Friday, May 16, 2014

ဒိုနာစရိုက်၊ ဒိုနာလိုက်နဲ့ ဒိုနာကြိုက်များ…(၀င်းနိုင်ဦး )

May 12, 2014 at 10:19pm

၁၉၉၉ ခုနှစ်လောက်။ တရက်မှာတော့ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ၊ အော်စလို၊ နော်ဝေ)ကို စကင်ဒီနေးဗီးယန်းနိုင်ငံတွေအခြေစိုက် အလှူရှင် NGO တစ်ခု (နာမည်မေ့သွားပြီ။ World…ဘာညာ) ရောက်လာပါတယ်။ (စကင်ဒီနေးဗီးယန်းနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေတို့က ငွေကြေး အင်မတန်တောင့်တာကလား)။
သူတို့က မြန်မာပြည်ကို (စစ်အစိုးရအုပ်ချုပ်နေတာ ဘာညာ အသာထား) ကူညီချင်လွန်းလို့ နေမချိထိုင်မသာ ရွစိတက်နေတာ။

ဒီဗွီဘီရေဒီယိုက ဒေါက်တာစိန်ဝင်းအဝေးရောက်အစိုးရ (NCGUB)ရဲ့ အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပြန်၊ သူတို့စကင်ဒီနေးဗီးယန်းနိုင်ငံတွေနဲ့လည်း အလွမ်းသင့်ပြန်၊ သတင်းဌာနလည်းဖြစ်ပြန်ဆိုတော့ ယုံကြည်ရလောက်စရာတွေ ရှိတယ်ပေါ့။ ဒါနဲ့ လာ စနည်းနာတာပါ။ ကိစ္စက မြန်မာပြည်တွင်းကို ငွေကြေးထောက်ပံ့ချင်တယ်ပေါ့။ အဲဒါ ဘယ်လို အနေအထား ရှိမလဲပေါ့။

ဒါနဲ့ ကိုအေးချမ်းနိုင် (အခုဒီဗွီဘီ CEO)က “မြန်မာပြည်ကို ခင်ဗျားတို့ ခုချိန်ကူညီလို့ကတော့ ပြည်သူတွေလက်ထဲ ၅၀ ရာနှုံးပဲရောက်မယ်။ ကျန်တဲ့ ၅၀ ရာနှုံးက စစ်ဗိုလ်ချုပ်တွေပိုက်ဆံအိတ်ထဲ ရောက်သွားမှာပေါ့”လို့ ပိုပိုသာသာ အပြတ် ပြောချပြစ်လိုက်တယ်။ ဒိုနာ ‘လန်’သွားအောင်။ ဒီမှာ အဲဒီ NGO ဒိုနာဆရာသမားတွေက “ဟာ…ဟုတ်လား”ဆိုပြီး ထခုန်မတတ် အံ့အားသင့် ထအော်ကြပါတယ်။ ပြီးတော့ ပြောတယ်။ “ငါတို့က ဗမာပြည်သူတွေလက်ထဲ ၁၀ ရာနှုံးလောက်ပဲရောက်မယ် မှတ်နေတာ။ မင်းပြောတော့မှ ၅၀ ရာနှုံးဆိုတော့ ဗမာလူထုလက်ထဲရောက်မှာက ဟ…အများကြီးပါလား”တဲ့။ သေရော အေးချမ်း (ကျနော်လည်း အပါအဝင်)။ ဒိုနာခေါင်းက အဲဒီလိုခေါင်းမျိုး။ ဒိုနာစရိုက်က အဲဒီလိုစရိုက်မျိုး။

ပြည်ပနိုင်ငံရေးခေတ်ကောင်းတုန်းက (ခေတ်မကောင်းဖြစ်သွားတာကလည်း ၂၀၁၀ နောက်ပိုင်း ပြည်တွင်းနိုင်ငံရေး အခြေအနေတွေကြောင့်ပါ) လူတစ်ဦး၊ အဖွဲ့အစည်းတစ်ရပ် အောင်မြင် မအောင်မြင်၊ အလုပ်ဖြစ် မဖြစ်၊ ဝိုင်းအတိုက်ခံရ မခံရ၊ ခေါင်းမော်နိုင် မမော်နိုင်၊ သွေးနားထင်ရောက် မရောက် ဆိုတာတွေက အဲဒီလူပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းကို ဒိုနာ (ပြည်ပအလှူရှင်၊ ငွေထောက်ပံ့သူ)တွေက ဘယ်လောက်ကြိုက်သလဲ၊ ဘယ်လောက်အထင်ကြီးသလဲ၊ ဘယ်လောက်ယုံကြည်သလဲ၊ ဒိုနာတွေနဲ့ဘယ်လောက် နီးစပ်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပါ။ ဒီတော့ ဒိုနာကြိုက်အောင် ဒိုနာယုံအောင် ဒိုနာနားပေါက်အောင်လုပ်တတ်တဲ့ အရည်အချင်း (Capacity)နဲ့ ပြည့်စုံဖို့လိုပါတယ်။ ဒီတော့မှ ပိုက်ဆံများများရတာပါ။ ဒီတော့မှ များများ အလုပ်လုပ်နိုင်တာပါ။ (ထိရောက်မှုအပိုင်း ဘာညာကတော့ နောက်မှ ဆွေးနွေးပါခင်ဗျား…။)

ကျနော် ထောင်ကထွက်ပြီး နောက်ဆုံးအကြိမ် (သုံးကြိမ်မြောက်) ထိုင်းကိုရောက်တော့ ABSDF ကျောင်းသားအဖွဲ့ နှစ်ဖွဲ့ကွဲနေပါပြီ။ ကိုမိုးသီးဇွန်နဲ့ဒေါက်တာနိုင်အောင်။ ဒုတိယအကြိမ် ၁၉၈၉ ခုနှစ်အကုန် ထိုင်းကို ကျနော်ရောက်တုန်းက အဖွဲ့မကွဲသေး။ ဒီတော့ ကျနော်က နှစ်ဖွဲ့စလုံး-အထူးသဖြင့် နှစ်ဖွဲ့ခေါင်းဆောင်ပိုင်း-နဲ့ ရင်းနှီးကျွမ်းဝင်သူ၊ သူတို့ကလည်း ကျနော့်ကို ဟိုဘက်ဒီဘက် ဘက်မလိုက်သူ၊ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးကို တန်ဘိုးထားတတ်သူအဖြစ် ရှုမြင်ကြပါတယ်။ (ကျေးဇူးပါ။)
“ထောင်လေးတစ်ခါကျဖူးရုံနဲ့ နိုင်ငံရေး မလုပ်တော့ဘူးဆိုတော့ ရာဇဝင်ရိုင်းလှသကွာ။ ဒီမှာလည်း လုပ်နိုင်ကိုင်နိုင်တဲ့လူ သိပ်ရှိတာမဟုတ်ဘူးကွ” ဆိုတဲ့ ရဲဘော်မိုးသီးဇွန်ရဲ့စကား နားယောင်ပြီး ကျနော် ထိုင်းရောက်သွားတာပါ။ ဟိုရောက်တော့ ရွေးစရာက နှစ်ခုထဲ။ မိုးသီးလား။ ဒေါက်တာနိုင်အောင်လား။ ကိုနိုင်အောင်အခြမ်းမှာ ကျနော်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်သူတွေ များတယ်။ ကိုနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ကိုကျော်ကျော်၊ ကိုစိုးအောင်၊ ကိုခင်မောင်ဝင်း (အခု ဒီဗွီဘီ Deputy Executive Director)၊ မိသက် (သက်သက်လွင်၊ ဆုံးသွားပါပြီ)…စသည် စသည် အများကြီး။ ကိုမိုးသီးဇွန်ဘက် ခေါင်းဆောင်ပိုင်းမှာတော့ ကျနော် အရင်ကသိခဲ့ဖူးသူ တစ်ယောက်မှမရှိပါ။ ကိုသူရိန် (၁၉၈၈ ခုနှစ်၊ ဗကသ ပြန်ကြားရေးတာဝန်ခံ) တစ်ယောက်က လွဲလို့ပေါ့။ အဖွဲ့ကွဲတော့ ပြည်တွင်းရဲဘော်သံယောဇဉ်နဲ့ မိုးသီးဘက် သူကပါသွား။
သူရိန်က ကျနော့်ကို ပြောတယ်။ “ကိုဝင်းနိုင်ဦး။ ကိုမိုးသီးနဲ့ မပေါင်းနဲ့၊ ကိုနိုင်အောင်နဲ့ ပေါင်း။ ကျနော်တို့အဖွဲ့က စုတ်ပြတ်နေတာ။

ကိုနိုင်အောင်တို့အဖွဲ့က နိုင်ငံတကာအဆက်အသွယ် သိပ်ကောင်းတယ်။ ရံပုံငွေလည်း တောင့်တယ်။ အကိုလုပ်ချင်တာတွေကို သူတို့ကမှ လုပ်ပေးနိုင်မှာ။ ကိုမိုးသီးနဲ့ဆို ဘာမှဖြစ်လာမှာမဟုတ်ဘူး”လို့ နားမဝင်ဝင်အောင် အကြံပေးရှာပါတယ်။ နောက် သိပ်မကြာပါဘူး၊ ကိုနိုင်အောင်တို့ဘက်က ကျနော့်ကို တွေ့ချင်လို့ဆိုတာနဲ့ သူရိန်နဲ့နှစ်ယောက် သွားကြပါတယ်။ သူတို့ဘက်ကလည်း ကျနော့်ကို လေးစားအသိအမှတ်ပြုတဲ့အကြောင်း ပြောပြီး သူတို့နဲ့ပေါင်းဖို့ ခေါ်ပါတယ်။ အကျိုးနဲ့အကြောင်းနဲ့ပါ။ သူရိန်ပြောသလိုပါပဲ။ သူတို့အနေနဲ့ ကျနော်လုပ်ချင်တာတွေကို ဖြစ်မြောက်အောင် လုပ်ပေးချင်ကြောင်း၊ လုပ်ပေးနိုင်စွမ်းလည်း ရှိနေကြောင်း၊ ကိုမိုးသီးနဲ့အရင်းအချာဆိုပေမယ့် အလုပ်ဖြစ်မဖြစ်ကို ဦးစားပေးစေလိုကြောင်း၊ အဖွဲ့အစည်းသဘောအရ စည်းရုံးတာ မဟုတ်ပါကြောင်း၊ ကိုဝင်းနိုင်ဦးကြိုက်သလို ဆုံးဖြတ်နိုင်ပါကြောင်း စသဖြင့် ရည်ရည်မွန်မွန် ပြေပြေပြစ်ပြစ်ပါ။
ကျနော်က ဆုံးဖြတ်ပြီးသားပါ။ အခုလို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူး အင်မတန်တင်ပါကြောင်း၊ သူတို့အဖွဲ့နဲ့ တွဲပြီးတော့လည်း အလုပ်လုပ်ချင်ပါကြောင်း၊ သူတို့အဖွဲ့နဲ့ အလုပ်လုပ်ရင် ခရီးပေါက်မှာကိုလည်း ကျနော်သိပါကြောင်း၊ ဒါပေမယ့် မိုးသီးနဲ့က သစ္စာဆိုထားသလို ဖြစ်နေလို့ ပေါက်ရောက်ရောက် မရောက်ရောက် သူနဲ့ပဲ ပေါင်းမယ့်အကြောင်း၊ မိုးသီး ခုလိုအားနည်းနေချိန်မျိုးမှာ သူ့ကို ပြစ်သွားတာမျိုး မလုပ်ချင်ပါကြောင်း စသဖြင့် ကျနော်ကလည်း သံခင်းတမန်ခင်းပါတယ်။ သူတို့ကလည်း “ထပ်စဉ်းစားပါဦး”လို့ ပြောပြီး လူစုခွဲလိုက်ကြပါတယ်။ (သူရိန်ကတော့ ဒေါသတဖြစ်ဖြစ်ပေါ့။)

ဟုတ်ပါတယ်။ သူရိန်ပြောသလို အဲဒီအချိန် (၁၉၉၅၊ ၉၆)တုန်းက ကိုနိုင်အောင်အဖွဲ့က လူအင်အားလည်း ကောင်းတယ်၊ ငွေရေးကြေးရေးလည်း တောင့်တယ်၊ နိုင်ငံတကာရော ပြည်တွင်းမှာပါ လှုပ်ရှားနိုင်စွမ်း ကြီးတယ်။ လက်တံရှည်တယ်ပေါ့။ အထူးသဖြင့် နိုင်ငံတကာကို နိုင်ငံတကာအသိုင်းအဝိုင်းကို ‘ပေါက်’တယ်။ အရင် ABSDF တစ်ဖွဲ့တည်းကာလတုန်းက ရွှေလက်တွဲခဲ့တဲ့ ဒိုနာတွေထဲက အများစုဟာ အဖွဲ့ကွဲတော့ ကိုနိုင်အောင့်နောက် ကောက်ကောက်ပါအောင် လိုက်သွားကြတာကိုး။ ဘာလို့လဲ။ ကိုနိုင်အောင်ကို ဒိုနာတွေက ကြိုက်တယ်လေ။ သူက ‘ပြည်ပနိုင်ငံရေးခွင်’ကို နားလည်သူ၊ ပြည်ပနိုင်ငံရေးအနေအထားနဲ့ အဟပ်မိအောင် လုပ်နိုင်စွမ်းသူ။ (ဒီလိုပြောလို့ ကိုနိုင်အောင့်မှာ နိုင်ငံရေးယုံကြည်ချက် မရှိဘူး၊ မရိုးသားဘူး ဆိုတဲ့အဓိပ္ပါယ်အစွန်းထွက်သွားရင် မဟုတ်ကြောင်း ငြင်းပါရစေ။)

ခက်တာက မြန်မာ့အရေးဆိုင်ရာ နိုင်ငံတကာနိုင်ငံရေးလှုပ်ရှားမှုမှာ ရှိုက်ကြီးတငင်ငင် ငိုပြ၊ ရင်ဘတ်ကြီး တထုထုလုပ်၊ လက်သီးလက်မောင်းတွေ တန်း၊ ရဲရဲတောက်စကားတွေကြက်သီးထလောက်အော်ပြောနေရုံလောက်နဲ့ လူတောမတိုးပါ။ အဲဒီတုန်းက ထိုင်းဘက်မှာ ပြောလေ့ရှိကြတဲ့စကားတစ်ခွန်း ရှိပါတယ်။ နောက်ပြောင်ပြောကြတာပါ။ ရဲဘော်တစ်ယောက်ကို မိုးသီးအဖွဲ့ကလား၊ နိုင်အောင့်အဖွဲ့ကလား ခွဲခြားသိချင်ရင် အနားသာ ကပ်ကြည့်။ နံရင် မိုးသီးအဖွဲ့က၊ မွှေးနေရင် နိုင်အောင့်အဖွဲ့ကတဲ့။

တကယ်တော့ ပြည်ပနိုင်ရေးက အများထင်ကြသလို နိုင်ငံရေးဆိုဆို တော်လှန်ရေးခေါ်ခေါ်၊ အဲဒါတစ်မျိုးတည်း မဟုတ်ဘူးဗျ။ အသက်ရှင်ရပ်တည်ရေး (Survival, Struggle for Existence) လည်း ပါတယ်။ သွေးပျက်စရာကောင်းလောက်အောင် ပါတယ်။ စိတ်ဖိစီးမှုဒဏ်ရာဟောက်ပက်ကြီးဖြစ်သွားအောင်ကို ပါတယ်။ တစ်ဦးချင်းမှာရော အဖွဲ့အစည်းတစ်ရပ်မှာရော။ ဗမာပြည်မှာက စားစရာ မရှိရင် ရပ်ကွက်ထဲ လည်စားလို့ရတယ်၊ အသိအိမ် သွားနေလို့ရတယ်။ သူများနိုင်ငံမှာ မရဘူးဗျ။ သေသွားမှာ။ လူဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် သေသွားမယ်။ ဘာမှ လှုပ်လို့ မရဘူး။ ဘာမှ မလုပ်နိုင်ဘူး။ မပေါက်ရောက်ဘူး။ လူ မလေးဘူး။ ဒါကြောင့် ဒိုနာနောက် လိုက်ကြရတာ။ ဒိုနာအကြိုက်တွေ လုပ်ရတာ၊ ဒီလိုနဲ့ ဒိုနာကြိုက်တွေ ဖြစ်သွားကြတာ။

ပြည်ပအဖွဲ့အစည်းတွေက ဒိုနာကြိုက်နဲ့ဒိုနာလိုက်(ဒိုနာလိုက်ရှာသူ)တွေမှာ ကျနော်သိသလောက် အကြမ်းဖျဉ်း သုံးစား ပြားပါတယ်။ ၁။ ကိုယ့်ရပ်တည်ချက်ကို အနည်းဆုံးအဆင့်လောက်သာ အထိခံသူ (လုံးလုံးအထိ မခံလို့တော့ မရပ်တည်နိုင်ဘူးနော။) ၂။ ကိုယ့်ရပ်တည်ချက် ပွန်းတန်ပွန်း ပဲ့တန်ပဲ့တာခံပြီး ဒိုနာနဲ့ဆက်ဆံရေးကို သတိနဲ့ချိန်ဆ သဟဇာတဖြစ်အောင်လုပ်သူ ၃။ ရပ်တည်ချက်ကို ပြစ်ခါချလိုက်ပြီး ကိုယ့်ကိုကိုယ် ဒိုနာထံ ရောင်းစားသူ။ မူလရပ်တည်ချက်တစ်ခုလုံး ကျိုးကျိုး၊ ကျေကျေ။ (ကျနော် အမျိုးအစားခွဲလိုက်တာက မူလရပ်တည်ချက် ရှိသူတွေကိုပါ။ ‘နိုင်ငံရေးလူလေလူလွင့်တွေ’အကြောင်း ထည့်မပြောပါ။)

