Friday, June 6, 2014

ဆြာဒင်၊သမ္မတကြီးလည်းဖြစ်ခဲ့ဖူးပါသည်။

Min Din၅။၀၆။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ

ဆြာဒင်၊သမ္မတကြီးလည်းဖြစ်ခဲ့ဖူးပါသည်။

မင်းဒင်

(၁)
ဖူးခက်မိုးသည်အနောက်တောင်ဆီက ရွာမည်ဟန်ပြင်နေလေပြီ။မိုးသက်လေနှင့်အတူမုန်တိုင်းပင့်ပြန်လေရာ စစ်မျက်နှာဖွင့်၍ တိမ်ခိုး လွှင့်ကာနှင်လျက်ရှိလေ၏။ မျှော်ကြည့်လေရာတွင်မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်မှင်လျက်ပြိုမှာလေလားမိုးရဲ့ဟု စိုးအောင်ခုပင်၊ မိုးနတ် အဗ္ဗုန်မောင်၊ဖန်တီးနိုင်အားပါဘိသည်။လျှံရွှေစင်ကဲ့သို့ပြိုးပြိုးပြက်နေသည့်  လျှပ်စစ်ရောင်ခြည်မျှင်တို့ဖြင့် ဗျူဟာဆင်ကာ မိုးလုံးပြည့်တ ရွေ့ရွေ့ယူဆဲတွင်၊နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၌ အာကာဝေဟင်သည် လွမ်းအောင်ဖော်ပြနေယောင်တကား၊ ဆြာဒင်သည် ဘယ်ရှေး ဝဋ်ကြွေး အတုန့်အတင်ရှိခဲ့လေသနည်း၊ လက်စားချေပြီထင့်၊ ခိုမှီရာမဲ့သည့်  ဆြာဒင့်ဖြစ်အင်ကို ရှုလှည့်မြင်လှည့်စေချင်ပါ၏။

သို့လျှင်ဂီတနက်သန်ကိုစောညိမ်းသို့အားကျတမ်းတလျက်၊ဝုန်းဒိုင်းကြဲသောမိုးသံကိုနားစွင့်ကာ ဆြာဒင်သည် ယိုးဒယားပြည်ဖူးခက်မြို့ အိမ်အိုကြီးအတွင်းက အိပ်ယာကုတင်ထက်မှာလဲလျောင်း နေရင်း အကင်းမသေသေးသည့် နဖူးထက်ကဒဏ်ရာကို လက်ဖြင့်ခပ်ဖွဖွ စမ်း၍ တကိုယ်တည်းအထီးကျန် အတွေးပွားလျက် ရှိလေသည်။ဆြာဒင်၏မဟာနဖူးပြင်အလယ်တည့်တည့်တွင် ညိုမဲသည့်ဒဏ်ရာ ရစေအောင် ဖန်လာခဲ့သည့် နောက်ခံအကြောင်းရင်းကို ဆြာဒင်ပြန်ပြောင်း မစဉ်းစားချင်သော်ငြား မိုးအေးအေးတွင် ဒဏ်ရာမှတစစ်စစ် ကိုက်ခဲလာ သည့်အခါတွင်ကား ဆြာဒင့်စိတ်အစဉ်သည် လွန်ခဲ့သော တစ်ပတ်ကျော် ဆီသို့လွင့်မျာသွားခဲ့လေသည်။

ထိုနေ့က ယနေ့လိုပင်မိုးအေး၏။ဆြာဒင်သည်ယခုကဲ့သို့ပင်အိပ်ယာထက်၌လဲလျောင်းရင်း သြစတေးလျတိုက်နေ မြန်မာမိတ်ဆွေ တစ်ဦး၏ အီးမေးလ်စာတစ်စောင်ကို သတိရမိနေချိန်ဖြစ်သည်။သူ၏စာပါအကြောင်းအရာမှာ ဇာတိမြေကိုစွန့်ခွာပြီးသြစတေလျတို်က်၌ သူတစ် ဆယ့်ငါးနှစ်တာ ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းရှာဖွေထားသည့် အမေရိကန်ဒေါ်လာငါးသိန်း(မြန်မာကျပ်ငွေအားဖြင့် သိန်းငါး ထောင်ကျော် ခန့်)သည် ယခု 

