Monday, June 23, 2014

ဖွင့်ပေးလာသောတံခါးများနှင့် လိုက်ပိတ်နေသောလက်များ

Htun Aung Gyaw June 21, 2014 at 10:14am
မြန်မာနိုင်ငံ၌ ၂၀၁၀ ခုနှစ်တွင်တက်လာသော ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မထင်မှတ်သော အပြောင်းအလဲများ ဖြစ်လာခဲ့သည်။ အထူးခြားဆုံး အပြောင်းအလဲမှာ နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားသည့် သတင်းမီဒီယာကို လွတ်လပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အာဆီယံတွင်း တိုးတက်သော နိုင်ငံများဖြစ်သည့် စင်္ကာပူ၊ မလေးရှား၊ တရုတ်နိုင်ငံတို့ထက် မြန်မာနိုင်ငံက မီဒီယာလွတ်လပ်ခွင့် ပိုမိုရှိသည်ဟု ပြောဆို လာခဲ့ကြသည်။ သာဓကအားဖြင့် တရုတ်နိုင်ငံတွင် Facebook သုံးစွဲခွင့်ကို တားမြစ်ထားသည်။ ထို့အပြင် စီတန်းလှည့်လည်ခွင့်၊ ဆန္ဒပြခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို ပေးလာသည့်အတွက် လွတ်လပ်မှု အရသာကို ပြည်သူတို့ ခံစားလာရသည်။ ယခင် စစ်အစိုးရအဆက်ဆက် ဖိနှိပ်ထားမှု၊ မတရားသော်လည်း ပြန်လည်တုံ့ပြန်ပြောဆိုပါက ပါးစပ်ဥပဒေဖြင့် မတရားလုပ်သူများက အမှုနိုင်ပြီး မတရားခံရသူများက တရားခံ ဖြစ်နေသောခေတ်တွင် ထောင်တန်းကျမည်ကို ကြောက်ရ၊
သေနတ်ကို
 ကြောက်ရသဖြင့် ငြိမ်ခံနေခဲ့ရမှုများမှာ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်တို့ကို ပေးလာသည့်အခါ ဆည်မှရေလျှံမည်စိုး၍ ဖွင့်ချလိုက်သော်လည်း တိုးလာသည့် ရေအလျင် အင်အားကို မခံနိုင်ဘဲ ဆည်ကျိုးသကဲ့သို့ ပြည်သူများ၏ ရင်တွင်းမှ ခံစားချက်များ ထိမ်းမနိုင် ဆီးမနိုင် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုပေါက်ကွဲလာမှုတို့ကို မှန်ကန်စွာမဖြေရှင်းဘဲ ဖွင့်ပေးထားသော တံခါးများကို လိုက်ပိတ်နေသော လက်များကြောင့် ဒီမိုကရေစီစနစ်ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်ရေးမှာ မရေမရာ မသေမချာ ဖြစ်လာခဲ့ပြန်သည်။
လက်ပံတောင်းတောင် အရေးတောင်းဆိုမှုများ၊ မှိုလိုပေါက်လာသော သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည် ရယူလိုမှု၊ ထွန်ယက်စိုက်ပျိုးခွင့်ကို တောင်းဆိုမှုများ၊ အလုပ်သမားများ လစာမျှတစွာ ရရှိရေး တောင်းဆိုမှုများ၊ ကျောင်းသားများ၊ ဆရာများ ပူးပေါင်း၍ ပညာရေးလိုအပ်ချက်အတွက် တောင်းဆိုမှုများ၊ တရားရုံးများတွင် အဂတိ လိုက်စားမှုများကို ဗြောင်ဖွင့်ချ၍ တကိုယ်တော် ဆန္ဒပြမှုများ တစ်နေ့ထက် တစ်နေ့ တိုးပွားများပြား လာခဲ့သည်။
