Sunday, June 15, 2014

ဖလံတောင်မွှေးပေါက်ပြီလား

၂၀၁၄ခုနှစ် ဇွန်လ (၄)ရက်နေ့က ကေအင်းယူငြိမ်းချမ်းရေးအဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံရာမှာ သမ္မတကို ဒုတိယသက်တမ်းဆက်လက် တာဝန်ထမ်းဆောင်ဖို့ အကြံပေးခဲ့တယ်လို့ ကေအင်းယူဗဟိုကော်မတီဝင် ဖဒိုမန်း ငြိမ်းမောင်က ထုတ်ဖော်ပြောဆိုလိုက်တဲ့အတွက် ရန်ကုန်နိုင်ငံရေးလောကတစ်ခုလုံး အံ့သြတကြီး မင်သက်မိခဲ့ ရပါတယ်။ ဒီစကားဟာ နှစ်ခွအဓိပ္ပါယ်ထွက်နေတယ်လို့ နိုင်ငံရေးလေ့လာအကဲခတ်သူများက ဝေဖန်သုံးသပ်ကြ ပါတယ်။
ဒီလို တိုက်တွန်းရတဲ့အကြောင်းရင်းကို ပြောဆိုရာမှာ ဖဒိုမန်းငြိမ်းမောင်က သမ္မတဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စလယ်ဆုံးသိသူဖြစ်တယ်။
ဒီသမ္မတက ဒုတိယသက်တမ်းဆက်ပြီး ခေါင်းဆောင်မယ်ဆိုရင် ငြိမ်းချမ်းရေးမလွဲ မသွေရမှာပဲလို့ သူက အကြောင်းပြခဲ့တာပါ။ ဒီစကားက သမ္မတရဲ့ လက်ရှိသက်တမ်းအတွင်း ငြိမ်းချမ်းရေး မရ နိုင်ဘူးလို့ တုန့်ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ တပ်ချုပ်ကတော့ ဒီနှစ်မကုန်ခင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ် ဆိုဖို့ စီစဉ်စိုင်းပြင်းနေတာပါ။ ဒါက ပထမ အဓိပ္ပါယ်ဖြစ်ပါတယ်။
ဒုတိယအဓိပ္ပါယ်ကတော့ ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ဖူးတဲ့ ကေအင်းယူဟာ ဒီသမ္မတကို လိုအပ်တာထက် ပိုပြီးအမွှန်းတင်နေတယ်။ သမ္မတကြီးကို ယုံပါတယ်ဆိုတဲ့အချိုးကို ခုထိဆက်ချိုးနေတုန်းပဲ။ ၂၀၀၈ အခြေခံဥပဒေရဲ့ အရေးပါတဲ့ပုဒ်မတွေကို မပြင်နိုင်၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို မတက်နိုင်တဲ့ သမ္မတကို အရှိထက်ပိုပြီး ချီးမွန်းခန်းဖွင့်နေတယ်။ ဒါက အမြင်သွေလွဲမှု (Illusion) ပဲဖြစ်တယ်။ ကေအင်းယူပျက်စီးဖို့ ပထမခြေလှမ်း စတာပဲလို့ ဝေဖန်သုံးသပ်ကြတာဖြစ်ပါတယ်။
