Monday, July 14, 2014

ဆြာဒင်နှင့်မျဉ်းပြိုင်တို့၏ဆုံမှတ်

ယနေ့ထုတ်ဆဲဗင်းနေ့စဉ်သတင်းစာ။ ။

ဆြာဒင်နှင့်မျဉ်းပြိုင်တို့၏ဆုံမှတ်
(မင်းဒင်)

(၁)
ဖူးခက်မည်မှတ် ဤအရပ်သည် ပင်လယ်တွင်းမှာ တသီးတခြားတည်ရှိသည့်၊ကျွန်းဖြစ်လေသောကြောင့်  နွေနှင့်မိုးသာ တစ်လှည့်စီ ထင်တိုင်းကြဲနေကြလေရာ၊ဟေမန္တတည်းဟူသော ဆောင်းဥတုသည်  စာမလာသတင်းမကြား အမြဲလိုလို၊ပျောက်ချက်သား ကောင်းနေ တတ်ချေ၏။

 လွန်ခဲ့သောသုံးနှစ်ဝန်းကျင် နွေတစ်နေ့၏ မွန်းတည့်ချိန်နေရှိန်အောက်တွင် သကောင့်သားကပ္ပလီတစ်ယောက် ဘွားကနဲပေါက်ချ လာသည်ကို ဆြာဒင်မှတ်မှတ်ရရ ရှိနေခဲ့သည်။ခါတိုင်းကဲ့သို့ ထိုင်းပုလိပ်ရန်ကို ကျီးလန့်စာစား ဗျာများသည့်ဟန် တစ်စက်မှမရှိပဲ ခြံဝမှာ ရင်ကော့ရင်း ရပ်နေသည့် သူ့ဟန်သည် ကုန်းဘောင်ခေတ် စစ်သူကြီးမဟာဗန္ဓုလကို သတိရစရာကောင်းလှပါ၏။အူမြူးနေသည့် ခပ်ရွှင်ရွှင်မျက်နှာပေးနှင့် အာကျယ်နေသော တပည့်ကျော်၏ရှေ့ရေး တွေးပူမိသော ကြောင့်ဆြာဒင်၊ ဒင်းကိုအလျင်အမြန် ခြံထဲဆွဲသွင်းလိုက်ရသည်။

“ဗျို့ဆြာဒင်၊တပည့်တို့တိုင်းပြည်ဟာ ဆြာဒင်ထင်သလောက်  မဆိုးသေးပါဘူးဗျာ”
“လူစွမ်းကောင်းလုပ်ပြီး  ခြံဝမှာ ကြာရှည်ရပ်မနေနဲ့မောင်၊ပတ်တယောင်ထိုင်းပုလိပ်နဲ့တိုးနေမှ ဟုတ်ပေ့ဖြစ်နေမယ်”
“ဒီမိုကရေစီခေတ်ရောက်ပြီမို့ မကြာခင် အကြောက်တရားတွေ ချုပ်ငြိမ်းပြီး လူ့အခွင့်အရေးတွေရတော့မှာခင်ဗျ”

“ဝေ့လည်ကြောင်ပတ် မလုပ်စမ်းပါနဲ့မောင်ရာ၊လိုတိုရှင်းသာမြွက်စမ်းပါ”
“နှစ်နိုင်ငံသဘောတူညီချက်အရ၊ဗမာအလုပ်သမားတွေကို အမ်အိုယူ(MOU)စံနစ်နဲ့ ထိုင်းထဲကို တရားဝင်သွင်းတော့မှာတဲ့ဗျ။ဒါဆိုရင် တော့ ရွာကဆွေမျိုးတွေ ဖူးခက်ကို အကုန် ခေါ်လို့ရပြီ ဆြာဒင်”

