Sunday, May 25, 2014

ကျွန်တော်နဲ့ နိုင်ငံရေးလုပ်စားသူများ (၁)

ထင်အောင် - ကျွန်တော်နဲ့ နိုင်ငံရေးလုပ်စားသူများ (၁)

ကျွန်တော်နဲ့ နိုင်ငံရေး
ထင်အောင်
ဧပြီ ၃၀၊ ၂၀၁၄

ကျွန်တော်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ငါးနှစ်သားအရွယ်မှာမှ လူဘ၀ထဲရောက်လာရသူတဦးဖြစ်ပါတယ်။ ပြည်တွင်းစစ်ပြီးသွားပြီးမှမွေးတဲ့သူဆိုတော့ မဟာရန်ကုန်ကို စင်္ကာပူနိုင်ငံက အထင်ကြီးပြီးလာလေ့လာနေတဲ့အချိန်ကောင်းမှာ လူဖြစ်လာတဲ့သူပေါ့ဗျာ။ အခုအဖျက်ခံရမလိုဖြစ်နေတဲ့ မော်တင်အိမ်ယာတွေ ကျွန်တော်နဲ့ ဖွားဖက်တော်ပေါ့ဗျာ။ ရန်ကုန်မြို့မှာ ဆိုက်ကားတွေ၊ မြင်းလှည်းတွေပြေးဆွဲနေတုံးကာလပါ။ လိုင်းကားတွေကလည်း ပုဇွန်တံဆိပ်၊ နဂါးတံဆိပ်စတဲ့ဗိုက်ပူကားကြီးတွေကို ချောင်ချောင်ချိချိ တက်စီးနိုင်တာကို သတိရနေပါသေးတယ်။ မွန်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း) နဲ့ ဆူးလေဘုရားလမ်းဆုံမှာ ဆူးလေအ၀ိုင်းကြီး ရှိနေပါသေးတယ်။ မိုး လင်း အာရုဏ်တက်တာနဲ့ သတင်းစာက အိမ်အ၀မှာ ဖတ်ဖို့အဆင်သင့်ရောက်နေတဲ့ ကာလတွေပေါ့ဗျာ။ ဒီကာလတွေမှာ မြန်မာနိုင်ငံရေးဟာ ပါတီစုံစံနစ်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာသွားနေတယ်လို့ သိခဲ့ရပါတယ်။

ငယ်ငယ်ထဲက ရွေးကောက်ပွဲဆိုတာကို မြင်တွေ့ခဲ့ဘူးပါတယ်။ ဖဆပလက နှစ်ခြမ်းကွဲနေပါပြီ။ အိမ်ကို မဲဆွယ်လာတဲ့အဖွဲ့တွေက အ၀ါရောင် ထမီပေးသွားလိုက်၊ နောက်တဖွဲ့က အနီရောင်ထမီလာပေးလိုက်နဲ့ ပြည်သူတွေအတွက်ဝတ်ရေးကတော့ အဆင်ပြေနေတဲ့ ကာလလေးဖြစ်နေပါတယ်။ သတင်းစာတွေကလည်း ဆောင်းပါးတွေ၊ ကာတွန်းတွေနဲ့ ပါတီတွေကို ကလိချင်တိုင်းကလိလို့ရ နေတော့၊ စာပေလွတ်လပ်ခွင့်ရထားသောကာလလို့ ပြောနိုင်ပါတယ်။ နိုင်ငံတော်ဝန်ကြီူချုပ်ကိုလည်း ကိုကြီးကောင်းအမည်ပေးကာ ဇာတ်လမ်းဖန်တီးပြီး အပုတ်ချသောဝတ္တုများကိုလည်း ရေးခွင့်ရနေသောအချိန်ဖြစ်ပါတယ်။ ဖက်ဒရယ်မူဆိုသောစကားလုံးကိုလည်း ကြားဘူးလာပါတယ်။ အဓိပ္ပာယ်ကိုတော့ မသိတတ်သေးပါ။ အိမ်စောင့်အစိုးရဆိုတာဘာမှန်းမသိပေမဲ့သတင်းစာတွေ၊ ရေဒီယိုကနေဖတ်ခဲ့ကြားခဲ့ရလို့ နားရည်ဝနေပါပြီ။ ပေးတဲ့ထမီအနီရောင်တွေကိုယူပြီး သန့်ရှင်းမဲပုံးထဲကို မဲတွေထဲ့ခဲ့၍ သခင်နုဝန်ကြီးချုပ်ပြန်ဖြစ်သွားပါတယ်။လေဟာပြင်က ဇာတ်ရုံမှာ တရုပ်ပြည်သူသမတနိုင်ငံက ငန်းတော်ပျော်ရာ ရေကန်သာဘဲလေးကဇာတ်ပြနေတဲ့အချိန် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာတော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်ပါတယ်။ တိုင်းပြည်ချောက်ထဲကျဘို့ လက်နှစ်လုံးအလိုမှာ ကယ်လိုက်ရတာလို့ကြေငြာပါ တယ်။ နိုင်ငံရေးကို နကန်းတလုံးမှမသိသေးတဲ့သူဆိုတော့ သတင်းစာထဲမှာပါတာတွေကိုဖတ်ပြီး တော်လှန်ရေးကောင်စီကို သဘောကျနေတာပေါ့ဗျာ။ မကြာပါဘူး။ 7th July လို့ အမည်တွင်သွားတဲ့ အရေးအခင်းကြီး ပေါ်လာပါတော့တယ်။

