Thursday, May 22, 2014

နေလင်း(သွား/ဆေး) စီစဉ်သည့် လာဘ်ပေးလာလ်ယူ စာအုပ်ငယ်မှ စစ်ဗိုလ်၂ဦးအတွေ့ကြုံ ( သောင်းဝေဦး၊ ချစ်နိုင်-စိတ်ပညာ)


ကြုံခဲ့ဖူးသော လာဘ်ပေးလာဘ်ယူမှုများအကြောင်း

လာဘ်ပေးလာဘ်ယူမှုဆိုသည်မှာ တစ်ကမ္ဘာလုံး အရိုးစွဲနေသော ကိစ္စတစ်ခုဖြစ်၏။ ဟိုးရေSးပဝေသဏီက ပဒေသရာဇ်များခေတ်ကပါင် စတင်ခဲ့သည် ထင်ပါ၏။
ရှေးပုံပြင်တစ်ခုတွင် အခါတစ်ပါး၌ တံငါသည်တစ်ဦးသည် ဘုရင့်ထံ ငါးဝင်ဆက်သည်။ တံငါသည်ထံမှ ဆုငွေ တစ်ဝက်ပေးမှ ငါးဝင်ဆက်ခွင့်ပြုမည်ဟု တံခါးမှုးက ဆို၏။ လာဘ်တောင်းခြင်းပငါ။ တံငါသည်က သဘောတူမှ ခွင့်ပြုလိုက်သည်။ ဘုရင့်ထံ ငါးဆက်သပြီး ဘာဆုလိုချင်သလဲဟု ဘုရင်က မေးသောအခါ ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပါရန် တံငါသည်က ဆုတောင်းတော့၏။ ဘုရင်က နားမလည်းနိုင်ပဲ တံငါသည်တောင်းသည့် ဆုကို ပေးလိုက်၏။ အချက် ၅၀ပြည့်သောအခါ
"ခဏရပ်ပေးပါဦး၊ ဆုတစ်ဝက် ခံစားမည့်သူရှိပါသေးသည်" ဟု တံငါသည်က ဆို၏။ "
"ဘယ်သူလဲ" ဟုမေးတော့ ....... "တံခါးမှုးပါ" ဟု ဆို၏။


ဤသို့ဖြင့် တံခါးမှုး ကြိမ်ဒဏ် အချက်၅၀ အရိုက်ခံရ၍ ရာထူးမှ ပြုတ်သွားပြီး တံငါသည် တံခါးမှုးရာထူး ရသွားလေသည်။

ဒါက ပထမဥပမာပါ။

ဒုတိယ ဥပမာကတော့ ရှေးဘုရာင်များ စစ်ခင်းကြသည့်အခါ ရှုံးသူက နိုင်သူကို နယ်မြေပေးရ၊ ရွှေငွေ ကျောက်သံပတ္တမြားပေးရ၊ သမီးပေးရနှင့် လာဘ်ထိုးကြရသည်။ ထိုအခါမှ နိုင်သူက ကျေနပ်တော့၏။ ဗြိတသျှရာဇဝင်၌ ဤကဲ့သို့ သမီးပေး၊ နှမပေး ရာဇဝင်များ ရှိခဲ့၏။ မြန်မာရာဇဝင်တွင်လည်း အင်အားကြီးသော ပဒေသရာဇ်များကို အင်အားငယ်သူက ရွှေပေး၊ ငွေပေး၊ သမီးပေး၊ ညီမပေးနှင့် ပေးခဲ့ကြပါသည်။ ဒါတွေဟာလည်း လာဘ်ပေးလာဘ်ယူတွေ မဟုတ်ဘူးလားခင်ဗျာ။

ယခု ဒီဘက်ခေတ် ဒုတိယကမ္ဘာစစ်အပြီးတွင်လည်း နိုင်ငံအသီးသီး၊ အစိုးရအသီးသီး လာဘ်ပေးလာဘ်ယူမှုတွေ မကင်းပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဦးနု ဖဆဖလ အစိုးရလက်ထက် ကာလတွင်လည်း ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ပို့ကုန်သွင်းကုန် ကိစ္စများ၊ OGL (Open General License) ကိစ္စများနှင့် ပတ်သက်၍ ဝန်ကြီးများ နာမည်တော်တော် ပျက်ကြ၏။ ထို့ကြောင့် ဝန်ကြီးချုပ်ဦးနုက အောက်ပါအတိုင်း ပြောခဲ့သည်။

"စီမံကိန်းတစ်ခု လုပ်လိုက်တာနဲ့ ခြတောထဲ ထင်းရှုးပုံးတစ်လုံး ချပေးလိုက်သလို ဖြစ်တော့တာပါပဲ"

ဝန်ကြီးချုပ် ဦးနုက သူ့ဖဆဖလ အစိုးရလက်ထက်၌ လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ငွေရှစ်ရာ၊ ကားတစ်စီး ဟု ကြွေးကြော်ခဲ့သည်။ သူသာ ပြုတ်သွားရော၊ သူ့စီမံကိန်းကြီး မအောင်မြင်ခဲ့ပါခင်ဗျား။

ထို့နောက် ၁၉၆၂ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ တက်လာသည်။ လုပ်ငန်းတွေအားလုံး ပြည်သူပိုင်သိမ်းလိုက်သည်။ ဘယ်သူမှ လုပ်စား၍ မရတော့။ လာဘ်ပေးလာဘ်ယူ အသံတိတ်သွားသည်။ တိတ်မှာပေါ့ဗျာ၊ ပေးစရာ ဘာမှမရှိတော့တာကိုး။ ပြည်သူလူထုက မွဲတေသွားပြီး။ ဖွတ်ကျောပြာစု၊ ခရုဆန်ကျွတ်ဖြစ်သွားတာကိုး။ ဆိုရှယ်လစ်စနစ်ကြီးက တစ်နိုင်ငံလုံးကို မွဲပြာကျစေခဲ့ပါသည်။



