Tuesday, June 3, 2014

ရွှံ့တောထဲက စိတ်ဓာတ်နဲ့ ကမ္ဘာပတ်လို့မရပါ (၂)

Ye Kyaw Thura's photo.
Ye Kyaw Thura's photo.
Ye Kyaw Thura added 5 new photos.

ခုနှစ်မမှတ်မိတော့ပေမဲ့ အမေရိကန်မှာ စစ်မှုမထမ်းမနေရ စနစ်ကို ဖျက်သိမ်းလိုက်တာ အတော်ကြာသွားပါပြီ။ ဒီတော့ တပ်မတော်သားစုဆောင်းတဲ့အခါ အခြားအဆင့်တွေအတွက် သတ်မှတ် စစ်မှုထမ်းသက်ကာလပြည့်ရင် တက္ကသိုလ်အခမဲ့တက်ခွင့်ပေးတယ်လို့ သိရပါတယ်။ အမေရိကန်က တက္ကသိုလ်တွေက သူ့နိုင်ငံသားတွေတောင် အဆင်မပြေတဲ့သူဆိုရင် မတက်နိုင်ဘူးလို့သိရပါတယ်။
ကျန်တဲ့အခွင့်အရေးတွေလည်း ထပ်ဆောင်းပေးထား ပါသေးတယ်။ ဖတ်ထားတာ နှစ်အတော်ကြာသွားပြီမို့လို့ အသေးစိတ်မမှတ်မိတော့ တာပါ။


အီရတ်ပထမ စစ်ပွဲကာလက ကျွန်တော်တပ်ထဲမှာပဲရှိပါသေးတယ်။ ၁၉၉၀ လို့ထင်တာပဲ။
အဲဒီမှာ အရှေ့အလယ်ပိုင်းရောက်နေတဲ့ အမေရိကန်တွေကို ကြည့်ပြီး အားကျမိ တာတော့ အမှန်ဗျ။
ကြည့်လေ…ရှေ့တန်းရောက်နေတဲ့ စစ်သားသေနတ်တိုက်နေတာ ဘေးမှာ အကောင်း စား ယမကာပုလင်းနဲ့၊ မုန့်ပုံးကလည်း အရံသင့်၊ လက်နက်ခဲယမ်းဆိုတာကလည်း ဖိတ် ဖိတ်တောက်လို့၊ ဆင်ထားတဲ့ Equipment တွေက အကောင်းစားတွေ၊ အားမကျနေမ လားဗျာ။
မြန်မာ့တပ်မတော်မှာ ကြည်း၊ ရေ၊ လေ သုံးခုရှိတဲ့အနက် ကြည်းတပ်မှာ တိုက်ခိုက်ရေး တပ်တွေနဲ့ အကူလက်ရုံးတပ် တွေရှိပါတယ်။ ဒီအထဲမှာ အဆင်းရဲဆုံး၊ အပင်ပန်းဆုံး တပ်တွေကတော့ Infantry လို့ခေါ်တဲ့ တိုက်ခိုက်ရေးတပ်တွေ ပါပဲ။
ကြည်း အကူလက်ရုံးတပ်တွေဖြစ်တဲ့ အမြောက်တပ်၊ သံချပ်ကာတပ်၊ ကျွန်တော်တို့ ခေတ်တုန်းက မရှိသေးတဲ့ လေကြောင်း ရန် ကာကွယ်ရေး တပ်၊ ထောက်ပံ့ရေးတပ်၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်၊ ပင်မ လက်နက်ခဲယမ်းမီးကျောက်တပ် စတဲ့တပ်အကြောင်းတွေတော့ ဂ၊ ဃ၊ န၊ ဏ မသိပါဘူး။
ကျွန်တော်က Infantry မှာမွေးပြီး ကြီးပြင်းခဲ့ရတဲ့ စစ်သားသားသမီး ဖြစ်သလို ကိုယ်တိုင်လည်း Infantry မှာပဲ စစ်သား တစ်ယောက်ဖြစ်ခဲ့သးဆိုတော့ Infantry အကြောင်းကိုပဲ ပိုသိပါတယ်။
ဒီတော့ ခြေလျင်တပ် (ခြေလျင်နဲ့ ခြေမြန်တပ် အတူတူပါပဲ၊ ဖွဲ့စည်းပုံနဲ့ ရည်ရွယ်ချက် အရသာ တိုင်းတပ်နဲ့ တပ်မတပ် တွေခွဲထားတာပါ။) က စစ်သားတွေရဲ့ ဆင်းရဲဒုက္ခ အဝဝကို ကိုယ်တိုင်လည်း ခံစား၊ တခြားသူတွေရဲ့ ဒုက္ခတွေကိုလည်း ကိုယ်တိုင် တွေ့ကြုံလာရတာပေါ့။
