Sunday, June 22, 2014

လူသားပြတိုက်ထဲက မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ကယန်း ပဒေါင်များ

The Irrawaddy (Burmese Version)'s status update.

ငြိမ်းဇော်
ဘတ် ၅၀၀ မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၅၀၀၀ ဝန်းကျင်ပေးပြီး ကြည့်ရတဲ့ လည်ပင်းကြေးကွင်းစွပ် ကယန်း ပဒေါင် တိုင်းရင်းသားတွေဘဲ ဖြစ်ပါတယ်။ အားလုံးက မြန်မာနိုင်ငံ ကယားပြည်နယ်က လာကြတာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာရှိတဲ့ မဲ့ဆာ (Mae Sa) မြို့ငယ်လေးက ထိုင်းသူဌေး တစ်ဦးပိုင် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်း ကျင်က ဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ LONG NECK KAREN ဆိုပြီး လည်ပင်း ကြေးကွင်းစွပ် ပဒေါင် ဦးရေ ၁၀၀ ကျော်နီးပါးကို ပြထားတာ ဖြစ်ပါတယ်။ တဲအိမ်ပေါင်း ၇၀ နီးပါကို ရွာတန်းရှည်ပုံဆံ မျိုးနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အဲဒိမှာ နေကြတဲ့ ပဒေါင်တွေဟာ သူတို့ဒေသမှာ လုပ်ကိုင်စားသောက်ရေး ခက်ခဲတာကြောင့် နယ်စပ်တွေက နေတဆင့် ထိုင်းနိုင်ငံ ဘက်ကို ရွှေ့ပြောင်းလာရင်း ထိုင်းလုပ်ငန်းရှင်တွေ ဖွင့်တဲ့ လူသားပြတိုက် ထဲ ရောက်လာခဲ့တာ ဖြစ်တယ်လို့ ပဒေါင် တိုင်းရင်းသား တစ်ဦးက ပြောပါတယ်။
သူတို့ကို သူဌေးက မိသားစုအလိုက် ထောက်ပံ့ကြေး အနည်းငယ်သာ ပေးတာကြောင့် ပဒေါင်အမျိုးသား တွေက အပြင်ထွက် နေ့စားကျပန်းအလုပ်တွေ ရှာကျန် လုပ်ရတယ်လို့ ဆိုကြပါတယ်။ “သူဌေးက ဆီးဖိုး ဆန်ဖိုးလောက်ဘဲ ပေးတာ ပါ” တဲ့ မေးသမျှ အားလုံးနီးပါးက ဒီအတိုင်းပဲ ဖြေကြပါတယ်။
ကြေးကွင်းစွပ် ပဒေါင်အမျိုးသမီးတွေကိုတော့ အပြင်ထွက်ခွင့်ကို ပိတ်ပင်ထားပါတယ်။ အဲဒီထဲမှာဘဲ မိုးလင်း မိုးချုပ် ဧည့်သည် အလာကို စောင့်မျှော်နေကြရတာပါ။ မဖြစ်မနေ အပြင်ပေးထွက်ရင်တောင် သူတို့ ဝတ်ဆင်ထားတဲ့ လည်းပင်းက ကြေးကွင်းတွေကို လူမမြင်နိုင်အောင် အဝတ်တွေနဲ့ ပတ်ပြီးသွားရတာပါ။ သူဌေးတစ်ဦးဦးက ကြေးကွင်းစွပ် ပဒေါင်မှန်းသိရင် လူကို တန်ဖိုးဖြတ်ဝယ်ယူတာကြောင့် အပြင်သွားတိုင်း ရုပ်ဖျက်ပြီး သွားကြရတယ်လို့ ပဒေါင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
တဲအိမ်ထဲက လက်ယက်ကန်းယက်နေတဲ့ ၁၀ ကျော်သက်အရွယ် ပဒေါင်ငယ်တစ်ဦးကတော့ “ကျမ ရွာမှာ ကျောင်း ၅ တန်းဘဲ တက်တယ်။ ဒီမှာ ရောက်လာတယ်။ ရွာမှာ အလုပ်မရှိဘူး” တဲ့ လက်တဘက်က ချည်စကို သိမ်းနေရင် မြန်မာစကားကို ကြိုးစားပြီး ပြောပါတယ်။
အဲဒီမှာ ရှိတဲ့ ပဒေါင်အမျိုးသမီးတိုင်း ချည်ထည်မျိုးစုံ ယက်လုပ်ကြတာပါ။ သူတို့အတွက် တဖက်တလမ်း ဝင်ငွေလို့ ဆိုရမှာပါ။ အဲဒီက ရောင်းလို့ရတဲ့ ဝင်ငွေက သူတို့အိမ်သုံးစရိတ်ကာမိတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကြေးကွင်းစွပ် ပဒေါင်တွေကို နိုင်ငံခြားသားတွေ ကြည့်ရှု့လေ့လာဖို့အတွက် ထိုင်းအစိုးရက ဈေးကွက်တခုအနေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း အစိုးရက ကိုယ်တိုင်မလုပ်တော့ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကို လွဲပြောင်းပေးလိုက်တာလို့ သိရပါတယ်။ လွဲပြောင်းပေးလိုက်ပြီး မကြာခင်မှာဘဲ ထိုင်းနိုင်ငံရဲ့ မြို့ပြတော်တော်များများမှာ “တိုင်းရင်းသား ကျေးရွာ” ဆိုပြီး ပဒေါင်တွေကို ပြစားလာတာဘဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ပဒေါင်လူမျိုးတွေကို အခကျေးငွေယူပြီး Human Zoo သဖွယ်ပြစားတယ်ဆိုပြီး နေရပ်ရင်း မြန်မာပြည်က ပဒေါင်တိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြပါသေးတယ်။
ပဒေါင်းတိုင်းရင်းသားတွေကိုယ်တိုင်ကလည်း နေရပ်ရင်းမြန်မာပြည်မှာ စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်ရှားပါး တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လူသားပြတိုက် မှာ အရှက်တရားတွေဘေးဖယ်ပြီး လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစကားကို ပီပီသသပြောဆိုနိုင်တဲ့ ပဒေါင်တိုင်းရင်းသား ဦးခါးလွေက “ဒီမှာတော့ ဘယ်နေချင်ပါ့မလဲ။ မဖြစ်လို့တာ နေရတာပေါ့။ ကိုယ့်နိုင်ငံမှာ အဆင်ပြေရင် ပြန်မှာဘဲ။ အခုက လူသား တိရစ္ဆာန်လိုလို ဖြစ်နေတယ်” သောက်လက်စ ရေနွေးခွက်ကို ကိုင်ရင်း ပြောပြတာပါ။
နေရပ်ရင်းမြန်မာနိုင်ငံမှာတော့ စုစုပေါင်း ကြေးကွင်းစွပ် အယောက် ၁၀၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပေမယ့် ထိုင်းနိုင်ငံမှာတော့ စီးပွားရေးအရ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ပဒေါင်လူမျိုး ရာပေါင်းများစွာရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ 

ဓာတ်ပုံ - ငြိမ်းဇော် ( ဧရာဝတီ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...