ပြည်တွင်းမှာ လယ်သမားတွေကိုမြေသိမ်း၊ အလုပ်သမားတွေကို အနိုင်ကျင့်ဖိနှိပ်၊ ဆင်းရဲနိမ့်ကျသူတွေကို အခြေခံလစာတောင် အာမခံချက်မပေးဘဲ နိုင်ငံ့ထိပ်ပိုင်းခေါင်းစီးတွေက ပြည်သူ့ဘဏ္ဍာထင်ရာသုံးဖြုံးနေကြ တာကို ကေအင်းယူဗဟိုက မျက်ကွယ်ပြုနေတယ်။ မြောက်ပိုင်းမှာ ကချင်နဲ့ တာအာင်းသူပုန်အဖွဲ့တွေကို ထိုးစစ်ဆင်နေချိန်မှာ ကေအင်းယူက မဟာမိတ်ပီသကြောင်းပြသဖို့ ပျက်ကွက်ရုံတင်မက စစ်အစိုးရနဲ့ ရွှေလက်တွဲပြီး ပျော်ပွဲဝင်ဖို့ ကြိုးစားနေတယ်။ ဒါဟာ သစ္စာဖောက်လုပ်ရပ်ပဲလို့ ဝေဖန်အကဲခတ်သူတွေက ပြင်းပြင်းထန်ထန် ပြောဆိုနေကြပါတယ်။ သူရဲကောင်းတွေများတဲ့ခေတ်မှာ သစ္စာဖောက်တွေပေါတာ ဘာမှ မဆန်းပါဘူး။
ကရင်သမိုင်းမှာ မန်းဘခိုင်၊ ဆစ်ဒနီလူနီ၊ မန်းဝင်းမောင်၊ စောဘဦးကြီး၊ မန်းဘဇံ၊ စောဘိုမြ၊ ဖဒိုမန်းရှာတို့လို ကရင့် သူရဲကောင်းတွေ ပေါ်ထွန်းခဲ့သလို လက်နက်ချ၊ သစ္စာဖောက်၊ ရန်သူ့သတင်းပေး ကရင်တွေလည်း ရှိခဲ့ဖူး တာပါပဲ။ အခုကျွန်တော်တို့ ကရင်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုန် ပြောဆိုညှိနှိုင်းနေကြတာက လူပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍအတွက် မဟုတ်ဘူး။ လူမျိုးစုံပြည်သူတွေရဲ့တော်လှန်ရေး၊ ဒါနဲ့တဆက်တည်း ဖြစ်တဲ့ ကရင့်တော်လှန်ရေးအတွက် ပြောဆိုဆွေးနွေးနေကြတာပဲ ဖြစ်တယ်။
ကျွန်တော်အနေနဲ့ ဖဒိုမန်းငြိမ်းမောင်၊ ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ၊ ကာကွယ်ရေးဝန်ကြီး စောရောဂျခင်နဲ့ စစ်ရေးနိုင်ငံရေးအကြံပေး စောထူးထူးလေး၊ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေး မှူးဖဒိုကွယ်ထူးဝင်းတို့ကို လူချင်းမဆုံဖူးပါဘူး။ သူတို့ကို ချစ်တာလည်း မရှိဘူး။ မုန်းတာလည်းမရှိဘူး။ အခုပြော နေတာတွေဟာ ချစ်ခြင်းမုန်းခြင်းအပေါ် အခြေမခံပါဘူး။ တော်လှန်ရေး အကျိုးစီးပွား သက်သက်ပဲလို့ ရှင်းလင်း စေချင်တယ်။ အခု ဆောင်းပါးက ကျွန်တော်တို့ရဲ့ချစ်လှစွာသောဖထီး ဖဒိုမန်းရှာ ကျဆုံးပြီးနောက် ကရင့်တော် လှန်ရေး အသွေးအရောင်ပြောင်းလဲသွားပုံကို အဓိကထား ဆွေးနွေးချင် တာပဲဖြစ်တယ်။ ဖဒိုမန်းရှာဟာ ကရင် တော်လှန်ရေးရဲ့ ခေါင်းဆောင်သက်သက်မဟုတ်ဘူး။ လူမျိုးစုံပြည်သူတွေရဲ့ တော်လှန်ရေးကြီးတစ်ခုလုံး အတွက် အားလုံးက မျှော်လင့်စောင့်စားနေတဲ့ ခေါင်းဆောင်ပါပဲ။ အမှန်အတိုင်း ပြောရရင် ဖဒိုမန်းရှာမရှိတဲ့ နောက် ဖဒိုမန်းငြိမ်းမောင်ကို ကျွန်တော်တို့ မျှော်လင့်အားထားမိကြတယ်။