ကျွန်တော်တို့ကာလက တပ်သားသစ်လစာ ၁၄၅ ကျပ်နဲ့ တပ်သားကြီးတစ်ယောက် လစာဂိတ်ဆုံးက ၂၁၀ ကျပ်ပါ။ တက်ထရက်ပုဆိုး ၄ ကွင်းစာ ပေါ့ဗျာ။ အခု ၆၀၀၀၀ လို့ထင်ပါတယ်၊ ဒါဆိုလည်း သိပ်မကွာသေးပါဘူး။ ပုဆိုးချော ၇ ကွင်းစာလောက်တော့ ရှိမှာပေါ့။
ကျွန်တော်တို့ခေတ်က တပ်မတော်က စစ်သည်တစ်ဦးကို အာမီရမ် တစ်လ တစ်လုံးနှုန်းပေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်စစ်သက် တစ်လျှောက်လုံး အာမီရမ်တစ်လုံးပြည့်အောင်တစ်ခါမှ မရဖူးဘူး ခင်ဗျ။
အဲဒီအချိန်က ရန်ကုန်စစ်ရုံးက သူငယ်ချင်းတွေဆီရောက်တဲ့အခါ မေးကြည့်တော့ သူတို့ တစ်လကို အာမီရမ် ၂ လုံး လတိုင်းပုံမှန်ရတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ တပ်မ တပ်တွေ အနေနဲ့ စစ်ဆင်ရေးတစ်ခါထွက်ရင် အနည်းဆုံး ၆ လကြာပါတယ်။ လိုအပ်ရင် လိုအပ်သလို တစ်ခါတစ်လေလည်း ၉ လလောက်အထိ ကြာတတ်ပါတယ် စစ်ဆင်ရေး ထွက်နေတဲ့ကာလမှာ ဘာအာမီရမ်မှ မရပါဘူး။ နောက်တန်းပြန်ရောက်တဲ့အခါ တပ်ပြန်လည်စုဖွဲ့တဲ့ ကာလ တစ်လအတွင်း စစ်သည် ၂ ယောက်တစ်လုံး၊ တစ်ခါတလေ ၄ ယောက်တစ်လုံးနှုန်း ပေးပါတယ်။
တပ်ရင်းမှူးက တစ်ခါတည်းဖြတ်ထားတာလို့ ဆိုပါတယ်။ ဘာလို့ဖြတ်ထားတာလဲ ဟုတ်ကဲ့၊ သူ့မှာလည်း အကြောင်း ရှိပါတယ်။ ခြေလျင်တပ်ရင်းတစ်ရင်းဆိုတော့ ဝင်ငွေမရှိပါဘူး။ ဧည့်ခံကျွေးမွေးစရိတ်နဲ့ အခြား အုပ်ချုပ်မှု ကိစ္စအဝဝ အတွက် တပ်ရင်းမှူးလည်း စိုက်စရာငွေ မရှိပါဘူး၊ ဒီတော့ အောက်ဆုံးက နင်းပြားများ ခံကြစေသတည်း ပေါ့ဗျာ။
တပ်ရိက္ခာဆန်ဆိုတာ တစ်ခါတလေ ဘုရားစူး လူစားတဲ့ဆန်လို့ ပြောရမှာပါ။ ဒါကတော့ ကကထောက်နဲ့ ဆိုင်မလား မသိပါ။ သက်ဆိုင်ရာထောက်ပံ့ရေးတပ်တွေနဲ့လည်း ဆိုင်ပါ လိမ့်မယ်။ ဘယ်လို Quotation ကောက်ပြီး ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဘယ်လိုဝယ်တယ် ဆိုတာ ဘယ်သူမှမသိပါ။ တပ်ကိုရောက်လာတာကတော့ ဝက်စာထက်ဆိုးတဲ့ ဆန် တွေများပါတယ်။
တပ်ရင်းလိုင်းခန်းတွေကိုကြည့်ပါ။ ဆောက်ပြီးသိပ်မကြာဘူး အထဲမှာ ဂေါ်လီကစား လို့ရလောက်အောင် ချိုင့်တွေ၊ တွင်းတွေနဲ့ ဖြစ်သွားပါတယ်။
သက်ဆိုင်ရာဆောက်လုပ်ရေးတပ်က အင်ဂျင်နီယာ အရာရှိများ၊ တပ်ကြပ်ကြီးများ ကတော့ အပြင်မှာ တိုက်တစ်လုံးပြီးတစ်လုံးပါပဲ။
ကျွန်တော်တို့တိုင်းပြည်အနေအထားနဲ့ ချမ်းသာတဲ့နိုင်ငံကိုယှဉ်ပြီး အခွင့်ထူးခံလို့ မရဘူးဆိုတာ သိပါတယ်။ အခု ပြောနေတာက အခွင့်ထူးခံဖို့ပြောနေတာ မဟုတ် ပါ။ နိုင်ငံတော်က သတ်မှတ်နှုန်းထားအတိုင်း ချပေးထားပါလျှက်ကနဲ့ ကြားက ဖြတ်စား လာဘ်စားတွေကို ပြောနေတာပါ။
