Sunday, June 15, 2014

ရဲဘော်ဦးအောင်ညွန့်ကို အတုယူကြ



လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်တုန်းက အဘဦးအောင်ညွန့်နဲ့ကျွန်တော် အကျဉ်းထောင်ထဲမှာ အတူနေခဲ့ရ တယ်။ အဲဒီတုန်းက အဘအသက်က ခုနှစ်ဆယ်ကျော်။ ကျွန်တော်က နှစ်ဆယ်ကျော် အစိတ်ပါ။ ထောင်ထဲမှာ စားအိုးတွဲဖြစ်ခဲ့ကြပြီး သေတူရှင်ဘက် ဘ၀တူဖြစ်ခဲ့ရတယ်။ အဘက အသက်ကြီးပေမဲ့ မာန်မလျှော့ပါဘူး။ မြေး အရွယ်လောက်ရှိတဲ့ ရဲဘော်ကလေးတွေနဲ့အတူ သူနိုင်ရာဝန်ထမ်းပြီး မငြီးမငြူဖြတ်သန်းခဲ့တယ်။
ထောင်ပုံစံ ထမင်းကို ငပိနဲ့လွေးပြီး အတို့အမြှုတ်မပါ ဗလာကိုယ်တည်း ချီးမြှောက်ဖို့ အမြဲအဆင်သင့်ရှိပါတယ်။ ဆောင်းမို့ အေးတယ်ဆိုပြီး စောင်အပိုတစ်ထည် ပိုမယူခဲ့ဘူး။ အားလုံး ခွဲတမ်းကျနဲ့ နေနိုင်သူပါ။ သူ့အိမ်ကလာတဲ့ ထောင် ၀င်စာကိုလည်း စားအိုးတွဲဘုတ်ကို အပြည့်အပ်တယ်။ ကိုယ့်မှာ စားစရာမရှိတဲ့ကြားက ချို့ငဲ့တဲ့ရဲဘော်တွေကို အမြဲပေးချင် ကမ်းချင်နေတာပဲ။ ဒါကြောင့်လည်း ထောင်ထဲမှာ အဘကို လူချစ်လူခင် အင်မတန်များပါတယ်။
အဘက မန္တလေးရဲ့မြောက်ဘက် မတ္တရာနယ်ထဲက ရုံးပင်ဆိုတဲ့ရွာကပါ။ တော်လှန်ရေးထဲကို ၁၉၄၈-၄၉ လက် နက်ကိုင်တော်လှန်ရေးစကတည်းက ပါခဲ့တာဖြစ်ပါတယ်။ သူသေတဲ့အထိ နှစ်ပေါင်း ၆၀ကျော် တော်လှန်ရေးမှာ ခိုင်မြဲခဲ့ပါတယ်။ အဘဟာ ပါတီနဲ့တော်လှန်ရေးကို တစ်ကြိမ်တစ်ခါမှ မစွန့်ခွာခဲ့ဖူးပါဘူး။ ၁၉၆၅ခုနှစ်လောက်မှာ မန္တလေးခရိုင်ပျက်ပြီးနောက် ရှောင်ပုန်းပြေးလွှားခြေရာဖျောက်ရင်း အရပ်တကာနယ်တကာမှာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်ခဲ့တယ်။ လက်နက်ချ မဖြစ်ခဲ့ပါဘူး။ ဒီလိုဘ၀စုံတဲ့အတွက် အဘဟာ လူရိပ်လူကဲ သိပ်ဖမ်း တတ်ပါတယ်။ နိုင်ငံရေးကို ကမ္မ၀ါမဖတ်နိုင်ပေမဲ့ လိုအပ်တဲ့ အခြေခံနားလည်မှုနဲ့ ပြည့်စုံပါတယ်။ သူက ၄၈၂၈ ဒေသပါတီကော်မတီအတွင်းရေးမှူး ဦးမောင်လေးရဲ့ အနီးကပ်ရဲဘော်ပါ။ အဘနဲ့ ဦးမောင်လေးက တော်လှန် ရေးအစကတည်းက လက်တွဲ လာခဲ့ကြတာပါ။ အဘက ဦးမောင်လေးထက် အသက်ပိုကြီးတယ်။ မောင်လေးလို့ ပဲ ခေါ်တယ်။ မင်း ငါသုံးပြီး စကားပြောပါတယ်။ ဦးမောင်လေးက ကိုအောင်ညွန့်လို့ခေါ်ပြီး ခင်ဗျား ကျွန်တော် သုံးပြီး စကားပြောပါတယ်။ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ချစ်ခင်ရင်းနှီးပုံက ညီရင်းအစ်ကိုပမာ ဆိုတာထက် လေးနက်ပါတယ်။ ပါတီကော်မတီရဲ့ အမြင့်ဆုံးရဲဘော်နဲ့ အနိမ့်ဆုံးရဲဘော်ရဲ့ဆက်ဆံရေးဟာ ဆရာတပည့်ပုံစံ လုံးဝမရှိပါဘူး။
အဘဦးအောင်ညွန့်ကို ပါတီကော်မတီမှာ အနိမ့်ဆုံးရဲဘော်လို့ပြောတာ အကြောင်းရှိပါတယ်။ အဘဟာ သမနိ သက်ရှည်လျားတဲ့ တော်လှန်ရေးသမား ဖြစ်တာမှန်ပေမဲ့ ပါတီဝင်မဖြစ်ခဲ့ပါဘူး။ ဒီလိုမဖြစ်တဲ့အတွက်လည်း အဘရဲ့စိတ်ထဲမှာ ကြေကွဲဝမ်းနည်းပုံမရပါဘူး။ သူ့ကိုယ်သူ ပါတီရဲ့သားသမီးအဖြစ် အပြည့်အ၀ခံယူပြီး ကျေနပ် နိုင်သူပါ။ “ပါတီဝင်ဖြစ်ဖို့ဆိုတာ မလွယ်ဘူးကွ”လို့ အဘက တန်ဖိုးထားလေးစားတဲ့အသွင်နဲ့ ပြောတတ်လေ့ရှိပါ တယ်။ လူငယ်ရဲဘော်တွေကို ပါတီဘ၀မှာ နေသားကျအောင် အဘက အမြဲဂရုစိုက်ပြီး ပျိုးထောင် ယုယပေး လေ့ရှိပါတယ်။ သူက ဦးမောင်လေးကို သိပ်ပြီး လေးစားပါတယ်။ အားလည်းကိုးတယ်။ ယုံလည်း ယုံတယ်။ ပြောစရာဆိုစရာ ဝေဖန်စရာရှိရင်လည်း မထောက်မညှာပြောဆိုဝေဖန်တတ်သူပါ။ “ငါမောင်လေးကို ပြော တယ်။ အဲဒီကောင်တင်ဦးကို မယုံနဲ့လို့ ပြောတယ်”ဆိုတဲ့စကားတစ်ခွန်းကို မကျေမချမ်း ပြောတာကလွဲလို့ ဦးမောင်လေးအပေါ်မှာ ဘာတစ်ခုမှ မကောင်းမပြောပါဘူး။
သစ္စာဖောက်ကိုတင်ဦးကြောင့် ဦးမောင်လေးကျဆုံးခဲ့ရတဲ့အပေါ်မှာ အဘဟာ ရင်ထုမနာဖြစ်ခဲ့ရတယ်။ “ဒီလို ရဲဘော်မျိုးပြန်ပေါ်လာဖို့ဆိုတာ မလွယ်ဘူး”လို့ သူအမြဲတမ်း ပြောလေ့ရှိပါတယ်။ “မောင်လေးက သိပ်တော်တာ ပါတီကပေးတဲ့ တာဝန်ဆို ဘယ်တော့မှ မငြင်းဘူး။ သစ္စာလည်းရှိတယ်။ သတ္တိလည်း ကောင်းတယ်”လို့ ပြောပြ ပါတယ်။ ကျွန်တော်တို့အထဲမှာ ဦးမောင်လေးအကြောင်းကို သူ့ထက်ပိုသိတဲ့လူ မရှိဘူးလို့တောင်ပြောနိုင်ပါ တယ်။ “နာမည်ရင်းက မောင်ကိုပဲ။ သူက အစ်မတွေများတော့ သူ့အစ်မတွေက မောင်လေး မောင်လေးနဲ့ ခေါ် ရင်း အဲဒီနာမည် တွင်သွားတာ”လို့ ပြောပြပါတယ်။ အဘဟာ ဦးမောင်လေးအကြောင်းကိုသာ မမောမပန်းပြော လေ့ရှိပေမဲ့ သူ့အကြောင်းကိုတော့ မေးနိုင်လွန်းမှ အနည်းအကျဉ်းသိရတာပါ။ သူ့မှာရန်သူ့အဖမ်းခံရတဲ့ လျှို့ ၀ှက်သည်းဖိုဇာတ်လမ်းလည်း ရှိပါတယ်။
ဗိုလ်ချုပ်ကျော်ဇောသားမက် ကိုသက်ခိုင်နဲ့ ကိုကိုးကျွန်းပြန်အန်ကယ်ကြီး ဦးတင်အောင်တို့ အဖမ်းခံရတဲ့ ၄၈၂၈ ပထမအသုတ် ကျသွားတဲ့အချိန်မှာ ပါတီကော်မတီအတွင်းရေးမှူးဦးမောင်လေးက နှစ်ကြိမ်သုံးကြိမ်လက်မတင် ကလေး လွတ် လွတ်ထွက်သွားပါတယ်။ အဲဒီအချိန်မှာ အဘဦးအောင်ညွန့်က ဦးလေးဦးမောင်လေးကိုဝှက်ထား ပေးပါတယ်။ သူနေတဲ့ ခမောက်တောင်ခါးပန်းမှာ တဲထိုးပြီး ၀ှက်ထားပေးတာပါ။ ရန်သူက သတင်းအရ လာဖမ်း တော့ ဦးလေးက လွတ်သွားပြန်တယ်။ ဒီတော့ အသက်ခုနှစ်ဆယ်ကျော် အဖိုးကြီးကို လက်ထိပ်ခတ်ပြီးဖမ်းသွား တယ်။ အဘဦးအောင်ညွန့်ကို မန္တလေးခရိုင် ရဲဘော်ဟောင်းမှန်းသိတော့ ချက်ချင်း လက်ထိပ်ချွတ်ပြီး ကြိုးနဲ့ တုပ်ပါလေရောတဲ့။ “ဘာဖြစ်လို့လဲ အဘ”လို့ မေးကြည့်တော့ “ငါတို့က လက်ထိပ်ချွတ်တတ်တယ်”လို့ ပြန်ပြော ပါတယ်။ အဲဒီနည်းကို ဆရာစံလက်ထိပ်ချွတ်နည်းလို့ ခေါ်သတဲ့။ မချွတ်တတ်ရင် လက်ထိပ်က ပိုပိုပြီး ကျပ်သွား တတ်တယ်။ ချွတ်တတ်ရင်တော့ လွယ်လွယ်ကလေးတဲ့။ လက်ထိပ်ကို ရှေ့တိုးနောက်ဆုတ် အသာလှုပ်ပြီး ချိန်ကိုက်လေးလွှတ်ပေးလိုက်ရင် တစ်ထစ်ချင်း ဖြည်းဖြည်းပွင့်သွားတာပဲတဲ့
