Tuesday, June 24, 2014

ရှစ်လေးလုံးဒဏ္ဍာရီ (သို့မဟုတ်) ရင်ဘတ်နောက်မှာ….ကျောပဲရှိတယ်

၈၈အရေးအခင်းတုန်းက ကျွန်တော် သုံးတန်းကျောင်းသားဘ၀။ တစ်နိုင်ငံလုံးမှာ ၈.၈.၈၈ကျမှ အုန်းအုန်းထပေမယ့် ကျွန်တော်တို့မြို့လေးမှာ ၆ရက်နေ့ကတည်းကစတယ် ပြောရမယ်။
အဲဒီနေ့ နေ့လည် ၁နာရီလောက်မှာ ခေါင်းလောင်းတီးသံကြားရတယ်။ တစ်ခါတစ်လေ ဆရာ/ဆရာမ အစည်းအဝေးတွေရှိရင် ကျောင်းစောဆင်းပေးတတ်တော့ ကျောင်းသားတွေရော ဆရာဆရာမတွေပါ ကျောင်းစောဆင်းပေးတဲ့ ခေါင်းလောင်းသံမှတ်ပြီး အလျိုလျိုထွက်လာကြတယ်။

ကျောင်းရှေ့ဘောလုံးကွင်ပြင်ရှေ့ရောက်မှ မထင်မှတ်တာတွေမြင်လိုက်ရတယ်။ကျောင်းဝင်းတံခါးမတွေ ပိတ်ပြီး နှာခေါင်းမှာအ၀တ်စည်းထားတဲ့ လူတစ်စုက ကွင်းထဲမှာလူစုတယ်။ ဘုမသိ ဘမသိဆိုတော့ ဓားမြတိုက် တာလား..ပြန်ပေးဆွဲတာလားနဲ့ အားလုံးအလန့်တကြားဖြစ်ကုန်ကြတာပေါ့။

ဒီလို ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ သူတို့ထဲက လူတစ်ယောက်က အလံအုတ်ခုံပေါ်တက်ပြီး မကြောက်ကြပါနဲ့။ ကျွန်တော်တို့ စကားပြောမလို့ပါ ဘာညာနဲ့ အသံကျယ်ကျယ်အော်ပြောပြီး လူအုပ်ကြီး ကိုထိန်းတယ်။နောက်ပိုင်းမှာတော့ အာပေါင်အာရင်းသန်သန်နဲ့ အစိုးရမကောင်းကြောင်းတွေ တွင်တွင်ပြောတော့ တာပဲ။ တစ်ပြည်လုံးလမ်းပေါ်ထွက် ဆန္ဒပြရမယ်ဆိုတာလည်းပါရဲ့။ သူပြောသွား တာ တော်တော်များများကို ကျွန်တော်နားမလည်ပါဘူး။ကျောင်းပေါက်အပြင်မှာလည်း သတင်းရတဲ့ မိဘတွေ က စိတ်ပူတကြီးလိုက်လာကြပြီး ကျောင်းတံခါးကိုဖွင့်ပေးဖို့ အော်ဟစ်နေကြတယ်။ သံတံခါးကို ဇွတ်တွန်းဖွင့်တဲ့သူတွေလည်း ဖွင့်ကြနဲ့။ ၅မိနစ်လောက်အကြာမှာ ဒီကျောင်းမှာတင် ဆရာမလုပ်နေတဲ့ ကျွန်တော့်အမေက လူအုပ်ထဲမှာ လက်လာဆွဲတယ်။ပြန်ကြမယ်တဲ့။ ကျောင်းတံခါးတွေ ပိတ်ထားတော့ လူအုပ်နောက်က အသာခိုးထွက်ပြီး အမေနဲ့ကျွန်တော် အုတ်နံရံကျော်ပြီး ထွက်ခဲ့ရတာမှတ်မိပါသေးတယ်။