၁၉၈၈ခုနှစ်နောက်ပိုင်း န.ဝ.တ ၊ န.ယ.က ခေတ်၌ ပြည်သူပိုင်လုပ်ငန်းတွေ ပုဂ္ဂလိကကို ပြန်လွှဲခဲ့သည်။ စီးပွားရေးတွေ အထိုက်အလျှောက် ပြန်ဖွင့်ပေးသည်။ တည်ဆောက်ပြုပြင်၊ မြန်ပြည်တခွင် ဆိုပြီး လမ်းတံတားတွေ၊ အဆောက်အဦတွေ ဆောက်ကြ၏။ ကန်ထရိုက်တွေ ပေါ်လာသည်။ ခရိုနီတွေ ပေါ်လာ၏။ ထိုအခါ စီမံကိန်းတွေကို ရအောင် ကုမ္ပဏီတွေ အပြိုင်အဆိုင် ကြိုးစားကြ၏။ လာဘ်ပေးလာဘ်ယူတွေ ဖြစ်လာတော့သည်။ သိန်းရာနှင့်ချီ ပေးကြ၊ပြုကြသည်။ ဂါရဝပြုပါသည်။ လက်ဆောင်ပေးပါသည်ဆိုကာ အိမ်တွေ ကားတွေပါ ပေးလာကြသည်။ ဝန်ထမ်းတွေကလည်း ဟိုကနေသည်ပြောင်းချင်၊ ဒီကနေ ဟိုပြောင်းချင်၊ ဝန်ကြီးအဆင့်ထိ ချဉ်းကပ်ပြီး လာဘ်ထိုးကြသည်။ ဆရာဝန်တစ်ယောက် ရန်ကုန်ကနေ နယ်ပြောင်းရတာ မပြောင်းချင်တော့ သိန်း၅၀ ပေးလိုက်ရာ အဆင်ပြေသွားသည်ဟု ဆိုသည်။ လာဘ်ပေးလာဘ်ယူ ကိစ္စကို စကားလုံးလှလှနှင့် ဂါရဝပြုသည်ဟု ပြောလေ့ပြောထ ရှိကြ၏။ အကြီးပိုင်း ဂါရဝပြုရာ၌ ကားတစ်စီး၊ တိုက်တစ်လုံး၊ စိန်တဆင်စာ စသဖြင့် ကြားဖူးပါသည်။ နာမည်တပ်ပြီး သိတာတွေရှိပါသည်။ ဂုဏ်သိက္ခာအရ မပြောကောင်း၍ မပြောတော့ပါခင်ဗျား။ ဤသို့သာ အခြေအနေများတွင် ဌာနပေါင်း ၂၀ကျော်၊ အစိတ်နှင့် ဖွဲ့စည်းထားသော မြို့တော် စည်ပင်သာယာရေးကော်မတီကြီးလည်း ဘယ်လွတ်မလဲ။ ဒါမျိုးတွေရှိသည်ပေါ့ခင်ဗျာ။ ကျွန်တော်ကြုံဖူးခဲ့သည့် အသေးအမွှားကလေးများက စပြီးပြောပါရစေခင်ဗျား။

မြို့တော်စည်ပင်က အပေးအယူများ

ပထမဆုံး ကျွန်တော် မြို့တော်စည်ပင်ရောက်တော့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် လုပ်ငန်းကော်မတီ အစည်းအဝေးတက်ရသည်။ ထိုအစည်းအဝေးက ကော်မတီဝင် အရာရှိကြီးများကို တစ်ရက်လျင် လုပ်ငန်းလေး ငါးခု လိုက်စစ်ရ၏။ အချိုမှာ မြို့တော်စည်ပင်က တိုက်ရိုက်ဆောင်ရွက်ပြီး၊ အချို့က ကန်ထရိုက်တာလုပ်ငန်းအဖြစ် ချပေးပါသည်။ လုပ်ငန်းများမှာ အောက်ပါဌာနများမှ အများဆုံးဖြစ်၏-

(က) လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများ
(ခ) ကန်ထရိုက်ထာ ဆောက်လုပ်ရေးလုပ်ငန်းများ
(ဂ) ရေသန့်ဌာနမှ သောက်သုံးရေရရှိရေးလုပ်ငန်းများ
(ဃ) ဈေးများတည်ဆောက်ရေးလုပ်ငန်းများ
(င) ပန်းဥယျဉ်လုပ်ငန်းများ
(စ) ပွဲရုံတည်ဆောက်ရေးလုပ်ငန်းများ
(ဆ) အဝေးပြေးဂိတ်တည်ဆောက်ရေးလုပ်ငန်းများ
စသည်တို့ဖြစ်ကြ၏။

