Sunday, July 13, 2014

•• သမီးတော် ရာဇဝင် ( ၂ ) •• ( သုဓမ္မာဇရပ်မှာမှ ဒင်နာစားချင်တယ် )




အရင်ခေတ်က ဧပြီလဆိုရင် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲလုပ်လေ့ရှိတယ်၊ ဒီတော့စစ်အာဏာရှင်ကာချုပ်ကြီးက ကျောင်းဆင်းပွဲတက်ရင် သမီးတော်တွေကလည်း ပြင်ဦးလွင် ကို နွေဦးရာသီ သင်္ကြန်အပန်းဖြေခရီး လိုက်လေ့ရှိတယ်၊ ဒီတော့ တစ်ထောက်နားရာက မန္တလေးပေါ့ဗျာ၊
မန္တလေးကတပ်တွေကလည်း သမီးတော်တွေလာမယ်ဆိုရင်ကို ကြောက်နေကြတာ၊ တစ်ခေါက်တစ်မျိုး မရိုးရလေအောင် နှိပ်စက်လွန်းလို့လေ၊ သမီးတော်ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း သူတို့နားထဲမှာ သာယာနေလေတော့ ပြင်ဦးလွင်ခရီးစဉ်တစ်ခုမှာဆိုရင် ကားပေါ်မှာ လက်တိုလက်တောင်းခိုင်းဖို့လိုက်ရတဲ့ တပ်မှူးကတော်တစ်ယောက်က `` ဟုတ်ကဲ့ သမီး ´´ လို့ဖြေမိတာကို သမီးတော်လို့ မခေါ်ရကောင်းလားဆိုပြီး မျက်မာန်တော်ရှ ကားပေါ်ကနေ မောင်းချဖူးတာတွေကလည်း အားလုံသိနေလေတော့ အဲ့ဒီမိသားစု လာမယ်ဆိုရင်ကို အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တစ်ခုလုံး သံဗုဒ္ဓေရွတ်နေကြရတာ။

ဒီတစ်ခေါက်တော့ ညနေလည်းစောင်းရော သမီးတော်တွေက အမိန့်တော်ထုတ်ပါတယ်၊ မန္တလေးတောင်ခြေက သုဓမ္မာဇရပ်တွေမှာ ဒင်နာစားချင်ပါသတဲ့၊ အဲ့ဒါမှတကယ့်ပြဿနာ၊ အဲ့ဒီကာလက သုဓမ္မာဇရပ်တွေဆိုတာ အခြေနေမဲ့တွေနဲ့သူတောင်းစားတွေပဲ နေတဲ့နေရာ၊ ဖုန်သောသောနဲ့ အမှိုက်တွေမြက်တွေကဒင်းကြမ်း၊ ဒါပေမယ့်သမီးတော်တွေ မျက်မာန်ရှမှာကို ဘယ်သူမှမခံရဲလေတော့ စစ်သားစုဆောင်းရေးတပ်ကရဲဘော်တွေနဲ့ တပ်အသီးသီးကရဲဘော်တွေကို ချက်ချင်းကားတွေနဲ့တင်ပြီး အဲ့ဒီကိုပို့ရတော့တယ်၊ ဂျီအီးတပ်နဲ့စည်ပင်ကလည်း ရေကားတွေလွှတ်၊ ပထမအဆင့်အနေနဲ့ အဲ့ဒီမှာအခြေချနေတဲ့ အခြေနေမဲ့တွေနဲ့ သူတောင်းစားတွေကိုချက်ချင်းနှင်ထုတ်ရတာပေါ့၊ သမီးတော်တွေရဲ့နှိပ်စက်ချက်ကတော့ သူတောင်းစားတောင်မကျန်ပါဘူး၊ မြက်နုတ်သူကနုတ်၊ အမှိုက်လှည်းသူကလှည်းနဲ့ တကယ်ဆိုရင် ရဲဘော်တွေခမျာ သူ့အိမ်မှာထမင်းချက်ရမယ့် ညစာစားရမယ့်အချိန်ဖြစ်ပေမယ့် သမီးတော်တွေနှိပ်စက်တာနဲ့ သုဓမ္မာဇရပ်မှာ အလုပ်တွေရှုပ်ကြရတော့တယ်။