လက်ရှိမြန်မာပြည်မြေဈေးအရ ကိုယ်ပိုင်အိမ်ခြံဝန်းကောင်းကောင်းနှင့်နေထိုင်နိုင်ခြင်းငှာ မပြည့်မှီသဖြင့် စိတ်လက်ညစ်ညူးမိကြောင်း ရင်ဖွင့်ထားခြင်းဖြစ်လေ၏။ပြောင်းလဲလာသောဒီမိုကရေစီခေတ်ကြီးတွင် ကမ္ဘာအရပ်ရပ်မှ မြန်မာပြည်သို့ လာရောက် ရင်းနှီးမြှုပ်နှံလိုကြသည့် နိုင်ငံတကာလုပ်ငန်းရှင်တို့ပင် မြန်မာပြည်မြေဈေးကြောင့် ငုတ်တုတ်မေ့ကာ လက်မှိုင်ချကြရ ကြောင်း သူ့စာတွင် ဆက်လက်ဖော်ပြထားပြန်သည်။
အဆိုပါခဏ၌ပင် မထင်မှတ်သော ထူးဆန်းလှသည့် ဧည့်သည်တော်ကြီးတစ်ဦးသည် ဆြာဒင်လဲလျောင်းရာကုတင်ဘေးဆီသို့ ဆိုက် ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ချေသည်။

(၂)
အဆိုပါဧည့်သည်ကြီး၏ ပြုံးမယောင်ရှိနေသည့်နှုတ်ခမ်းပါးကလေးတစ်စုံကြောင့် ဆြာဒင့် စိတ်တွင်မြင်ဖူးသလိုလို ဇဝေဇဝါ ဖြစ်နေ ခဲ့သော်ငြား သူ၏ ကြီးမားကျယ်ပြန့်လှသော ပြောင်လက်နေသည့် နဖူးပြင်ကြီးကို   မြင်လိုက်ရသည့်အခါ ဆြာဒင်သည် ရုတ်ခြည်းပင် မှတ်မိသွားကာ အံ့သြခြင်းကြီးစွာဖြင့်  အလန့်တကြား အာမေဋိတ်ပြုမိလေတော့သည်။

"အလိုလေး၊ငါတို့သမ္မတကြီးပါလားဟရို့"
သမ္မတကြီးကား မာန်မာနမရှိ၊သဘောကောင်းဟန်ရှိပြီး လေပြေထိုးသံသာသာ၊တိုးညှင်း ညင်သာစွာ စကားဆို၏။ 
"နေကောင်းရဲ့လားဆြာဒင်၊ အေးအေးသက်သာ လှဲနေပါလေ၊ဆြာဒင့်ကုတင်စွန်းမှာပဲ ဝင်ထိုင်လိုက်ပါ့မယ်၊အကူအညီတစ်ခု တောင်းစရာ ရှိလို့ ဆြာဒင်ရဲ့"
နိုင်ငံ၏အခေါင်အချုပ် မဟာသမ္မတမင်းသည် ဆြာဒင်ကုတင်ထက်ဆီသို့ မည်သို့မည်ပုံရောက်လာခဲ့လေသနည်း။ ရေမျောကမ်းတင် ဆြာဒင်အား အကူအညီတောင်းလိုသည်ဟုပင် ဆိုလာချေပြီ။အာစေးမိသကဲ့သို့ ဖြစ်နေလေသည့်ဆြာဒင်ကား သမ္မတကြီးအား  မည်သို့ ခွန်းတုန့်ပြန်ရန်ပင် မဝေခွဲနိုင်၊ယောင်တီးယောင်အရှိနေခဲ့ရာ အတန်ကြာမှ သတိပြန်ဝင်လာခဲ့ကာ ကျိုးနွံစွာ "ခင်ဗျာ"ချင်း ထပ်လျက် အရိုအသေပေးနှုတ်ဆက်သမှုပြရတော့သည်။

