဆက်ဆံနိုင်တယ်။ သူတို့ဆီက ဘုမသိ ဘမသိလူတွေပဲ ကြောက်ကြမယ်။ နားလည်တဲ့ လူတွေက တော့ မြန်မာပြည်လာပြီး လုပ်ကိုင်နေကြပါပြီ။ နောက်လဲ အများကြီးဝင်လာဦးမှာပါ။ ဒါပေမဲ့ ကန့်သတ်ချက်တစ်ခု တော့ ရှိတယ်။ အဲဒါက အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့ အထက် ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ လူတွေကတော့ တစ်နှစ် တစ်ခါ သူတို့အစိုးရကို ပြန်ပြီး အစီရင်ခံစာ တင်ရတယ်''လို့ ဒေါက်တာမောင်မောင်လေးက ရှင်းပြတယ်။

ဆင်သွားရင် လမ်းဖြစ်တယ်

အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ မြန်မာပြည် တွင်းက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အယောက် ၃ဝ ကျော်နဲ့ တပ်မတော်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ စီးပွား ရေး လုပ်ငန်းခုနှစ်ခုကို ပိတ်ဆို့အရေးယူထားပါတယ်။
ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဦးတေဇ (ထူးဂရုပ်)၊ ဦးဌေးမြင့်(ယုဇန)၊ ဦးနေအောင်(IGE)၊ ဦးဇော်ဇော်( Max Myanmar )၊ ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်) တို့ပဲ ဖြစ်ပါတယ်။ လောကနိယာမအရ ဆင်သွားရင် လမ်း ဖြစ်တယ်ဆိုတဲ့အတိုင်းပါပဲ။ အဲဒီ စီးပွားရေးလုပ်ငန်းရှင် တွေထဲက နှစ်ယောက်သုံးယောက်လောက် ပြည်တွင်းစီး ပွားရေး ပြုပြင်ပြောင်းလဲမှုမှာ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်ကိုင်သွားမယ်ဆိုရင် အင်မတန် ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ဖြစ်လာနိုင်ကြောင်း၊ US ASEAN Business Council မှ အကြံပေး ဦးချစ်ထွန်း ဖေက သုံးသပ်ပါတယ်။

သူက ''ကျွန်တော်တို့နိုင်ငံကို စီးပွားရေးပြောင်းလဲ အောင် ကောင်းတဲ့အမူအကျင့်တွေရလာအောင် ပြောင်း ချင်တယ်ဆိုရင် ခရိုနီအယောက် ၂ဝ ထဲက နှစ်ယောက်ပဲ ဖြစ်ဖြစ်၊ သုံးယောက်ပဲဖြစ်ဖြစ် အရင်ကလုပ်ခဲ့တဲ့ ဟာကို ထားခဲ့ပြီး အခုချိန်မှာ စီးပွားရေးပြောင်းလဲမှုကို ကောင်း ကောင်းမွန်မွန် လုပ်မယ်ဆိုရင် ဆင်သွားရင်လမ်းဖြစ်တယ် ဆိုတဲ့အတိုင်းပဲ နိုင်ငံစီးပွားရေးရဲ့ သက်ရောက်မှုဟာ ပိုကြီး မားလာနိုင်တယ်။ ဒါကြောင့် အရင်ကတည်းက ကျွန်တော် တို့ အမေရိကန်အစိုးရကို အကြံပေးခဲ့တာ ရှိပါတယ်။ မြန် မာပြည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ သူတို့ကိုချန် မထားဖို့ လုပ်တဲ့အခါမှာလဲ Open and Transparency ဖြစ်ဖို့ပေါ့။ အမေရိကန်မှာလဲ အခြေခံ အချက်လေးချက် ကို တောင်းဆိုထားတာရှိပါတယ်။ အဲဒါက