ကိုယ့်ရင်ဘတ်ကို စည်အမှတ်ဖြင့်နာနာတီးကာ ငိုချင်းရှည်ကြီးသာ ဆြာဒင်ချလိုက်ချင်တော့သည်။ဆွေစဉ်မျိုးဆက် ကျွန်သက်ရှည်မည့် ဇာတ်လမ်းကို သူ့ကြီးဒေါ်နောက်လင်ရသလို အပျော်လုံးဆို့နေသော တပည့်ကျော်ကို ဆြာဒင် ဂရုဏာသက်စွာကြည့်ရင်း သက်ပြင်းအကြိမ် ကြိမ်ချကာ မကျေမချမ်းငေါက်ငမ်းမိတော့သည်။ 

“ကောင်းတာပေါ့မောင်ရာ၊မင်းလည်းကျွန်၊မင်းအဘ၊မင်းအဖေ၊မင်းဦးလေး၊မင်းသားသမီး၊မြေး၊မြစ်တိုင်အောင် ကျွန်ဘဝရောက်မှာမို့ ပျော် မယ်ဆိုရင် ပျော်လောက်ပါပေရဲ့။လောလောဆယ် ထားဝယ်၊ဘိတ်၊မော်လမြိုင်ဘက်က ကျွန်တွေပဲရှိသေးတော့ အထက်ဗမာပြည် အညာ ဒေသကနေ ကချင်ပြည်နယ်အထိ ကျွန်ဖြစ်ချင်သူမှန်သမျှ လွတ်လပ်စွာကျွန်ခံခွင့်ရပြီပေါ့ကွာ၊အစိုးရမင်းများကလည်း ဥာဏ်အမျှော် အမြင်ကြီးကြီးနဲ့ ထိုင်းဘက်ကလိုသမျှ ကျွန်ဦးရေ ပြည့်မှီရေးအတွက် ရေတိုရေရှည်စီမံကိန်းတွေချပြီး အားကြိုးမာန်တက် ပံ့ပိုးပါ လိမ့်မယ်မောင်”

ကပ္ပလီငယ်ကား ဖရဲသီးကားကြိတ်ခံရသော မျက်နှာထားဖြင့် ဆြာရင်းမို့ ခွန်းတုန့်မပြန်ရဲသော်ငြား “ဆြာဒင်ဟာ အဆိုးမြင်သမား” ဟု အဓိပ္ပါယ်ပါသည့် မျက်စောင်းခဲကြီးဖြင့် ဆြာဒင့်ကို ပေစောင်းစောင်းကြည့်နေခဲ့လေသည်။

(၂)
ထိုနည်းနှင်နှင် လွန်ခဲ့သောတစ်နှစ်ကျော်၊ဝသန္တကာလမိုးရာသီသမယတစ်ခု၌ ဆြာဒင်တစ်ယောက် မိမိပိုင်ကျူလီယာဆိုင်ငယ်တွင် ဈေးဝယ်ပါးလေသဖြင့် တစ်ကိုယ်တည်း  ငူငူကြီးထိုင်နေစဉ် တပည့်ကျော်ဖေကြည်မှာ ကြွက်စုပ်ရေမွန်းပုံစံဖြင့် ပေါက်ချလာပြန်ကာ မဝံ့မရဲ နှစ်ကိုယ်ကြား တီးတိုးစကားဆိုခဲ့ဖူးလေသည်ကို ပြန်ပြောင်းသတိရအောက့်မေ့ဆဲဖြစ်ပါ၏။

“ဆြာ့ကိုတပည့်အကူအညီတစ်ခုလောက်တောင်းချင်လို့ဆြာ”
“ခြေဆင်းတွေ၊နိဒါန်းတွေ ပျိုးနေစရာလိုသလား မောင်ရာ၊တိုတိုပြတ်ပြတ်သာမိန့်စမ်းပါ”
“အော်၊ဆြာ့မှာ အကောင်ကြီးကြီးထဲက အကပ်လေးဘာလေးများ ရှိသလားသိချင်လို့ပါ”
“ဆင်၊ဝေလငါး၊ဒိုင်နိုဆောပါမကျန်  အကောင်ကြီးမှန်သမျှ ဆြာဒင်မသိတဲ့သူ မရှိပါဘူးမောင်ရာ၊ဘာကိစ္စများပါလိမ့်”

