Saturday, May 3, 2014

အထက်ကလူတွေ ထီးတင်၊ အောက်ကလူတွေ သေပွဲဝင်နေတဲ့ ခေတ်လား - မေဇင်တင်အောင်


ကျွန်မ၏ချစ်လှစွာသော ဖခင် တစ်ယောက်လုံး ဆုံးရှုံးရခြင်းနှင့် စပ်လျဉ်းပြီး တခြားသော ဖခင် ဆုံးရှုံးရသူတွေ များစွာရှိကြောင်း ဦးစွာပြောပါရစေ။
ကျွန်မအဖေက ရဲတပ်ကြပ် ဦးတင်အောင်ပါ။ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေပါတယ်။ တပ်ရင်း ၂၀ ဗုဒ္ဓဂယာမှာပါ။ အကြောင်းကတော့ အဲဒီမှာတပ်သားတွေ နေဖို့နေစရာ မရှိပါဘူး။

သူတို့ နေတဲ့ လက်ရှိအဆောက်အအုံက တရားစခန်း ဖြစ်ပါတယ်။ အဲဒီအဆောင် ပတ်ပတ်လည်မှာလည်း တောင်ကုန်းနဲ့ ဘုရားကြီးမှအပ ဘာဆိုဘာမှ မရှိပါဘူး။

စားသောက်ဆိုင်ဆိုလို့ တပ်အတွင်း ဖွင့်ထားတဲ့ ထမင်းဆိုင်မှတပါး အစာရေစာ ရှားပါးပြီး မြို့နဲ့အလွန် ဝေးကွာကြောင်း ကျွန်မအဖေ ဆုံးသွားမှ ရောက်ခဲ့လို့ သိခဲ့ရပါတယ်။

တပ်ရင်းမှာ ဆေးမှူးမရှိပါ။ ဖျားနာဆောင် မရှိသေးပါ။ ဖြစ်ချင်တော့ ကျွန်မဖခင်က တစ်ပတ်လုံး ဖျားနေခဲ့ပါတယ်။ အချိန်မီ ဆေးဝါးကုသမှု မခံယူလိုက်ရတဲ့ အပြင် ဆေးရုံလည်း အချိန်မီ မရောက်ခဲ့ပါဘူး။ အဖျားအားကြီးပြီး နဂိုငှက်ဖျားအခံ ရှိတာကြောင့် ဦးနှောက်ထဲ သွေးရောက်ပြီး သေဆုံးသွား ခဲ့ရပါတယ်။ တပ်ရင်းကလည်း သေဆုံးပြီးမှ သတင်းပို့လို့ အဖေ့အသက်တောင် မမီလိုက် ပါဘူး။ အပြင်းဖျားနေတဲ့ တစ်ပတ် အတွင်းမှာလည်း ဘယ်သူကမှ အိပ်ရာထဲ လဲနေတဲ့ ကျွန်မအဖေကို ဆေးမကုပေးခဲ့ကြသလို မိသားစုကိုလည်း အကြာင်းကြားပေးခြင်း မရှိပါဘူး။

သေဆုံးမယ့် နောက်ဆုံးနေ့ည မှာတော့ အဖျားတွေ တက်လာပြီး ည ၁၁ နာရီခွဲ၊ ၁၂ နာရီလောက်မှာ ဆေးရုံကို သွားလိုကြောင်း ပြောတော့ ရဲတပ်သားတွေက သွားပြောတော့ မနက်မှပို့မယ် ဆိုပြီး မပို့လိုက်ကြပါဘူး။ ဒါနဲ့ တပ်ခွဲမှူးဆီရော ဗိုလ်မှူးဆီမှာပါ သတင်းပို့ပါလျက် အထက်က အမိန့်မရလို့ မပို့ကြဘူးတဲ့။

လူတစ်ယောက်လုံး အသက်ဆုံးရှုံးသွားရင် ခင်ဗျား တာဝန်ယူမှာလားဆိုပြီး ရဲတပ်သား တစ်ချို့နဲ့တောင် စကားများမလို ဖြစ်ကြသေးတယ်လို့ ပြောပြကြပါတယ်။ တာဝန်ယူတယ်ကွာ၊ မနက်မှပို့လို့ ပြောတယ်တဲ့။ တကယ် ဆေးရုံ ရောက်သင့်တဲ့ အချိန်မရောက်ဘဲ သေဆုံးသွားတော့ ဘယ်သူမှ မတတ်နိုင်ပါဘူး။