(၁) တပ်မတော် နဲ့ ခရိုနီတွေ အကျိုးတူလုပ်ထားတဲ့ လုပ်ငန်းတွေ စွန့်လွှတ် ပြီး Diseparation of military ဖြစ်ရမယ်။
(၂) သူတို့ရဲ့ ပိုင်ဆိုင်မှုကို ချပြရမယ်။
(၃) သူတို့ရဲ့ လုပ်ငန်းတွေဟာ စာရင်းဇယားတွေဖျောက်ပြီး လုပ်ထားတာမဟုတ်ဘဲ တ ကယ့်ကို Professional Management အုပ်ချုပ်မှုမျိုး ဖြစ် ရမယ်။
(၄) ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့ ကူညီပံ့ပိုးတဲ့ စီးပွားရေးလုပ်ငန်းမျိုး ဖြစ်ရမယ်'' လို့ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ ဝင် လာတာဟာ ကုမ္ပဏီကြီးအတွက်သာမကဘဲ SMEs အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက်လဲ အကျိုး ရှိပြီး နိုင်ငံကို အကျိုးပြုနိုင်ကြောင်း ဒေါက်တာမောင်မောင် လေးက ရှင်းပြပါတယ်။

သူက ''ရင်းနှီးမြှုပ်နှံမှု အကြီးတွေအနေနဲ့ SMEs အသေးစား အလတ်စားလုပ်ငန်းတွေအတွက်လဲ အကျိုး ရှိတယ်။ ဒီလူတွေဟာ Organization ကြီးတယ်။ သူတို့က တစ်ဆင့် အဲဒီ SMEs တွေဟာ အားယူပြီး နိုင်ငံကို Large Enterprise ဖြစ်အောင် တွန်းသွားရမယ်။ အမေရိကန် ဟာ BENS Business Executive for National Security (အမေရိကန် စီးပွားရေးဆိုင်ရာ အမျိုးသား လုံခြုံရေးအဖွဲ့)ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်စကင်နီဝှိုက်ဟာ မြန်မာပြည်က ဦးတေဇနဲ့လဲ ရင်းနှီးပါတယ်။ ဒါကြောင့် မြန်မာ ပြည်ရဲ့အခြေအနေကို သူတို့ကောင်းကောင်း သိပါတယ်။ ဒါကြောင့် မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဆန်ရှင်ကို ဖြုတ်ခိုင်းတိုင်း ဖြုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခြေ အနေအရပ်ရပ်ကို သုံးသပ်ပြီးရင်တော့ တဖြည်းဖြည်းချင်း ပဲ ဖြုတ်သွားပေးမယ်လို့ ထင်ပါတယ်''ဟု သူ့အယူအဆ ကို ရှင်းပြပါတယ်။

မည်သို့ပင်ဖြစ်စေ အမေရိကန် လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး၏ခရီးစဉ်ဟာ အမေရိကန်တွေ မြန်မာပြည် မှာ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားနေတယ်ဆိုတာ ငြင်းဖို့ မရှိပါဘူး။ ဒီလိုစိတ်ဝင်စားမှုကို လက်တွေ့အကောင်အ ထည်ဖော်နိုင်ဖို့အတွက်လည်း သူတို့လိုချင်တဲ့ အပေးအ ယူတွေကို မြန်မာခရိုနီတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တစ်ချိန်က မူးယစ်ဆေးဝါးမှုနဲ့ အမေရိကန်က အလိုရှိနေ တဲ့ ဘိန်းဘုရင်တစ်ယောက်ရဲ့သားကိုတွေ့ဆုံတာ၊ မြန်မာ ပြည်ရဲ့စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နဲ့ အင်မတန်နီးစပ်တဲ့ ဦးတေဇလိုလူမျိုးနဲ့ တွေ့ဆုံခဲ့တာဟာ အမေရိကန်အနေနဲ့နှစ်ပေါင်းများစွာ သူတို့စွဲကိုင်ထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းကို ခဏဘေးဖယ်ပြီး အ မျိုးသားအကျိုးစီးပွားအတွက် မြန်မာပြည်က ခရိုနီကြီးတွေ နဲ့ လက်တွဲလုပ်ကိုင်တော့ မလားဆိုတာ စဉ်းစားဖွယ်ရာ ဖြစ်ပါကြောင်း။ ။

မင်းညီ ၊ အောင်သူ(ဒေးဒရဲ)ရေးသည်။
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၂၆)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...