ထိုကဲ့သို့ဖြစ်လာရခြင်းများသည် ယခင်က တင်းကြပ်စွာ စစ်အာဏာရှင်များက မိမိတို့အာဏာတည်မြဲရေး အတွက် လူ့အခွင့်အရေးများကို ဗြောင်ချိုးဖေါက်ပိတ်ပင်ထားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ခါးသည်းသည့် နားကျဉ်းမှုများ ထုတ်ဖေါ်ပြောဆိုခွင့်ရသည်နှင့် တဒိုင်းဒိုင်းပေါက်ကွဲလာမှုဖြစ်သည်ဟုဆိုရမည်။
ထိုအခါ အစိုးရက လူစုလူဝေးနှင့်ဆန္ဒပြမှုများကို မပိတ်ပင်သော်လည်း ဥပဒေထုတ်ပြန်၍ ဆန္ဒပြခြင်းကို ခွင့်ပြုချက် တောင်းခံရမည်ဟု အမိန့်ထုတ်ပြန်လာခဲ့သည်။ ထိုကဲ့သို့ အစိုးရရဲစခန်းများတွင် ဆန္ဒပြခွင့်ကို အကြောင်းကြား လျှောက်ထားစေခြင်းသည် စည်းစနစ်ကျသော လုပ်ဆောင်မှုဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများတွင်လည်း ကိုယ်လုပ်ချင်သလို လုပ်၍မရပဲ ဆန္ဒပြချင်လျှင် ခွင့်ပြုချက် တောင်းခံရသည်။ ထို့အတွက် ခွင့်ပြုချက် တောင်းခံခြင်းသည် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ သို့ရာတွင် ထိုဖွင့်ပေးထားသောတံခါးကို ရဲစခန်းများနှင့် ပြည်နယ်တိုင်းအုပ်ချုပ်ရေးမှူးတို့မှ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် ပယ်ချပြီး ပိတ်ပင်လာခဲ့သည်။ လုံခြုံရေး အကြောင်းပြချက်များပေး၍ ဥပဒေအရ ခွင့်ပြုထားခြင်းကို ပစ်ပယ်ငြင်းဆို၍ ယခင်လမ်းဟောင်းကြီး အတိုင်း ပိတ်ပင်မှုကို ဗြောင်ပြုလုပ်ခဲ့ပြီး အာဏာသုံးဆွဲပြီး ပွင့်နေသောတံခါးများကို ပိတ်ခြင်းများ လုပ်လာခဲ့ ကြသည်။
အစိုးရကို အလိုမရှိ ကျွေးကြော်ပြီး စာရွက်များ ဖြန့်ဝေခဲ့သည့် ကိုထင်ကျော်၊ ၄၃၆ ကို စတင်ဟောပြောခဲ့သည့် ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို ဖမ်းဆီးခြင်း၊ ဆန္ဒပြခွင့် အကြိမ်ကြိမ်တင်သော်လည်း အမြဲပယ် ချခံရသဖြင့် နောက်ဆုံးခွင့်ပြုချက် မရသော်လည်း ဆန္ဒပြခဲ့သဖြင့် ပုဒ်မ ၁၈ နှင့် တရားစွဲဆိုခံရခြင်းများသည် ဒုနှင့်ဒေးရှိလာခဲ့သည်။
အခြေခံဥပဒေအရ မိမိဆန္ဒကိုထုတ်ဖေါ်ခွင့်ပေးထားသော်လည်း လက်တွေ့တွင် ကျင့်သုံးခွင့်ပေးဘဲ ဗြောင်ညစ် ထားသောပြည်နယ်၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ရဲစခန်းမှူးများကို လူ့အခွင့်အရေးချိုးဖေါက်မှုအဖြစ် အစိုးရမှ တရားရုံးများတွင် အရေးယူခြင်း၊ စစ်ဆေးခြင်း မပြုနိုင်ခြင်းသည်၊ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရာတွင် ကြီးမားသော အဟန့်အတားကြီးဖြစ်နေခဲ့သည်။