ကောင်းပါပြီ တိုင်းပြည်တကယ်ဆင်းရဲလို့ဆိုရင်လည်း အားလုံးဆင်းရဲတဲ့အတိုင်းနေပေါ့ ဗျာ။ တိုင်းမှူး၊ တပ်မမှူး က အစ တပ်ရင်းတွေလာစစ်တဲ့အချိန်ကျရင် စားကောင်းသောက် ဖွယ်တွေနဲ့ ဧည့်ခံတဲ့အခါ ဟေ့..ငါ့ရိက္ခာငွေ အဲဒီ လောက်ရတာမဟုတ်ဘူး၊ မင်းတို့ မသမာတဲ့နည်းနဲ့ ရှာထားပြီး ငါ့ကို ဧည့်ခံနေကြတာ မဟုတ်လား လာစမ်း ဆိုပြီး တပ်ရင်းမှူးနဲ့ တပ်ရေး ဗိုလ်ကြီးကို ခေါ်ပြီးပါးရိုက်သွားတဲ့ လူကြီးလို့ ကြားဖူးပေါင်။ အားလုံး အော်ဟစ် ငေါက်ငမ်းပြီး ကျွေးတာစား၊ တိုက်တာ သောက်သွားကြတာပါပဲ။
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့် သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုသလိုပါပဲ။
မဆလခေတ်မှာ ဝန်ကြီးတစ်ယောက်ရဲ့လစာဟာ ထောင်ဂဏန်းမျှသာရှိပါတယ်။ စစ်အစိုးရလက်ထက်အထိ သောင်းဂဏန်းကျော်ကျော်လေးပဲ ရှိပါတယ်။ ၂၀၀၃- ၂၀၀၄ လောက်အထိ နိုင်ငံတော်အကြီးအကဲရဲ့ တရားဝင် လစာဟာ ၂၅၀၀၀၀ (ကျပ် နှစ်သိန်းခွဲတိတိ) ပဲရှိပါသေးတယ်။
ဒီတော့ ၁၉၈၈-၁၉၈၉ ကနေ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလအထိ ဝန်ကြီး တစ်ယောက် လစာကို တစ်သိန်း ရတယ်ပဲ ထားလိုက်ပါတော့၊ တစ်လ ၁၀၀၀၀၀ x ၁၂ လ = ၁၂၀၀၀၀၀ (တစ်ဆယ့်နှစ်သိန်းတိတိ) နှုန်းနဲ့ ၁၂၀၀၀၀၀ x ၂၁ နှစ် = ၂၅၂၀၀၀၀၀ (စုစုပေါင်း နှစ်ရာငါးဆယ့်နှစ်သိန်း) ပဲရှိပါတယ်။
တကယ်လစာအမှန်က အဲဒီတစ်ဝက်မရှိပါဘူး။ အိုကေ..အဲဒီဝန်ကြီးတွေ တစ်အိမ်သား လုံး အဟာရသိဒ္ဓိပြီးလို့ ဘာမှ မစားမသောက်ဘဲ နေမယ်ဆိုရင်တောင် စုစုပေါင်း အသားတင်ရမယ့်စုဆောင်းငွေက သိန်းနှစ်ရာ့ငါးဆယ် စွန်းစွန်း လေးပဲရှိပါတယ်။
ကဲ..ဘဏ်တိုးတွေ တခြားဘာညာသာရကာတွေနဲ့ နှစ်ဆတိုးလိုက်မယ်ဗျာ။ ဒါဆိုရင် လည်း သိန်း ၅၀၀ ဝန်းကျင်ပဲရှိပါ တယ်။ အခုလက်ရှိကာလမှာ အဆိုပါဝန်ကြီး အဆက်ဆက်ရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိတယ်ဆိုတာ အများ အသိပါ။
နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ပိုင်ဆိုင်မှုတွေ ထုတ်ဖေါ်ကြေညာကြ ရအောင်လို့ ပြောတာတောင် ကိုရွှေအမတ် မင်းများက တညီတညွတ်တည်း ကန့်ကွက်ကြသတဲ့ဗျား။
ဒါပါပဲ…၊ လူကြီးမင်းတို့ကို ပြည်သူတွေမုန်းတယ်ဆိုတာ ဒါပါပဲ။ အရေးအခင်းမှာ အာဏာ သိမ်းတာ တစ်ခုတည်းနဲ့ ပြည်သူက မုန်းတာမဟုတ်ပါဘူး။ ကျွန်တော် ထင်ပါတယ်၊ အာဏာသိမ်းခဲ့ပေမဲ့ ကျွန်တော်တို့ အဘတွေကိုယ်တိုင် ရိုးရိုးသားသား ဆင်းဆင်းရဲရဲနဲ့ တိုင်းပြည်ကို ဦးဆောင်နေရတယ်ဆိုရင်တော့ အတိုက်အခံတချို့ကလွဲလို့ လူထုက ဒီလောက်မုန်းမှာ မဟုတ်ပါဘူး။