ဖဒိုမန်းငြိမ်းမောင်ဟာ ဘယ်လိုလူစားလဲ။ သူဟာ နိုင်ငံရေးနယ်ပယ်ထဲကို တိုးတက်တဲ့အယူအဆရှိတဲ့ လူငယ် တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့တယ်။ ကွန်မြူနစ်ပါတီမှာ အချိန်ကာလတစ်ခု တာဝန်ယူခဲ့ဖူးတယ်။ ကိုကိုးကျွန်းပြန် ရဲဘော်ဟောင်းတစ်ဦးဖြစ်တယ်။ ကျွန်းကနေထွက်ပြေးပြီး ကရင့်တော်လှန်ရေးထဲပါဝင်ခဲ့ကာ ဗဟိုအဆင့်ရှိတဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာတယ်။ နောက်တရုတ်ပြည်ကို ထွက်သွားပြီး လက်နက်ချငြိမ်းချမ်း ရေးလုပ်ဖို့ ကြိုးစားတယ်။ သူ့ကို ရန်သူက မယုံပါဘူး။ လက်နက်ချပါမယ်ပြောတာတောင် လက်မခံဘဲ ထောင် ချပစ်ခဲ့သေးတယ် မဟုတ်ပါလား။ တော်လှန်ရေးအခြေအနေကြောင့် မန်းငြိမ်းမောင်ထောင်ကလွတ်လာတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက် သူ့ရဲ့ လက်နက်ချငြိမ်းချမ်းရေးလမ်းစဉ်ကို ကေအင်းယူဗဟိုမှာ နောက်တစ် ကြော့ ပြန်လည်တင်သွင်းလာပြန်တယ်။
သူတော်ချင်းချင်း သတင်းလွေ့လွေ့လို့ ပြောရမှာပဲ။ ကေအင်းယူဗဟိုမှာလည်း ဖောက်ပြန်ရေးသမားတွေ အာဏာရနေတဲ့ခေတ်ကို ရောက်နေပါပြီ။ ဒီလိုနဲ့ သူတို့တွေဟာ ကရင့်တော်လှန်ရေး အစဉ်အလာကို ဖောက် ဖျက်ပြီး ဂုဏ်သိက္ခာရှိရှိလက်နက်ချရေးလမ်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်နေကြပါတယ်။ တကယ် တော့ ဂုဏ်သိက္ခာရှိရှိလက်နက်ချရေးလမ်းစဉ်ဆိုတာ ဘယ်မှာရှိနိုင်ပါ့မလဲ။ လက်နက်ချမှန်သမျှ သိက္ခာမဲ့ကြ တာချည့်ပါပဲ။ ခင်ဗျားတို့ဟာ ဦးခွန်ဆာလို တော်လှန်ရေးကို ဗန်းပြလုပ်ခဲ့ပြီး အသက်ကြီးတော့ ပုလင်းတူဗူးဆို့ စစ်ဗိုလ်တွေရဲ့ရင်ခွင်မှာ ငြိမ်းချမ်းစွာ မှေးစက်လိုကြပါတယ်ဆိုရင်၊ ဒါမှမဟုတ် ဦးအောင်ခန်းထီလို ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေရဲ့ အသက်သွေးနဲ့ရေးခြယ်ခဲ့တဲ့ တော်လှန်ရေးအလံကို ရန်သူ့ရဲ့ခြေသုတ်ဖတ်အဖြစ် ပဏ္ဍာ ဆက်သပြီး စစ်အုပ်စုပေးတဲ့ကျွေးတဲ့ အရိုးအရင်းလေးကိုက်ပြီး ဧရာမသူဌေးကြီးဘွဲ့ခံယူချင်ကြတယ်ဆိုရင် ကျွန်တော်တို့မှာ ဘာစကားမှ ပြောစရာမရှိပါဘူး။ ဒါက ခင်ဗျားတို့ရဲ့ အခွင့်အရေးပါပဲ။ မနာလိုစရာ ဘာမှ မရှိပါဘူး။ အခုပြောနေရတာက ကရင့်တော်လှန်ရေးရဲ့ ရှေ့ရေးအနာဂါတ်အတွက်ဖြစ်တယ်။ တော်လှန်ရေးကို တစ်ဦးချင်းသစ္စာဖောက်တာ ခင်ဗျားတို့ကိုယ်တိုင်ရဲ့ ကိစ္စပဲ။ ဒါပေမဲ့ အစဉ်အလာကြီးမားတဲ့ ကရင့်တော်လှန်ရေး အဖွဲ့အစည်းကြီးတစ်ခုလုံးကိုပါ ဖောက်ပြန်ရေးလမ်းကြောင်းပေါ်ဆွဲတင်နေတာကတော့ အမျိုးသားသစ္စာဖောက် သမိုင်းတရားခံတွေရဲ့လုပ်ရပ်ပဲလို့ ပြတ်ပြတ်သားသားပြောလိုက်ပါရစေ။
ခင်ဗျားတို့ဟာ တော်လှန်ရေးထဲမှာလည်း မနည်းမနောလှတဲ့အတွေ့အကြုံတွေ သင်ယူခွင့်ရခဲ့ကြပြီးပါပြီ။ ပြည်သူ့ရဲဘော် ညီလာခံဆုံးဖြတ်ချက်နဲ့ တစ်ပါတီလုံး လက်နက်ချခဲ့တော့ ဘာဖြစ်သွားတယ်ဆိုတာ ခင်ဗျားတို့ အသိဆုံးပါပဲ။ ပါတီလည်းပျက်၊ တပ်လည်းပျက်၊ လက်နက်ကိုင်တော်လှန်ရေးလည်းမရှိ၊ အခြေခံဒေသဆိုတာ ဝေလာဝေး၊ ရန်သူပေးတဲ့ ဒီမိုကရေစီဆိုတာ နောက်ဆုံးမှာ ပြည်သူ့ရဲဘော်ဖျက်သိမ်းရေးဆိုတာပဲဖြစ်ခဲ့တယ်။ ဒါ နှယ်နှယ်ရရအဖွဲ့အစည်းမဟုတ်ဘူး။ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သန္ဓေချခဲ့တဲ့ အဖွဲ့ပဲ။ ဒီလို အဖွဲ့တောင် လက်နက်ချရင် ဘ၀ပျက်သွားသေးတာပဲ။ ခင်ဗျားတို့ ဘာတွေ စိတ်ကူးယဉ်နေကြ သလဲလို့မေးလိုက်ချင်တယ်။
တကယ်တော့ ကေအင်းယူတည်ထောင်ခဲ့ရတဲ့ သမိုင်းဟာ သွေးနဲ့ မျက်ရည်နဲ့၊ ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာနဲ့ ဘ၀တွေအများကြီးပေးပြီး ဖြတ်သန်းခဲ့ရတယ်ဆိုတာ ခင်ဗျားတို့သိပါတယ်။ကရင် လူမျိုးတွေရဲ့ ကနဦးနိုင်ငံရေး အဖွဲ့ဖြစ်တဲ့ ဒေါကလူကို ၁၈၈၁ခုနှစ်မှာ ဒေါက်တာတီးသံပြာက စတင်ထူထောင်ခဲ့တာပါ။ ၁၉၄၃မှာ ဒေါက်တာစံ စီဖိုး၊ စောသာဒင်တို့ပါဝင်တဲ့ ကရင်ဗဟိုအကြံပေး အဖွဲ့ကို ဖွဲ့စည်းတယ်။ ဒီအဖွဲ့ကို ၁၉၄၅ခုနှစ်မှာ ကရင်ဗဟို စည်းရုံးရေးကော်မတီလို့ ပြင်ဆင်ဖွဲ့ စည်းပြီး စောသာဒင်၊ ဘရာသာသာထိုနဲ့ စောဘဦးကြီးတို့ခေါင်းဆောင်ခဲ့ တယ်။ ၁၉၄၆ခုနှစ်မှာ ကရင့်လွတ်လပ်ရေးအတွက် ဆစ်ဒနီလူနီ၊ စောဘဦးကြီးနဲ့ စောသာဒင်တို့အဖွဲ့ဟာ အင်္ဂလန်ကိုသွားပြီးအရေးဆိုခဲ့ကြတယ်။ ဒီကနေတဆင့် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလမှာ ကေအင်းယူစတင်ပေါ် ပေါက်လာတယ်။ ပထမဆုံးကေအင်းယူရဲ့ ဥက္ကဋ္ဌက စောသာဒင်ပါပဲ။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၅ရက်ကနေ ၇ရက်အထိကျင်းပတဲ့ ပဲခူးမြို့ ကရင်အမျိုးသားညီလာခံကြီးကနေ အောင်ဆန်းအက်တလီစာချုပ်ကို ကန့်ကွက်ခဲ့တယ်။ အင်္ဂလန်နိုင်ငံအထိတောင်းဆိုတင်ပြပေမဲ့ အကြောင်းမထူး တဲ့အတွက် ၁၉၄၇ ဧပြီလ ၉ရက်နေ့မှာကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကိုပါ သပိတ်မှောက်ခဲ့ ရတယ်။ ဒီနောက် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်ကို မန်းဘဇံကဦးစီးပြီး ၁၉၄၇ခုနှစ်ဇူလိုင်လ၁၆ရက် နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ တော်လှန်ရေးအစတုန်းက စောဘဦးကြီးရဲ့ သစ္စာလေးရပ်ကိုတော့ ခင်ဗျားတို့ မမေ့ကြသေးဘူးလို့ ထင်ပါတယ်။
၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ရက် အင်းစိန်ခ၀ဲခြံတိုက်ပွဲကစပြီး ကရင်တော်လှန်ရေး သန္ဓေတည်ခဲ့တယ်။ ဖဆ ပလအစိုးရက ကရင်ဗိုလ်ချုပ်စမစ်ဒွန်းရဲ့နေရာမှာ ဗိုလ်နေ၀င်းကို အစားထိုးခန့်အပ်ခဲ့ပြီး တိုင်းပြည်လည်းဒုက္ခ ရောက် ပြည်တွင်းစစ်မီးလည်း တဟုန်ထိုးတောက်လောင်ခဲ့ရတာပါပဲ။ ဒီတုန်းက ကရင်ဗမာချစ်ကြည်ရေး ပျက် ပြားပီး တော်လှန်တပ်ပေါင်းစုလည်း အကောင်အထည်မဖော်နိုင်တဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပဲ။ ဒါရဲ့ အကျိုးဆက်အဖြစ် ၁၉၆၉ခုနှစ်မှာ မြစ်ဝကျွန်းပေါ်တိုင်း ၀ိုင်းပတ်ပိတ်ဆို့ရေးဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ် နောက် ဆုတ်ခဲ့ရတယ်။ ဒီနောက် ပဲခူးရိုးမအရှေ့တိုင်းမှာ ကရင်ညီညွတ်ရေးပြန်တည်ဆောက်နိုင်ခဲ့ကြပေမဲ့ ဗကပရဲ့ ပဲခူးရိုးမဗဟိုစခန်းပြိုကျပြီး ၁၉၇၅ခုနှစ် အောက်တိုဘာလမှာ ကရင်တော်လှန်ရေးအခြေခံဒေသကို ပဲခူးရိုးမက နေ ဆုတ်ခွာပေးခဲ့ရတယ်။ ဒီနောက် ဆရာကြီးစကောလယ်တောဦးဆောင်တဲ့ ဒူးဒါးဂေးကွန်ဂရက်ကို ဖာပွန် ခရိုင်မှာ ကျင်းပတယ်။ အဲဒီကစပြီး မာနယ်ပလောကို အခြေစိုက်ဖို့ ရွေးချယ်ခဲ့ကြတယ်။