ဒိုနာနဲ့ ပတ်သက်ချင်ရင် ဒိုနာကြိုက်လည်း လုပ်ရတယ်ဆိုတာ ‘ဒိုနာနီတိ’ပါပဲ။ ကွန်ပြူတာ Software တွေ Download လုပ်ချင်ရင် တွေ့ရမြဲဖြစ်တဲ့ Terms and Regulations ခေါ်ခေါ်၊ Terms and Conditions ဆိုဆိုပေါ့ဗျာ။ ‘YES’ မလုပ်လို့ကတော့ ခင်ဗျား အဲဒီ Software ကို ဘယ်တော့မှ Download လုပ်လို့ မရတော့ဘူး။ နောက်တစ်ခုက ဒိုနာသဘောထား၊ ဒိုနာစရိုက်နဲ့ ပတ်သက်လို့ ကျနော် သတိထားမိတဲ့အချက်တစ်ချက် ပြောပြချင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အလွယ်တကူရှင်းသွားအောင် ကျနော် ဥပမာတစ်ခု ပေးပါမယ်။ နာမည်ဖော်ပြပြီး ဥပမာ အပေးခံရသူများ ကျနော့်အား ခွင့်လွှတ်ကြပါ။ တစုံတဦးကို တိုက်ခိုက်ဖို့ မကောင်းပြောဖို့ အကဲဖြတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစာကို ကျနော် ရေးတာမဟုတ်ပါ။ (အဲဒီလိုရေးမယ်ဆိုရင်လည်း ဒီလိုပုံစံမျိုး မရေးပါ။) ကျနော်ပြောချင်တာကို ပေါ်လွင်စေမယ့် တခြား ဥပမာကောင်းကောင်း ကံနည်းစွာ ကျနော့်မှာ မရှိလို့ပါ။ ဒီဥပမာကလည်း ပြည်ပက လူစုံတဲ့ပွဲမျိုးတွေမှာ တိုက်ဆိုင်တိုင်း မကြာခဏ ကျနော် ရယ်ရွှမ်းပတ်ရွှမ်း ပြောတာလည်း ဖြစ်လို့ပါ။ ဒီလို၊ ဒီလို…။

ဒေါက်တာစိန်ဝင်း NCGUB အစိုးရ စီးပွား ၃ ခါ ပျက်ဖူးပါတယ်။ ဦးဟန်ညောင်ရွှေနဲ့တစ်ခါ၊ ကိုဇော်ဦး(ခု သမ္မတစီးပွားရေးအကြံပေး၊ ဒေါက်တာဇော်ဦး)နဲ့ တစ်ခါ။ နောက်…တစ်ခါ။ NCGUB (NCG) မှာ မြန်မာ့ရံပုံငွေအဖွဲ့ Burma Fund ဆိုပြီး ရှိတယ်။ NCG က သူပုန်အစိုးရဖြစ်နေတဲ့အတွက် ကုလသမဂ္ဂစည်းမျဉ်းအရ အနောက်နိုင်ငံအစိုးရတွေအနေနဲ့ ငွေကြေး တိုက်ရိုက်ပေးဖို့၊ ကူညီဖို့မှာ ဥပဒေကြောင်းအရ ခက်ခဲလာတယ်။ ဒါနဲ့ Burma Fund ကို ထောင်လိုက်တာပါ။ နိုင်ငံတကာ အလှူငွေတွေက အဲဒီ ‘NGOပုံ’ ရိုက်ထားတဲ့ Burma Fund ကို သွား။ အဲဒီကမှတဆင့် NCG ကို ငွေပြန်လွှဲပေး။ ဒါပါပဲ။ နိုင်ငံတကာကျင့်ထုံးအရ ဒီနည်းပဲ ထွက်ပေါက်ရှိတယ်။ အဲဒီအဖွဲ့မှာ ဘဏ္ဍာရေးနဲ့ သုတေသနဆိုပြီး ဌာနနှစ်ခု၊ ဒါရိုက်တာနှစ်ယောက် ရှိတယ်။ ဘဏ္ဍာရေးဌာနရဲ့ ဒါရိုက်တာက ဒေါ်ဥဥခင် (ပြောမယ်ဆိုရင် Burma Fund အဖွဲ့ဟာ NCG ဒါရိုက်တာ ဦးစိုးပိုင်နဲ့ ဒေါ်ဥဥခင် စထောင်ခဲ့ကြတာပါ)၊ အဲ…သုတေသနဌာန ဒါရိုက်တာကတော့ ကိုဇော်ဦး။