ကျွန်တော်တို့ စစ်ဆေးသည့် လုပ်ငန်းနှင့် ချပေးသည့် ငွေတန်၏။ မတန်၏။ မှန်၏။ မမှန်၏။ လို မလို စစ်ရသည်။ အချိုလုပ်ငန်းများ ပြန်ပြင်ခိုင်းရမည်။ တင်ပြတောင်းခံငွေများလျှင် ဖြတ်တောက်ပေးရသည်။ အဖြတ်မခံနိုင်သူများက သူတို့တင်တောင်းသည့်ငွေ မရမှာစိုး၍ လာဘ်ထိုးကြသည်။ ဟိုဟာပေး၊ သည်ဟာပေးကြသည်။ ပထမအကြိမ် လုပ်ငန်းစစ်တော့ ကျွန်ုပ် ရေသန့်လုပ်ငန်းလေးတစ်ခု သွားစစ်ရမည်။ လုပ်ငန်းတာဝန်ယူသူက ကျွန်တော့ကို ဂေါ့ဖ် ဖိနပ်တစ်ရံ လာပို့ပေးသည်။ လေးငါးသောင်း၊ တစ်သိန်းလောက် တန်သည်ဟု ထင်ပါ၏။ စစ်တပ်က ရောက်လာခါစ ခပ်အူအူ၊ ခပ်အအ ကျွန်တော်သည် ထိုဖိနပ်ကလေးကို ပြန်ပေးလိုက်သည်။ ထိုကိစ္စ နောင်နှစ်အတန်ကြာမှ ပြန်စဉ်းစားရင်း ရယ်မိပါသည်။ သူတို့ပေးတာက ဘာမှ မဖြစ်လောက်ပါ။ သူတို့၏ အမြတ်အစွန်းထွက်အောင် မရှိပါ။ ကြွေသီးအဆင့်သာ ရှိပါသည်။

ပေးသည့်လက်ဆောင်များ မယူကြောင်း၊ သို့သော် ကျွန်တော်သည် အရက်သောက်ကြောင်း၊ သိသွားသူများက ကျွန်တော့ကို အရက်ပုလင်းများ လက်ဆောင်ပေးကြသည်။ ဂျော်နီဝါကာ အရက်ပုလင်းများ၊ ချီးဗာစ် အရက်ပုလင်းများ စသည့် အရက်အကောင်းစားများ တစ်ပတ် လေးငါးလုံးရ၏။ တစ်လလျှင် ၁၀လုံးအထက် လက်ဆောင်ရ၏။ မိသားစုအတွက် အဝတ်အစား၊ ပိုးလုံချည်များ၊ ချိပ်ထမီများ ရ၏။ ကျွန်တော့အတွက်ကတော့ ရံဖန်ရံခါ၊ စပို့ရှပ်များ၊ ရှပ်အကျီ င်္များ ပါလာတတ်ပါသည်။ ဒါတွေကို ကျွန်တော်လက်ခံပါသည်။

ကျွန်တော်သည် ၁၉၇၂ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၅ခုနှစ် ဒီဇင်ဘာလအထိ တပ်မတော်တွင် အနှစ်၂၀ကျော် ရမ်အရက်ကိုသာ သောက်ခဲ့ရသူဖြစ်ရာ ရမ်ကိုသာ နှစ်သက်နေ၏။ ရမ်ကတော့ အိမ်ကမိန်းမကြီးနှင့်တူသည်။ အချစ်ဦးပေါ့ခင်ဗျာ။ မြို့တော်စည်ပင်ရောက်မှ တွေ့ရသည့် အချစ်သစ် အကောင်းစားအရက်များကို မကြိုက်တတ်သေးပါ။ ထို့ကြောင့် ဂျော်နီဝါကားတစ်ပုလင်းကို ရမ်းငါးလုံးနှင့် လဲသောက်ရာ၊ တစ်လလျှင် အရက်အကောင်းစား လေး ငါး ဆယ် ပုလင်းခန့် ရောင်းစားခဲ့ပါသည်။ ထိုငွေကို စုထားပြီး၊ Y.C.D.C ရောက်၍ တစ်နှစ်ခန့်အကြာ၌ ရှစ်သိန်းပေးရသည့် Toyota Grande Mark Two တစ်ပတ်ရစ် ဆလွန်းကားတစ်စီး ဝယ်စီးနိုင်ခဲ့ပါသည်ခင်ဗျား။

ကျွန်တော်သည် လည်မလိုလိုနှင့် အတော်အသူ ဖြစ်၏။ တရားသေနိုင်သူဖြစ်၏။ အကင်းမပါးသူဖြစ်၏။ စီးပွားရေးနားမလည်သူဖြစ်၏။ တစ်နေရာရောက်သော် ထိုနေရာ၌ သဟဇာတဖြစ်အောင် မနေနိုင်သူ၊ မနေတတ်သူဖြစ်၏။ မပြောသင့်၊ ပြောသင့် ချိန်ဆရခြင်းမရှိပဲ ထင်ရာမြင်ရာ၊ စွတ်ချွတ်ပြောတတ်သူဖြစ်၏။ ဟန်မဆောင်တတ်သူဖြစ်၏။ အရာရာကို စိတ်မရှည် သည်းမခံနိုင်သူဖြစ်၏။ ဆန္ဒစောသူလည်းဖြစ်၏။ အစွန်းရောက်သူဖြစ်၏။ အစွဲအလမ်းကြီးသူလည်းဖြစ်၏။ စစ်တပ်မှလာသူဖြစ်ရာ စစ်ယူနီဖောင်းကို အလွန်နှစ်သက်သူလည်းဖြစ်၏။

မြို့တော်စည်ပင်ရောက်ပြီး တစ်နှစ်အကြာ၌ တပ်မတော်က X-list အရန်စာရင်းသွင်းထားရမှ၊ အပြီးအပိုင် အငြိမ်းစားပေးလိုက်သောအခါ ကျွန်တော်သည် အလုပ်သဘောအရ ယူနီဖောင်းအစိမ်းရောင်ချွတ်ပြီး၊ စည်ပင်ယူနီဖောင်း ကိုဝတ်ရတော့မည်ဖြစ်သည်။ ကျွန်တော်က မြို့တော်ဝန်ကြီးထံ သွားတွေ့ပြီး၊ စည်ပင်ယူနီဖောင်းအပြာ မဝတ်ချင်ကြောင်း၊ စစ်ယူနီဖေါင်း အစိမ်းကိုသာ ဆက်ဝတ်ခွင့်ပြုပါရန် တင်ပြတော့သည်။