၁၉၇၅ခုနှစ် ဗကပအရှေ့မြောက်စစ်ဒေသမှာ အောင်ပွဲတွေ အလီလီခံနေတော့ ကျွန်တော်တို့တော်လှန်ရေးဟာ ခိုင်မာတဲ့အခြေခံကောင်းတချို့ရလာခဲ့ပါတယ်။ ၁၉၈၉ခုနှစ်ဗကပစစ်ဒေသကြီး ပြိုကျပျက်စီးသွားတော့ တိုင်းရင်း သားတော်လှန်ရေးတပ်ဖွဲ့တွေ ကစဥ့်ကလျားဖြစ်ကုန်တယ်။ ၁၉၉၁ခုနှစ်မှာ ကေအင်းယူရဲ့ ဆယ်ကြိမ်မြောက် ကွန်ဂရက်ကို မာနယ်ပလောမှာ လုပ်ခဲ့တယ်။ ၁၉၉၅ခုနှစ်မှာ ၀မ်းခစခန်းကျတယ်။ မာနယ်ပလောဌာနချုပ်ကို လက်လွှတ်ခဲ့ရတယ်။ ဒီနောက်ဆက်တိုက်ဆိုသလို ကေအင်းယူရဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြ ကွယ်လွန် တယ်။ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်တာ ခံရတယ်။ ဗမာစစ်အစိုးရနဲ့ အပစ်ရပ်ဆွေး နွေးပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ မအောင်မြင်ပါဘူး။ ဒါဟာပြီးခဲ့တဲ့အတိတ်သမိုင်း ကရင်တော်လှန်ရေးအကျဉ်း ချုပ်ဖြစ်စဉ်ပါပဲ။
ဒီနေ့ခေတ်အချိန်မှာတော့ ခင်ဗျားတို့ အမွှန်းတင်ပြောဆိုနေတဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရေး ( ချမ်းအေး စစ်တမ်းရဲ့ကြွေးကြော်သံဖြစ်တဲ့ လက်နက်နဲ့ဒီမိုကရေစီလဲရေးကို ပဲ့တင်ထပ်လိုက်တာ) ကို မကြည့်ချင် မြင်ရက် သားဖြစ်နေပါတယ်။ တကယ်တော့ လက်နက်မရှိရင် ဒီမိုကရေစီနဲ့အဝေးကြီးပါ။ စစ်အစိုးရက သေနတ်မပါတဲ့လူ ကို ဘာစကားမှ ပြောခွင့်ပေးမှာမဟုတ်ပါဘူး။ လက်နက်ချတယ်ဆိုတာ တော်လှန်ရေးရဲ့ အောင်သီးအောင်နှံကို ရန်သူ့လက်ထိုးအပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကလွဲလို့တခြား ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ လက်နက်ချတယ်ဆို တာ သမိုင်းအဆက်ဆက်က တော်လှန်ရေးသူရဲကောင်းတွေကိုသစ္စာဖောက်တာပဲ။ ပြည်သူ့အကျိုးစီးပွားကိုမျက် ကွယ်ပြုတာပဲ။