အရေးအခင်းဖြစ်နေတဲ့ ရန်ကုန် တက္ကသိုလ်နယ်မြေ ကျွန်တော်နဲ့ စိမ်းမနေတဲ့နေရာတခုပါ။ အဖေက စနေနေ့ဆို တက္ကသိုလ်ဝင်းထဲက ပဲခူးဆောင်မှာ ဖဲသွားကစားပါတယ်။ အဆောင်မှူးက စာရေးဆရာကျော်အောင်ပါ။ မာလာဆောင်မှာလဲ အဒေါ်တယောက်ရှိပါတယ်။ ကလေးဆိုတော့ အဆောင်နည်းပြလုပ်နေတဲ့ အဒေါ်အခန်းအထိ သွားခွင့်ရတာပေါ့။ တက္ကသိုလ်လက်ရွေးစင်ဘောလုံးသမားတွေကို စခန်း သွင်းထားတဲ့ တကောင်းဆောင်က ဘောလုံးဆရာငြိမ်း အိမ်ကိုလဲရောက်ဘူးပါတယ်။ ညနေသတင်းစာဖြစ်တဲ့ ကြယ်နီနေ့စဉ်သတင်းစာအော်ရောင်းတဲ့သူတွေက ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဗုံးခွဲခံရလို့ ပြိုကျသွားပြီဆိုပြီး အော်ရောင်းသံကိုကြားလိုက်ရပါတယ်။ အဖိုးက ချက်ချင်းဝယ်ဖတ်ပါတယ်။ လူကြီးတွေကတော့ သတင်းကြားပြီးသားဖြစ်နေမှာပါ။ သတင်းမှန်တွေကြားရတာပါ။ အခုခေတ်လို ကောလဟာဠ သတင်းတွေ မဟုတ်ပါ။

ခဏကြာတော့ အမေဇာတိမုဒုံကနေ တက္ကသိုလ်လာတက်နေကြတဲ့ အကိုကြီးတွေ အထုတ်အပိုးတွေနဲ့ ရောက်လာပါတော့တယ်။ စစ်တပ်က သေနတ်နဲ့ပစ်လို့ ရေမြောင်းထဲမှာ ဆင်းပုန်းနေရတယ်လို့သိရပါတယ်။ အဲဒီညမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဓား ဓားချင်း လှံလှံချင်းဆိုတဲ့သူအတွက် သမိုင်းဝင်သွားမဲ့မိန့်ခွန်းကို ရေဒီယိုကပြောသွားတယ်လို့ဆိုပါတယ်။ ငယ်သူမို့ သတင်းကို အာရုံစိုက်နားမထောင်တတ်သေးတော့ သမိုင်းဝင်မိန့်ခွန်းကြီးကို မကြားလိုက်ရဘူးပါ့ဗျာ။ တက္ကသိုလ်တွေကိုပိတ်လိုက်လို့ ကျောင်းသားတွေအိမ်ပြန်ကြရတာကိုတော့ ပထမဆုံးတွေ့ခဲ့ကြုံခဲ့ဘူးတာပါ။ နောက်တော့လဲ ခဏခဏကြုံဘူးလာပါတော့တယ်။ အဖေတို့က စစ်အစိုးရလို့ပြောလိုက်ရင်တောင် မကြိုက်ပါဘူး။ တော်လှန်ရေးအစိုးရပေါ့ဗျာ။ အဖေတို့က ဝန်ကြီးလို့ပြောရင်မှားနေပြီ။ တာဝန်ခံပါလို့ပြန်ပြောလိုက်ချင်တယ်။ ဆိုရှယ်လစ်စံနစ်နဲ့ တိုင်းပြည်ထူထောင်မယ်ဆိုတော့ တအားသဘောကျတာပေါ့ဗျာ။ ဆိုရှယ်လစ်စံနစ်နဲ့ အမေရိကန်ကိုယှဉ်ပြိုင်နိုင်နေတဲ့ဆိုဗီ ယက်ယူနီယံကို အားကျမိနေတဲ့အချိန်နဲ့ ကိုက်နေတာကြောင့်ပါ။ အဲဒီကာလတွေတုံး ကမ္ဘာထိပ်သီးအမေရိကန်ကိုယှဉ်နိုင်တာ ဆိုဗီယက်ယူနီယံပဲရှိတာပါ။ အာကာသစီမံကိန်းမှာ ယူရီဂါဂါရင်ကို ပထမဆုံးလွှတ်တင်နိုင်တာ ဆိုဗီယက်လေ။ လက်နက်ယှဉ်နိုင်တာဆိုဗီယက်၊ အားကစားမှာ အမေရိကန်ကို ဒုတိယနေရာပို့လိုက်တာ ဆိုဗီယက်ကွလို့ လက်ဝဲသမားတွေ ရင်ကော့ပြောနိုင်ခဲ့တဲ့အချိန်ကာလပါ။ အရင်းရှင်လူတန်းစားကို အမြင်ကပ်တဲ့အတွေးတွေကို  စတွေးမိလာပါပြီ။