"ကျွန်တော့ကို ဘာအခွင့်အရေးမှ မပေးချင်နေပါ၊ ဒီတစ်ခုကိုတော့ ခွင့်ပြုပါ"

မြို့တော်ဝန်ကြီးက သဘောမတူပါခင်ဗျာ။

ကျွန်တော်တင်ပြတာ အကြောင်းရှိပါသည်။ Y.C.D.C တွင် တွဲဖက်အတွင်းရေးမှုး ဗိုလ်မှုးကြီးမြင့်အောင်သည် စစ်ယူနီဖောင်းဝတ်ဆင်နေဆဲဖြစ်၏။ သူ့ကိုတော့ မြို့တော်ဝန်ကြီးက အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုပေးခြင်းဖြစ်၏။ ဘောင်ဘီအစိမ်းတွေ ကြီးစိုးနေချိန်မှာ Y.C.D.C ကလည်း Colonel Uniform နဲ့ တစ်ယောက်တော့ ကျန်မှပေါ့ဟု ဆိုပြီး ချန်ထားခြင်းဖြစ်၏။ ဒါမှလည်း တန်းညှိလို့ရမှာကိုး။ အပြာရောင်ဝတ်ဆို ဘယ်သူကမှ သိပ်အရေးလုပ်တာမှ မဟုတ်တာ။

ကျွန်တော်သည် တင်ပြချက်မအောင်မြင်သဖြင့် မြို့တော်ဝန်၏ အခန်းထဲမှာ အလေးပြုက ထထွက်ခဲ့၏။ ထိုအခါ မြို့တော်ဝန်ကြီးက ဘာသဘောပေါက်သွားသည် မသိ၊ နောက်မှနေပြီး လှမ်းပြောလိုက်သည် -

"သိပ်ဝတ်ချင်လည်း ဝတ်..ဝတ်" တဲ့။

သို့ရာတွင် ကိစ္စက ဒါလောက်နဲ့မပြီးပါ။ ကျွန်တော့ကို ယူနီဖောင်းအစိမ်း ဝတ်ခွင့်ပြုသည့် ကိစ္စအား နိုင်ငံတော်အကြီးအကဲသို့ တင်ပြခွင့်ပြုချက်တောင်းခံရတော့သည်။

"လိုအပ်ချက်အရ ဗိုလ်မှုးသောင်းဝေစု တပ်ကလာတဲ့ အရာရှိကလေးတွေကို တပ်ယူနီဖောင်း ပေးဝတ်ချင်ပါတယ်ခင်ဗျ"

"မင်းလိုတယ်ထင်ရင် ခွင့်ပြုလေကွာ"

ဟု နိုင်ငံတော်အကြီးအကဲက ပြန်ပြောလိုက်သည်ဟု ဆိုသည်။ ဒါကို မြို့တော်ဝန်က ကျွန်တော့်ကို ပြန်မပြောပါ။ P.S.O ဆရာကြီးတင်ဝင်းမှ ပြန်ပြောခြင်းဖြစ်ပါသည်။ ကိုယ်က ကလေးလိုလို ဘာလိုလို လုပ်လိုက်ရော၊ မြို့တော်ဝန်ကြီးက နိုင်ငံတော်အကြီးကဲထံအထိ တင်ပြလိုက်ရပါသည်။ နောင်တွင် ကိုယ့်ဟာကိုယ် ပြန်စဉ်းစားတော့ အတော်မသိတတ်သား၊ ဆိုးဝါးသော ကျွန်တော်ပါလားဟု နောင်တရမိပါသည်ခင်ဗျား။

ကျွန်တော် Y.C.D.C ရောက်ပြီး နှစ်နှစ်ခန့် ကြာသွားပါပြီ၊ ပိုင်ဆိုင်မှု တိုးတက်လာတာကတော့ တိုယိုတာ ဂရင်ဒီမတ်တူးကားလေး တစ်စီးသာဖြစ်သည်။ ကျွန်တော်နှင့် မတိမ်းမယိမ်း ပုဂ္ဂိုလ်များကတော့ ရွှေတွဲလွဲ၊ ငွေတွဲလွဲ၊ Pejero ကားများ၊ အိမ်သစ်ရာသစ်များ ပိုင်နေကြပါပြီ။

တစ်နေ့ ညနေပိုင်း ရုံးချိန်တွင် မြို့တော်ဝန်ကြီးမှ ကျွန်တော့်ကို ဖုန်းဖြင့်ပြောစရာရှိလို့ လာခဲ့ပါဦးဟု လှမ်းခေါ်သည်။ ရောက်သွား၏။ ထိုင်တောင်မထိုင်ခိုင်းပါခင်ဗျာ။ အခန်းထဲမှာ ဘယ်သူမှမရှိပါ။ သူနှင့်ကျွန်တော် နှစ်ယောက်တည်းသာ ဖြစ်ပါ၏။ လူမရှိတုန်း လှမ်းခေါ်သည်ထင်ပါ၏။ တွေ့လျှင်တွေ့ချင်း အရင်းမရှိ၊ အဖျားမရှိဖြင့် -

"ခင်ဗျား ဘာတွေလျှောက်လုပ်နေတာလဲ"

" ကျွန်တော်ဘာတွေ လုပ်မိနေတာလဲခင်ဗျ"

" အေး.. အဲဒါပြောမလို့။ ဒီမယ် ဗိုလ်မှုးသောင်းဝေ.. ဒါစစ်တပ်မဟုတ်ဘူး၊ မြို့တော်စည်ပင်၊ ပေးရင်ယူ၊ ကျွေးရင်စား၊ မတောင်းနဲ့၊ အဲဒါပဲ၊ သွားတော့"