“ကျနော့်အမ ဘွဲ့ရတစ်ယောက် နိုင်ငံခြားသွားချင်လို့၊ဆြာဒင့်အသိ အရာရှိကြီးတစ်ယောက်ယောက်..”
ဤတွင်ချက်ဆိုနားခွက်က၊မီးတောက်သော ဆြာဒင်မှာ အားတုံ့အားနာအမူအယာဖြင့်ကတုန်ကယင်ဖြစ်နေသည့် တပည့်ကျော်ကို လွန်စွာကြင်နာ သနားစိတ်ဖြစ်ပေါ်လာသည်နှင့် ပြောလက်စ၊စကားကို ရှေ့မဆက်စေတော့ပဲ ခပ်မြန်မြန်ဘရိတ်နင်းလိုက်ရချေသည်။

“ဟိုး၊ရပြီ  ငါ့တပည့်၊မောင်ရင့်အမ အစိုးရဝန်ထမ်းက နိုင်ငံရပ်ခြားကို ပညာတော်သင်သွားချင်တယ်ဆိုတော့ ကူညီရပေမပေါ့”
“ဟုတ်ဘူး ဆြာရဲ့။ အိမ်ဖော်သွားလုပ်မှာ။ဗမာပြည်မှာ ဒီမိုကရေစီဆိုလား ရနေပြီဆိုတော့ လွတ်လပ်ခွင့်တွေရပြီး  ခေတ်မီလာပြီပေါ့ ဆြာ”

“ဟေ”
“မဟေနဲ့  ဆြာ၊စင်္ကာပူ၊ဟောင်ကောင်၊ထိုင်ဝမ်နိုင်ငံတွေဆီကို မြန်မာအမျိုးသမီး  အိမ်ဖော်တွေ ပို့မှာတဲ့”
“ကောင်းမှကောင်း၊အများကြီးကောင်း၊ အားကြီးကောင်း၊စိတ်ပျက်စရာ အလွန်ကောင်းကွာ”
“လစာကောင်းတယ်တဲ့  ဆြာ၊အမျိုးသမီးသီးသန့်ဆိုတော့  ရိုးရိုးဘွဲ့ရတွေတင်မကဘူး။ဘွဲ့လွန်တွေပါ  ဝင်တိုးနေကြသတဲ့”

ဆြာဒင်ခမျာ ရှက်ရှက်နှင့်ချက်ချင်းလဲသေရမည့်မသာစာရင်းတွင်၊ ပျော်ပျော်ကြီး ပါဝင်ရန်သာ မိမိသဘောအလျှောက်ဆန္ဒပြုလိုက် ချင်တော့ရာ တပည့်ကျော်ကိုညည်းကြိမ်း ကြိမ်းမိပြန်သည်။
“အေး၊တကယ်တမ်းသာ ကျေးဇူးသိတတ်မယ်ဆိုရင် တို့အစိုးရဟာ အိမ်ဖော်ကောင်းတွေကို မွေးထုတ်ပေးနေတဲ့ကျေးဇူးရှင်ကြီးတွေပေါ့။ နောင်လာမဲ့ အနာဂတ်မှာလည်း တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေအဖို့ အိမ်ဖော်လိုအပ်ချက်အတွက် ပူပန်စရာမလိုတော့ဘူးပေါ့။ အိမ်ဖော်တို့ ၏စွမ်းပကားဖြင့် ဗမာပြည်ကြီးရဲ့ဂုဏ်ကို မြှင့်တင်ကြပါစို့ရဲ့”
ဤတွင်လည်း ဖေကြည်ငယ်၏အစာမကြေ ရင်ပြည့်ရင်ခံသောအကြည့်သည် ဆြာဒင်ထံ ဆိုက်ရောက်လာခဲ့ပြန်ချေသည်တမုံ့။