“အဲဒီတော့ ကြိုးနဲ့လည်း တုပ်လိုက်ရော အဘ ဘာမှ လုပ်လို့မရတော့ဘူးပေါ့”လို့ ကျွန်တော်မေးကြည့်တယ်။ “ဟဲ ဟဲ ငါလွတ်သွားတယ်ကွ”လို့ ရယ်ပြီးပြောပေတော့တာကိုး။ “ကဲ လုပ်စမ်းပါဦး။ အဘရဲ့ ဇာတ်လမ်းက စိတ်ဝင်စားစရာ ကောင်းလာပြီ”ဆိုတော့ ရေနွေးကြမ်းခွက်ကို တမော့ သောက်လိုက်သေးတယ်။ ပြီးတော့မှ “သူတို့က ငါ့ကို အဖိုးကြီးဆိုပြီး အထင်သေးတာလည်း ပါတယ်ကွ”လို့ ပြောသေးတယ်။ အဘဦးအောင်ညွန့်ကို ဖမ်းလာတဲ့ စစ်ထောက်လှမ်းရေးတွေက ခြေရောလက်ရော စိတ်ကြိုက်ချည်တုပ်ပြီး ပျဉ်ထောင်နှစ်ထပ်အိမ်ကြီး တစ်လုံးရဲ့အပေါ်ထပ်မှာ အခန်းကိုသော့ပိတ်ချုပ်နှောင်ထားလိုက်တယ်။ “ငါက လယ်သမားလည်းဖြစ်တယ်။ စစ်သားလည်းဖြစ်တယ်။ အားအားရှိ ကြိုးကျစ်နေတဲ့ကောင်ပဲ”တဲ့။ ဆိုတော့ သူက ဘယ်ကြိုးကို ဘယ်လိုဖြည် ရမယ်ဆိုတာ နောကျေနေအောင် သိတဲ့လူစားပေါ့။ လူကလည်း ဗလံလေးဆိုတော့ ကွေးလွယ်ညွှတ်လွယ် ခန္ဓာ ကိုယ်နဲ့ပေါ့။ အဲဒီတော့ ခြေနဲ့လက်နဲ့တွဲထားတဲ့ ၀က်တုပ်ကြိုးကိုပဲ ခက်ခက်ခဲခဲဖြည်ရပါသတဲ့။ “၀က်တုပ်ကြိုး လည်း ပြေသွားရော လက်နောက်ပြန်ကြိုးကို ခြေကွေးပြီး ရှေ့ထုတ်လိုက်တယ်။ ပြီးတော့ပါးစပ်နဲ့ ကိုက်ဖြည် လိုက်တာပေါ့”လို့ လွယ်လွယ်ကလေး ပြောပြပါတယ်။
“အဲဒီတော့ လွတ်ရောလား”ဆိုတော့ “သေနတ်နဲ့ လိုက်ပစ်ကြသေးတယ်”တဲ့။ အဘဦးအောင်ညွန့်ကို ဖမ်းချုပ် ထားတဲ့အိမ်က ဆယ်ပေလောက်မြင့်သတဲ့။ အုတ်ဖိနပ်နဲ့ဆိုတော့ ဆယ့်နှစ်ပေ၊ ပြတင်းပေါင်အမြင့်ပါ ထပ်ပေါင်း ရင် ဆယ့်ငါးပေလောက်မြင့်သတဲ့။ အသက်ခုနှစ်ဆယ်၊ အိုကြီးအိုမ လူပိန်တာရိုး ချိနဲ့နဲ့လူ့ဗလံကလေး တစ် ယောက်အတွက် အဲဒီအမြင့်က ခုန်ချဖို့ရာ ကံမကောင်းလို့ အကျမတော်ရင် သက်သာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်က အဆင်ပြေသွားနေတယ်။ မြေပေါ်ဖုတ်ကနဲ ပြုတ်ကျသွားပြီး ချက်ချင်းပြန်ထနိုင် တယ်။ ဒါပေမဲ့ ကံဆိုးတာက စစ်ခွေးတွေ ရေချိုးတဲ့နေရာနဲ့ မလှမ်းမကမ်းဖြစ်နေသတဲ့။ “အဲဒါနဲ့ ဒီကောင်တွေက ဟေ့ အဖိုးကြီး မပြေးနဲ့ မပြေးနဲ့ဆိုပြီး ၀ိုင်းလိုက်ကြတာပေါ့” လို့ အဘက ဆက်ပြောတယ်။ “ဗိုလ်ကြီးမြင့်ဦးဆိုတဲ့ ကောင်က ငါ့ကိုမှီအောင် မပြေးနိုင်ဘူး”လို့ အဘက အသားယူပြီးပြောနေသေးတယ်။