သတင်းမီဒီယာသမားတဦးဖြစ်သည့် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ကျောင်းဝင်းအတွင်း ဝင်ရောက်ပြီး သတင်းမေးမြန်းခြင်းအတွက် ပိုင်နက်ကျူးကျော်မှု၊ ဝတ္တရားနှောက်ယှက်မှုတို့နှင့် သတင်းထောက်နှင့် ပါလာသူ မိဘတစ်ဦးတို့ကို ထောင်ချအပြစ်ပေးမှုတို့သည် မီဒီယာသမားအားလုံးကို အံ့သြတုန်လှုပ်သွားစေခဲ့သည်။ လွတ်လပ်စွာ သတင်းယူခွင့်ကို ကြီးမားသောချိမ်းခြောက်မှုကြီးလည်း ဖြစ်သည်။ အများပြည်သူပိုင်ကျောင်းဝင်း အတွင်း မည်သည့်လူပုဂ္ဂိုလ်မဆို ဝင်ရောက်စုံစမ်းနိုင်သည့်နေရာတွင် ကျောင်းသားမိဘဖြစ်သူများအတွက် ပိုမို၍ သွားလာစုံစမ်းခွင့်ရှိသော်လည်း ကျောင်းဝင်းအတွင်း ဝင်ရောက်ခြင်းကို ကျုးကျော်မှုအဖြစ်လည်းကောင်း၊ ပညာရေးနှင့်ပတ်သက်သော မေးမြန်းစုံစမ်းမှုများကို ဝတ္တရားနှောက်ယှက်ဖျက်စီးမှုဟုလည်းကောင်း ပုဒ်မတပ် ထောင်ချခြင်းသည် အာဏာပိုင်များဖက်မှ သဘောမတူဘဲ မဖြစ်နိုင်ချေ။ မီဒီယာသမားများကို အပြစ်မရှိဘဲ ထောင်ချချင်လျှင် ချ၍ရသည်ဟု သတိပေးလိုက်ခြင်းလည်းဖြစ်သည်။ ဤအချက်သည် ယနေ့မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ချိနဲ့နေသေးကြောင်း ဖေါ်ပြချက်ပင်ဖြစ်သည်။
၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမိုးသီးနှင့် ကိုမိုးဟိန်းတို့အား အစိုးရမှပြည်တော်ပြန်လာရန် ဖိတ်ခေါ်လမ်းဖွင့်ပေးခဲ့သော်လည်း ယခုအခါ ကိုမိုးဟိန်းရေးသားထုတ်ဝေသော သူရိယအလင်း (Sun Rays) ဂျာနယ်တွင် ယခင်စစ်အာဏာပိုင်များကို ဝေဖန်သည့်ပြင်းထန်သော ထိုးနှက်ချက်၊ ဖွင့်ချချက်များပါရှိလာသဖြင့် ပြည်သူအများ စိတ်ဝင်စားလာပြီး အားပေးဖတ်ရှုကြသဖြင့် စောင်ရေသောင်းချီတက်လာခဲ့သည်။ ကိုမိုးသီးဇွန် ကိုလည်း သံဃာ့မဟာနာယကအဖွဲ့ကြီးမှ သိမ်းဆည်းထားသော မဟာသန္တိသုခ ကျောင်းတိုက်ကြီးကို မူလဆရာတော်ကြီး ဦးပညာဝံသအား ပြန်လည်လွှဲအပ်ပေးရန် တောင်းဆိုပွဲတွင် ပါဝင်ခဲ့ခြင်းတို့အတွက် ပြန်လာခွင့် ဗီဇာကို မပေးတော့ဘဲ အလှမ်းဝေးသော အမေရိကန်နိုင်ငံသို့ပြန်ပြီး ပြည်ဝင်ခွင့်ဗီဇာယူရန် ပြောကြားခြင်း ခံရသည်။ ကိုမိုးဟိန်းနှင့် ကိုမိုးသီးတို့အား