အဖေက အပြင်းဖျားပြီး ဝေဒနာတွေ ခံစားရင်း မနက် ၄ နာရီခွဲ၊ ၅ နာရီလောက်မှာ သေဆုံးသွားတယ်လို့ ရဲတပ်သား တစ်ချို့ဆီက ပြန်ကြားရလို့ သိခဲ့ရပါတယ်။ တပ်ဖွဲ့က ၇း၀၀ နာရီမှာ သတင်းပို့တာက အခြေအနေ မကောင်းဘူး။ အမြန်လာပါလို့ ပြောပြီး ၈း၀၀နာရီမှာ ဆုံးပြီလို့ ပြောပါတယ်။ သေဆုံးပြီးတော့မှ အလောင်းကို နေပြည်တော်ကနေ တပ်ကုန်း ဆေးရုံပို့ကြပါတယ်။ တပ်ကုန်းက လက်မခံလို့ နေပြည်တော် မြို့မဈေးနားက ခုတင် ၁၀၀၀ ဆေးရုံကြီးကို ပို့ပါတယ်။ သေပြီးကာမှ ဆေးရုံပို့ကြတော့ ဆေးရုံက ရောဂါ ရှာဖွေခဲ့ပါတယ်။ နောက်ဆုံး အဖြေကတော့ ဖျားအားကြီးပြီး ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်သွားတယ်လို့ သေဆုံးကြောင်း ဆေးစစ်ချက် ရရှိခဲ့ပါတယ်။

ကျွန်မ ရင်နာလို့ မဆုံးပါဘူး ရှင်။ ဆေးကုသမှုရှိလို့ အချိန်မီ ဆေးရုံရောက်ပြီး ဆေးကုသမှု ခံယူလိုက်ရင် မသေနိုင် သေးပါဘူးတဲ့ရှင်။ မသေသင့်ဘဲ သေဆုံးရတဲ့ အဖေ့အတွက် အရမ်း ရင်နာခဲ့ရပါတယ်။ ကျွန်မ စွပ်စွဲတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေမှာ တာဝန် အရှိဆုံး၊ တာဝန်အပြည့် ရှိတယ်လို့တော့ ပြောချင်ပါတယ်။ ခေါင်းစဉ်တပ် လိုက်ချင်ပါတယ်။ မိသားစုနဲ့ ဝေးနေတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး အပြင်း ဖျားနေတာကို ဆေးတစ်လုံးမှ ထိုးပေးခြင်းမရှိ။ ဆေးခန်းမရှိ။ ရက်ရှည်ဖျားပြီး နောက်ဆုံး အချိန်ထိ ဆေးရုံ တက်ချင်တာတောင် ဆေးရုံမရောက်ဘဲ သေမှပဲ ဆေးရုံရောက် ခဲ့ရတဲ့ ကျွန်မအဖေ အဖြစ်ကို ယူကျုံးမရ ဖြစ်နေရပါတယ်။ အဖေ့အသက် ၅၉ နှစ်ပြည့်ပြီး အသက် ၆၀ထဲ ရောက်နေပါပြီ။

ရဲလုပ်သက်၊ သက်တမ်းလုပ်သက် ၃၃နှစ်တောင် ရှိနေပါပြီ။ မိသားစုနဲ့ အေးအေးဆေးဆေး အနားယူပြီး ဒီအလုပ်ကို စိတ်ကုန်နေတဲ့ အဖေက ပင်စင်တင်ထားတာ ကြာခဲ့ပါပြီ။ ဒီလိုစည်းမျဉ်းတွေနဲ့ ကိုက်ညီနေတာတောင် ပင်စင်က ကျမလာပါဘူး။