လိုက်လို့မမှီမှန်းလည်းသိရော စစ်ထောက်လှမ်းရေးက လူတွေက သေနတ်တွေထုတ်ပြီး ၀ိုင်းပစ်ကြတော့တာပဲ တဲ့။ “ဟာ အဘရယ် မှန်လိုက်ရင်တော့ ပွဲချင်းပြီးပဲ”လို့ ကျွန်တော်တို့ကပြောတော့ “မမှန်ပါဘူးကွ”လို့ပြောပြီး ရယ်နေတယ်။ ပြီးတော့မှ “ငါက ကျည်သွားလမ်းကို သိတယ်”လို့ အေးအေးဆေးဆေး ပြောပါတယ်။ “သေနတ် ဆိုတာ ပစ်တိုင်းပဲ မှန်နေရင် ခက်ပဲခက်ရချည့်မောင်”လို့ ပြောလိုက်ပါသေးတယ်။ “ငါတို့က ၄၈ကတည်းက တိုက်ပွဲတွေ အများကြီး တိုက်ဖူးတယ်။ အဲဒီတော့ ကျည်သွားလမ်းကိုတွက်ပြီး ဘယ်လိုရှောင်ရမလဲသိတယ်။ ကွေ့ပတ်ပြီးပြေးရတာပေါ့”တဲ့။ “ကိုယ့်နယ်ဆိုတော့ ငါက နယ်ကျွမ်းပြီးသား။ ဟိုကောင်တွေက စမ်းတ၀ါးဝါးနဲ့ လိုက်ရတာ”လို့ ပြောလိုက်သေးတယ်။ “ကျည်ကွယ်မျက်ကွယ်ရတာနဲ့ ငါလွတ်ပြီလို့ သိလိုက်တယ်” အဘက ရေနွေးကြမ်းတစ်ခွက် ထပ်သောက်ရင်း ခပ်လေးလေးပဲ ပြောပြနေတယ်။ ဒီလို စွန့်စားခန်းဆိုတာ သူ့အဖို့ မထူး ဆန်းသလိုပါပဲ။ “ဘယ်ဆန်းမလဲကွ။ တိုက်ပွဲထဲမှာ ကိုယ်သေပြီထင်ပြီး လွတ်လာတာတွေ အများကြီး”လို့ ဆိုပါ တယ်။
ဒီလိုနဲ့ လျှိုလေးတစ်ခုကိုလည်း ရောက်ရော ချောက်ထဲကို အသာလှိမ့်ချလိုက်ပြီး လမ်းဘေးက ခြုံထဲ ၀င်ပုန်း လိုက်တယ်။ ရန်သူလည်း ကျော်သွားရော ကိုယ်မူလပြေးခဲ့တဲ့ဘက်ကို ပြန်လှည့်ပြေးပြီး လွတ်လာခဲ့တာတဲ့။ အဘဦးအောင်ညွန့်ဟာ အဲဒီလိုနဲ့ ရန်သူ့လက်က တနှစ်နီးပါးလောက်လွတ်နေသေးတယ်။ အခု ဘယ်လိုလုပ် အဖမ်းခံရတာလဲဆိုတော့ “ဖော်ချက်နဲ့လာတာကွ။ ဒီတစ်ခါ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ ဟိုကောင်တွေက ဖမ်းပြီး ထောင်တန်းပို့လိုက်တာပဲ။ အရင်တစ်ခါလို မပေါ့တော့ဘူး”လို့ ရယ်ပြီး ပြောလိုက်ပါတယ်။ အဘဟာ ဒီတကြိမ်ပဲ ပထမဆုံးနဲ့ နောက်ဆုံး ထောင်ကျခဲ့တာပဲ။ ထောင်ထဲမှာလည်း ကျန်းမာရေးက မကောင်းဘူး။ ဒီလိုနဲ့ ထောင်ထဲမှာ အဘဆုံးတော့မှာပဲလို့ ၀ိုင်းပြီး စိတ်ပူခဲ့ရဖူးတယ်။ ဒါပေမဲ့ အမှည့်တ၀င်းဝင်းဆိုတဲ့စကား အတိုင်း အဘက ထောင်ထဲကနေ ရင်ကော့ပြီး ထွက်သွားခဲ့ပါတယ်။