လူတန်းစားမခွဲခြားဘဲ လူအားလုံး အခွင့်အရေးတန်းတူဖြစ်မဲ့စံနစ်ဆိုတော့ သဘောကျတာပေါ့။ လယ်လုပ်သူ လယ်ပိုင်ရမယ်၊။ လယ်ယာ သမဝါယမတွေ၊ စက်ရုံသမဝါယမတွေဖွဲ့မယ်ဆိုတာတွေကို သတင်းစာ၊ ရှေ့သို့စာစောင်တွေမှာဖတ်ရတော့ ကောင်းလိုက်တဲ့ဆိုရှယ်လစ် စံနစ်လို့ အထင်ကြီးခဲ့မိပါတယ်။ ပြည်သူပိုင်တွေသိမ်းတော့လည်း မှန်တယ်လို့ထင်မိပြန်တယ်။ အုပ်ချုပ်ရေးစံနစ်အဖြစ် သူကြီးတွေနေရာ မှာ ငါးဦးကော်မီတီစံနစ်ကိုပြောင်းခဲ့လိုက်ပါတယ်။ ကော်မီတီဝင်တွေလည်း မသက်သာရပါဘူး။ ဆန်ဝေရ၊ ဆီဝေရ၊ အဲဒီတုံးက ခေတ်စားတဲ့ တက်ထရွန်ဝေရ၊ ကြက်သွန်၊ ငရုတ်သီးတောင် ဝေပေးရတာဗျာ။
နောက်မှ ပြည်သူဆိုင်တွေပေါ်လာပြီး တပတ်ကို ဆန်(၆) ပြည်၊ ဆီနှစ်ဆယ်သား၊ ဆား (၁၀) သား၊ ကြက်သွန် (၂၅) သား စသဖြင့် ဝေပေးတာကို သွားယူရပါတယ်။ ဝေပေးတဲ့ဆိုလို့ အခမဲ့မထင်ပါနဲ့။ ကိုယ်ပိုက်ဆံနဲ့ကိုယ် ဝယ်ရတာပါ။ တခါတလေ အတွဲနဲ့ဝယ်ရတာတွေ ရှိတတ်ပါသေးတယ်။ သကြားလိုချင်ရင် မီးချစ်ဘူးနဲ့တွဲဝယ်ရပါတယ်။ ဆီဝယ်တဲ့သူတိုင်း ပုတ်စပြုနေတဲ့ကြက်သွန်ကို ဝယ်ရပါတယ်။ အဆိုးဆုံးအချိန်ကတော့ ရာတန်ငွေစက္ကူတွေကို တရားမဝင်ကြေငြာလိုက်တာပါပဲ။ ပြည်သူတွေဒုက္ခရောက်နေသလို အစိုးရအဖွဲ့အထဲ မှာလဲ ပြဿနာပေါင်းစုံနဲ့ပါ။