(၃)
စိတ်လက်မအီမသာဖွယ်ရာတို့သည် မည်သည့်အခါမှ၊အထီးတည်း မလာရောက်တတ်၊ အဖော်အပေါင်းနှင့်တကွ၊ တပျော်တပါးအုပ်စုဖွဲ့ လာတတ်ကြသည်ဆိုခြင်းမှာ မှန်လေစွ။ဖေကြည်ငယ်နှင့် စကားစမပြတ်မီမှာပင် တပည့်ကျော်လေမင်းသားတစ်ယောက်၊ ထိုင်းအောင် ဘာလေ ထီနှစ်သန်းဆုပေါက်သည့်မျက်နှာထားဖြင့် ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ချလာပြန်ခဲ့လေသဖြင့် အာရုံနောက်လျက်နှင့်ပင် ဒင်းကိုဆက်၍ဧည့်ထောက်ခံခဲ့ရပြန်၏။

“မင့်မျက်နှာက အောင်နက်ဟိုအပုံဟပ်မိတဲ့ ဒီဇိုင်းပါကလား၊ဝမ်းသာရမဲ့သတင်းဆိုရင်ဖြင့် အမြန်မျှပါလေလော့” 
“သတင်းထူးဆြာဒင်ရ။တပည့်တို့ရွာမှာ သမဝါယမစံနစ်နဲ့ဆိုလား၊နှစ်ကျပ်တိုးနဲ့ ငွေထုတ်ချေးတော့မယ်တဲ့ ဆြာ၊ ခေတ်ကောင်း ရောက်ခဲ့   ပြီပေါ့”

“အော်၊အတိုးနဲ့ငွေချေးတဲ့သူကိုသာ ကျေးဇူးတင်ရမယ်ဆိုရင်ဖြင့် ချစ်တီးရုပ်တုတွေ ဘုရားစင်ပေါ်သာ တင်ထားကြပေရော့၊ ဘယ့်နှယ့် ကွာ၊ စိနတိုင်းဆီက တစ်နှစ်လေးကျပ်တိုးနဲ့ ချေးလာတဲ့ငွေကို လူထုဆီ တစ်လနှစ်ကျပ်တိုးနဲ့  ပြန်ချေးသတဲ့။ငွေချေးချင်တဲ့သူကို  ပါတီထဲ၊အတင်းအဓမ္မနွားအုပ်မောင်းသွင်းသလိုဇွတ်ဝင်ခိုင်း၊တကမ္ဘာလုံးမှာ လှည့်ပတ် ချေးငှားထားသမျှ တစ်ခါမှ ပြန်မဆပ်တဲ့ အစိုးရကို ထပ်ချေးတဲ့တိုင်းပြည်ဟာ စေတနာအမှန်၊ သွေးရိုးသားရိုးကော  ဖြစ်နိုင်ပါ့မလား” 

“ဆြာဒင်လည်း နေရာတကာ ဆီလိုအပေါက်ရှာနေပါပေါ့လား။နောင်ခါလာ နောင်ခါဈေးပဲဆြာဒင်၊လတ်တလောချေးငွေရဖို့သာအဓိက”
ငွေမျက်နှာကြီးလေသည်ကြောင့်ထင့်။သည်တစ်ကြိမ်တွင်တော့ တပည့်ကျော်သည် ဆြာကိုပင် ပြတ်ပြတ်သားသား တုန့်ပြန်နှုတ်လှန် ထိုးခဲ့ချေသည်။

ဤသို့အားဖြင့် အဆိုးမြင်ဝါဒီဆြာဒင်နှင့်ချစ်လှစွာသောတပည့်ကျော်များသည် ဒီမိုကရေစီရေးနှင့်ခေတ်ကြီးပြောင်း၏၊မပြောင်း၏ဟူသော ခေါင်းစဉ်အပေါ် အစဉ်အမြဲအမြင်ကွဲကာ မတည့်အတူနေရှိခဲ့ကြလေကုန်၏။