ပြည်တွင်းလေကြောင်းကုမ္ပဏီများတွင် မတင်ရန်လည်း အမိန့်ထုတ်သောစာကို အင်တာနက်တွင် ဖတ်လိုက်ရသည်။ ဤအချက်သည် အစိုးရတွင် သည်းခံမှုစွမ်းရည်အဆင့် (Tolerance Level) နိမ့်ကျနေသေးကြောင်း အထောက်အထားပင်ဖြစ်သည်။ အနောက်နိုင်ငံများတွင် တကိုယ်တော် ဆန္ဒပြသူများသည် ခွင့်ပြုချက်တောင်းခံနေစရာ မလိုချေ။ သို့ရာတွင် တစ်နေရာတည်းတွင်ရပ်ပြီး ဆန္ဒပြ၍ မရဘဲ စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ လမ်းလျှောက်ပြီး ဆန္ဒပြပိုင်ခွင့်ရှိသည်။
မီဒီယာသမားများကို ဗီဇာလျှောက်ထားရာတွင် ယခင်က လပေါင်းများစွာ နေထိုင်နိုင်ခွင့်ပေးသော်လည်း၊ ယခုအခါ ဂျာနယ်လစ်များ၊ သတင်းထောက်များကို ဗီဇာ တစ်လသာပေးပြီး ခက်ခဲအောင် ဖန်တီးလာခဲ့သည်။ ဒီဗွီဘီသတင်းထောက်တစ်ယောက်ကိုလည်း ဆန္ဒပြရာတွင် ဓါတ်ပုံပါလာသည့်အတွက် ပြည်နှင်ဒဏ် ပေးလိုက်ခြင်း အပါအဝင် ဒီဗွီဘီ၊ ဗီအိုအေ၊ အာအက်ဖ်အေတို့အပြင် အခြားဂျာနယ်များမှ သတင်းထောက်များအတွက်လည်း ဗီဇာထိန်းချုပ်မှု  ကြီးထွားလာခဲ့သည်။
ငြမ်ချမ်းရေးဆွေးနွေးပွဲများကို ယခုနှစ်အတွင်း အပစ်ရပ်ခြင်းကို လက်မှတ်ထိုးနိုင်မည်ဟု ကြွေးကျော်နေ သော်လည်း တစ်ဖက်တွင် တိုက်ပွဲများ ကြိုကြားကြိုကြား ပြန်၍ဖြစ်ပေါ်လာခဲ့သည်။ မကြာခင်က ကေအင်ယူနှင့် အပစ်ရပ်ထားခြင်းမှ တိုက်ပွဲပြန်ဖြစ်ပြီး ကေအင်ယူဖက်မှ တစ်ဦးကျဆုံးခဲ့ရသည်။ အပြစ်အခတ်ရပ်စဲရေးကို ငြိမ်းချမ်းရေးစင်တာမှ ကြိုးစားနေသော်လည်း ကြိုကြားတိုက်ပွဲများသည် တစ်နေရာမှ တစ်နေရာတွင် ဖြစ်ပေါ်နေခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ကြိုကြားတိုက်ပွဲများ ဘတပြန် ကျားတပြန် ဖြစ်ပေါ်နေခဲ့ခြင်းသည် အမှန်တကယ် ငြိမ်းချမ်းရေးရရှိရေးအတွက် ချိမ်းခြောက်မှုများ ဖြစ်စေခဲ့သည်။ တပ်မတော်၏ မူ ၆ ချက်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အဓိကအဟန့်အတားကြီးအဖြစ် ပေါ်ပေါက် လာခဲ့သည်။
မဟာသန္တိသုခကျောင်းကြီးကို ညသန်းခေါင်တွင် ရုတ်တရက် ဝင်ရောက်သိမ်းပိုက်ခြင်းကို အစိုးရက ဝင်ရောက် မဖြေရှင်းနိုင်ပါဟု ပြောကြားခြင်းသည်။ သာသနာရေးဝန်ကြီးဌာနကို အစိုးရ၏ သြဇာအာဏာ သက်ရောက်မှု မရှိကြောင်း ဖေါ်ပြသလိုမျိုး ဖြစ်နေခဲ့သည်။