အမေဘာဖြစ်တာလဲဗျလို့မေးတော့ ဆူကြပူကြဖို့ ဆွယ်တရားဟောနေတာတဲ့။ အမေ့စကားကို သိပ်နားမလည်ပေမယ့် ဒီမတိုင်ခင်မှာ ရေဒီယိုက ဦးနေ၀င်းအာဏာစွှန့်လွှတ်ကြောင်းကြေညာတဲ့အခါ သက်ပြင်းရှည်ကြီးချပြီး ဘာတွေဖြစ်လာဦးမလဲ မသိဘူးလို့ မျက်နှာမသာမယာနဲ့ ညည်းလိုက်တဲ့ အဖေစကားသံ ကို ဖျတ်ခနဲပြန်ကြားမိတယ်။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ အဖေမသိသလိုဘဲ ကျွန်တော် လည်း ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် လူကြီးတွေမျက်နှာရိပ်မျက်နှာကဲကြည့်ပြီးတော့ ကောင်း တာတွေဖြစ် မလာနိုင်ဘူး ဆိုတာတော့ သိလိုက်တယ်။

မြို့ထဲမှာလည်း လူထုဟောပြောပွဲတွေလုပ်တာ တစ်စွန်းတစ်စကြားရတယ်။နောက်နှစ်ရက်အကြာမှာတော့ ကမ္ဘာကျော်အရေးအခင်းကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရပါတော့တယ်။ ကျွန်တော်တို့အိမ်နားက ကျောက် တိုင်ကွင်း နဲ့ ဗိုလ်ချုပ်ပန်းခြံဟာ စုရပ်နေရာဖြစ်တော့ အိမ်ပေါ်ကလှမ်းကြည့်ရင် အတိုင်းသားမြင်နေကြားနေရတယ်။နေ၀င်းအစိုးရဖြုတ်ချရေး.. ဒို့အရေး..ဒို့အရေးနဲ့ ညာသံပေးနေတာလည်း ကြောက်ခမန်းလိလိပါပဲ။ပြီးရင် ပါတီယူနစ်ရုံးရှိရာဘက်ကို စုရုံးချီတက်ကြပါတယ်။ ပထမပိုင်းတော့ ဘာဆူဆူပူပူမှ မကြားရပါဘူး။နောက်ပိုင်းမှာတော့ အိမ်တွေကိုထမင်းထုပ်ဆင့်တာတွေ၊ တစ်အိမ်တစ်ယောက် မလိုက်မနေရလို့ ရာဇသံပေးတာတွေ ကြားလာမြင်လာရပြီး ပါတီကောင်စီဥက္ကဌအိမ်ကိုဖောက်တာတို့၊ နိုင်ငံတော်အလံကို မီးတင်ရှို့တာတို့ကြားလာရပါတယ်။ တစ်စစနဲ့ ဆန္ဒပြရာကနေ အကြမ်းဖက်မှုအသွင်ပြောင်းလာပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့ မြို့နယ်ရဲတပ်ဖွဲ့က အထိကရုဏ်းကို ပစ်ခတ်နှိမ်နင်းတာတွေလုပ်လာပါတော့တယ်။ဗျောက်အိုးဖောက်သံလောက်ကိုသာ အသံကျယ်ကျယ်ကြားဖူးတဲ့ ကျွန်တော့်နားထဲမှာ သေနတ်သံဆိုတာ ပိုကျယ်ပြီး၊ ပိုကြောက်စရာကောင်းပါ့လားဆိုတာကိုလည်း သိလာရပါတယ်။ ပစ်ကြပြီ..ခတ်ကြပြီဟဲ့ဆိုတော့ ကျောင်းသားတွေကို အတင်းလာဆွဲပြီး ဆိုင်းဘုတ်ကိုင်ဆန္ဒပြခိုင်းတဲ့အထဲမှာ ဘေးအိမ်က ကျွန်တော့်အကိုဝမ်းကွဲ ပါသွားလို့ သူ့အိမ်က ငိုကြီးချက်မ လိုက်ခေါ်ကြတာ မှတ်မိနေပါတယ်။