ကျွန်တော် ဘာမှမပြောရပဲ ပြန်ထွက်လာခဲ့ရပါသည်။

မြိုတော်ဝန်အိမ်နှင့် ကျွန်တော့အိမ် ကပ်နေသည်။ ကျွန်တော့်ဇနီးက မြို့တော်ဝန်အိမ် နေ့စဉ်ရောက်သည်။ မိသားစုနှင့်ပါ ရင်းနှီးခင်မင်သည်။ ထိုအခါ မြို့တော်ဝန်မိသားစုမှ ကျွန်တော် ပြုတ်မနူးဖြစ်နေသည့်အကြောင်း၊ လူရည်မလည်သည့်အကြောင်း၊ ပေးစာကမ်းစာများ မယူတတ်သည့်အကြောင်း စသည်များကို သိသွားသည်ထင်ပါသည်။ ထို့ကြောင့် မြို့တော်ဝန်ကြီးမှ ကျွန်တော့်အား အထက်ပါအတိုင်း ခေါ်ပြောသည်ထင်ပါ၏။

ထိုအချိန်မှစ၍ ကျွန်တော်သည် သူပေးလူပေးများကို ဘာမှမပြောတော့ပါ။ ဘာလေးပေးပေး .. "အေး..အေး..ထားခဲ့..ထားခဲ့" ဟုသာ ပြောဖြစ်ပါတော့သည်ခင်ဗျား။



လာဘ်ပေးလာဘ်ယူ အများဆုံးဖြစ်သည့်နေရာများ

မြို့တော်စည်ပင်တွင် လာဘ်ပေးလာဘ်ယူ အများဆုံးဖြစ်သည့်ဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) မြို့ပြမြေယာဌာန။ ဒီဌာနက မြေတွေကို စီမံခန့်ခွဲရသည်။ ရန်ကုန်မြေဈေးကလည်း အလွန်ကြီးလှပါ၏။ Downtown မြို့ထဲ၌ နေစဉ်ကပင် တစ်စတုရန်းပေလျှင် တစ်သိန်းအထက်မှာ ရှိခဲ့သည်။ ယခုဆို လေးငါးခြောက်သိန်း ဖြစ်နေပါပြီ။ ထို့ကြောင့် ပေ၄၀ ပတ်လည် စတုရန်းပေ ၁၆၀၀ ဆိုလျှင် သိန်း ၁၆၀၀ ဖြစ်၏။ ၁၉၉၅-၉၆ ခုနှစ်က သိန်း၁၆၀၀ ဇိမ်ခံကားအစီး ၊ ၁၀၀၊ ၂၀၀ ဝယ်၍ရပါသည်။ ကျွန်တော် ကားပွဲစားတန်းကိုင်ခဲ့ရစဉ်က Toyota Hilux ကား ၁၀စီး ဝယ်ခဲ့ရာ သိန်း၃၀သာ ကျသင့်သည်။ နောက် ၁၀နှစ်ကြာတော့ Hilux တစ်စီးကို သိန်း၁၀၀ ပျော့ပျော့ ပေးရတော့၏။ ၁၉၉၆ခုနှစ်က မန္တလေးမှ ပုဏ္ဍားလက္ခဏာဆရာ ဗားမား ရန်ကုန်လာရာ ငွေတစ်သိန်းပါလာသည်။ ကားဝယ်ပေးစမ်းပါဟု ပြောသည်။ Nissan Sunny အပြာရောင်းလေး တစ်စီး ဝယ်ပေးလိုက်သည်။ သုံးသိန်းပေးရသည်။ ကျွန်တော့်မိသားစုက ငွေတစ်သိန်း၊ ဗိုလ်မှုးကြီးအောင်ဖုန်း (သစ်တောဝန်ကြီး) မိသားစုက ငွေတစ်သိန်း ထည့်ဝင်ပြီး ထိုကားလေးကို ဝယ်ပေးလိုက်သည်။ ၁၀နှစ်ခန့်အကြာ ၂၀၀၆ခုနှစ်က ထိုကားလေးကို ပြန်ရောင်းရာ သိန်း၆၀ကျော်၊ ၇၀ ရသည်ဟု ဆိုပါသည်။

မြေယာကိစ္စ ဆက်ပါဦးမည်။

မြေယာကိစ္စများမှာ အလွန်ရှုပ်ထွေးလှ၏။ မြို့တော်စည်ပင်မှ ဂရန်အမည်ပေါက်ရေးမှာ နောက်ဆုံးအဆုံးအဖြတ် ဖြစ်လေသည်။ ဂရန်အမည်ပေါက်ရေးကို အဆင့်ဆင့် ကြိုးစားဖြတ်ကျော်ရသည်။ ဟိုပေး၊ သည်ပေး ပေးရသည်။ မြေယာပိုင်ဆိုင်မှုအတွက် အမှုတွေဖြစ်ရသည်။ စည်ပင်ပါတဲ့ဘက်က အနိုင်ရလေ့ရှိသည်။ ထို့ကြောင့် စည်ပင်မြေဌာနကို ချဉ်းကပ်ကြသည်။ အချိုက အထူးဂရန်ရအောင် လုပ်ကြသည်။ ဂရန်ထုတ်ပေးသူကလည်း ထုတ်ပေးသည်။ ဤသို့ဖြင့် မြေယာဌာနကြီးမှာ အမှုပေါင်းစုံကာ စားကြ၊ ဝါးကြ၊ ပြသနာတက်ကြနှင့် ရှင်းလို့မဆုံး ဖြစ်နေသည်။ ဤကိစ္စမျိုးကြောင့် တိုင်းမှုးအဆင့်၊ မြေယာဌာနမှုးအဆင့်တို့ ထွက်စာတင်ကြရသည်။ အချို့ သံတိုင်ကြားဝင်သွားကြသည်။ လောဘသားကောင်များဘဝ ရောက်ကြရသည်။ ယခင်ကရှိခဲ့သည်။ ယခုရှိသည်။ နောင်လည်း ရှိနေပါလိမ့်ဦးမည်။ ယနေ့ ဒီမိုကရေစီ အစိုးရခေတ်မှာလည်း မြေယာပြသနာများ ဟိုနေရာ စီကနဲ၊ ဒီနေရာ စီကနဲဖြင့် နေ့စဉ်ထုတ် ဂျာနယ်များတွင် အဆက်မပြတ် ပါနေသည် မဟုတ်ပါလားခင်ဗျာ။