"ဟုတ်ကဲ့၊ဟုတ်ကဲ့၊ဟုတ်ကဲ့၊သမ္မတကြီးခင်ဗျာ၊ရုတ်တရက်မို့ တလေးတစားနှုတ်မဆက်မိတာ ခွင့်လွှတ်တော်မူပါခင်ဗျာ။လာရခြင်း အ ကြောင်းရင်းကို အမိန့်ရှိပါခင်ဗျာ"
ဤတွင် သမ္မတကြီးသည် သက်ပြင်းရှည်ကြီးတစ်ချက်ကိုလေးတွဲ့စွာချလိုက်ရင်း တိုးလျှိုးညင်သာ မြွက်ဟမိန့်ဆိုမှုကြောင့် ဆြာဒင်တစ် ယောက် ရှင်းလင်းစွာသဘောပေါက်  နားလည်ခဲ့ရချေတော့သည်။သူ့ပြဿနာ သူ့အခက်အခဲကား သူ့နှလုံးသားကိစ္စဟုဆိုသော်ရနိုင်၏။ သူ့နှလုံးသည် စက်ကိရိယာတစ်ခုအားကိုးဖြင့် လည်ပတ်လှုပ်ရှားနေရသည်ဖြစ်ရာ ရုတ်ခြည်းအရေးပေါ် ခွဲစိတ်ကုသမှုအငယ်စားတစ်ခု ပြုရန်လိုအပ်လာသဖြင့် သူ၏သမ္မတရာထူးတွင် ဆြာဒင်အနေဖြင့် တစ်ရက်တာ တာဝန်ထမ်းဆောင်ပေးပါရန် မေတ္တာရပ်ခံလာခြင်း ဖြစ်၏။ 

ရာထူးဂုဏ်သိန်တို့၏နောက်ဆက်တွဲ အပူမီးတို့သဘောသဘာဝကို စောင်းပါးရိပ်ခြည်သိနေပြီးသည့် ဆြာဒင်သည် အာဏာပါဝါကို မမက်မောသော်ငြား သူတစ်ထူး၏အခက်အခဲကိုကူညီလိုစိတ်သာ ကဲနေသည်ဖြစ်ရာ အထွေအထူးဆွေးနွေးငြင်းဆန်ခြင်းပြုမနေတော့ပဲ နှစ်ဆယ့်လေးနာရီ၊တစ်ရက်တိတိ၊ သမ္မတမင်းစည်းစိမ်ကို ခံစားရန်အလို့ငှာနောက်တော်ပါသုံးဦးကို အပါခေါ်လျက် သမ္မတကြီး ၏အထူးကိုယ်စားလှယ်လွှဲစာကိုယူဆောင်ကာ၊၎င်းစီးနင်းလေ့ရှိသော အထူးရဟတ်ယာဉ်ဖြင့် နေပြည်တော်ရှိသမ္မတအိမ်တော်သို့ တက်သုတ်နှင်ရောက်ခဲ့ရပြန်ချေသည်တစ်မုံ့တကား။

(၃)
ဆြာဒင်သမ္မတ  တာဝန်ကို တစ်ရက်တာ တခဏ၊စတင်ထမ်းဆောင်ရမည့်နံနက်ခင်းကား တစ်သက်မမေ့နိုင်စရာ စည်းစိမ်ခြွေရံသင်းပင်း တို့နှင့်ပြည့်စုံလှသော်လည်း ဆြာဒင်သည် ကြီးကျယ်ခမ်းနားလှသော  သမ္မတမင်း၏အဆောင်အယောင်တို့ကို ဂရုဓမ္မပြုမခံစားနိုင်အား၊ စိတ်ထဲတွင် ဆောင်ရွက်လိုသည့်အရေးကြီးကိစ္စကိုသာ ဖုတ်ပူမီးတိုက်ဆောင်ရွက်မိလေ၏။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ၊သမ္မတရုံးဝန်ကြီး၊ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား နှစ်နာရီအတွင်း သမ္မတရုံးအစည်းအဝေးခန်းမသို့  ချက်ချင်းအစည်းအဝေးတက်ရောက်ရန် အရေးပေါ်အမိန့်စာကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ရ၏။တချိန်တည်းတွင် ၎င်းအရေးပေါ်အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ကြသည်များကို အများပြည်သူ တိုက်ရိုက်ကြည့်ရှုနိုင်ရန် အလို့ငှာ ပြည်တွင်းပြည်ပ မီဒီယာအသီးသီးကိုလည်း တပြိုင်တည်း အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်နိုင်စေရန်၊အခွင့်အရေးပေး  ဖိတ်ခေါ် စေရ၏။