ကျွန်တော့်အိမ်ရှေ့လမ်းကနေ သေနတ်ထိမှန်ဒဏ်ရာရတဲ့သူတွေကို ထမ်းပြီး ဆေးရုံကို တဖုန်းဖုန်းပြေးနေကြတဲ့ သွေးသံရဲရဲမြင်ကွင်းတွေကိုလည်း မကြည့်ချင် မြင်လျက်သားတွေ့နေရပါတယ်။
အခြေနေတွေကငြိမ်သက်မသွားဘဲ ပိုပိုဆိုးလာပါတယ်။ ရဲစခန်းကို မီးကွင်းပစ်တာတွေ၊ သမဆိုင်မီးတင်ရှို့တာတွေ၊ ဆန်ဂိုဒေါင်ဖောက်တာတွေ၊ ကုန်သွယ်ရေးဂိုဒေါင်ဖောက်တာတွေထိ ရှိလာပြီး အဆိုးဆုံးကတော့ မြို့လယ်ဘုရားမှာ လူသတ်၊ခေါင်းဖြတ်ချိတ်တဲ့အထိ လက်ရဲဇက်ရဲလုပ်လာကြပါတယ်။ သတ်ခံရသူက ဖာခေါင်း… ဘယ်သူဆိုလား။ ဒါလုပ်ကြံစကားမဟုတ်ပါဘူး။ အဟုတ်အမှန်ကို ကြားသိကြုံတွေ့ခဲ့ရတာပါ။ ဒီလိုတောမီးလောင် တောကြောင်လက်ခမောင်းခတ်တာတွေ ရှိလာတော့ ရပ်ကွက်အလိုက်၊လမ်းအလိုက် ညဘက်မှာ တုတ်ဓားဆွဲပြီး ကိုယ့်လုံခြုံရေးကိုယ်ယူကြ၊ ကင်းစောင့်ကြတာတွေလည်း ရှိပါတယ်။ ဂျင်ကလိဆိုတာ အဲဒီအခါမှပဲ မြင်ဖူးတော့တာပါ။

အာလုံဟာ ကျီးလန့်စာစားပါပဲ။ တထိတ်ထိတ်တလန့်လန့်နဲ့ အိပ်ရတာတောင် စိတ်မသန့်ပါဘူး။ မိဘတွေက သူတို့လည်း ဘယ်မှမထွက်သလို ကျွန်တော်တို့မောင်နှမတွေကို အိမ်ထဲက အိမ်ပြင်မထွက်ခိုင်းပါဘူး။ ထွက်ဆိုရင်တောင် မထွက်ဝံ့ပါဘူး။နေ၀င်မီးမှုတ် တုတ်တုတ်မှ မလှုပ်ရဲလောက်အောင်ကိုပါပဲ။နုနယ်သေးတဲ့ ကျွန်တော်တို့နှလုံးသားထဲမှာ အရိုးစွဲသွားတာ အနိဌာရုံနဲ့ အကြောက်တရားတွေပါ။ အရွယ်နဲ့မမျှတဲ့ စိုးရိမ်သောကတွေပါ။

စက်တင်ဘာ ၁၈ရက်နေ့ ရေဒီယိုမှာ စစ်သီချင်းသံတွေ တောက်လျှောက်ကြားလာရပါတယ်။ အဖေက ထူးတော့မယ်တဲ့။ တကယ်လည်းထူးပါတယ်။ ကာဖျူးတဲ့၊ မာရှယ်လောတဲ့။ တပ်မတော်က အာဏာသိမ်းလိုက်ပြီတဲ့ ။ အရင်က ပြည်ထောင်စုနေ့ အလံသယ်အခမ်းအနားတွေမှာသာ မြင်ဖူးတဲ့ စစ်ကားနဲ့စစ်သားတွေကို ချပ်ဝတ်တန်ဆာအပြည့်နဲ့လက်နက်တွေကိုင်ဆောင်ထားတာကို ဒီအခါမှပဲ နီးနီးကပ်ကပ် မြင်ဖူးပါတော့တယ်။ လူနှစ်ယောက်ထက်ပို မစုကြဖို့၊ လမ်းပေါ်မှာ စုရုံးဆန္ဒမပြကြဖို့၊ ညနေ၆နာရီနဲ့ မနက်၆နာရီကြား အပြင်မထွက်ကြဖို့ စစ်သားတွေက လမ်းကြိုလမ်းကြားတွေအထိ လိုက်လံဆော်သြ နေတာတွေကိုလည်း ကြုံဖူးပါတော့တယ်။
နောက်ပိုင်းမှာတော့ အခြေနေတွေငြိမ်သက်လာပါတယ်။ကျောင်းတွေကတော့ ဖွင့်လိုက်ပိတ်လိုက်နဲ့ပါပဲ။