ဒုဥက္ကဠဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီးကို တာဝန်ကအနားပေးလိုက်ပါတယ်။ ရာတန်ဖျက်သိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့အထွေထွေ အတွင်းရေးမှူး၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးတာဝန်ခံလုပ်နေတဲ့ ဗိုလ်မှူးကြီးစောမြင့်ကို အရေးယူလိုက်တာတွေ ဆက်တိုက်ဖြစ်လာ ပါတော့တယ်။ သတင်းစာတိုက်တွေ၊ ရုပ်ရှင်ရုံတွေအားလုံးကို ပြည်သူပိုင်သိမ်းပစ်လိုက်ပြန်ပါတယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်နဲ့ မြန်မာ စီးပွားရေးလမ်းစဉ်ဆိုသောစကားလုံးတွေ စတွင်ကျယ်လာပါတော့တယ်။ ထုံးစံအတိုင်း ပါတီတခုစတည်ထောင်ပါက အင်မတန်ယုံကြည်သူတွေနဲ့ လူလည်တွေက ပထမဆုံးလျှောက်လွှာတင်ကြတာပေါ့ဗျာ။ နောက်ပိုင်း ပါတီဝင်မှအလုပ်ရမယ်၊ ရာထူးတိုးမယ်စတဲ့အချက်တွေကြောင့် ပါတီဝင်အရေအတွက် တိုးလာပါတော့တယ်။ ပါတီမဝင်တဲ့သူတွေကိုလဲ အထဲမှာနေမလား အပြင်မှာနေမလားဆိုတဲ့စကားလုံးလေးနဲ့ ချုပ်ကိုင်ပြီး ပါတီဝင်အင်အားတိုးအောင်လုပ်ခဲ့ကြပါတယ်။

လူငယ်တွေကိုလည်း တေဇလူငယ်၊ ရှေ့ဆောင်လူငယ်နဲ့ လမ်းစဉ်လူငယ်ဆိုပြီး အသက်အပိုင်းအခြားအရအဖွဲ့အစည်းတွေဖွဲ့ကာ သင်တန်းတွေပေးကာ စည်းရုံးခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက Kosomo လူငယ်အဖွဲ့ကို အင်မတန်သဘောကျနေတဲ့ ကျွန်တော် လမ်းစဉ်လူငယ်မှာ အမည်စာရင်းသွင်းလိုက်ပါတယ်။ ဘဝမှာ ပထမဆုံးနိုင်ငံရေးအဖွဲ့အစည်းကိုဝင်ခဲ့မိတာပါ။ ပါတီဥက္ကဠဆိုသူ၊ ယူနစ်ကော်မီတီ ဝင်ဆိုသူတွေနဲ့ စကားပြောမိတော့မှ နေရာရဘို့အလုပ်လုပ်ပြနေသူတွေဆိုတာကို သိလာမိတော့တယ်။ ဒီအချိန်မှာ ဆန်ပြဿနာကနေ ဆင်မလိုက်သင်္ဘောကျင်းက အလုပ်သမားပြဿနာပေါ်လာပါတယ်။ ဆန်ကိစ္စကိုကြောင်းပြုပြီး တရုတ်- မြန်မာအရေးအခင်းကို အစိုးရ အဖန်တီးဘူးတာကြောင့် လူထုက အစိုးရကို အကောင်းမမြင်တော့တဲ့ကာလ ရောက်နေပါပြီ။ ကျောင်းသားတွေကလဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့်ဈာပနကိစ္စကိုအကြောင်းပြုပြီး အစိုးရကိုမကျေနပ်ဖြစ်နေတဲ့အချိန်ပါ။ ဆက်တိုက်ဖြစ်လာတဲ့ အရေးအခင်းကတော့ သခင်ကိုယ်တော်မှိုင်းအရေးအခင်းပါ။ တက္ကသိုလ်စာမေးပွဲတွေကို မြို့နယ်တွေမှာဖြေခဲ့ရပါတယ်။ မေးခွန်းမှာ အရှေ့ဘက်က ရန်ကုန်တက္ကသိုလ်က ကျောင်းသားများအတွက်ဖြစ်ပြီး နောက်ဘက်က ပုသိမ်ကောလိပ်ကကျောင်းသားများအတွက် မေးခွန်းဖြစ်ပါတယ်။ ရန်ကုန်ကမြို့နယ်တခုမှာလာဖြေနေတဲ့ ပုသိမ်ကကျောင်းသား အဆင်ပြေပြေဖြေနိုင်အောင် စီစဉ်ပေးထားတာပါ။ ပိုအဆင်ပြေတာကရန်ကုန်ကကျောင်းသားက မှားပြီး ပုသိမ်မေးခွန်းကိုဖြေခဲ့ရင်လည်း အမှတ်ချစ် အအောင်ပေးခဲ့တာပါပဲ။ ပညာရေးစံနစ် ကမောက်ကမ ဖြစ်လာပြီလို့ ပြောနိုင်ပါတယ်။ ကျောင်းသားတွေကို လူစုခွဲတဲ့အနေနဲ့ စမ်းသပ်ပညာရေးစံနစ်တခုကို ပညာရေးဝန်ကြီးအသစ်က တီထွင်လိုက်ပြန်ပါတယ်။ ဒေသအလိုက်ကောလိပ်တွေဖွင့်လိုက်တဲ့ ဒေသ ကောလိပ်စံနစ်ပါ။ တိုင်းနဲ့ပြည်နယ်တိုင်းမှာ နှစ်နှစ်သင်ကောလိပ်တွေဖွင့် လိုက်တာပါ။ နေရာမရှိတော့ အထက်တန်းကျောင်းတွေမှာ ဖွင့်ကြတာများပါတယ်။ တိုင်းကြီးတွေက နှစ်ကျောင်းဖွင့်ခဲ့သလို တကျောင်းတောင် အနိုင်နိုင် ဖွင့်ရတဲ့တိုင်းတွေလဲရှိပါတယ်။ လုံးဝမဖွင့်နိုင်တဲ့ ပြည်နယ်တွေလဲရှိပါသေးတယ်။ အရင်က နောက်ဆုံးနှစ်အထိ လေးနှစ်သင်တန်းတွေရှိခဲ့တဲ့ မော်လမြိုင်ကောလိပ်၊ ပုသိမ်ကောလိပ်၊ မကွေးကောလိပ်တွေကိုတော့ ဒီဂရီကောလိပ်ဆိုပြီး အမည်ပြောင်းလိုက်ပါတော့တယ်။ ကျောင်းအသစ်တွေဖွင့်တော့ ဆရာအသစ်တွေလိုလာတာပေါ့ဗျာ။ ဘွဲ့ရတွေထဲက မဟာအတန်းတက်ရန်အဆင့်မှီသူတွေလျှောက်ကြသလို၊ သာမန်ဘွဲ့ပဲရတဲ့ပါတီဝင်တွေလည်း လျှောက်ကြတယ်။ ပထမ ရေးဖြေ ဖြေရပါတယ်။