အာဏာလည်းအလွဲသုံးစားလုပ်၊ ခိုးလည်းခိုး၊ လူထုကိုလည်း ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ဆိုတော့ ဘယ်သူက ချစ်မလဲဗျာ။ နောက်ဆုံး တပ်မတော်ဆိုတဲ့ ခေါင်းစဉ်ကိုပဲ တပ်ပြီး ပြောကြမှာပေါ့။
ကိုယ့်ပိုင်ဆိုင်မှုကိုယ် မကြေညာရဲဘူးဆိုမှတော့ ဘယ်လောက်ဘုန်းထားတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာပဲမဟုတ်လား။ အခု ကျိကျိတက် ချမ်းသာနေတဲ့ ဝန်ကြီးတွေကို မေးကြည့်ချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရိုးသားပါတယ်လို့ သဲအဆုပ်ဆုပ်ကိုင်ပြီး သစ္စာဆိုရဲကြရဲ့လားလို့။
ကျွန်တော်ကတော့ ဆိုရဲပါတယ်၊ ရှေ့တန်းမှာ ငတ်လွန်းလို့ ဟင်းသီး ဟင်းရွက်လေး၊ တစ်ခါတလေ ကြက်ကလေး ဘာလေး ခိုးစားဖူးပါရဲ့..။ အဲဒါကလွဲလို့ ပြည်သူဆီက မတော်မတရားဘာမှမယူဖူးဘူးခင်ဗျ။
ဗိုလ်ချုပ်မောင်လှ၊ ဗိုလ်ချုပ်ကက်စိန်တို့လို အင်မတန်ချစ်စရာကောင်းပြီး ရိုးသားတဲ့ စစ်ခေါင်းဆောင်တွေရှိပါတယ်။ တလောကပဲ ဖေ့စ်ဘုတ်မှာတွေ့လိုက်ပါသေးတယ်။ ဗိုလ်ချုပ်မောင်လှ အခန်းထဲကို ကောင်မလေးတွေလာထည့် ပေးလို့ ထည့်ပေးတဲ့သူကို အဲဒီမှာတင် ပါးရိုက်ပစ်သတဲ့ခင်ဗျ။ ဒါပေမဲ့ အများစုကတော့ အားလုံးသိတဲ့အတိုင်းပေါ့ ခင်ဗျာ။
ဒါဆို ဘာဖြစ်လို့ စစ်တပ်ကို ထောက်ခံနေတာလဲလို့ မေးရင် ကျွန်တော်ဖြေပါ့မယ်။ ကျွန်တော်စစ်တပ်ကို ထောက်ခံ နေတာဟာ တိုင်းပြည်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်တဲ့၊ ရာထူးနဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့ စစ်ဗိုလ် ချုပ်ကြီးတွေကို ထောက်ခံနေတာ မဟုတ်ပါဘူး။
အမျိုး၊ ဘာသာ၊ သာသနာအတွက် ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တဲ့ တပ်မတော်ကြီး ကို ထောက်ခံနေတာပါ။ ထမင်းစားတဲ့ လူတွေပဲ သိတာပေါ့ဗျာ။ ဒါပေမဲ့ မပူပါနဲ့။ ကုသိုလ်က ကုသိုလ်၊ အကုသိုလ်က အကုသိုလ်ပါပဲ။ ခိုးမှုကျူးလွန်ရင် ခိုးမှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရမှာပါပဲ။
ဒီဘဝမှာ ကုသိုလ်ကံ သိပ်မြင့်နေလို့ ဘာမှမဖြစ်ရင်လည်း သူ့အချိန်တန်ရင် ခံရမှာပါပဲ။
ကျွန်တော်နယ်စပ်မြို့လေးမှာနေတော့ အရေးအခင်းတုန်းက ကုန်သွယ်ရေးရုံးကို လက်နက်တက်သိမ်းတဲ့ အုပ်စုမှာ ပါတဲ့ လေတပ်က ထွက်လာတဲ့ သူတွေနဲ့ ခင်မင်ရင်းနှီးပြီး အတူအိမ်ခန်းငှားနေဖြစ်ကြပါတယ်။ ကျွန်တော်နဲ့နေတဲ့ သူငယ်ချင်းကို ခေတ်ကြီးလို့ သူ့ဘော်ဘော်တွေက ခေါ်ကြတယ်။