သတ်မှတ်ချိန်တွင် မီဒီယာများ၊ဖိတ်ကြားထားသောအထူးအရေးကြီးပုဂ္ဂိုလ်များစုံညီစွာရောက်ရှိနေခဲ့ပြီဖြစ်ရာ သမ္မတကြီးဒင်သည် အချိန် ကို ငဲ့ရသည်ဖြစ်၍ အဖွင့်မိန့်ခွန်းမျှကိုပင် လျှာရှည်မြွက်ကြားမနေတော့ပဲ လိုတိုရှင်းအချက်ကိုပင် လမ်းညွန်မှုပေးလိုက်ရပေ တော့သည်။
"ကဲ၊ဒီမိုကရေစီခေတ်ရောက်ပြီမို့ ပြည်ပရင်းနှီးမြှပ်နှံမှုတွေ တစ်ပြုံတစ်မကြီးဝင်လာနိုင်မှသာ ဗမာပြည်ရှေ့ခရီးမှာ အသက်ရှူချောင်ကြပေ လိမ့်မယ်၊နယူးယောက်မက်ဟန်တန်ရပ်ကွက်ထက် နှစ်ဆဈေးကြီးနေတဲ့ ရန်ကုန်မြေဈေးနဲ့ကဖြင့်၊ဇောတိကတောင်ထိုင်ငိုမှာမို့၊ ဝေါင် ဝေါင် ရှေးဝေးဝေးကရှောင်ကုန်ကြပြီ၊ဒီအတိုင်းရှေ့ခရီးဆက်လို့တော့မဖြစ်ချေဘူး။ဂျာအေးသူ့အမေရိုက်ပြီး မုန့်လုံးကိုစက္ကူကပ်ကုန်တော့ မယ်"

ဤတွင် လွှတ်တော်ဥက္ကဋ္ဌသည် ရုတ်ခြည်းမတ်တပ်ရပ်ကာ သမ္မတကြီးဒင်၏ စကားကို ကြားဝင်ဖြတ်သည်။
"ဒီိလိုရှိပါတယ်၊သမ္မတကြီး၊ဒီကိစ္စဟာ အပြန်အလှန်ထိန်းသိမ်း  ကြပ်မတ်ခြင်းဆိုတဲ့မူအရ လွှတ်တော်ကတဆင့် အဆိုတင်သွင်းပြီးမှသာ .."
သမ္မတကြီးဒင်သည် လွှတ်တော်ဥက္ကဋ္ဌကို လက်ရပ်ပြကာချက်ချင်းပြန်ထိုင်ခိုင်းလိုက်သည်။
"ထိုင်တော့၊ခင်ဗျားထိုင်တော့၊ခင်ဗျားဗျာ၊လွှတ်တော်ထဲရောက်နေတဲ့၊မြေပိုင်ရှင်တွေက မြေဈေးကိုထိန်းသိမ်းကြပ်မတ်နေမှတော့ နေမြင့် လေ၊ အရူး ရင့်လေပေါ့၊မတော်မတရားတာကိုသာ ထိန်းသိမ်းကြပ်မတ်ကြရမှာဗျ။ပြည်သူအတွက် သေချာပေါက်အကျိုးရှိမဲ့ကိစ္စရပ်မျိုးကို သမ္မတရဲ့ အထူးလုပ်ပိုင်ခွင့်အရ  ကျနော်လုပ်တယ်၊၊ခင်ဗျာ့သား စီးပွားရေးသိပ်သောင်းကျန်းနေတာ ကျနော်အကုန်သိနေတယ်နော်။ဒါပဲ"

သမ္မတကြီးဒင်နှင့်အနီးဆုံးတွင်  နေရာယူထားလေသည့် သမ္မတရုံးဝန်ကြီးကား သမ္မတကြီး၏လမ်းညွန်ချက်ကို အသေးစိတ်လိုက်လံ  ရေးမှတ်လျက်ရှိ၏။ငါးခူပြုံးပြုံးရင်း မူလလက်ဟောင်းသမ္မတနှင့်နှိုင်းစာသော် ၊ဆီနှင့်ရေလို ကွာခြားလှသည့်ယာယီတခဏသမ္မတ ကြီးဒင်၊ ပြတ်ပြတ်သားသား  ကိုင်တွယ် ဆောင်ရွက်နေသည်ကို သဘောအကျကြီးကျနေဟန်မှာ "ဒါမှ ငါတို့သမ္မတ"ဟု ဆိုနေဘိသကဲ့ သို့ရှိလေသည်။