ဒါပေမဲ့ အဖေ့ထက် အသက်ငယ်တဲ့သူက ပင်စင်အမျိုးမျိုးတွေ အရင်ကျပြီး အတူတူ တင်တာတောင် အဖေက ပါမလာဘူး။ အသက်ကြီး၊ လုပ်သက်ကြီးတဲ့သူက ကျမလာဘူးဆိုတော့ အဖေက စိတ်ဓာတ် အရမ်းကျခဲ့ရပါတယ်။ အလုပ် မလုပ်နိုင်တော့လို့ ပင်စင်တင်ထားတဲ့သူကို တပ်ရင်းပို့၊ တပ်ရင်း ကလည်း နေရာ အမျိုးမျိုး ပြောင်းပြီး နေရာ အတည်တကျ မရှိတော့ မိသားစုကလည်း လိုက်နေလို့မရ၊ တစ်ချို့ တပ်ရင်းတွေဆို နေစရာတောင် မရှိလို့ ဇရပ်မှာတောင် အိပ်ကြရတယ်။

၁၆.၇.၂၀၁၃ ရက်နေ့၊ အင်္ဂါနေ့မှာဆုံးပြီး ၁၈.၇.၂၀၁၃ ကြာသပတေးနေ့ သင်္ဂြိုဟ်ဖို့ဆေးရုံကို အသွားမှာ နောက်ထပ် ကျွန်မတို့လို နောက်ထပ် အလောင်းရှင် မိသားစုတစ်စုနဲ့ တွေ့ခဲ့ရပြန်ပါတယ်။ ရဲတပ်သားတစ်ဦးရဲ့ သေဆုံးပုံကလည်း ရင်နာစရာပါ။ သမီးလေး တစ်ယောက်ပဲ ရှိတယ်။ ဘုရားလေးကုန်းမှာ တာဝန်ကျနေပါတယ်။ ရဲဘော်ရဲ့ အလောင်းက ၆ ယောက်မြောက်ပါ သူနဲ့ တာဝန်ကျနေတဲ့ ရဲဘော် ၅ ယောက်ကတော့ ဆုံးသွားပါပြီတဲ့။

သေဆုံးသူက သူ့သမီးလေး တစ်တန်း ကတည်းက ပြောင်းရွှေ့မိန့် တင်ထားတာ သမီးလေး ၇တန်း ရောက်တဲ့ထိ ပြောင်းရွှေ့မိန့် မကျလာပါဘူး။ ဒါနဲ့ စိတ်ဓာတ်တွေ ကျလာပြီး ဆိုင်ကယ်လေး တစ်စီးရှိတာကို နှစ်သိန်းနဲ့ ရောင်းပြီး တပ်က ထွက်ပြေးမယ်လို့ မိသားစုကို ပြောတော့ အစ်ကိုလုပ်သူက ချော့ပြီး ပြန်လွှတ်လိုက်တာ တပ်ကို ပြန်ရောက်ပြီး မကြာပါဘူး၊ ဆုံးသွားပါတယ်။ စိတ်ဓာတ်ကျပြီး အရင်ကတည်းက အစားမမှန်တော့ အစာအိမ်ရောဂါဖြစ်ပြီး မအိပ်နိုင်၊ မစားနိုင်နဲ့ အစာအိမ် သွေးကြောပေါက်ပြီး ဆေးရုံမှာပဲ ဆုံးသွားပါတော့တယ်။

ပြောချင်တာကတော့ လူမသိ၊ သူမသိ သေဆုံးပြီး ရဲကနေ ထွက်ချင်နေသူတွေ၊ မဖွံ့ဖြိုးတဲ့ နေရာတွေမှာ စီမံကိန်း ဆိုတာတွေမှာ မိသားစု တစ်ကွဲတစ်ပြားနေပြီး တာဝန် ထမ်းဆောင်နေကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများကြီး ရှိနေပါသေးတယ်။

ဒီစီမံကိန်းကြီးကို ကျွန်မ နားမလည်ပါဘူး။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ အဖေတစ်ယောက်လုံး ဆုံးရှုံးလိုက်ရလို့ ကျွန်မနဲ့အတူ သူငယ်ချင်းတွေ မျှဝေခံစားစေချင်ပါတယ်။ အထက်က နိုင်ငံတော် လူကြီးတွေကိုလည်း သိစေချင်ပါတယ်။ အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေ၊ ဘ၀တွေဟာ စီမံ ခန့်ခွဲမှုတွေ ဂရုစိုက်မှု ညံ့ဖျင်းလို့ ဆုံးရှုံးနေကြရပါတယ်။

မေဇင်တင်အောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...