အင်ဂျင်နီယာအဆေက်အဦဌာန။ သူ့ကို မြို့တော်စည်ပင်က ယာအုံဟုခေါ်သည်။ သူသည် အကောင်းစားဌာနဖြစ်၏။ လာဘ်အရွှင်ဆုံး ဌာနထဲတွင် ပါ၏။ သူသည် မြို့တော်ရန်ကုန် အဆောက်အအုံများအတွက် ဆောက်လုပ်ခွင့်ပေးရသည့် ဌာနဖြစ်၏။ အဆောက်အဦများတွင် ကန့်သတ်ချက် များစွာရှိ၏။ ဆောက်လုပ်ခွင့်၊ ပြင်ဆင်ခွင့်၊ အကြီးစားပြင်ဆင်ခွင့်၊ အသေးစားပြင်ဆင်ခွင့် စသဖြင့် ပုဒ်ထီး၊ ပုဒ်မများစွာ ရှုပ်ထွေးလှ၏။ အဆောက်အဦ၌ အောက်တွင် Basement ပါရမည်။ Car Park ပါရမည်။ ဘာဘာညာညာ လည်းရှိသေး၏။ အထူးသဖြင့် အထပ်မြင့် Sky Scraper ကြီးများ၊ ဟိုတယ်ကြီးများ ဆောက်လုပ်ရာတွင်ဖြစ်၏။ ဤတွင် ဆောက်လုပ်လိုသူများက မြို့တော်စည်ပင်မှာ ခွင့်ပြုချက်ရယူရပါသည်။ ခွင့်ပြုချက်နှင့် မကိုက်ညီ၍ စစ်ဆေးပြီးမှ ပြန်ဖျက်လိုက်ရသူများ၊ ရပ်ထားရသူများလည်း ရှိခဲ့ဖူးသည်။ ဒဏ်ကြေးပေးဆောင်၍ လွတ်သွားသောသူများလည်း ရှိသည်။ ဤသို့ဖြစ်အောင် လာဘ်ထိုးရသည်ဟု ဆိုပါ၏။ ကျွန်ုပ်ရောက်စ တစ်နှစ်၊ နှစ်နှစ်က ယာအုံ ကို အတွင်းရေးမှု ဗိုလ်မှုးကြီးကျော်ဝင်း ကိုင်ပါသည်။ ဗိုလ်မှုးကြီးကျော်ဝင်းက Flexible မဖြစ်ပါ။ အတော် သဘောထားတင်းမာပါသည်။ ထိုဌာန ကိုင်စဉ်က ကန်ထရိုက်တိုက်များ အတော်ခေတ်စားနေသည်။ အခန်းပေးအခန်းယူ စနစ်များ အလွန်ဖွံ့ဖြိုးနေစဉ်က ဖြစ်သည်။ တစ်ရက်တွင် အခန်းပေး၊ အခန်းယူစနစ်ဖြင့် ဆူးလေဘုရားနှင့်ကပ်လျှက် မဟာဗန္ဓုလလမ်းပေါ်ဆောက်သည့် တိုက်တစ်လုံး ပြသနာပေါ်သည်။ ကန်ထရိုက်က ၆ထပ်တိုက်ဆောက်ပြီး၊ အခန်း၁၂ခန်းရရာ၊ မြေပိုင်ရှင်က ငါးခန်းခွဲဝေယူကြရာ၊ အဝေမတည့်ဖြစ်၏။ အမှုဖြစ်ကြသည်။ အတွင်းရေးမှုးကို တိုင်၏။ အတွင်းရေးမှုးက Rigid ဖြစ်၍ ကိစ္စမပြတ်၊ နောက်ဆုံးတော့ ဒီအမှု မြို့တော်ဝန်ထံရောက်ပြီး အမှုသည်နှစ်ဦးနှင့် အတွင်းရေးမှုးတို့ကို မြို့တော်ဝန်ကခေါ်တွေ့သည်။ မြေရှင်က မြို့တော်ဝန်အထိ တက်တိုင်၍ဖြစ်သည်။ မြို့တော်ဝန်ကြီး ဘာမဆိုခေါင်းအေးအေးနှင့် ဖြေရှင်းသူဖြစ်သည်။

"ကဲ.. မြေရှင်ကြီး... ခင်ဗျားအခန်း ခြောက်ခန်းရရင် ကျေနပ်မလားဗျာ"

" ကျေနပ်ပါတယ် မြို့တော်ဝန်ကြီး"

" ဒါဆို ခင်ဗျားတို့ဆောက်လုပ်ရေး Plan စီမံချက်နဲ့ Blue Print ကျွန်တော့ကိုပေး၊ Case File ပါပေး"

Case File အား အတွင်းရေးမှုးမှ မြို့တော်ဝန်ကြီးလက်ထဲ အပ်လိုက်သည်။ မြို့တော်ဝန်ကြီးမှ အောက်ပါအတိုင်း ရေး၍ ကိစ္စကို ဖြတ်လိုက်၏။

"အဆာက်အဦးအား ခုနှစ်ထပ်ဆောက်ခွင့်ပြုသည်။ အပေါ်ဆုံးထပ်မှ အခန်း၂ခန်းအား ကန်ထရိုက်တာမှ တစ်ခန်းယူရန်နှင့်၊ မြေရှင်မှ တစ်ခန်းယူပါရန်"