(၄)
ဆြာဒင်သည် အာဏာပါဝါပြရသည့်အလုပ်ကို စက်ဆုပ်ရွံ့ရှာလှသော်ငြား နှစ်ဆယ့်လေးနာရီတည်းဟူသော အချိန်အကန့်အသတ်ကို တန်ဖိုးထားနေရသူမို့ ရှင်းရှင်းပြတ်ပြတ်ပင် ရှေ့ဆက်ရချေသည်။
"ကဲ၊ ကာချုပ်၊ခင်ဗျားဘူဒိုဇာနဲ့ ကော်ပြီးသိမ်းထားတဲ့ မြေထဲက တစ်ဝက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အခုချက်ချင်းတရားဝင် စွန့်လွှတ်ပါ။စွန့်လွှတ်တဲ့မြေဈေးဟာ ထိုင်းနိုင်ငံ ဖူးခက်မြေဈေးထက်မပိုပါစေနဲ့၊ သေချာမှတ်ထားဗျာ။ တကမ္ဘာလုံးက၊သူဌေးတွေ အိမ်တစ် လုံးစီပိုင်ကြတဲ့ ဖူးခက်မှာတောင် မြေတဧကကိုဗမာငွေသိန်းခြောက်ရာထက်မကျော်ဘူးဗျ၊မရှင်းတာရှိရင်မေး"

ကာကွယ်ရေးဦးစီးချုပ်သည်လည်း သမ္မတဒင်၏စကားကို နှစ်မြို့ဟန်မရ၊မခံချိမခံသာမျက်နှာပေးဖြင့် အထွန့်တက်ပြန်ချေပြီ။သမ္မတကြီး ဒင် ခပ်တင်းတင်းရှေ့တလှမ်းတိုးရပြန်ချေသည်။

"ဘူဒိုဇာနဲ့ကော်ရတာ တပ်မတော်အင်အားရှိဖို့ပါသမ္မတကြီး၊တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာမဟုတ်လား"
"တော်စမ်းပါဗျာ၊ပြည်သူလူထုအင်အားရှိမှ တပ်မတော်အင်အားရှိမှာဗျ၊ခင်ဗျားပွဲစားခမက်ပြီး၊တရုတ်နဲ့ဆိုဗီယက် တပတ်ရစ်လေယာဉ် တွေ၊ တင့်ကားတွေ၊ အမြှောက်တင် သံချပ်ကာကားတွေကိုချည်းလှိမ့်ဝယ်နေလို့ကတော့ မွဲဆေးဖော်နေတာနဲ့အတူတူပဲ၊ ပျက်ကျလိုက် ပြင်လိုက်နဲ့ တိုက်ရခိုက်ရတယ်မရှိဘူး"
ပေစောင်းပေစောင်းနှင့်ကာချုပ်တစ်ယောက် သူ့ကုလားထိုင်မှာသူပြန်ထိုင်ချိန်တွင်ကား ထူထဲလှသောစိန်စီရွှေကိုင်းမျက်မှန်တဝင်းဝင်းနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်မင်းသည်လည်း မခုတ်တတ်သည့်ကြောင် အိုက်တင်ဖြင့် တစခန်းထပြန်လေသည်။