ထုံးစံအတိုင်း ကြည်းတပ်ထွက်နဲ့ လေတပ်ထွက်ဆိုတော့ တကျက်ကျက်နဲ့ပေါ့ခင်ဗျာ။ သူကလည်း မင်းတို့ကြည်းက ကောင်တွေဟာ ပုံစံခွက်ထဲက ကောင်တွေဆိုပြီးငေါ့။ ကျွန်တော်ကလည်း မင်းတို့ရေတို့ လေတို့ကကောင်တွေဟာ စစ်သားဖြစ်ပြီး စစ်သားစိတ်၊ ရဲဘော်ရဲဘက်စိတ် မရှိတဲ့ကောင်တွေလို့ ပြန်ပက်လိုပက်ပေါ့။
တစ်ရက်သားမတော့ ကျွန်တော်က "ဟေ့ကောင် ခေတ်ကြီး၊ ငါတို့ကြည်းမှာတော့ အင်မတန် ကံကောင်းတယ် ပြောရမလား ခွင်ကောင်းကောင်းကိုကျတဲ့ တပ်တချို့တလေတော့ ခွင်တည့်တယ်ကြားဖူးတာပဲကွ။ ဒါပေမဲ့ အဲဒါ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး တိုင်းတပ်တချို့ပါကွာ။ ငါတို့တပ်မတပ်ဆိုတာကတော့ ဆယ့်နှစ်ရာသီ စစ်တိုက်ဖို့ပဲ လုံးပမ်းနေရတာ။ အေး..ရေက ကောင်တွေက မိုက်တယ်ဟ။ ဘာတဲ့ ကျဉ်းကျပ်စရိတ်တို့၊ ရိက္ခာတို့ ဆိုတာလည်း ရသတဲ့မောင်၊ ပင်လယ်ထဲမှာ ခွင်ကလည်း အတော်တည့်တယ်ပြောတာပဲ..။ ငါသနားတာက မင်းတို့လေတပ်က Fighter pilots တွေပဲ၊ သူတို့ခမျာ စစ်တိုက်ခါနီးဆို လေယယာဉ်ပေါ်တက်၊ သက်စွန့်ဆံဖျား ဗုံးကျဲစရာရှိကျဲ၊ မသေရင် ပြန်လာ၊ ဘာခွင်မှလည်းမတွေ့ဘူး၊ အမြင့်ဆုံးမှာ နေပေမဲ့ ဘာမှလည်းမစားသာပါဘူးကွာ။ ကံမကောင်းရင် ရန်သူပစ်လို့ ဖြစ်ဖြစ်၊ စက်ချို့ယွင်းလို့ ဖြစ်ဖြစ် ပျက်ကျပြီးသေဦးမယ်။" ပြောလိုက်ပါတယ်။
လေတပ်က မောင်တွေကို သနားစရာလို့ပြောလိုက်တဲ့ ကျွန်တော့်ကို သူက သနားစရာ သတ္တဝါတစ်ကောင်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ပြန်ကြည့်ပြီး.."အေး..လေယာဉ်မှူးတွေရဲ့ Service ကို Flying hours လို့ခေါ်တဲ့ ပျံသန်းချိန် နဲ့တိုင်းတာတယ်ဆိုတာ မင်းကြားဖူးလား။" လို့မေးပါတယ်။
ကျွန်တော်က ကြားဖူး၊ ဖတ်ဖူးကြောင်းပြောတော့ သူ ဘာပြောတယ်ထင်လဲ။ ဟုတ်ကဲ့ သူက "အခု လုပ်သက် (…..) ရှိတဲ့ လေယာဉ်မှူးတစ်ယောက်ဟာ ပျံသန်းချိန် နာရီ ၁၀၀၀၀ ရှိရမယ်ဆိုကြပါစို့၊ အဲဒီလေယာဉ်မှူးမှာ နာရီ ၁၀၀၀၀ တကယ်ရှိမယ်လို့ မင်းထင်လို့လား။" တဲ့။
အဟီး…. သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်သဘောပေါက်သွားပြီ။ ဒါနဲ့ ကျွန်တော် ကလည်း နှိုက်နှိုက်ချွတ်ချွတ် မေး သူကလည်း မေးသမျှအကုန်ပြောရှာပါတယ်။ ပြီးတော့ပြောသေးတယ်၊ အဲဒီလိုမှ မလုပ်ရင် ဘာနဲ့သွားစား မလဲတဲ့။ ဒါလည်း ဟုတ်ပေတာပါပဲ။ သားကျွေးမှု မယားကျွေးမှုက ရှိသေးသကိုး…။
ကျွန်တော်ဆိုတဲ့ကောင်ကလည်း မနေနိုင်လို့ ဟေ့..မင်းတို့က ဟိုဘက်ကမ်း မှာ နေတာဆိုတော့ ထိုင်းရေတပ်က ကောင်တွေ ဆီခိုးရောင်းတာ တစ်ခါမှ မတွေ့ဖူးဘူးလား လို့ စပ်စပ်စုစု တွေ့သမျှလူကို လိုက်မေးတာ ရှိသေးတယ်။