ကျွန်တော် ထောင်ကလွတ်ပြီးတဲ့နောက် အဘဆီ တော်တော်နဲ့ မရောက်ဖြစ်ဘူး။ သွားချင်တယ်။ အကြောင်း အခွင့်မသင့်ဘူး။ သူနေတဲ့နေရာက ခမောက်တောင်လို့ခေါ်တယ်။ ခမောက်တောင်လို့ခေါ်တဲ့အတိုင်း ပတ်ချာ လည်မှာ တောင်တွေကပတ်လည်ဝိုင်းလို့။ အ၀င်လမ်းတစ်ခုတည်းပဲ မြေညီလမ်းရှိတယ်။ တောင်ပေါ်မှာ စက် သေနတ်ထိုင်ထားလိုက်ရင် လေယာဉ်ပျံတောင်မကပ်နိုင်ဘူးတဲ့။ တောရိပ် တောင်ရိပ် စိမ့်စမ်းရေလေးတွေနဲ့ သာယာအေးချမ်းတဲ့နေရာပါ။ ဒီနေရာဟာ တစ်ချိန်တုန်းက မန္တလေးခရိုင်တပ် အခြေစိုက်ခဲ့တဲ့နေရာပေါ့။ အဘ ဟာ ပါတီကိုချစ်တဲ့စိတ် သံယောဇဉ်နဲ့ ပါတီတပ် အခြေစိုက်ခဲ့တဲ့နေရာမှာပဲ သေတပန်သက်တဆုံး နေသွားခဲ့ တာပါ။ “ငါသေရင် ရွာကို ရွာကို ပြန်မသယ်နဲ့”လို့ မိသားစုကိုမှာခဲ့သတဲ့။ ဒီတော ဒီတောင်မှာပဲ သူ့အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ဖို့ မှာခဲ့ရှာတယ်။ သူချစ်တဲ့ မန္တလေးခရိုင်တပ်ရှိရာမှာပဲ သူနေတော့မယ်ဆိုတဲ့ သဘောပါပဲ။
ဒီလိုနဲ့ ကျွန်တော်မကြားချင်တဲ့သတင်းဟာ နောက်ဆုံးတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပါတယ်။ အပြင်က ပြန်လာတဲ့ ကျွန်တော့်ကို သားကြီးက “အဘဆုံးသွားပြီ”လို့ ဆီးပြောပါတယ်။ အဘကပါတီဝင်မဟုတ် တဲ့အတွက် သူ့ကိုပါတီအခန်းအနားနဲ့ မသင်္ဂြိုလ်နိုင်ဘူး။ အဘကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အစဉ် အလာနဲ့အညီ ဂုဏ်ပြုသင်္ဂြိုလ်ထို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ပထမဆုံး ရပ်ရွာဓလေ့ထုံးစံနဲ့အညီ သရဏဂုံ တင်ဖို့ မိသားစုကို စီစဉ်ခွင့်ပြုလိုက်ပါတယ်။ ပြီးတာနဲ့ တပ်အခန်းအနားနဲ့ ဂုဏ်ပြုတဲ့အစီအစဥင်္စပါတယ်။ အစီ အစဉ် (၁)ကတော့ ကျဆုံးသွားတဲ့ ရဲဘော်ဦးအောင်ညွန့်ကို အလေးနီပြုခြင်းပါ။ အစီအစဉ် (၂)ကတော့ ပြည်သူ့ လွတ် မြောက်ရေးတပ်မတော် ပြန်တမ်းကို ဖတ်ကြားခြင်းဖြစ်ပါတယ်။ အစီအစဉ် (၃)ကတော့ နိုင်ငံတကာ သီချင်းဆိုပြီးဂုဏ်ပြုနှုတ်ဆက်ခြင်းပါပဲ။