"သမ္မတကြီးခင်ဗျာ။တကယ်တော့ တိုင်းပြည်ဆင်းရဲရတာဟာ အစိုးရက အလိုလိုက်လွန်းလို့ဖြစ်ရတာပါ၊ခေတ်အဆက်ဆက်ပြန်ကြည့်ရင် အစိုးရအဖွဲ့အသီးသီးဟာ ပြည်သူကိုငဲ့ညှာလွန်းအားကြီး ..ကြီး"
သမ္မတဒင် ဒင်းအား စကားကြောရှည်ခွင့်မပေးနိုင်၊အချိန်နှင့်ဒီရေသည်ဆြာဒင့်ကိုမစောင့်။
"တော်တော့ဗျာ။အစိုးရထက်သြဇာကြီးတာပြည်သူဗျ။ဒီမိုကရေစီစံနစ်မှာအာဏာဟာ ပြည်သူ့ဆီကနေစီးဆင်းတယ်။ ဘာကောင်တွေနဲ့ဖွဲ့ ထားတဲ့အစိုးရမို့ အလိုလိုက်တယ်ဆိုရသတုန်း။ခင်ဗျားမြို့တော်ဝန်နဲ့ ပေါင်းရိုက်နေတဲ့ဂွင်တွေကျုပ်မသိဘူးမထင်နဲ့နော်၊ဘယ်နှယ့်ဗျာ၊ ရာထူးလက်ခံစဉ်တုန်းက ဗမာငွေသိန်းငါးဆယ်တောင် လက်ထဲမကပ်ခဲ့တဲ့ မြို့တော်ဝန်၊ခုတော့ ဒေါ်လာသန်းရာချီပြီးဂွင်တည့်နေပြီ။ တည့်မှာပေါ့။စည်ပင်ပိုင်မြေတွေကို ဈေးပြိုင်တင်ဒါခေါ်လိုက် ငွေရှင်နဲ့ဝေစားလိုက်လုပ်နေတာကိုး။ကြာပါတယ်ဗျာ၊စည်ပင်မြေတွေကိုပါ ဒီစီမံ ကိန်းထဲထည့်"

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကား ဇက်ပုရင်း ဆတ်ကနဲပြန်ထိုင်သွားချိန်တွင် အစည်းအဝေးဆုံးခန်းတိုင်ခဲ့ချေပြီ။တက်ရောက်လာကြသည့် အရေးကြီးပုဂ္ဂိုလ်တို့ကား မြန်မာ့မြေဈေးကျဆင်းရေးအထူးအစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်ကိုဆောင့်ကြီးအောင့်ကြီး အတည်ပြု လက်မှတ်ရေးထိုးကြလျက်သမ္မတကြီးအား  နေနှင့်အုံးပေါ့ကွာဟူသော မျက်နှာပေးကိုယ်စီဖြင့်ခပ်ဆောင့်ဆောင့်ခြေလှမ်းလှမ်းကာ ထွက်ခွာ တော်မူကြကုန်၏။

(၅)
သမ္မတကြီးဒင်သည် အစည်းအဝေးဆုံးဖြတ်ချက်အား ပြီးဆုံးတိုင်ဆက်လက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို တပည့်ကျော်သုံးဦးအကူအညီဖြင့်နေ့ချင်းပြီးရေးဆွဲလျက် သက်ဆိုင်ရာဌာနအသီးသီးသို့ မိတ္တူများပေးပို့နိုင်ခဲ့ချိန်တွင်မူ ညဥ့်သန်းခေါင်ယံ တိုင်ခဲ့လေပြီ။ထို့အတူ ဆြာဒင်၏တစ်ရက်တာ တခဏသမ္မတရာထူးသည်လည်းဆုံးခန်းတိုင်ခဲ့ပေပြီ။

နောက်တစ်နေ့ထုတ်ပြည်တွင်းပြည်ပသတင်းစာများတွင် သမ္မတကြီးဒင်၏ အထူးအစည်းအဝေးအကြောင်း ဆြာဒင်၏ဓာတ်ပုံကြီးများကို မျက်နှာပြည့် ပြူးတူးပြဲတဲဖော်ပြကြ၏။ရန်ကုန်အပါအဝင်မြန်မာပြည်တနံတလျားရှိ မြေဈေးမှာနာရီပိုင်းအတွင်း ရှစ်ဆယ်ရာခိုင်နှုန်း ရုတ် တရက်ထိုးဆင်းသွားသည်ဟူ၏။

ပျော်စံရိပ်ငြိမ်၊စည်းစိမ်မကွာ၊မင်းချမ်းသာကား၊သမုဒ္ဒရာထက်ခဏပွက်သည့်ရေပွက်ပမာ၊တသက်လျာပေတည်း။သမ္မတရာထူးကို ပြန် လည်စွန့်လွှတ်ပြီး ပြီမို့ ဆြာဒင်နှင့်တပည့်ကျော်တို့သည် သာမန်အရပ်သားများကဲ့သို့ပင် ဈေးပေါ၍တွက်ချေကိုက်သော  လေကြောင်း လိုင်းတစ်ခုဖြင့် ဖူးခက်သို့ပြန်ကြရန် လေဆိပ်ဆီသို့သွားရာ လမ်းတလျှောက်တွင် ပြည်သူအပေါင်းသည် ဆြာဒင်အား ပန်းမိုးရွာ လျက်နှုတ်ဆက်ကြ ကုန်၏။