ကျွန်တော်မေးလိုက်တဲ့လူတိုင်းက ကျွန်တော့်ကိုပြန်ကြည့်တဲ့ အကြည့်တွေကို ကျွန်တော်သိတာပေါ့။ နောက်မေးပါ များတော့ ထိုင်းဘက်ကမ်းမှာ အမြဲလိုလိုနေတဲ့ သူငယ်ချင်းတစ်ယောက်က ထိုင်းစစ်သား တစ်ယောက်လစာ၊ ထိုင်း အရာရှိ တစ်ယောက်ရဲ့လစာ ဘယ်လောက်ရတယ်၊ Facilities တွေက ဘာတွေရတယ်ဆိုတာ ကျွန်တော့်ကို ရှင်းပြ ပါရော။ ပြီးတော့ သူကပြောပါတယ်.."တွေ့က ရာ ပေါက်တတ် ကရတွေ လျှောက်မေးမနေနဲ့ မြန်မာစကားတတ်တဲ့ ထိုင်းနဲ့တွေ့ရင် ရယ်စရာဖြစ်နေ လိမ့်မယ်.." တဲ့။
တစ်ရက် ဟိုဘက်ကမ်း အလည်သွားရင်း ထိုင်းဆိပ်ကမ်းအဝင်မှာ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ထင်ပါရဲ့ ရုပ်တွေက တော့ မည်းမည်းသည်းသည်းတွေပဲ လာသမျှလှေတွေကို မူးယစ်ဆေးဝါးနဲ့ လက်နက်ရှာပါတယ်။ အဲဒီအဖွဲ့မှာ စစ်ခွေးကြီးတစ်ကောင်ပါတယ်။ ပြီးတော့ ဒီခွေးက တပ်ကြပ်ကြီးတဲ့ ခင်ဗျ။
အတူလာတဲ့ သူငယ်ချင်းက ကျွန်တော့်ကို "ဒီခွေး လစာ ဘယ်လောက်ရတယ်ထင်လဲ… ။" တဲ့။ ကျွန်တော်လည်း နည်းနည်းကြောင်သွားတာနဲ့ "ဟေ…ခွေးက လစာရသလား ဟ.." လို့ ပြန်မေးလိုက်ပါတယ်။ "ရတယ်၊ အဲဒီခွေးက တပ်ကြပ်ကြီး၊ လစာ က ဘတ် ၈၀၀၀ (ရှစ်ထောင်)၊ လစာက အသားတင်နော်၊ ရိက္ခာတွေ၊ သူရေချိုးတဲ့ ဆပ်ပြာတွေ တန်ဖိုးကတင် မနည်းဘူး။" တဲ့ ခင်ဗျ။
ကျွန်တော် နည်းနည်းစိတ်လေသွားပါတယ်။ အော် ငါ့နှယ်ခွေး တစ်ကောင်လောက်တောင်မှ ဝင်ငွေရအောင် မရှာနိုင် လေခြင်း ဆိုပြီးတော့ပေါ့။ ဘယ့်နှယ်ဗျာ၊ ခွေးပဲ၊ မသကာ အသားဟင်းလေး၊ တစ်ခါတလေ အရိုးပေါ့၊ ပုံမှန်ကျွေး နေရင် ရပြီပဲ။ ဘာလဲ ဘတ် ၈၀၀၀၊ နေဦးဟ၊ ဘတ် ၈၀၀၀ ဆိုတော့ အဲဒီတုန်းက ငွေဈေးနဲ့တွက်ရင် ဘတ် ၁၀၀၀ ကို မြန်မာငွေ ၃၅၀၀၀၊ ဘတ် ၈၀၀၀ ဆိုတော့ မြန်မာငွေ ၂၈၀၀၀၀၊ ဟိုက်ရှာလပတ်ရည် နှစ်သိန်းရှစ်သောင်းတောင် ပါလား။ ဒီခွေး ဘယ်နားသွားသုံးမှာလဲ မသိဘူး။
ဒီလစာတွေ ဘယ်သူက ဘယ်လိုထိန်းထားပေးပြီး ဘယ်နေရာမှာ သုံးသလဲဆိုတာတော့ ကျွန်တော်လည်း မသိပါ ဘူး။ စိတ်ထဲမသင်္ကာသလိုလိုရှိလို့ တခြားအသိတွေမေးကြည့်တော့လည်း အဖြေကအတူတူပဲ ခင်ဗျ။ ဟုတ်တယ် လစာရတာမှန်တယ်တဲ့။
၂၀၀၂ခုနှစ်မှာ မြန်မာနဲ့ထိုင်းပဋိပက္ခဖြစ်တာ နှစ်နိုင်ငံဆော်ကြတော့မယ့်အနေ အထားတွေရောက်ခဲ့ကြတာ မှတ်မိ မယ် ထင်ပါတယ်။ ချလည်း ချပေါ့ဗျာ။ ကျွန်တော်တို့လည်း အရေး အကြောင်းဆို ဘယ်ကဝင်ပါရမလဲ စောင့်နေ တာပေါ့။