တော်လှန်ရေးဆိုတာ ခေါက်ရှာငှက်ပျံသလို နိမ့်ချည် မြင့်ချည်ရှိတာပါပဲ။ ဒီကနေ့ နိုင်ငံတကာ အခင်းအကျင်းမှာ တော်လှန်ရေးရေချိန် နိမ့်နေပါတယ်။ တရုတ်ကလည်း ဗမာပြည်ပြည်တွင်းစစ်ကို မထောက်ခံ၊ အမေရိကန်က လည်း ဗမာပြည်ပြည်တွင်းစစ်ကို အားမပေး။ ဒါပေမဲ့ ပြည်တွင်းမှာ လူထုလှုပ်ရှားမှု အရှိန်အဟုန်မြင့်တက်နေ တယ်။ ကရင့်တော်လှန်ရေးဟာ ဗမာ့တော်လှန်ရေးနဲ့ ဆက်စပ်နေပါတယ်။ ဗမာပြည်နိုင်ငံရေး ဒီရေမြင့်လာရင် ကေအင်းယူအခြေအနေ တိုးတက်လာတာပါပဲ။ တရုတ်အမေရိကန်နိုင်ငံရေးချိန်ခွင်ကလည်း အမြဲထာဝရ ဟန်ချက်ညီနေမှာ မဟုတ်ဘူး။ ကမ္ဘာ့အခြေအနေကလည်းမုချပြောင်းလဲမှာပါ။ ကေအင်းယူ ဘာကို ကြောက် နေတာလဲ။ တော်လှန်ရေးကို ကြောက်နေတာပါ။ လူထုကို မယုံတာ၊ တော်လှန်ရေးကို မယုံတာပါ။ မယုံကြည် နိုင်ခွင့်ဆိုတာ ရှိပါတယ်။ မယုံရင် မလုပ်နဲ့ပေါ့။ သမိုင်းအစဉ်အလာကြီးတဲ့ ကေအင်းယူအဖွဲ့ကြီးကို ခေါင်းမ ဆောင်နိုင်တော့ဘူးဆိုရင် ကိုယ့်ဖာသာပဲ တစ်ဦးချင်း လက်နက်ချကြပေါ့။
ကျွန်တော်တို့ရှေ့မှာ မကြာသေးခင်ကပဲ နီပေါကွန်မြူနစ်ပါတီရဲ့ နမူနာလည်း ရှိပါတယ်။ ဒီပါတီ လက်နက်ချ တာ ယာယီသဘော၊ဟန်ပြသဘောနဲ့ ခဏတဖြုတ် လွှတ်တော်ထဲမှာ အာဏာရလိုက်ပါသေးတယ်။ အခုတော့ ကိုယ့်တပ်ပျက်တာပဲ အဖတ်တင် ကျန်ရစ်တယ်။ ဒီလမ်းကို ကေအင်းယူဆက်လျှောက်ရင် မိအေးနှစ်ခါနာဖြစ်မှာ မုချပါပဲ။ မူနဲ့ပတ်သက်ရင် မဲခွဲဆုံးဖြတ်လို့ မရပါဘူး။ ကေအင်းယူဗဟိုတစ်ခုလုံးညီညွတ်ရုံမကလို့ ကွန်ဂရက်ခေါ် မဲခွဲကြဦးတော့ တရားမ၀င်ပါဘူး။ ဗဟိုကော်မတီတစ်ခုလုံး လက်နက်ချလည်း ကေအင်းယူပြန်ပေါ်လာမယ်။ တော်လှန်ရေးအလံကို ကားပါမစ်နဲ့မလဲနိုင်ပါဘူး။ လူဆယ်ယောက် မြင်းတစ်ကောင်နဲ့ နိုင်ရွှေကျင်ဆိုတဲ့ မွန် ပြည်သစ် ပါတီသမိုင်းကလည်း ရှိခဲ့ပြီးသားပါ။ သမိုင်းကို ဘာနဲ့မှ ဖျောက်ဖျက်လို့မရပါဘူး။
ရဲဘော်ကြီးများ ခင်ဗျား။ ဟိုတုန်းက ဖလံတောင်မွှေးပေါက်တဲ့နေရာဟာ ကရင်ပြည်နယ်ပဲလို့ ကြွေးကြော်ခဲ့ကြဖူး ပါတယ်။ အခု ဘယ်နေရာမှာ ဖလံတောင်မွှေးတွေပေါက်နေပြီလဲလို့ မေးချင်စမ်းလှပါဘိတော့တယ်ဗျာ။
စောလားကဘော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...