ကျွန်တော်တို့တွေကတော့ ကျောင်းပိတ်ရင် ပျော်တာပေါ့။ဟေးလားဝါးလား သူငယ်ချင်းများ နဲ့ ဆောကစားရတာကို။မိဘတွေကတော့ ကျွန်တော်တို့ရှေ့ရေးတွေးပြီး စိတ်မအေးကြပုံပါပဲ။ အဘိုးဘွားတွေအပါအ၀င် မိသားစုရှစ်ယောက်ရှိတဲ့ အိမ်ထောင်စုကြီးမှာ စားဝတ်နေရေးကလည်း တဖြည်းဖြည်းကြပ်တည်းလာပုံရပါတယ်။ဆိုရှယ်လစ်ခေတ်တုန်းက တစ်အိမ်ထောင်မှာ လူတစ်ယောက် အလုပ် လုပ်ရင် အေးအေးသက်သာ ထိုင်စားလို့ရပေမယ့် အရေးအခင်းပြီးစ ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်အောင်တက်လာကြတော့ အတော်လေးကသီလင်တနိုင်ကြ ပုံ ပေါ်ပါတယ်။နို့မုန့် ဘူးမပြတ်၊ကော်ဖီ မပြတ်ခဲ့တဲ့အိမ်မှာ ထမင်းရည်ဟာအစားထိုးစရာဖြစ်လာပါတယ်။ အသား အစား၊အသီးအရွက်တွေ ပိုများလာပါတယ်။ဇီရာလောက်တော့ နပ်မှန်ခဲ့ တဲ့အိမ်မှာ လူးတို့ဆတ်တို့နဲ့ရောထားတဲ့ ထမင်းကိုတောင် စားခဲ့ရဖူးပါတယ်။မုန့်ဖိုးလည်း အရင်ကလိုမပေးနိုင်တော့လို့ အမေက စိတ်မကောင်းစွာနဲ့ ချော့မော့တာ တွေလည်း သတိရမိပါတယ်။အဖေကလည်း လူရိုးလူဖြောင့်ဝန်ထမ်း၊ ဆိုရှယ်လစ်လမ်းစဉ်သမား။ သူ့မှာ ဘာမှစုဆောင်းထားတာမရှိတော့ သူလည်း လက်ပိုက်ကြည့်နေရတာပေါ့။ ဒီအချိန်မှာ အမေဟာအဖေ သဘောမတူတဲ့ကြားက သမာအာဇီဝနဲ့ရှာ စားမယ်.. ကလေးတွေမုန့်ဖိုးပဲဖိုးပဲ ရရ..ဆိုပြီး အိမ်ရှေ့မှာ မရှက်မကြောက် မုန့်ဆလင်းတောင့်ထွက်ရောင်ပါသေး တယ်။ကျေးဇူးပါ အမေ။ ဒါ ကျွန်တော့်ကိုယ်တွေ့တွေပါ။

ခုချိန်မှာ ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုတဲ့ လူပုဂ္ဂိုလ်တွေ၊လူထုကို လမ်းပေါ်တက်ခိုင်းမယ်ဆိုတဲ့ အသံဗလံတွေ ဆူညံနေပါတယ်။ ဒီအသံတွေကြားရင် ကျွန်တော် တကယ်မုန်းတယ်။ ငယ်ငယ်ကတည်းက စိတ်နာခဲ့ရတဲ့ ဘ၀ကို တစ်ခြားဘယ်သူ့ကိုမှလည်း မရောက်စေချင်ဘူး။ မဖြစ်စေချင်ဘူး။ ကျွန်တော့်တို့လို ဒုက္ခမျိုးစုံ၊ အကြပ်အတည်းမျိုးစုံ တွေ့ကြုံရသူတွေလည်း ဒုနဲ့ဒေးနေမှာပဲ။ သူတို့ဘ၀တွေလည်း ခက်ခဲကြမှာပဲ။သေကြေ၊ဒဏ်ရာရ၊ထောင်တန်းကျတဲ့ ဘ၀တွေလည်း အများကြီးနေမှာပါပဲ။ ဘယ်သူတွေ အနာခံရပြီး ဘယ်သူတွေအသာစံသွားလဲ။ဘယ်သူတွေ အဖိုးထိုက်ပြီး ဘယ်သူတွေ အရိုးကိုက်ရသ လဲ။ နိုင်ငံရေးလောင်းရိပ်အောက်မှာ၊သွေးထိုးလှုံ့ဆော်မှုတွေနောက်မှာ တကယ်အတိဒုက္ခရောက်ရ တာ ကျွန်တော်တို့ပြည်သူတွေပါ။