အဲဒီမှာ ကျွန်တော်နဲ့အိမ်နီးချင်း ကုလားမတစ်ယောက်ရှိတယ်ဗျ။ သူက ဘာပြောလဲ ဆိုတော့ "စစ်ဖြစ်တာ မကောင်း ပါဘူး ဦးကျော်ရယ်၊ ကျွန်မတို့လည်း ကုလားဆိုပေမဲ့ ဗမာပါပဲ၊ ဖြစ်ရင်တော့ ကိုယ့်တိုင်းပြည်ပဲ နိုင်စေ့ချင်တာပေါ့။ ဒါပေမဲ့ တကယ်ဖြစ်ရင် ကျွန်မတို့ ပိုဒုက္ခရောက်မယ်ထင်တယ်။" တဲ့လေ။
ဘာပြောကောင်းမလဲ ကျွန်တော်လည်းထောင်းခနဲဒေါသတွေထွက်ပြီး "ခင်ဗျားက ကျုပ်တို့ စစ်တပ်ကို အထင်သေး တာလား.." ဘာညာနဲ့ ချဲတော့တာပေါ့။
သူက "မဟုတ်ဘူး ဦးကျော်၊ ကျွန်မပြောတာက စစ်ပွဲဖြစ်လို့ ကျွန်မတို့ ဗမာတွေ နိုင်ရင်နိုင်လိမ့်မယ်၊ ဒါပေမဲ့ တကယ် ဖြစ်ရင် ကျွန်မတို့ပြည်သူတွေ၊ အရပ်သားတွေက ထိုင်းတွေထက် ပိုပြီး ဒုက္ခရောက်မှာ.." လို့ပြန်ပြောတယ်။
ခင်ဗျား ဘာကိုဆိုလိုတာလဲလို့ ကျွန်တော်မေးတော့ သူက "စစ်ဖြစ်ရင် လေယာဉ်တွေ ဗုံးကျဲ၊ အမြောက်တွေ အပြန်အလှန်ပစ်ကြမှာ မဟုတ်လား" လို့ပြန်မေးတယ်။
ကျွန်တော်က "အင်း..ဟုတ်တယ်လေ၊ အဲဒါ ဘာဖြစ်လဲ။" ဆိုတော့ သူက "အဲဒီလို ပစ်ကြ ခတ်ကြရင် အရပ်သားတွေရော ထိမှာမဟုတ်လား။" "အင်း…ထိမှာပေါ့.."
သူက "ကျွန်မပြောတာ အဲဒါပေါ့ ဦးကျော်ရဲ့၊ အဲဒီလို အရပ်သားတွေ သေကြေပျက်စီးပြီး ထိခိုက်ဒါဏ်ရာရရင် ကျွန်မတို့ကော့သောင်းမှာ ဆေးရုံတစ်ပဲရှိတယ်၊ အဲဒီဆေးရုံမှာ လည်း ဓါတ်မှန်ခန်း တစ်ခန်းပဲ ရှိတယ်။ ရနောင်းက ဆေးရုံမှာ ဓါတ်မှန်ခန်းချည်းပဲ အခန်း နှစ်ဆယ်ကျော်ရှိတယ်။ ကလေးတွေကို ရိုက်တာက သတ်သတ်၊ လူကြီးကို ရိုက်တာက သတ်သတ်၊ အရိုးကို ရိုက်တာ သတ်သတ်၊ ကလီစာတွေကို ရိုက်တာ သတ်သတ် ခွဲထားတာတွေ အများကြီးပဲ..ဆေးဝါး ပစ္စည်း အလုံအလောက်ရှိတယ်။ စစ်ဖြစ်မယ် မဖြစ်ဘူး မသေချာသေးတာတောင် သူတို့တွေ ဓါတ်ဆီတွေ၊ ဒီဇယ်တွေ စုနေတာ အလျှံပယ်ပဲ။ ဒါ့ကြောင့် မဖြစ်စေချင်ဘူးလို့ ပြောတာပေါ့။ စစ်တိုက်တာလည်း တိုင်းပြည်ချမ်းသာမှ ကောင်းတာပါ ဦးကျော်ရယ်..။" တဲ့။
ဟုတ်ကဲ့ ကျွန်တော့် အိမ်နီးချင်း ထိုင်းမှာနှစ်ရှည်လများ အလုပ်လုပ်ခဲ့တဲ့ ၆ တန်းလောက် ပဲ ကျောင်းနေဖူးတဲ့ ကလေးနှစ်ယောက်အမေ ကုလားမလေး စကားကို နားထောင်ပြီး ကျွန်တော် ပါးစပ်ပိတ်သွားပါတယ်။
ဟုတ်တာပေါ့၊ သူပြောတာ မှန်နေတာပဲ။ ငါတို့ပြည်သူတွေ အရမ်းဒုက္ခရောက်မှာပေါ့။ ကျွန်တော် သက်ပြင်းတွေ ခိုးချခဲ့ပါတယ်။
ပြောရမယ်ဆိုရင် တိုင်းပြည်မချမ်းသာဘဲ ဘာမှလုပ်လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ စစ်အင်အားကို ကျွန်တော် ယုံကြည်ပါတယ်။ နို့ပေတဲ့ စစ်အင်အားတောင့်တင်းတာ တစ်ခုတည်းနဲ့ တိုင်းပြည်တိုးတက်တာမှမဟုတ်ဘဲ။