ပြီးတာနဲ့ ရဲဘော်သစ်တွေနဲ့ စစ်သည်တွေက အဲ့ဒီဇရပ်က အညစ်အကြေးတွေကို ရေပိုက်တွေနဲ့ထိုးပြီး သန့်ရှင်းရေးလုပ်ရတယ်၊ ပြီးတာနဲ့အောက်ကဖယောင်းပုဆိုးတွေ ချက်ချင်းခင်းပေါ့ဗျာ၊ တစ်ချိန်တည်းမှာပဲ ဂျီအီးတပ်က မီးသမားတွေက လျှပ်စစ်ကြိုးတွေ မီးစက်တွေသယ်လာပြီး အရေးပေါ်မီးဆင်ရတော့တယ်၊ ပြီးတော့ထုံးစံအတိုင်း ကားလမ်းကို ဟိုဖက်ဒီဖက် ပိတ်ဆို့ပြီး ဇရပ်ထဲမှာ စားပွဲတွေခင်း၊ ထမင်းဟင်းတွေပြင်ဆင်လို့ သမီးတော်တွေကို ညစာသုံးဆောင်ဖို့ အသင့်ဖြစ်ပါကြောင်း သတင်းပို့ကြရတယ်။

သမီးတော်တွေကြွချီလာပြီး စားတော့လည်း ဒီလောက်မဟုတ်ပါဘူး၊ သူတို့စိတ်ထဲမှာ လက်ညိုးညွှန်ရင် ရေဖြစ်မယ်ဆိုတဲ့စကားအတိုင်း စိတ်ထဲထင်တာတွေလျှောက်ပြော၊ လျှောက်လုပ်နေကြတာဖြစ်တယ်၊ သေချာတာကတော့ သူတို့မိသားစုကလွဲရင် ဘယ်သူမှပျော်နေတာ မမြင်ချင်ဘူး၊ သူများပျော်နေတာမြင်ရင် မရှု့ဆိတ်ဘူးဆိုတာပဲ၊ ဒီမဟုတ်တဲ့နေရာမှာ ညစာတစ်နပ်စားဖို့ ရဲဘော်လေးတွေရဲ့လုပ်အားတွေ ဘယ်လောက်သုံးလိုက်ရမလဲ၊ မီးစက်တွေ မီးကြိုးတွေကို တစ်နာရီလောက်အရူးကြောထဖို့ ဘယ်လောက်သုံးလိုက်ရမလဲဆိုတာတွေလည်း တွေးမိပုံမရဘူး၊ သူတို့ဖြစ်ချင်တာကို ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ထင်ရာပြောသမျှကို အောက်ကတိုင်းမှူးများကလည်း မိမိတို့နေရာတည်မြဲဖို့အတွက် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ခွန်းတုန့်မပြန်ရဲပဲ ဖြစ်အောင်လုပ်ပေးနေကြလေတော့ နေမြင့်လေအရူးရင့်လေဆိုသလိုတွေ ဖြစ်ကုန်တယ်။