မကြားလို.. မမြင်လို.. မခံစားလိုတော့ပါဘူး။ ကျွန်တော့်လို အယူအဆရှိကြတဲ့ ပြည်သူတွေလည်း အများကြီးရှိမှာပါ။ ကိုယ့်ဝမ်းစာကိုယ် အေးအေးသက်သာပဲ ရှာဖွေစားသောက်ချင်ကြသူတွေ တစ်ပုံကြီးနေမှာပါ။ သူတို့တွေအတွက်ကတော့ အငှားဗိုက်နဲ့ ဓားထိုးခံခိုင်းဖို့ဝန်လေးနေမှာ မဟုတ်သလို မရ..ရသကာခြိုင်ဖို့လည်း နှောင့်နှေးနေမှာ မဟုတ်ပါဘူး။

အိမ်နီးချင်းထိုင်း… ထိုင်းဆိုတဲ့အတိုင်း အရာရာထိုင်းနေ၊ မှိုင်းနေပြီ။ ဆုတ်ကပ်ကို လှမ်းတဲ့လမ်းစ တွေ့နေမြင်နေရပြီ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အလားတူကြုံခဲ့ဖူးတယ်ဆိုတာထက် ဆယ်စသာတယ်။ အစတစ်ရာဆိုးဝါးတယ်။ အပြန်တစ်ထောင် ခါးသီး တယ်။ ခါးစည်းခံခဲ့ကြဖူးတယ်။

ကျွန်တော်တို့ သင်ခန်းစာယူကြဖို့လိုပြီ။ဆင်ခြင်သုံးသပ်ကြဖို့လိုပြီ။ ကလေးသူငယ်တွေပါမချန် အင်အားပြည့် စွဲ သုံးနေ တဲ့ ရေပေါ်ဆီနိုင်ငံရေးသမား အတ္တလောက်ကောင်များကို ရှောင်ရှားကြဖို့လိုပြီ။ ကြည့်တတ် မြင် တတ် ကြဉ်တတ်ဖို့လိုပြီ။ သူတို့ဖာသာ သူတို့ လွှတ်တော်အတွင်းမှာ တရားတဘောင်နဲ့ ရှင်းရှင်း။ လက်ဝါး ချင်းပဲ ပုတ်ပုတ်၊ ဓားချင်းပဲ ခုတ်ခုတ်။ ကျွန်တော်တို့ လိုက်မလုပ်ကြဖို့လိုပြီ။ သူတို့တွေရဲ့ နောက်မှာ ဆယ်သက်လောက်စားမကုန်တဲ့ ဥစ္စာဓနတွေရှိတယ်။ ကျွန်တော်တို့မှာက လှည့်ကြည့်ရင် ကျောပဲရှိတာမို့ ကိုယ့်ဝမ်းနာကိုယ်သိဖို့လိုပြီ။

(အားလုံးသိစေချင်လို့ ကျွန်တော်ဘ၀ရဲ့ တစ်စိတ်တစ်ဒေသကိုတောင်ဖွင့်ချပြီး ဒီစာကို ရင်နဲ့ရင်း ရေးပါ တယ်။ခေတ်ဆိုးခေတ်ပျက် ဆောင်းအိပ်မက်တွေ နှောင်းတစ်ရက်မှာ ထပ်မမက်ပါရစေနဲ့တော့။)

၈၈အရေးအခင်းတုန်းက ကျွန်တော် သုံးတန်းကျောင်းသားဘ၀။ တစ်နိုင်ငံလုံးမှာ ၈.၈.၈၈ကျမှ အုန်းအုန်းထပေမယ့် ကျွန်တော်တို့မြို့လေးမှာ ၆ရက်နေ့ကတည်းကစတယ် ပြောရမယ်။
အဲဒီနေ့ နေ့လည် ၁နာရီလောက်မှာ ခေါင်းလောင်းတီးသံကြားရတယ်။ တစ်ခါတစ်လေ ဆရာ/ဆရာမ အစည်းအဝေးတွေရှိရင် ကျောင်းစောဆင်းပေးတတ်တော့ ကျောင်းသားတွေရော ဆရာဆရာမတွေ ပါ ကျောင်းစောဆင်းပေးတဲ့ ခေါင်းလောင်းသံမှတ်ပြီး အလျိုလျိုထွက်လာကြတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...