ကုန်ခဲတဲ့အတိတ်တွေကိုလည်း ပြန်တူးဆွမနေကြပါနဲ့တော့။ ပြည်သူ့ဘဏ္ဍာ မတော်မတရား စားထားတဲ့သူတွေ လည်း တမလွန်မှာ ရှင်းရပါလိမ့်မယ်။ မပူပါနဲ့…။
တိုင်းရင်းသားရေးကို ပြေလည်အောင်ဖြေရှင်းပြီး နိုင်ငံအတွက် စစ်မှန်တဲ့ စီမံကိန်းတွေ ချမှတ်၊ လက်ရှိ လွှတ်တော် အမတ်မင်းများ၊ ဝန်ကြီးများ၊ စစ်ခေါင်းဆောင် များကလည်း ကောင်းသောနမူနာယူပြီး တိုင်းပြည်ကို ထိန်းကျောင်း သွားမယ်ဆို ရင်တော့ ကျွန်တော်တို့ နိုင်ငံ တဖြည်း ဖြည်း တိုးတက်လာမှာမလွဲပါဘူး။
ဒါပေမဲ့ စီမံကိန်းလုပ်တိုင်း အဲဒီစီမံကိန်း မပျက်ပျက်အောင် လိုက်ပြီးတော့ ဆန္ဒပြကန့်ကွက်နေကြမယ်ဆိုရင်လည်း တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို အနည်းနဲ့အများ ထိခိုက်မှာ အမှန်ပါပဲ။
အခု ဖြစ်နေကြတာကလည်း ကိုယ့်အိမ်ထဲဖြတ်စီးတဲ့ ရေမြောင်း ဒိုင်နမိုသွယ်ပြီး လျှပ်စစ်ဓါတ်ထုတ်ရင်တောင် ဆန္ဒပြ ချင်တဲ့ အုပ်စုက ရှိဦးမလားမသိဘူး။
ဒီတော့ တပ်မတော်သားတွေ၊ ဝန်ထမ်းတွေ မဟုတ်တာ မလုပ်ရအောင် တစ်ဖက်တစ်လမ်းကလည်း လစာတို့ တခြား ခံစားခွင့်တို့ မြှင့်တင်ပေးဖို့လိုပါတယ်။
ရွှံ့တောထဲက စိတ်ဓာတ်နဲ့ ကမ္ဘာပတ်လို့မရဘူးဆိုတာ စစ်တပ်တစ်ခုတည်းကို ပြောတာ မဟုတ်ပါ။ အရပ်ဘက် ဌာန ဆိုင်ရာ ပုဂ္ဂိုလ်များလည်း ပါပါတယ်။ တချို့ စစ်ဗိုလ်ထက် ဆိုးတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ညွှန်ကြားရေးမှူး တွေလည်း ဒုနဲ့ဒေးပါပဲ…၊ စာမျက်နှာငဲ့ပြီး မပြောတော့ပါ။
၆ တန်းမအောင်တဲ့ကလေးနှစ်ယောက်အမေ ကုလားမလေးကတောင် စစ်ပွဲတစ်ပွဲဖြစ်ရင် ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာ ပြည်သူ့လုံခြုံရေး ကဏ္ဍကနေ သူ့အစွမ်းရှိသလောက် ခြုံငုံသုံးသပ်တတ်ပါတယ်။
ချုပ်ပြောရရင် အကျင့်ဟောင်းတွေ သယ်မလာကြပါနဲ့တော့၊ ပြည်သူ့ဘဏ္ဍာ မခိုးကြပါနဲ့တော့၊ ကျွန်တော်တို့ အများကြီး နောက်ကျကျန်ရစ်ခဲ့ပါပြီ။ Diplomacy နဲ့ အားကိုးဖြေရှင်းလို့ မရတော့တဲ့ ပြဿနာမျိုးတွေ ပေါ်လာတဲ့ အခါ ကျွန်တော်တို့ တစ်နိုင်ငံလုံး ပညာတတ်ပြီး ချမ်းသာနေဖို့လိုပါတယ်။
ကိုယ့်တိုင်းပြည် လူတိုင်းချစ်တယ်လို့ ကျွန်တော်ယုံပါတယ်။ စစ်မှန်တဲ့နှလုံးသား၊ တည်ကြည်ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား၊ အမြော်အမြင်ကြီးတဲ့ ဉာဏ်နဲ့ မှန်မှန်ကန်ကန် ချစ်ကြပါစို့လားဗျာ…..။ ။

ရဲကျော်သူရ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...