(၄)
သို့လျှင်နေလာကြရာမှ လွန်ခဲ့သော ရက်သတ္တတစ်ပါတ်ခန့်တွင်မူ သကောင့်သားသုံးယောက် မျက်နှာမသာမယာဖြင့် တစ်ချိန်တည်း ပေါက်ချ လာကြပြန်ရာ အကြောင်းစုံကို မေးမြန်းစေ့ငုမိသည်၏တစ်ခဏ၌ “စိတ်ထဲမကောင်းလို့ပါ ဆြာဒင်”ဟူသော ညောင်နာနာ အသံနှင့်အတူ ဂျာနယ်တစ်စောင်တွင်  ဖော်ပြထားသည့် သတင်းတစ်ပုဒ်ကို ပြသလေရာ ယင်းမှာအောက်ပါအတိုင်းဖြစ်လေ၏။

"အဆင်းရဲဆုံးနိုင်ငံဟု လူသိများသည့် အီသီယိုးပီးယားနိုင်ငံက မြန်မာထက် ပိုချမ်းသာနေ"
နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သော နိုင်ငံ၏ ဆင်းရဲ၊ချမ်းသာ စစ်တမ်းကို ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့ရာတွင် မြန်မာကအဆင့် ၂ဝ၃ တွင် ရပ်တည်နိုင်ခဲ့သည်။ဆင်းရဲ၍ အိမ်နီးချင်းနိုင်ငံကို အမှီပြုနေရသော မြောက်ကိုရီးယား၊ ပင်လယ်ဓားပြပေါများရာ ဆိုမာလီယာနှင့် ငတ်မွတ်မှုရှိသော အီသီယိုးပီးယား တို့အောက်တွင် မြန်မာက ရှိနေသည်။နိုင်ငံ၏ လူဦးရေအချိုးကျနှင့် အသားတင်ထုတ်လုပ်မှု စသည် တို့နှင့် ကမ္ဘာ့ဘဏ်က တွက်ချက်ကာ ထိုစာရင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။မြန်မာနှင့် အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေ့ရှ်ကပင် မြန်မာ ထက် အဆင့်ငါးဆယ်ကျော် အထက်တွင် ရှိနေသေးသည်။

“နို့၊နေပါအုံး၊မောင်တို့ပဲ ခေတ်အပြောင်းမှာကောင်းလှပါချည့်ရဲ့ဆို”
“သူတို့အမြဲကြေညာနေခဲ့ဖူးတာက စီးပွားရေးပိတ်ဆို့တာ တို့မမှုပါဆိုတာကိုး  ဆြာဒင်ရဲ့”
“ဟ၊ထင်တိုင်းကြဲနိုင်နေတဲ့ စစ်အစိုးရအုပ်စုဇောတိကအမျိုးတွေအတွက် ဘာမှုစရာလိုမတုန်း။တကယ်တမ်း မှုရမဲ့သူတွေက ကုန်း ကောက်စရာမရှိအောင်ဖွတ်ကျောပြာစုနေတဲ့ ဗမာပြည်သူတွေဟ”

“ဟုတ်တယ်ဆြာဒင်၊တိုင်းပြည်သာဆင်းရဲတာ ဒင်းတို့ကတော့ ဆင်းရဲပုံမရဘူးဗျ”
“အေးလေ၊ရွေ့ပြောင်းအလုပ်သမားတွေ၊အိမ်ဖော်တွေတင်ပို့၊တရုတ်ဆီကချေးငွေကို လယ်သမားတွေဆီ အတိုးနဲ့ပြန်ချေး၊ တိုင်းပြည် သယံဇာတမှန်သမျှ ရရာသူခိုးဈေးနဲ့ ရောင်းထုတ်တဲ့နည်းသုံးပြီး  အာဏာရရင် ဘာမဆိုလုပ်မဲ့  အစိုးရအုပ်ချုပ်တဲ့ မောင်တို့တိုင်းပြည်က ချမ်းသာကြွယ်ဝတဲ့  တိုင်းပြည်စာရင်း၊ဘယ်အဆင့်မှာ  ချိတ်စေချင်ကြသတုန်း။စိတ်အပျက်ကြီး မပျက်ကြပါနဲ့။ဒီမင်း၊ဒီစိုး၊ဒီသူခိုး၊ မဟာ ပညာကျော်တွေနဲ့ ဒီအတိုင်း ရှေ့ခရီးဆက်ရင်ဖြင့် ဒိထက်စိတ်ပျက်စရာတွေ ထပ်လာအုံးမှာမို့ စိတ်ပျက်ဖို့  ချန်ထားကြအုံးလဟဲ့”