နောက်တော့ အဲဒီဌာနနှစ်ခုလုံးကို အုပ်ချုပ်ဖို့ ဒါရိုက်တာချုပ်(Executive Director) ခန့်ဖို့ ဖြစ်လာတယ်။ ဒါနဲ့ ဦးဟန်ညောင်ရွှေကို ခန့်လိုက်တယ်။ အဲဒီအချိန် ဦးဟန်က NCG ကိုယ်စားလှယ်အဖြစ်နဲ့ ကမ္ဘာပတ်နေတာ။ မြေကြီးပေါ်မှာထက် ဘိုးရင်းဂျက်ပေါ်မှာနေရတာ ပိုများတယ်။ တပြိုင်တည်းမှာ ဒီဗွီဘီရေဒီယိုရဲ့ ဒါရိုက်တာလည်း လုပ်နေရသေး။ ဒါပေမယ့် NCG Capicity ထက်မြက်လာဖို့က သူပဲအသင့်လျော်ဆုံးဆိုပြီး ဦးဟန်ကို Executive Director ခန့်လိုက်တယ်။ NCG ပိုက်ဆံ ပိုရလာတယ်။ အလုပ် ပိုလုပ်လာနိုင်တယ်။ ချဲ့လာနိုင်တယ်။ တစ်နှစ်လောက်ကြာတော့ ဦးဟန်နဲ့ NCG ကြား ပြသနာတက်ကြရော။ (ဘာပြသနာလဲဆိုတာ ကျနော် သိပါတယ်။ သိနိုင်တဲ့အနေအထားတစ်ရပ်လည်း ကျနော့်မှာ ရှိနေတာကိုး။)

မပြေလည်ကြတဲ့အဆုံး NCG နဲ့ လမ်းခွဲပြီး Burma Fund ရဲ့ Executive Director ရာထူးကနေ ဦးဟန် ထွက်သွားတယ်။ နယ်စပ်မှာ အဖွဲ့တစ်ဖွဲ့ ထောင်တယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ပြည်တွင်းပြည်ပတိုင်းရင်းသား လက်နက်ကိုင်၊မကိုင် အဖွဲ့အစည်းတွေအပေါ် ပေးနိုင် ကမ်းနိုင် Road Map တွေ Idea တွေ ချပေးနိုင်လို့ သြဇာအင်မတန်ကြီးလာတဲ့ တိုင်းရင်းသားရေးရာအဖွဲ့တစ်ဖွဲ့ (Ethnic Nationalities Council) ဖြစ်လာတယ်။ ဘာလို့လဲ။ ပိုက်ဆံပေါလို့။ ဘာလို့ပေါလဲ။ ဦးဟန်ကို ဒိုနာတွေ ကြိုက်လို့။ ဦးဟန်ရဲ့အားထုတ်မှုတွေကနေတဆင့် NCG ကို ပိုက်ဆံပေးထောက်ပံ့နေတဲ့ ဒိုနာအတော်များများက ဦးဟန်ထွက်သွားတော့ NCG ကို ဆက်မပေးတော့ပဲ ဦးဟန်နောက်ကို လိုက်သွားကြပါလေရော။ ဒီမှာ NCG စီးပွား စပျက်တယ်။

နောက်တစ်ခါက ဦးဟန်ထွက်သွားပြီးနောက်ပိုင်း Burma Fund မှာ Executive Director နေရာ လစ်လပ်သွားတော့ လူသစ်ခန့်ရမယ်။ ကိုဇော်ဦးက အဲဒီနေရာ ယူချင်တယ်၊ လုပ်ချင်တယ်။ ကျနော့်တစ်ဦးချင်းအမြင်အရ ပြောရရင် အဲဒီနေရာက သူနဲ့ အသင့်လျော်ဆုံးပဲ။ ဒါပေမယ့် သူ့ကို မခန့်ဘူး။ NCG ကုလသမဂ္ဂကိုယ်စားလှယ်လုပ်နေတဲ့ ဒေါက်တာသောင်းထွန်းကို ခန့်လိုက်တယ်။ ဒေါက်တာသောင်းထွန်း လူတော်တစ်ယောက်ဆိုတာ အားလုံးအသိ။ ဒါပေမယ့် သူ့မှာ သူလုပ်လက်စ အလုပ်တွေက ပုံအောနေတာ။ ဒီကြားထဲကမှ သူ့ကို ခန့်လိုက်တယ်။ (တခါက ကျနော့်အိမ်ကို ဒေါက်တာသောင်းထွန်းလာတော့ ကျနော်က ပြောတယ်။ “ခင်ဗျားတို့ဆုံးဖြတ်ချက် မှားတယ်။ အမှန်က ဇော်ဦးကို ခန့်ရမှာ။ Burma Fund အလုပ်နဲ့ခင်ဗျားနဲ့ ဘာဆိုင်လို့တုန်း”လို့။ ကိုသောင်းထွန်းက ပြန်ပြောတယ်။ “ကျုပ် လုပ်ချင်လို့လုပ်တာမဟုတ်ဘူး။ သူတို့အစိုးရ ဆုံးဖြတ်ချက်အရ လုပ်ရတာ။ ဒါနဲ့ နေပါဦး။ ဒီကိစ္စက ခင်ဗျားနဲ့ရော ဘာဆိုင်လို့တုန်း”တဲ့။ ဟုတ်သား။)
သိပ်မကြာဘူး။ ကိုဇော်ဦး NCG ကနေ ထွက်သွားတယ်။ ဒါပေမယ့် မထွက်ခင် သူက အကုန်ပြင်ဆင်ပြီးသွားပြီ။ လူလည်း စုပြီးသွားပြီ။ ဗဟုအဖွဲ့ရှေ့တော်ပြေး။ NCG က သူထွက်ပြီးတာနဲ့ ဗဟုအဖွဲ့ ဘွားကနဲ ပေါ်လာရော။ အဖွဲ့က တဖြည်းဖြည်း ကြီးလာတယ်။ ငွေရေးကြေးရေး တောင့်တင်းလာတယ်။ ဘာလို့လဲ။ NCG နဲ့ဆက်စပ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ NCG ကို ငွေပေးနေတဲ့ ဒိုနာအတော်များများက NCG ကို ပြစ်ထားခဲ့ပြီး ကိုဇော်ဦးနောက် ကောက်ကောက်ပါအောင် လိုက်သွားကြတာကိုး။ ဒီမှာ NCG ဒုတိယအကြိမ် စီးပွားပျက်တယ်။

တတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် ဒေါက်တာစိန်ဝင်းအစိုးရ NCG စီပွားပျက်ရုံမက ဒေဝါလီပါ ခံလိုက်ရတာကတော့ သူ့ညီမကြောင့်ပဲ။ ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နိုင်ငံရေးလမ်းကြောင်းလည်း ရွေးဖို့ ဆုံးဖြတ်လိုက်ရော၊ ဒေါက်တာစိန်ဝင်းအစိုးရလည်း ပတ်စာခွာဖျာသိမ်းလိုက်ရရော။ ပြီးရော…။ နားရော…။

အဲဒါ ဒိုနာပဲ။ ဒိုနာစရိုက်ပဲ။ ဒိုနာကြိုက်ပဲ။ ဒိုနာက သစ္စာရှိတယ်။ အချစ်ကြီးတယ်။ သူကြိုက်မိပြီဆိုလို့ကတော့ ဘယ်သူ ဝိုင်းဖျက်ဖျက် မပျက်တော့ဘူး။ တဆွေလုံး တမျိုးလုံး တရွာလုံး မျိုးတုန်းကုန်တဲ့အထိ လိုက်ဖျက်၊ မပျက်ဘူး။

၂၀၁၀ မတိုင်ခင် ပြည်ပဒိုနာစတားတွေထဲမှာ စတား၊ စူပါစတားတင်မက မက်ဂါစတားတွေပါ ရှိလာပါတယ်။ အဲဒီမက်ဂါစတားတွေထဲမှာ ဦးဟန်ညောင်ရွှေနဲ့ ကိုမောင်မောင် (ပြည်သစ်ညွန့်ဝေ။ ပြည်ပအခြေစိုက်အလုပ်သမားသမဂ္ဂ၊ ဥက္ကဌ)တို့ ထိပ်ဆုံးကပါတယ်။ (ဝါရှင်တန်ဒီစီမှာ ‘အစိုးရကြီး’နာမည်ခံပြီး ရုံးခန်းမရှိဖြစ်နေတဲ့ NCG ကို ရုံးခန်းစထောင်ပေးခဲ့သူက ကိုမောင်မောင်ပါပဲ)။ မီဒီယာနယ်မှာတော့ ဒီဗွီဘီက ကိုခင်မောင်ဝင်း၊ ဧရာဝတီက ကိုအောင်ဇော်၊ Mizzima က ကိုစိုးမြင့်။ နောက်…။ နာမည်တွေ ဆက်ရေလို့ ရပါသေးတယ်။ ဒါပေမယ့် တော်ပါပြီ။ ဟုတ်ကဲ့။ အားလုံးက ကျနော့်မိတ်ဆွေတွေချည့်ပါပဲ။

(မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ ပြည်ပအဖွဲ့အစည်းတိုင်းလိုလိုမှာ သူ့ဟာနဲ့သူ အဖွဲ့အစည်းပိုင်းဆိုင်ရာ Institution အတော် ခိုင်ကြပြီးသားပါ။ ဒါတွေ ပျက်သွားပြီဆိုတော့ နောင်မှာ မြန်မာ့နိုင်ငံရေး ပြဿာနာတက်လာရင်၊ ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းဆိုက်လာရင်၊ အများပြောနေတဲ့ ‘နောက်ကြောင်း ပြန်လှည့်သွားရင်’…။ သွားပြီ။ ဒါကို ဝိုင်းကူဖို့ တချိန်က အားကောင်းမောင်းသန်ပြည်ပအဖွဲ့အစည်းတွေ အခု မရှိတော့ဘူး။ Institution နဲ့ လုပ်မှ ထိရောက်နိုင်တဲ့လုပ်ငန်းမျိုးတွေ၊ မြန်မြန်ဆန်ဆန် အချိန်ကိုက် အကောင်အထည်ဖော်ဖို့လိုအပ်တဲ့လုပ်ငန်းမျိုးတွေ အခု မလုပ်နိုင်တော့ဘူး။ အဲဒီလိုလုပ်နိုင်အောင် အရင်က ကူညီပံ့ပိုးပေးခဲ့တဲ့ ဒိုနာတွေလည်း သူ့ထက်ငါ အလုအယက် အထဲကို ဝင်ကုန်ကြပါပြီ။ နိုင်ငံရေးလိုအပ်ချက်အရ အရေးတကြီးတောင်းဆိုလာလို့ အဲဒီလုပ်ငန်းတွေ ပြန်လုပ်ရမယ်ဆိုရင်တောင် အရင်ရှိဖူးတဲ့ Institution တွေကို အစက ပြန်စရဦးမယ်။ တစ်စစီ ကောက်သင်းပြန်ကောက်ရဦးမယ်။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတာ နှမျောစရာ။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ပြောစရာတွေက အများသား။ ထားပါတော့။)

ကဲ…ပြောမယ့်ပြောတော့ မထူးတော့ပါဘူးဗျာ။ ဆက်လိုက်ပါဦးမယ်။ တချိန်က ပြည်ပဒိုနာစတားတွေထဲမှာ တချို့ဆိုရင် လေယာဉ်စီးရင်တောင် အများသူငါစီးတဲ့ ကြပ်ကြပ်တည်းတည်း Economy Class က မစီးပဲ သူဌေးကြီးတွေမှ စီးတဲ့ Business Class က စီးပါတယ်။ အားလုံး မဟုတ်ပါဘူး။ တချို့ပါ။ အဲဒီလို Business Class က စီးလို့ ဒိုနာက ကွိုင်ရှာမယ်ထင်လား။ ဝေးသေး။ “သူ့ခမျာ အလုပ်များလွန်းလို့ လေယာဉ်ပေါ်မှာ အေးအေးဆေးဆေးအလုပ်လုပ်နိုင်အောင် Business Class က စီးရရှာတယ်” လို့တောင် အထင်ကြီးတာ ခံရနိုင်သေး။

ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ခင်ဗျာ။ နယ်စပ်မှာ ဒိုနာပိုက်ဆံကို သုံးရင် ထုံးစံက ပြေစာဖြတ်ပိုင်း Receipt တွေကို မူရင်းထိုင်းဘာသာနဲ့ရော အင်္ဂလိပ်ဘာသာပြန်နဲ့ပါ ဒိုနာဆီ တွဲတင်ပြရပါတယ်။ ဒီတော့ အင်္ဂလိပ်ဘာသာပြန်ထဲမှာက ‘စာရေးကိရိယာများ’လို့ ခေါင်းစဉ်တပ်ထားပေမယ့် အမှန်ဝယ်တာက (ထိုင်းဘာသာနဲ့ Receipt မှာက) လေဒီအတွက် ရှူးဖိနပ်တစ်ရံ ဖြစ်နေတယ်ဆိုပါတော့ (ကံဆိုးချင်တော့ လက်ထောက်ချမယ့်သူကလည်း ကိုယ်နဲ့ မလှမ်းမကမ်းမှာ ရှိနေတယ်ဆိုပါတော့) အဲဒါမျိုးပေါ်သွားရင်တော့ ဒိုနာက ဖြတ်လိုက်မှာပဲ။ ‘ဒိုနာလန်’ ဖြစ်သွားကရော။ Business Class က လေယာဉ်စီးတာမျိုးကတော့ ရတယ်။ နောက် တစ်ခုရှိသေးတယ်။ ရိုးရိုးသားသား ချွေချွေတာတာ စိတ်ကောင်းနှလုံးကောင်းနဲ့ ပါတီပါချက်ရုံးခန်းတွေဘာတွေများတော့ သွားမဖွင့်လိုက်လေနဲ့။ တဲစုတ်နဲ့နေတာကို ဒိုနာတွေ့သွားရင် ဓနိဘိုးပဲ ရမယ်။ ဟော်နန်းကြီးလို ခမ်းခမ်းနားနားနေ။ ဒိုနာလာလို့တွေ့သွားရင် “Oh My Gosh”လို့ လက်ဖျားခါပြီး ဖျာခင်းသလို ငွေခင်းပေးမယ်။

‘ဘာညာ လာမလုပ်နဲ့။ လော်ဘီပဲ’ ဆိုတဲ့ Post ကို ကျနော်တင်ခဲ့တုန်းက “ပြည်ပဒိုနာတွေရဲ့အလှူငွေနဲ ရပ်တည်လှုပ်ရှားခဲ့တဲ့ ပြည်ပအဖွဲ့အစည်းတွေမှာ အားနည်းချက်တွေ၊ အလွဲသုံးစားလုပ်မှုတွေ ရှိနေတာပဲ။ အဲဒါတွေလည်းရေးမှ မျှတမှာပေါ့”လို့ ပြောသူ မိတ်ဆွေများလည်း ရှိပါတယ်။ ကျနော် မရေးချင်ပါ။ အဲဒါတွေနဲ့ ပတ်သက်လို့ အများသိသလောက်ပဲ ကျနော် သိလို့ပါ။ တချို့လူတွေ ကျနော့်ထက် ပိုသိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဒိုနာစား ဘယ်လူပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမှ လက်ညှိုးထိုးမလွတ်၊ ပြေးမလွတ်တဲ့ အဓိကအားနည်းချက်တွေကိုတော့ ယေဘုကျအားဖြင့် ကျနော် ပြောနိုင်ပါတယ်။ ပွဲခင်းထဲ ခဲပြစ်ထည့်လိုက်သလို ထိကိုထိမှာ။ မလွဲဘူး။ စိတ်ချ။ အဲဒါတွေကတော့…

၁။ အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံနဲ့ စီမံခန့်ခွဲပုံ လျော့ရဲမှု
၂။ ပွင့်လင်းမြင်သာမှု မရှိမှု (ရ/သုံးငွေ၊ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ထုတ်ပြန်အသိပေးခြင်း…စသဖြင့်) [‘ပြည်တွင်းမှာလုပ်တဲ့ကိစ္စတွေက ‘လျှို့ဝှက်’ဆိုတော့ကာ ထုတ်ဖော်ပြောလိုက်ရင် ပြည်တွင်းကလူတွေ ထိခိုက်သွားမှာပေါ့’တွေ ဘာတွေ လာမလုပ်ပါနဲ့ဗျာ။ အကြောင်းသိတွေပဲဟာ။ ပြောလို့ရတာတွေ၊ ပြောလို့ရတဲ့ပုံစံတွေ၊ ပြောလို့ရတဲ့နည်းနာတွေ တပုံကြီးပါ။]
၃။ အလွဲသုံးစားလုပ်မှုများ (ငွေကြေး၊ စာရင်းလိမ်မှုနှင့်အခြားမရိုးမသားမှုများ) [သက်ဆိုင်ရာအစိုးရနဲ့ လုံးဝကင်းရှင်းတဲ့ဒိုနာဆိုတာ ဒိုနာလောကမှာ မရှိသလောက်ပါ။ ဒီတော့ ဒိုနာပေးတဲ့ငွေတွေဟာ သက်ဆိုင်ရာနိုင်ငံက အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ငွေတွေ ချွေးနည်းစာတွေ ပါပါတယ်။ အမေရိကန်နိုင်ငံအပါအဝင် ဘယ်နိုင်ငံဖြစ်ဖြစ် လူအများစုက ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်ကြရတာမဟုတ်လား။ အဲဒီအခွန်ငွေတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်သူတွေကို အနောက်နိုင်ငံတွေမှာ ‘သူခိုး(Thief)’လို့ ခေါ်ပါတယ်။ သတ်မှတ်ပါတယ်။
၎။ ဒိုနာစားအဖွဲ့အစည်းအချင်းချင်းကြား ပူးတွဲဆက်စပ်လှုပ်ရှားမှု နည်းပါးမှု (မာန် ခံတာပေါ့ဗျာ)
၅။ ဒိုနာတွေကြားမှာ ဒိုနာစားတွေအချင်းချင်း တစ်ဖွဲ့ကိုတဖွဲ့ ခြေထိုးအကောက်ကြံမှု
၆။ “ရာရာသသ…ကျုပ်က ဘယ်သူ့ကို ဘာမို့လို့ ဘာတွေ ရှင်းပြရမှာတုန်း။ သောက်ဂရုစိုက်လို့” ဆိုတဲ့ ‘ဒိုနာယုံရင် ပြီးရောစိတ်’နဲ့ သွေးနားထင်ရောက်မှု၊ မောက်မာလာမှုတွေပါပဲ။