"ဆြာဒင် ကျန်းမာ ပါစေ၊အသက်ရာကျော်ရှည်ပါစေ"ဟုလည်း ဆုတောင်းပတ္ထနာပြုကြလေရာ ဆြာဒင်သည် မိမိစီးနင်း လိုက်ပါသည့်ကားဘေးမှန်ကိုချလျက် လူထုအားတုန့်ပြန်နှုတ်ဆက်ရန် ခေါင်းပြူအထွက်တွင်ကား ဘယ်အရပ်ဆီမှလာ လေမှန်းမသိသည့် မာကျောလှသော လောက်စာလုံး တို့သည် တဝီဝီမြည်သံဖြင့် ဆြာဒင့်နဖူးပြင်ကို ထိမှန်လေရာ၊ ခေါင်းထဲ တွင်ကြယ် ရောလပါစုံသွားသည့် ဆြာဒင်သည် နောက်ထပ်လာ လတ္တံသောလောက်စာလုံးတို့၏ဘေးရန်မှ၊ ကာကွယ်ရန်အလို့ငှာ ကားအတွင်းပိုင်း သို့ ဇတ်ကနဲ ဝပ်ချလိုက်ချိန်တွင်ကား.....၊ ဆြာဒင်သည်ကုတင်ပေါ်မှ ဂျွမ်းပြန်ကျကာ နဖူးသည်ကြမ်းပြင်နှင့်မိတ်ဆက်သဖြင့် ဟက်တက် ကွဲခဲ့လေ၏။
 
အိပ်မက်တွင်လောက်စာလုံး နှင့်မို့သာတော်ချေတော့သည်။နဖူးပြင်က အမာရွတ်ကားသေရာပါခဲ့ပြီ။

ဤသို့လျှင်ဆြာဒင်သည် မိုးအေးအေးနှင့်အိပ်ယာထက်တွင်ကွေးနေချိန်တိုင်း၌ နဖူးကအမာရွတ်ကိုလက်ဖြင့်အသာအယာစမ်းရင်း မသေ ကောင်းမပျောက်ကောင်း၊ထိတ်လန့်စရာကောင်းလှသည့်အိပ်မက်ဆိုးကို ထပ်မံမမက်ရဲလေသောကြောင့် တုန်လှပ်သော ရင်အစုံဖြင့် "ဒီမိုး မှောင်တုန်း  ဒင်ပုန်းပါရစေခင်"ဟူ၍သာ တီးတိုးရေရွတ်နေလေ့ရှိတော့ချေသည်တကား။ ။
(၁)
ဖူးခက်မိုးသည်အနောက်တောင်ဆီက ရွာမည်ဟန်ပြင်နေလေပြီ။ မိုးသက်လေနှင့်အတူ မုန်တိုင်းပင့်ပြန်လေရာ စစ်မျက်နှာဖွင့်၍ တိမ်ခိုး လွှင့်ကာနှင်လျက်ရှိလေ၏။
မျှော်ကြည့်လေရာတွင် မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်မှင်လျက်ပြိုမှာလေလားမိုးရဲ့ဟု စိုးအောင်ခုပင်၊ မိုးနတ် အဗ္ဗုန်မောင်၊ ဖန်တီးနိုင်အားပါဘိသည်။
လျှံရွှေစင်ကဲ့သို့ပြိုးပြိုးပြက်နေသည့် လျှပ်စစ်ရောင်ခြည်မျှင်တို့ဖြင့် ဗျူဟာဆင်ကာ မိုးလုံးပြည့်တ ရွေ့ရွေ့ယူဆဲတွင်၊နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၌ အာကာဝေဟင်သည် လွမ်းအောင်ဖော်ပြနေယောင်တကား၊ ဆြာဒင်သည် ဘယ်ရှေး ဝဋ်ကြွေး အတုန့်အတင်ရှိခဲ့လေသနည်း၊ လက်စားချေပြီထင့်၊ ခိုမှီရာမဲ့သည့် ဆြာဒင့်ဖြစ်အင်ကို ရှုလှည့်မြင်လှည့်စေချင်ပါ၏။

၅။၀၆။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ

မင်းဒင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...