“ဟုတ်ပါ့ဆြာဒင်ရယ်”
“ဘာတဲ့။ကြက်မွေးမြူသည့်အိမ်သုံးအိမ် ရွေ့ပြောင်းပြီးဖြစ်ကြောင်း လွှတ်တော်တွင်တင်ပြတဲ့။ခရုခါးတောင်းကျိုက်ဖမ်းနေကြတာ အမွဲ ဆုံးစာရင်းဝင်တာတောင်နည်းသေး”

(၅)
အဘယ်ကာလတွင်မှ မဆုံစည်းနိုင်ဟုထင်ခဲ့သောမျဉ်းပြိုင်နှစ်ကြောင်းသည် မမျှော်လင့်ပဲ ဆုံမိကြသည်မှာ စစ်ဗိုလ်ချုပ်များနှင့်ခရိုနီတို့၏ ဘဝရေစက်ကိုသတိရစရာကောင်းလှပါ၏။ ဇာတိမာန်သီချင်း မျိုးစုံနှင့်ဝါဒဖြန့်ပေါ်လစီဇာတ်ကားတို့ကိုကြည့်ကာ ဇာတိမြန်မာပြည်ကြီး ရွှေရောင်အဆင်းတဝင်းဝင်း၊ ဖိတ်ဖိတ်တောက်လျက် ခေတ်မီဖွံ့ဖြိုး၊ပြောင်းလဲတိုးတက်နေလေပြီဟု ထင်နေကြရှာသည့် တပည့်ကျော် များနှင့် ပြည်ပအားကိုး၊အဆိုးမြင်ဝါဒီ  ဆြာဒင်တို့၊သည်တစ်ကြိမ်တွင်ဖြင့် အမြင်တစ်ထပ်တည်းကျလာခဲ့လေပြီဖြစ်ရာ  ရိုးနုံ၊အလှသည့်  သင်းတို့အား ဂရုဏာသက်၊ခွင့်လွှတ်သော မျက်ဝန်းအစုံဖြင့် ရွှန်းရွှန်းစားစား ပြန်ကြည့်လိုက်မိ၏။

ထို့နောက်တွင်ကား ဆြာတပည့်စည်းလုံးညီညွတ်ခြင်းအထိမ်းအမှတ်အလို့ငှာ ဆြာဒင်တစ်ယောက်၊အနီးရှိအိပ်ယာကုတင်ထက်ဆီမှ အနီအနက်ကြားအညာခြုံစောင်ရှည်ကြီးကို  ဇာတ်မင်းသားစတိုင်    တောင်ရှည်အမှတ်ဖြင့်ဝတ်ဆင်လျက်အလင်္ကာကျော်စွာ ဇာတ်မင်း သားကြီး ရွှေမန်းတင်မောင်၏အသံ၊ဟန်နှင့်ထပ်တူ ခေတ်ဟောင်းမြိုင်ထနှစ်ပါးသွားသီချင်း တစ်ပိုဒ်ကို ရုတ်ခြည်းကောက်ကာငင်ကာ ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြားအသံပြဲကြီးနှင့် ကွေးနေအောင်ကရင်းဟဲလိုက်မိသည်ကား……၊

“မောင်ဒင် မင်းတို့ကိုလည်း အပြစ်မတင်၊ ဒင့်ကိုယ်ဒင်ပင် သနားလှချည့်ရဲ့အစဉ်”

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...