နောက်တဆင့်က လူတွေ့အင်တာဗျူးပေါ့ဗျာ။ ပြဿနာက ကျွန်တော်က ပါတ်ီဝင်မဟုတ်ဘူး။ အလုပ်က ပါတီမဝင်ထားရင် မခန့်ဘူး။ ဒီတော့ ပါတီမိတ်ဆွေဆိုတာ လျှောက်ရတယ်။ ပိုက်ဆံပေးလိုက်တော့ နံပါတ်တခုရတာပေါ့ဗျာ။ ဒီနံပါတ်က လူတယောက်ရဲ့ဘဝကိုပြောင်း လဲစေနိုင်တာကို သင်ခန်းစာရလိုက်ပါတယ်။ ပညာတွေအင်မတန်တော်တဲ့သူတွေ ဒီလိုနံပါတ်မရှိတာကြောင့် သူတို့ရဲ့ပညာတွေ အလ ကားဖြစ်သွားသူတွေ အများကြီးပါ။ အင်တာဗျူးမှာ ပညာရပ်ဆိုတာ လုံးဝမမေးပဲ ပါတီဝင်ထားသလားဆိုတာကို စမေးပါတော့တယ်။ တက္ကသိုလ်ကောလိပ်တွေမှာ စာသင်မဲ့သူတွေကို အဆင့်မြင့်စာပေရေးရာတွေကို မမေးပဲ မဆိုင်တာတွေမေးနေသူတွေက ပညာရေးက ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေဖြစ်နေတာက စိတ်မကောင်းစရာပါ။ အလုပ်ဝင်ပြီး မကြာခင်မှာ ကျောင်းသားတယောက် ကားတိုက်ခံရပြီးဆုံးသွားတာကိုအကြောင်းပြုပြီး ကျောင်းသားဆူပူမှုလေးဖြစ်လာပါတယ်။ ကျောင်းသားတွေက ကားကိုမီးရှို့ပစ်မယ်လုပ်နေပါတယ်။ ကျွန်တော်က မီးကြောင့် ရပ်ကွက်ပါလောင်သွားနိုင်တယ်။ ဘာဖြစ်ချင်သလဲပြောပါဆိုတော့ အသုဘကို စည်စည်ကားကားလုပ်ချင်တယ်။ ကားမောင်းသူကို ဥပဒေအရအရေးပေးပါလို့ တောင်းဆိုပါတယ်။ အဲဒီအချိန်မှာ တာဝန်ရှိသူဆိုတဲ့ပုဂ္ဂိုလ်တွေ အစီအရီရောက်လာပြီး လုပ်ပေးနိုင်တာတွေကို စီစဉ်ပေးသွားပါတယ်။ အသုဘကို ရွာဟိုင်းသုသာန်မှာချပြီး နောက်တပတ်လောက်မှာ ဆရာတွေကို ဂုဏ်ပြုချင်လို့ ဆိုကာ ဆရာတယောက်က ပါတီဝင်နံပါတ်လာမေးပါတယ်။ ကျွန်တော်က နံပါတ်မရှိဘူးဆိုတော့ တော်တော်အံသြသွားပုံဖြစ်သွားပါတယ်။ ပါတီတာဝန်ကို မေးပြန်ပါတယ်။ ကျွန်တော်က ပါတီမိတ်ဆွေရဲ့သူငယ်ချင်းပါလို့ နောက်ဖြေလိုက်ပါတယ်။ ပါတီတာဝန်ကို နောက်ပြောင်ခြင်းမလုပ်ပါနဲ့ဆိုပြီး သတိပေးခံရပါတယ်။ တကယ်ဂုဏ်ပြုပွဲလုပ်တော့ ကျွန်တော့်ကို မဖိတ်တော့ပါဘူး။ သွေးဆူနေလို့ မကျေမနပ်နဲ့အော်နေတဲ့ကျောင်းသားတွေကို လေသာဆောင်က နေခိုးကြည့်နေတဲ့သူတွေက ငြိမ်းချမ်းစွာပညာသင်ကြားရေးအတွက် ဆူပူမှုမဖြစ်အောင်ကူညီဆောင်ရွက်သူတွေအဖြစ် ဂုဏ်ပြုခံနေကြပါတယ်။ ကျွန်တော့်အတွက် နိုင်ငံရေးလုပ်စားနေတဲ့ လူတန်းစားကို ပထမဆုံးတွေ့ကြုံ ခဲ့ရတာပါ။
  