ဖမ်းဆီးခံထားရသော သံဃာတော်များကို ချုပ်နှောင်ထားခြင်းနှင့် အတင်းအကြပ် သင်္ကန်းချွတ်ပြစ်ခြင်းတို့သည် ဓမ္မစက်မဟုတ်ဘဲ အစိုးရအာဏာစက်ဖြင့် ပြုလုပ်ခြင်းသာ ဖြစ်သည်။ တရားဥပဒေအရ မည်သူမဆို အမှုကို တရားရုံးတွင် တရားမျှတစွာ ရင်ဆိုင်ဖြေရှင်းခွင့်ရှိရမည်ဖြစ်သည်။ အမှုကိုစစ်ဆေး၍ အပြစ်ရှိကြောင်း စီရင်ချက် မချမချင်း ထိုသူသည် အပြစ်ရှိသည့်သူအဖြစ် သတ်မှတ်၍ မရချေ။ ထိုသို့ အပြစ်ရှိမရှိ ဆုံးဖြတ်ခြင်း မပြုရသေးခင် အစိုးရက အတင်းအကြပ် သင်္ကန်းချွတ်ပြစ်ခြင်းသည် ဥပဒေမဲ့လုပ်ရပ်သာဖြစ်သည်။  ယခု ဖမ်းဆီးခံထားရသောသံဃာတော်များတွင် အင်္ဂလန်ဘုန်းတော်ကြီး ဦးဥတ္တရ အပါအဝင်ဖြစ်၍ အင်္ဂလန် အစိုးရနှင့် မြန်မာအစိုးရတို့အကြား တင်းမာမှုကို ဖန်တီးသလို ဖြစ်လာခဲ့သည်။ အနောက်နိုင်ငံနှင့် စီးပွါးရေး ပူးပေါင်းလုပ်ဆောင်လိုသော အစိုးရသည် ထိုကဲ့သို့ လုပ်ရပ်မျိုးကို ဘာကြောင့် ရုတ်တရက် အားပေးလာရ သနည်း။ စဉ်းစားစရာ ဖြစ်လာခဲ့ရသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲကော်မရှင်သည် မလိုလားအပ်သည့် ထိန်းချုပ်ခြင်းများ၊ ဝင်ရောက်စွက်ဖက်ခြင်းများကို ပြုလုပ်လာခဲ့သည်။ ယခင် စစ်အာဏာရှင်ဘဝက မိမိတို့ လုပ်ချင်ရာ လုပ်ခဲ့သည့်ညဉ်များသည် မပြောင်းလဲဘဲ ပြန်လည်ခေါင်းထောင်လာခဲ့သည်။

နိဂုံးအားဖြင့် ဖွင့်ပေးလာသောတံခါးများကို ပြန်လည်ပိတ်ပစ်ရမည်ဆိုသည့် အတွေးအခေါ်ဖြင့် ရဲတင်း ကြမ်းတမ်းစွာ ပြုလာသည့်အင်အားစုတစ်စု အစိုးရအတွင်းပြန်လည်ခေါင်းထောင်လာသည်ဟု မြင်မိသည်။ အစိုးရအနေနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖီသည့်လုပ်ရပ်များကို တားဆီးခြင်း၊ သည်းခံနိုင်မှုရေချိန်ကို ထိန်းသိမ်းမြှင့်တင်ခြင်းတို့ကို မပြုလုပ်နိုင်လျှင် မြန်မာနိုင်ငံတွင် တရားမျှတမှုများ၊ လူ့အခွင့်အရေးများ ဆက်တိုက်ဆုံးရှုံးလာနိုင်ပြီး မူလရည်မှန်းထားသောပန်းတိုင်နှင့် ဝေးကွာသွားနိုင်သည်။ ဤအခြေအနေမှ အစိုးရနှင့် ပြည်သူများ ပူးပေါင်းပြီး ယုံကြည်မှုကို တည်ဆောက်ရာ၌ တရားမျှတစွာ အာဏာအလွန်အကျွံ မသုံးစွဲမိဖို့လည်း လိုပေသည်။

ယနေ့ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် စနေနေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာပါ ကျွန်တော့်ရဲ့ ဆောင်းပါး ဖွင့်ပေးလာသောတံခါးများနှင့် လိုက်ပိတ်နေသောလက်များ ကိုအားလုံးဖတ်ရအောင် ဒီနေရာကနေ မျှဝေပေးလိုက်ပါတယ်။

အားလုံးကိုလေးစားလျက်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...