လယ်သမား ခွန်အားစိုက်ထုတ်သူအပေါင်းတွေ
ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ
ညီရင်းပမာ အဓိဧာန်သစ္စာပြုဟေ
သွေးစုတ်ကောင်တွေ မောင်းထုတ်ဟေ
တို့ရဲ့သွေးသား သူတို့ဝါးမြိုစားသလေ
နှစ်ကာလရှည်ကြာခံခဲ့ရပေ
ကြောက်လန့်စိတ် အကုန်အစင်စွန့်လေ
အရုဏ်ကျင်းကာ အလင်းသို့ ရောက်ပြီဟေ။
ရဲဘော်တို့ လာ စုရုံးနေ
အဆုံးစစ်ပွဲ နွှဲမယ်လေ
အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ။
တောတွေတောင်တွေ ရေမြေသစ်ပင် လျှိုမြှောင်စိမ့်စမ်းတွေက နိုင်ငံတကာသီချင်း သီဆိုသံအောက်မှာ လုံးဝ ငြိမ်သက်နေတယ်။ တောင်ကြားထဲကိုဖြတ်ပြီးတိုးဝှေ့နေတဲ့လေဟာ ခဏတော့ ဖတ်ကနဲရပ်သွားပါတယ်။ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားတယ်။ လေဟာ မြေကမ္ဘာက ဂုဏ်ပြုအပ်သူကို အသာရပ်ပြီး ဖတ်ကနဲ နှုတ်ဆက်သွားတယ် ထင်ပါရဲ့။ ရဲဘော်ဦးအောင်ညွန့်ရေ သွားနှင့်ပေဦးတော့လို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်သွားတယ် ထင်ပါရဲ့။ လေနဲ့အတူ သွားပေဦးတော့ ရဲဘော်ကြီးရေ။ ရဲဘော်ကြီးထားရစ်ခဲ့တဲ့ အတုယူ ဂုဏ်ပြုဖွယ် တော်လှန်ရေးအမွေကို လက်ဆင့်ကမ်းသယ်ဆောင်ရင်း မျိုးဆက်အဆင့်ဆင့် တော်လှန်ရေး အောင်ပွဲခံသည်အထိ ဆင်နွဲသွားဖို့ ကတိပြုလိုက်ပါတယ်။ အောက်ခြေသာမန်ရဲဘော်ဖြစ်ပေမယ့် ပါတီကို အမွန် အမြတ်တန်ဖိုးထားတဲ့နေရာမှာ အဘဟာ ဘယ်သူ့ထက်မှ မယုတ်လျှော့ခဲ့ပါဘူး။ တော်လှန်ရေးကို သေတပန် သက်တဆုံး ထမ်းရွက် သစ္စာရှိခဲ့တဲ့ အဘကို ကျွန်တော်တို့အားလုံး အမြဲသတိရနေကြပါမယ်။
ရဲဘော်ဦးအောင်ညွန့်ရဲ့ အနစ်နာခံပေးဆပ်မှု ထာဝစဉ်ဥဒါန်းတွန်ပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...