Saturday, May 17, 2014

အရင်က မသိခဲ့တဲ့အရာ


မနေ့က တင်လိုက်တဲ့ ကားလ်မာ့စ်ရဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ အဆိုတစ်ခုပါ
ဟေဂယ်ရဲ့ "(လူ့) အခွင့်အရေး ဒဿန" အပေါ် ဝေဖန်စာမှာ ပါတဲ့ "ဘာသာရေးဟာ လူတွေ အတွက် ဘိန်း ပဲ" ဆိုတဲ့ စကားပိုဒ် ကတော့ လူသိများပြီးဖြစ်မှာပါ။ ဒီစကားပိုဒ်ကိုပဲ လိုသလို ဆွဲပြီး ဘာသာရေးမှိုင်းတိုက်တယ်၊
ဘာသာရေးဟာ အဆိပ်ပဲ၊ ဘာသာရေးဟာ လက်တွေ့ဘဝနဲ့ ကိုက်ညီမှုမရှိတဲ့ ဇိမ်ခံမှု သက်သက်ဖြစ်တယ်ဆိုတဲ့ ရုပ်ဝါဒီတွေရဲ့ ဝါဒဖြန့် စကားလုံးတွေကိုလည်း ကြားဖူးကြမှာပါ။ ကျွန်တော်လည်း အရင်က ထင်ယောင်ဝါးဝါးနဲ့ ဒီအတိုင်းပဲမှတ်ယူထားပါတယ်။ အခု ပြန်ရှာပြီး သေသေချာချာဖတ်ကြည့်မိတဲ့ အခါမှ ဒီအဆိုဟာ သူပြောခဲ့တဲ့ စကားပိုဒ်ထဲက သူဆိုလိုချင်တဲ့ ရည်ရွယ်ချက်ကို လျှစ်လျှူရှူပြီး လိုသလို (Out Of Context) ဆွဲသုံးထားတာကို တွေ့ရတာပါ။ သူ့ရဲ့ ဝေဖန်စာကို ကြိုးစားပြီး မြန်မာပြန်ကြည့်တဲ့ အခါ အခုလို တွေ့ရပါတယ်။
Religious distress is at the same time the expression of real distress and the protest against real distress.
ဘာသာရေး သောက (ဒီနေရာမှာ Distress ကို တိုက်ရိုက်ပြန်တာပါ၊ အမှန်တော့ ပူပင်သောက ကြောင့် ဘာသာရေးမှာ ခိုလှုံတဲ့ သဘောပါ။ မြန်မာလိုတော့ "အပူတွေ" ပေါ့။) ဆိုတာ တစ်ကယ့် သောက (ရုပ်ပိုင်းဆိုင်ရာ ကာယိကဒုက္ခ ကြောင့် စိတ်ပိုင်းဆိုင်ရာ ပူလောင်မှု စေတသိကဒုက္ခ) အပေါ် ဖွင့်အံခြင်း နဲ့ စိတ်ပျက်ကန့်ကွက်ခြင်း ၂-ခု တစ်ချိန်ထဲမှာ ဖြစ်နေတာ လို့ သူက ဆိုပါတယ်။ အဓိပ္ပာယ်ဖွင့်ရရင် မပြေလည်မှုတွေကြောင့် သောက "အပူ" တွေရှိလာတယ်။ ဘုန်းကြီးကျောင်း ဥပုဿ်ကျောင်းကို သွားရင် "အပူငြိမ်း" တယ်ဆိုတာ ၁) "အပူတွေ" ရှိတယ်လို့ ဝန်ခံတာ ၂) အပူတွေကို မခံနိုင်ဘူး၊ မကြိုက်ဘူး ဒါကြောင့် ဒီအပူကို ငြိမ်းအောင် နည်းလမ်းရှာ အဖြေရှာတဲ့ သဘောပါ လို့ ဆိုလိုတာပါ။
Religion is the sigh of the oppressed creature, the heart of a heartless world, just as it is the spirit of a spiritless situation.
(ရပိုင်ခွင့်လုပ်ပိုင်ခွင့်စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့) အဖိနှိပ်ခံတွေအတွက်တော့ ဘာသာတရားဟာ (ဘဝ အမောတွေကြားက) 'သက်ပြင်း' တစ်ခုပဲ၊ ဝိညာဉ်မဲ့တွေ အကြားက နားလည်ခံစားနိုင်စွမ်း ရှိတဲ့ အသိတရား တစ်ခုလို အသဲမဲ့တွေ ကမ္ဘာထဲက အသဲ တစ်ခုပါပဲတဲ့။ အဓိပ္ပာယ်ကတော့ မျော်လင့်ချက် ကင်းမဲ့ သူတွေ အတွက် နားခိုရာ ခိုကိုးရာလို ဆိုလိုတာပါ။
It is the opium of the people.
