Tuesday, May 6, 2014

ဘူဒိုဇာ မုန်တိုင်းနဲ့ ရိုင်းလိုက်တဲ့ သမိုင်း

ဘာရယ်တော့မဟုတ်ဘူး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ လယ်တီသိမ်တော်ကို ဘူဒိုဇာနဲ့ ထိုးဖျက်နေတဲ့ပုံတွေ မြင်ရတော့ ။ ဦးဇင်းခပ်ငယ်ငယ် စာသင်သားဘဝ ကျောက်ဆည်မှာနေစဉ်က အဖြစ်အပျက်တစ်ခုကို သတိရမိတယ် ။

အဲဒီအချိန်က ဆရာသမားရဲ့ ကျောင်းတိုက်ထဲမှာ သိမ်မရှိလို့ သိမ်သမုတ်ခွင့်ပြုဘို့အတွက် မြို့နယ် ရပ်ကျေးကနေစပြီး ဗဟိုအထိ သက်ဆိုင်ရာ သံဃမဟာနာယကရုံးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာန တွေကို စာတင်ထားတာ ငါးနှစ် ခြောက်နှစ်လောက်ကြာတော့ ခွင့်ပြုမိန့်ကျလာလို့ သိမ်သမုတ်ပွဲ ကျင်းပဘို့ ပြင်ဆင်နေကြလေရဲ့ ။ ကျောက်ဆည်မြို့က သိမ်သမုတ်ခွင့် တင်ထားကြ တဲ့ ကျောင်းတိုက်အသီးသီးထဲမှာ ကျုပ်ဆရာသမားကျောင်းက ငါးနှစ်လောက်နဲ့ ခွင့်ပြုမိန့် ကျလာတာဟာ အမြန်ဆုံးပါဘဲတဲ့ ။ တချို့ကျောင်းတိုက်တွေ ၁၀ နှစ် ၁၅ နှစ်ကြာတဲ့အထိ ခွင့်ပြုမိန့် မရကြဘူးဆိုဘဲ ။


ဒါနဲ့ကျုပ်လည်း စပ်စုချင်တာနဲ့ ဆရာသမားကို မေးကြည့်မိတယ် ။ ဘုန်းကြီးဘုရား သိမ်တစ်လုံး သမုတ်ခွင့်ပြုဘို့အတွက် ဘာလို့ အချိန်အဲဒီလောက်ကြီးကြာနေရတာတုန်းဘုရားဆိုတော့ ။ အော် ငါ့တပည့်ကလည်း သိမ်ဆိုတာ သီမသဒ္ဒါကနေ ဆင်းသက်လာတာကွ သူ့ရဲ့အဓိပ္ပာယ်ကိုက သီးခြားနယ်မြေလို့ အဓိပ္ပာယ်ရတယ် ။ နိုင်ငံတော်အစိုးရဆိုတာ တစ်နိုင်ငံလုံး ရှိရှိသမျှ ရေပေါ်ရေအာက် မြေပေါ်မြေအောက် သစ်ပင် တောတောင်မှန်သမျှ သူပိုင်တယ်လေ ။ တကယ်လို့ သိမ်တစ်လုံး သမုတ်ခွင့်ပြုလိုက်ပီဆိုတာနဲ့ အဲဒီသိမ်နေရာကလေးကို သက်ဆိုင်ရာ ကျောင်းတိုက် သာသနာကို အပြီးတိုင် လှူလိုက်ရတော့တာကွ အစိုးရက မပိုင်တော့ဘူး ။ မင်းတုန်းမင်းကြီးလက်ထက်က ဗန်းမော်ဆရာတော်ကို မင်းတုန်းမင်းက နယ်နှင်ဒဏ်ပေးတဲ့အခါ ဗန်းမော်ဆရာတော်က ဘယ်မှမသွားဘဲ သိမ်ထဲကနေ ခံတိုက်လို့ မင်းတုန်းမင်း အကြပ်ရိုက်ခဲ့ဘူးတယ်ဆိုတာ ကြားဘူးတယ်မဟုတ်လားတဲ့ ။
မှန်ပါ ကြားဘူးပါတယ်ဆိုတော့ ။ အေး သိမ်ဆိုတာ အဲဒါဘဲလေကွာ။

အစိုးရဘက်ကလည်း အဲဒီသိမ်မြေနေရာကို အပြီးတိုင် အာလယပြတ် စွန့်လွှတ်ရမှာဆိုတော့ အချိန်အကြာကြီး စဉ်းစားရတာပေါ့တဲ့ ။ အော် ဟုတ်ပေသားဘဲလို့ ကလေးပီပီ ကလေးတွေး တွေးပြီး လေးစားခဲ့ဘူးတယ် ။
ခုချိန် ပြန်တွေးကြည့်တော့မှ ရယ်စရာလိုလို ရင်နာစရာလိုလို ဘယ်လိုမှန်းမသိတဲ့ ဝေဒနာတစ်ရပ် ရင်ထဲမှာ ခံစားလိုက်မိတယ် ။
သာမညဆရာတော် အလောင်းတော်ကို ခိုးယူဖျောက်ဖျက်ရုံမက လယ်တီသိမ် ဖျက် အုတ်ကျိုး အုပ်ပဲ့ တွေနဲ ယတြာ ချေ အုန်းမယ် ထင်ပါရဲ့ .....၊၂၀၁၄မှာ တိုက်ခတ်တဲ့ ဘူဒိုဇာမုန်တိုင်းက ဘိုးဘွားအမွေအနှစ်သာသနာမြေလယ်တီသိမ်ကိုပါဖြိုဖျက်သွားတယ်လယ်တီသိမ်ကိုဖြိုဖျက်ထားတဲ့
 မြေကြီးတွေကို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူတွေပါလို ပြောတဲ့ သူတွေရဲ့  ပါးစပ်ထဲ ထည့်ပေးရမှာ ။
လက်ပတောင်းတောင်ကြားမှာတည်ရှိတဲ့လယ်တီသိမ်နဲ့ စေတီ ကျောင်း ကန် ဘုရားများကို ဝမ်ပေါင် လက်အောက်ခံ(Seino Hydro 2) အဖွဲသားတရုတ်လူမျိုးများ(29.4.2014) ရက်နေ့မှာဖျက်ဆီးနေတဲ့ပုံတွေပါ ဘာမှမလုပ်နိုင်တောင်မှာ စစ်တပ်ကိုယ်ပွား အစိုးရရဲ့  သာသနာဖျက်တဲ့သမိုင်းပါ၊ ဘယ်လောက်လွတ်လပ်ပါပြီးလို့ ပြောပြော ဆရာတော်တွေ-ပြည်သူတွေဟာ အကြောက်တရားနဲ့  နေရတာကြောင့် ရှယ်မပေးနိုင်ရင်တောင် ဒီမှတ်တမ်းပုံကို စွဲနေအောင်ကြည့်ထားကြပါလို့ ။

အရှင် ပဏ် သစ္စာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...