မြို့တစ်မြို့ရောက်တာနဲ့ ဆိုင်တကာဝင်ပြီး တွေ့သမျှဆွဲတင်လွန်းလို့ သမီးတော်တွေလာမယ်ဆိုရင် လာမယ့်မြို့က စိန်ရွှေရတနာဆိုင်တွေမှာ တန်ဖိုးကြီးတာ တင်မထားရဆိုတဲ့ အမိန့်ထုတ်ခဲ့ရတယ်၊ မြို့ငယ်လေးတစ်မြို့မှာတောင် သူတို့ဝယ်ထားတာတွေကိုရှင်းရတာ သိန်း ၄၀၀၊၅၀၀ ရှိပြီး မြို့ကြီးတွေမှာဆို သိန်းထောင်ကျော်ဝယ်လေ့ရှိတယ်၊ အဝတ်အထည်တွေဆိုရင်လည်း အထုပ်လိုက် ကားပေါ်ဆွဲတင်လေ့ရှိတယ်၊ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုင်တွေကို ယူချင်တာမှန်သမျှပေးလိုက် ပြီးမှ ဘောင်ချာလိုက်ဖြတ်ပြီး ငွေရှင်းမယ်လို့ ကြိုပြောထားရတယ်၊ ပြောရရင် အဲ့ဒီသမီးတော်တစ်သိုက် ရောက်တဲ့မြို့မှန်သမျှ ဝေသာလီပြည် ဘီလူးဝင်သလိုပါပဲဗျာလို့ ဘောင်ချာတစ်အုပ်နဲ့ ငွေလိုက်ရှင်းရတဲ့ အရာရှိကြီးတစ်ဦးက ရင်ဖွင့်ဖူးပါတယ်။

ခက်တာက အာဏာရှင်ကာချုပ်ကြီးကိုယ်တိုင်က သူ့သမီးတော်တွေ ဘာလုပ်လုပ် အပြစ်မမြင်ယုံမက သူ့သမီးတော်တွေ စိတ်ဆိုးစိတ်ကောက်တာနဲ့ အဲ့ဒိီသက်ဆိုင်ရာတိုင်မှူးဖြစ်စေ၊ တပ်မမှူးဖြစ်စေ သေဖို့သာ ကြံပေတော့ဆိုတဲ့စိတ်က ရှိလေတော့ သမီးတော်တွေဆိုရင် ကာလျုပ်ကြီးထက် ပိုအရိုအသေပေးရတယ်၊ ပိုကြောက်ရတယ်၊
အခု ကြံ့ခိုင်းရေးအတွင်းရေးမှူးဦးဌေးဦးဟာ အနောက်တောင်တိုင်း စစ်ဌာချုပ်တိုင်မှူး လုပ်ခဲ့တာပဲ၊ အဲ့ဒီတိုင်မှူးတွေဆိုရင် အဆင့်ဆင့်ရာထူးတက်လေ့ရှိပေမယ့် ဦးဌေးဦးဘာလို့ အရပ်ဖက်ရောက်သွားတာလဲဆိုတာ အတွင်းလူတွေကို မေးကြည့်ရင် သမီးတော်တစ်ယောက်ကြောင့်လို့ ဖြေပါလိမ့်မယ်၊ ငွေဆောင်ကဟိုတယ်မှာ သမီးတော်တစ်ပါးက သူထိုင်စရာ ဆက်တီတစ်လုံး လိုနေတဲ့ကိစ္စနဲ့ မျက်မာန်တော်ရှခဲ့လို့ ပြည်နှင်ဒဏ်သင့်သွားတာ ဖြစ်ပါတယ်။