ဘာသာရေးဟာ လူတွေအတွက်တော့ စွဲငြိသွားမဲ့ 'ဘိန်း' ပါပဲတဲ့။ ဘိန်းဆိုတာ လက်တွေ့ ရုပ်ဝတ္ထုဆိုင်ရင် ပြဿနာတွေကို ဖြေရှင်းပေးနိုင်စွမ်း ရှိတာမျိုးမဟုတ်ပဲ၊ လောကကြီးနဲ့ ကင်းကွာပြီး ခဏတာ ပျော်ရွှင်မှု သုခကိုသာ ပေးနိုင်လို့ လှည့်စားမှု တစ်မျိုးသာ ဖြစ်တယ်လို့ ပြောချင်တာပါ။
အရေးကြီးတဲ့ အပိုင်း ရောက်ပါပြီ ...
The abolition of religion as the illusory happiness of the people is required for their real happiness.
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းသုခကို ရဖို့အတွက် အယောင်ဆောင် စိတ်ပျော်ရွှင်မှုကိုသာ ပေးတဲ့ ဘာသာရေးကို ဖျက်သိမ်းပစ်ဖို့ လိုအပ်ပါတယ်။
The demand to give up the illusion about its condition is the demand to give up a condition which needs illusions.
လွဲမှားတဲ့ အမြင်တွေလွှမ်းနေတဲ့ အခြေအနေတစ်ခုကို စွန့်လွှတ်ခိုင်းဖို့ ဆိုတာ အဲဒီအမြင်လွဲကြီးကို လိုအပ်နေတဲ့ အခြေအနေတစ်ရပ်ကို အရင် စွန့်လွှတ်ခိုင်းတာပါ တဲ့။
ဒီမှာ ဘာပြောချင်တာလည်း ဆိုတော့ အခြေခံလူ့အခွင့်အရေးတွေ၊ လူတန်းစေ့ နေထိုင်နိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့ အချိန်၊ စီးပွါးရေးကျပ်တည်းမှုတွေ ရင်ဆိုင်နေရတဲ့ အချိန်၊ ဖိနိုပ်မှု တစ်မျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ အချိန် ဒီလိုအချိန်တွေ အခြေအနေတွေမှာ လူတိုင်း ဘုရားဖက်တဲ့ သဘောကို ပြောချင်တာ။ အဲဒီတော့ ဘာသာရေးသာလျှင် သောက အားလုံးရဲ့ လွတ်မြောက်ရာဆိုတဲ့ အမြင်မှားကို စွန့်လွှတ်ဖို့ ဆိုရာမှာ အရှေ့မှာ ဖော်ပြခဲ့တဲ့ အခြေအနေမျိုးကို အရင်ပြောင်းပစ်ဖို့ လိုတယ် (စွန့်လွှတ်ရမယ်) လို့ ဆိုလိုတာ။
အခြေအနေ မပြောင်းသရွေ့ ကိုးကွယ်ရာဘာသာတစ်ခုခု အပေါ်အားထားမှုက ပျောက်သွားမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။ ဒီမှာ ဘာသာရေးတစ်ခုတည်းကိုပဲ ဦးတည်ပြီး ဆွေးနွေးခဲ့ ပေမယ့် ဖြန့်ပြီး စဉ်းစားမယ်ဆိုရင် ဗေဒင်ယတြာ အဆောင်အယောင် စတဲ့ အခြားအခြားသော ကိုးကွယ်အားထားမှု တွေကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပါတယ်။
လက်ရှိ ကမ္ဘာနဲ့ယှဉ်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ဘာသာရေး အားသန်တဲ့ နိုင်ငံတွေမှာ အထက်မှာ ရေးခဲ့တဲ့ ဖိနိုပ်မှု၊ အခွင့်အရေးဆုံးရှုံးမှု၊ စီးပွါးရေးအကျပ်အတည်း စတဲ့ အချက်တွေ နဲ့ ကိုက်ညီမှု တစ်ခုမဟုတ် တစ်ခုရှိနေတာကိုတွေ့ရမှာပါ။ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံးပါ ဆိုတဲ့ နိုင်ငံကြီးတွေ မှာတောင် ဒီ (factors) အချက်တွေနဲ့ ပြည့်စုံတဲ့ ဒေသ တစ်ချို့မှာ ဘာသာရေး အယူသီးမှုတွေ ရှိနေတာလည်း တွေ့ရမှာပါ။