ဤတွင် ကိစ္စပြတ်သွားတော့၏။ အတွင်းရေးမှုးက ဆူးလေဘုရားနှင့် နီးသဖြင့် ခုနှစ်ထပ်မပေးပဲ ခြောက်ထပ်သာ ပေးရာက ဤပြသနာစခဲ့ခြင်းဖြစ်သည်။ ကန်ထရိုက်တာကလည်း အတွင်းရေးမှုးနှင့်ရင်းနှီးသည်ဟု ဆိုသည်။ သို့ရာတွင် မြို့တော်ဝန်ကြီးက သူ့ ဗီတို အာဏာနှင့်အဆုံးအဖြတ်ပေးလိုက်ရာ ထိုကိစ္စ အားလုံးကျေနပ်ပြီး ပြေလည်သွားပါတော့သည်။ ထိုအခါ ဟိုလူက လာဘ်ထိုး၊ ဒီလူက လာဘ်ထိုးနှင့် အပြိုင်အဆိုင်၊ အပြန်အလှန် လာဘ်ထိုးကြပါသည်။ ငွေများသည့်ဘက်က တရားနိုင်သည်ဟု သိရပါသည်။ ဒီလိုကိစ္စမျိုးတွေကြောင့် အစားမတော်တလုပ်၊ အသွားမတော်တစ်လှမ်း၊ တာဝန်မှ ရပ်စဲခံရသူများ အများကြီးရှိခဲ့၏။ ဌာနမှုးအဆင့်မှ အောက်ခြေအဆင့်ထိ ဖြစ်ပါ၏။ နောင်တွင်လည်း ရှိနေဦးမည်ဖြစ်ပါသည်။ လောဘသားတွေ မဟုတ်ပါလားခင်ဗျား။

အခွန်ဌာန။ အခွန်ဌာနသည်လည်း လာဘ်ပေးလာဘ်ယူတွင် မညံ့သောဌာနဖြစ်၏။ သူ့တွင် ပေးစရာ၊ ကမ်းစရာများ ပေါများလှ၏။ အခွန်ဌာနအောက်တွင် အဝေးပြေး ယာဉ်ရပ်နားစခန်းကြီးများ၊ ပွဲရုံတနးကြီးများ၊ မြို့အဝင်အထွက် အခွန်ကောက်စခန်းကြီးများ၊ အနှေးယာဉ်လိုင်စင်ချထားပေးခြင်များ အစုံရှိသည်။ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဒဂုံးဧရာအဝေးပြေးဝင်း၊ ဘုရင့်နောင်ပွဲရုံတန်း၊ မြို့အဝင်အပေါက်ကြီးခြောက်ပေါက်မှ မြို့ဝင်ကြေးကောက်ခံမှု ဂိတ်များ အများကြီးနှင့်အမျိုးစုံဖြစ်သည်။ ပွဲရုံတန်းကြီးထဲ၌ အဆောက်အဦး ဆောက်လုပ်ခွင့်များတင်ကြသည်။ အဝေးပြေးဝင်းကြီးများထဲ၌ ဆောက်လုပ်ရေးကိစ္စများ ဆောင်ရွက်လိုကြသည်။ ထိုအခါ လုပ်ပိုင်ခွင့်ရှိသူများကို လာဘ်ထိုးချဉ်းကပ်ကြသည်။ ထိုဌာနကို ကျွန်တော်ကိုင်ရပါသည်။ ကျွန်တော့ကိုလည်း ချဉ်းကပ်သူများ ရှိပါသည်။ ကျွန်တော်က ပြသနာအကြီးအကျယ် မငြိမ်းဖွယ် ဖြစ်မှာစိုး၍ ဌာနမှုးများကိုသာ တာဝန်ပြန်ပေးခဲ့ပါသည်။ စားရတာနည်းနည်းနှင့် သိပ်စိတ်ညစ်မခံချင်ကြပါ။ ကြောက်တာလည်း ပါပါသည်။

မြို့အဝင်ဂိတ်များမှာ မြို့ဝင်လာသော ကားများကို ပိုက်ဆံကောက်ခြင်းဖြစ်၏။ ကားကြီးများကို တန်ပိုချိန်၍ တန်ပိုကြေးကောက်သည်။ ဝင်ငွေအလွန်စည်သော နေရာများဖြစ်၏။ ထို့ကြောင့် စည်ပင်အလုပ်လာလျှောက်သူများက 'အခွန်ဌာန သွားချင်ကြောင်း' ကိုသာ စပြောကြ၏။ တိုင်းပြည်အတွက် မြို့တော်ကြီးအတွက် မဟုတ်ပါ။ အခွန်ဌာန၏ နေ့စဉ်ကောက်ခံကြေးထဲမှာ Suplus Money များကို လိုချင်ကြ၍ ဖြစ်ပါ၏။ ဝန်ထမ်းများ တစ်နေ့ နှစ်ထောင်၊ သုံးထောင် ရကြ၏။ ဝင်ငွေက တစ်ရက်တစ်ရက် လေးငါး၊ ဆယ်သိန်းရရာ၊ လေးငါးသောင်းခန့် ရော့သွားလည်း ပြသနာမရှိနိုင်သောကြောင့် ဖြစ်သည်။ ဤကိစ္စကြီးသည် နောင်တွင် ပြသနာကြီးဖြစ်သွားရပြီး ကျွန်တော့ကိုပါ အချိန်မစေ့မီ တာဝန်မှရပ်နားစေသည်အထိ အမှုပတ်လာခဲ့ပါသည်။ အလျှဉ်းသင့်သည့်အခါ သီးခြားဖေါ်ပြပါမည်။