ဒီလိုပါပဲ--
မြိတ်က ခရီးစဉ်တစ်ခုမှာ သမီးတော်တစ်ပါးက ဗိုလ်ချုပ်ကြီးသူရရွှေမန်းကားကို ခပ်တည်တည်တက်စီးလို့ အခုလွှတ်တော်နာယကကြီးက ကြုံရာကားပေါ် တက်စီးခဲ့ရဘူးပါတယ်၊ အဲ့ဒီဖြစ်စဉ်မှာလဲ လေယာဉ်ပေါ်မှာ ဘယ်သူ့ကိုစိတ်ကောက်မှန်းမသိပဲ စိတ်ကောက်ပြီး သမီးတော်တစ်ပါးက လေယာဉ်ပေါ်ကနေမဆင်းလို့ ယာဉ်တန်းကြီးတစ်ခုလုံး ရပ်စောင့်နေရတာပါ၊ ဆင်းလာတော့လည်း ပထမဆုံးကားက ကာချုပ်ကြီးနဲ့ သူတို့အခေါ် အမေကြိုင်စီးဖို့ကား၊ ဒုတိယကားက ဒုကာချုပ်ဦးအေး စီးဖို့ကား၊ တတိယကားက ကြည်း၊ရေ၊လေညှိနှိုင်းကွပ်ကဲရေးမှူး အခုလွှတ်တော်နာယကကြီး စီးဖို့ကား၊ ပြီးတော့မှ သမီးတော်တစ်ပါးစီအတွက် ကားတစ်စီးစီ လုပ်ထားတာလေ၊ သမီးတော်တွေက ဘယ်မြို့ရောက်ရောက် တစ်ယောက်ကို ကားတစ်စီးပဲ၊ ဘယ်တော့မှ အတူတူမစီးဘူး၊ စကားကိုပြန်ဆက်ရရင် အဲ့ဒီစိတ်ကောက်နေတဲ့သမီးတော်လည်း လေယာဉ်ပေါ်ကဆင်းလာရော ယာဉ်တန်းကြီးလည်း စထွက်တာပေါ့၊ လွှတ်တော်နာယကကြီးက ရှေ့ဆုံးကားနဲ့ဒုတိယကားကို သွားပြီးအလေးပြုနေချိန်မှာ သူရဲ့ကားကို စိတ်ကောက်နေတဲ့ သမီးတော်ကတက်တယ်၊ ကားနားမှာစောင့်နေတဲ့ တပ်ထိန်းအရာရှိက ကြောက်ကြောက်ရွံ့ရွံ့နဲ့
`` သမီးတော်ခင်ဗျား -- ဒါဗိုလ်ချုပ်ကြီးသူရရွှေမန်းအတွက်ကားပါ၊ သမီးတော်ကားက နောက်မှာပါ ´´ လို့ ပြောတာကို လက်မခံပဲ အတင်းတက်စီးခဲ့တာ ဖြစ်ပါတယ်၊ ဦးရွှေမန်းကတော့ ယာဉ်တန်းထဲက လွတ်နေတဲ့ ကြုံရာကားတစ်စီးကို တက်စီးပြီး ခရီးဆက်ခဲ့ရဖူးပါတယ်။

ပြောရရင် ဦးနေဝင်းကို အာဏာရှင်လို့ပြောပေမယ့် ဦးနေဝင်းသားသမီးတွေဟာ အဲ့လောက်ထိမဆိုးခဲ့ဘူး၊ ဦးစောမောင်သားသမီးတွေဆိုရင် ဘယ်သူဘယ်ဝါမသိရအောင်ကို အနေအထိုင်ရိုးအေးခဲ့ပါတယ်။

ဒီလိုရေးတာတွေ ဇာတ်နာအောင်ရေးတယ်လို့ထင်ရင် စာဖတ်ပရိတ်သတ်တွေထဲမှာ စစ်တပ်ကအသိအကျွမ်းတွေရှိရင် မေးကြည့်ပါ၊ ဒီလိုရေးတာတွေက ဟုတ်မှဟုတ်ရဲ့လားလို့ ၊ အဲ့ဒီလိုမေးရင် `` ဒါတွေက အပေါ်ယံအကင်းပဲရှိသေးတယ်၊ ဒီထက်ဆိုးတာတွေ အများကြီးရှိသေးတာပေါ့ ´´ ပြန်ဖြေကြပါလိမ့်မယ်၊

နောက်တစ်ပတ်ကျရင် သမီးတော်တွေနဲ့ပတ်သတ်ပြီး ရီစရာတစ်ခုပြောပြမယ်၊ ရေတွေရေတွေ စိုကုန်ပြီးလို့ ခေါင်းစဉ်တပ်လိုက်ဆိုပြီး ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ ခရိုနီကြီးက သူစကားကို ဖြတ်လိုက်ပါတော့တယ် -----///

လက်စောင်းထက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...