အဆုံးသတ် အနေနဲ့ ပြောရရင် အကျိုးတရားတစ်ခုကိုမြင်တဲ့ အခါ အကြောင်းတရား အရင်းအမြစ်ကို နားလည်ဖို့ အရင်ကြိုးစား သင့်တယ်။ အကြောင်းတရားကို ပြည့်ပြည့်စုံစုံ နားလည်လာတဲ့ အခါ မှန်ကန်တဲ့ အပြုသဘောဆောင်တဲ့ ကောက်ချက် တစ်ခုခု ရလာမယ်။ အဲဒီကနေ တစ်ဆင့် အပြုသဘော ဆန်တဲ့ အကျိုးရှိတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာမယ်။ နောက်တစ်ချက်အနေနဲ့လည်း တစ်ကွက်ကောင်း တစ်ချက်ကောင်း စာတစ်ကြောင်းကို တွေ့မိတာ ကြိုက်မိတာနဲ့ ကိုယ်ထင်သလို အလွယ်နားလည်ယူ လိုက်တာမျိုးမဟုတ်ပဲ အဲဒီစာတစ်ကြောင်း ဖြစ်ပေါ်လာခြင်းရဲ့ အရင်းခံ အကြောင်းကို သိနားလည်းအောင် အားထုတ်ရင်း ပြည်စုံတဲ့ သုတအသိမျိုး ရနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ နိချာရှ် Nietzsche တစ်ခါက ပြောခဲ့ဖူးတယ် "မသိနားမလည်တာ ထက် စာရင် အမှားကြီးကို အမှန်ထင်တာက ပိုပြီး အန္တရာယ်ရှိတယ်" တဲ့။
[စကားချပ် - အသိပညာပေး စာတစ်ပုဒ် ဆောင်းပါးတစ်ပုဒ် ရေးတဲ့ အခါမှာ ပညာရှင်တစ်ဦးဟာ ကိုယ်ပိုင် အယူအဆမဟုတ်ပဲ သူတစ်ပါးရဲ့ အယူအဆတစ်ခုကို ယူသုံးမိရင် မူရင်း ပညာရှင်ရဲ့ စကားပိုဒ်ကို အညွန်းပေးရပါတယ်။ ဒါမှသာ စာဖတ်သူပရိသတ် အနေနဲ့ သူရေးတဲ့ စာဟာ လက်တွေ့ အဖြစ်အပျက်တွေနဲ့ ကိုက်ညီမှုရှိလား မရှိလား၊ ကြောင်းကျိုး မှန်ကန်မှုရှိလား မရှိလားဆိုတာကို ချိန်ထိုးသုံးသပ် နိုင်မှာပါ။ ဥပမာ ပေးရရင် စီးပွါးရေး ပညာရေး လူမှုရေး နိုင်ငံရေး စတဲ့ နေရာတွေမှာ သုံးသပ်မယ်ဆိုရင် ပညာရှင်တွေ အနေနဲ့ (Model) ပုံစံတစ်ခု ချပြီးသုံးသပ်လေရှိပါတယ်။ ကိုယ်တိုင် သုံးသပ်မယ် ဆိုရင် ကိုယ်ပိုင် (Model) ပုံစံတစ်ခု ဖြစ်အောင် တစ်ခြားပညာရှင်တွေ ရဲ့ (Models) ပုံစံ တွေကို ကိုးကားပြီး တည်ဆောက်ရပါတယ်။ အဲဒီ တည်ဆောက်ထားတဲ့ (Model) ပုံစံ ကို ပညာရှင် (Peers) အချင်းချင်း လက်ခံပြီဆိုရင်တော့ အဲဒီ (Model) ပုံစံကို ကိုယ်ရေးချင်တဲ့ အကြောင်းအရာတွေမှာ ကိုယ်ကြိုက်သလို ထည်လည်းသုံးလို့ရပါပြီ။ ဒါကို Academic Integrity လို့ခေါ်ပါတယ်။ ဒီလိုမဟုတ်ပဲ သူတစ်ပါး အယူအဆကို ကိုယ်ပိုင် အယူအဆလိုမျိုး လုပ်ပြီး ကျန်တဲ့သူတွေဟာ ငါ့လောက် မသိတဲ့ မတတ်တဲ့ နားမလည်တဲ့ သူတွေပဲ ဆိုတဲ့ အတွေးမျိုးနဲ့ လူတွေကို ခပ်တည်တည်နဲ့ ဖြီးမယ် ဆိုရင်တော့ ဒါဟာ (academic dishornesty) ပါ။ အနောက်နိုင်ငံ ပညာတတ် အသိုင်းအဝိုင်း အလယ်မှာဆိုရင် ခိုးမှုထက်တောင် သိက္ခာကျနိုင်ပါတယ်။ မြန်မာပြည်လို နိုင်ငံမျိုးမှာ တော့ ကိစ္စမရှိဘူးဆိုပေမယ့် အမှားကြီးကို မှားမှန်းသိလျှက် ဆက်မလုပ်စေချင်ပါ။ ပညာရှိများ သတိဖြစ်ရန် စေတနာနဲ့ အကျိုးမျှော်လို့ နှိုးဆော် လိုက်ရခြင်းပါ။ ယူတတ်ကြပါစေ။]
https://www.facebook.com/photo.php?fbid=290410474428541&set=a.135378839931706.25621.100003787733026

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...