အမေရိကန်သမ္မတ Bush လက်ထက်တုန်းက တစ်ခါမှာ ဦးဟန် (ညောင်ရွှေ)က တိုင်းရင်းသား(အမျိုးသမီး)ခေါင်းဆောင်တချို့ကို ခေါ်လာပြီး သမ္မတအိမ်ဖြူတော်အရောက် ပို့ပေးခဲ့ပါတယ်။ သမ္မတကတော် Laura Bush နဲ့ ဘာနဲ့ တွေ့ကြပြုကြပေါ့။ သတင်းအကြီးကြီးပေါ့။ သိပ်မကြာခင်မှာပဲ နောက် ဒိုနာမက်ဂါစတားတစ်ယောက်က ခေါင်းစဉ်တမျိုးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ‘မ’ချလာပြန်ပါလေရော။ ဝါရှင်တန်ဒီစီ ရောက်လာတော့ RFA မှာ သူနဲ့ကျနော် ဆုံပါတယ်။ သူ့ကို ကျနော်က နောက်တယ်။ ရင်းနှီးကြတာကိုး။

“ဒီမယ်ကိုယ့်လူ။ ဒီတိုင်းရင်းသားခေါင်းဆောင်တွေကို အိမ်ဖြူတော်မပို့တော့ဘူးလား”လို့။ ကျနော်က ဦးဟန်လုပ်သွားတာကို ညွှန်းလိုက်တာပါ။ ဒီမှာ မက်ဂါစတား မျက်နှာနီရဲသွားပြီး ဒေါသတကြီးနဲ့ “ဒီမှာ ခင်ဗျားသိလား။ အဲဒါ ဟန်ညောင်ရွှေ သက်သက် လူလည်ကျသွားတာဗျ၊ လူလယ်ကျသွားတာ။ တကွေ့တော့ တွေ့ဦးမယ်။ အဲဒီတော့မှ ဒီကောင့်ကို အမြှီးလှန်ချိုးပြစ်ဦးမယ်။ မအေ…”တဲ့။ ကိုင်း…အရပ်ကတို့ရေ။

ဒါမျိုးတွေ ပြည်ပမှာ ကြုံဖူးလှပါပြီ။ နာမည်အဖတ်ဆယ်မရဖြစ်သွားသူတွေလည်း ဖြစ်သွားပြီးကြပါပြီ။ (သူတို့တွေ အလုပ် မလုပ်ဘူး၊ အလုပ်မဖြစ်ဘူးလို့ ကျနော် မပြောဘူးနော်)။ အခုဆို ဒိုနာတွေလည်း ပြည်တွင်းလှည့်ကုန်ကြပါပြီ။ ပြည်တွင်းမှာလည်း ဒိုနာစား၊ ဒိုနာစတား၊ ဒိုနာမင်းသားသစ်တွေ ပေါ်နေပါပြီ။ လူထုအကျိုးပြုအလုပ်မျိုးစုံကိုလည်း လုပ်နိုင်နေကြပါပြီ။ တပြိုင်တည်းမှာပဲ အပြင်မှာကြုံဖူးတဲ့ အားနည်းချက်တွေကို အထဲမှာလည်း တွေ့နေမြင်ရပါပြီ။ ဒါနဲ့ ပတ်သက်လို့ ပူညံပူညံတွေလည်း ကြားနေရပါပြီ။

ကျနော့်ပုဂ္ဂလသဘောကတော့ ဒိုနာတွေဆီက အလှူငွေကို ယူသာယူကြပါ။ ဒိုနာစား၊ ဒိုနာစတားနဲ့ဒိုနာမင်းသားတွေ လုပ်ကြပါ။

လက်ရှိနိုင်ငံရေးအနေအထားအရတော့ ဒီနည်းဟာ အတိုင်းအတာတစ်ခုအထိ ပြည်သူတွေအတွက် သက်သာရာ နားခိုရာ ဖြစ်နိုင်နေလို့ပါ။

(ဒီစာအဖွင့်မှာ ဖော်ပြခဲ့သလို ပြည်သူတွေ ၁၀ ရာနှုံးပဲ ရရပေါ့။ ၅၀ လောက်ရရင်တော့ ပိုကောင်းတာပေါ့ခင်ဗျာ။ ၇၀ လောက်သာ ရလိုက်လို့ကတော့ အတိုင်းထက်အလွန်၊ သား ရွှေအိုးထမ်း ငွေအိုးထမ်း။) ဒါပေမယ့် အလိုအလျောက် ကပ်ပါလာမယ့် အားနည်းချက်တွေအပေါ်မှာတော့ လေးနက်ကြစေလိုပါတယ်။

ဒိုနာဟာ အသပြာနဲ့အတူ ကျိန်စာပါ ယူလာပါတယ်။ ဒိုနာကို ယူပါ။ ကျိန်စာတော့ အသင့်မခံကြပါနဲ့။ (လျှာအရှည်လွန်သွားတဲ့အတွက် သည်းခံပါခင်ဗျား။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...