(ဆက်ပါဦးမည်)
ကျွန်တော်နဲ့ နိုင်ငံရေး
ဧပြီ ၃၀၊ ၂၀၁၄
ကျွန်တော်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ငါးနှစ်သားအရွယ်မှာမှ လူဘ၀ထဲရောက်လာရသူ တဦးဖြစ် ပါတယ်။ ပြည်တွင်းစစ်ပြီးသွားပြီးမှမွေးတဲ့သူဆိုတော့ မဟာရန်ကုန်ကို စင်္ကာပူနိုင်ငံက အထင်ကြီးပြီး လာလေ့လာနေတဲ့အချိန်ကောင်းမှာ လူဖြစ်လာတဲ့သူပေါ့ဗျာ။
အခုအဖျက်ခံရမလိုဖြစ်နေတဲ့ မော်တင်အိမ်ယာတွေ ကျွန်တော်နဲ့ ဖွားဖက်တော်ပေါ့ဗျာ။ ရန်ကုန်မြို့မှာ ဆိုက်ကားတွေ၊ မြင်းလှည်းတွေပြေးဆွဲနေတုံးကာလပါ။ လိုင်းကားတွေကလည်း ပုဇွန်တံဆိပ်၊ နဂါးတံဆိပ်စတဲ့ဗိုက်ပူကားကြီးတွေကို ချောင်ချောင်ချိချိ တက်စီးနိုင်တာကို သတိရနေပါသေးတယ်။ မွန်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း) နဲ့ ဆူးလေဘုရားလမ်းဆုံမှာ ဆူးလေအ၀ိုင်းကြီး ရှိနေပါသေးတယ်။ မိုး လင်း အာရုဏ်တက်တာနဲ့ သတင်းစာက အိမ်အ၀မှာ ဖတ်ဖို့အဆင်သင့်ရောက်နေတဲ့ ကာလတွေပေါ့ဗျာ။ ဒီကာလတွေမှာ မြန်မာနိုင်ငံရေးဟာ ပါတီစုံစံနစ်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာသွားနေတယ်လို့ သိခဲ့ရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...