အထက်ဖေါ်ပြပါ ဌာနကြီး (၃)ခုမှာ မြို့တော်စည်ပင်တွင် လာဘ်ပေးလာဘ်ယူ နာမည်ကြီးသော ဌာနများ ဖြစ်ပါ၏။ ကျန်ဌာနတွေရော မရှိဘူးလား မေးလာပါက ရှိသည်သာဖြစ်ပါ၏။ သူတို့က Big Scale မဟုတ်၊ Small Scale သာဖြစ်၍ လာဘ်ပေးလာဘ်ယူ အတော်နည်းသော အခြားဌာနများဖြစ်ပါ၏။

အနည်းဆုံးဌာနမှာကား ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနဖြစ်ပါသည်။ ဝန်ထမ်းများကလည်း စာလုံးဝမတတ်သူများ ပါဝင်ပါသည်။ သူတို့သည် ရန်ကုန်တစ်မြို့လုံး မြို့နယ် ၃၃ မြို့နယ်တွင် တစ်မြို့နယ်လျှင့် တပ်ခွဲတစ်ခွဲဖြင့်သာ အမှိုက်များ လိုက်ကျုံးရ၊ လိုက်ကောက်ကြရသည်။ တပ်ခွဲတစ်ခွဲမှာ လူ ၆၀၊ ၇၀ သာ ရှိသည်။ ကားဖြင့် အမှိုက်ကျုံးသည်။ လက်တွန်းလှည်းများဖြင့် အမှိုက်ကျုံးသည်။ သူ့ဌာနတစ်ခုတည်းမှာပင် ဝန်ထမ်းပုံသေ နေ့စားအပါအဝင် အင်အား ၅၀၀၀ ခန့်ရှိ၏။ ထိုလူငါးထောင်နှင့် မော်တော်ကား အစီးလေးငါးဆယ်မှာ ရန်ကုန်မြို့ကြီး လူဦးရေ လေး၊ ငါး၊ ခြောက်သန်း နေ့စဉ်စွန့်ပစ်နေသည် အမှိုက်တန်ချိန် ၁၅၀၀၊ ၂၀၀၀ ခန့်ကို တစ်နေ့တည်းနှင့် ကုန်အောင်မကျုံးနိုင်ပါ။ အမှိုက်ပုံးများလည်း ကြောက်စရာကောင်းလောက်အောင် တစ်နေ့တစ်ခြား ကြီးမားလာသည်။ ပြည်သူတွေကလည်း ပြည်သူ့နီတိ နားမလည်ကြပါ။ အမှိုက်ကို စွန့်ပစ်ချင်သလို စွန့်ပစ်နေကြပါသည်။ ရန်ကုန်တွင် နေရာတကာ ပလပ်စတစ်အမှိုက်များကသာ လွှမ်းမိုးနေသည်။ ရှင်းလိုက်၊ ပြန်ရှုပ်လိုက်နှင်ဖြစ်နေသည်။ ထို့ကြောင့် ပင်ပမ်းပြီး၊ ငွေမရသော ထိုသန့်ရှင်းရေးဌာနသို့ ဘယ်သူမှ မသွားချင်ကြပါ။

စည်ပင်သာယာ အလုပ်လျှောက်သူများက သာမန်ပညာတတ်ဆို မြေယာ သွားချင်ကြသည်။ မြေယာမှာ အကြံဖန်ရှိသည်။ အကြံဖန်မိသည်။ အင်ဂျင်နီယာဆိုပါက ယာအုံ သွားချင်ကြသည်။ ပြီးမှ လမ်းတံတား သွားချင်ကြသည်။ လမ်းတံတားဌာနက အပြင်ကန်ထရိုက်မရှိ၊ ဝန်ထမ်းများ မိမိအစီအစဉ်ဖြင့် မိမိဘာသာ လုပ်ကြရသည်။ နိုင်လွန်ကတ္တရာလမ်းများ၊ ကွန်ကရစ်လမ်းများ၊ တံတားကြီးများ ဆောက်လုပ်ရသည်။ ခင်းကျင်းကြသည်။ သူတို့သည်လည်း Big Scale ပါပဲ။ ပင်တော့ပင်ပမ်းလှပါသည်။ သို့ရာတွင် သူတို့အတွက် ကျန်ပါသည်။ စီမံကိန်းက ၂၀%၊ ၃၀% ပိုတင်ထားရသည်။ Wastage ပြထားရသည်။ မြို့တော်စည်ပင်၏ တစ်နှစ်ဝင်ငွေ၏ တစ်ဝက်ခန့်ကို လမ်းတံတားဌာနက သုံးနေရသည်။ ထို့ကြောင့် အပေးအယူ ကိစ္စများတွင် လမ်းတံတားဌာနသည်လည်း လူမသိ၊ သူမသိ Function ဖြစ်နေသည့် ဌာနဟုဆိုသော် ရပါ၏။

သန့်ရှင်းရေးဌာနအကြောင်း ဆက်ရေးပါဦးမည်။

သန့်ရှင်းရေးဌာနသည် အခြားဌာနများနှင့်စာသော ဝင်ငွေအပိုမရှိပုံကို ကျွန်တော်နှင့် အတူနေဖူးသည့် ဗိုလ်မှုးသူရခင်မောင်လတ်က အောက်ပါအတိုင်း ဆန္ဒဖော်ထုတ်ခဲ့ဖူးသည်။

သူသည် ထိုဌာနတွင် ဒုဌာနမှုးဖြစ်၏။ တစ်မြို့လုံး အမှိုက်တွေ ကျုံးသည့်ကို လက်လံစီစစ်ရ၏။ မြို့ပတ်ပြီး လိုက်ကြည့်ရ၏။ အတော်မောပါသည်။ မောသော်လည်း ဘာမှ အပိုဝင်ငွေမရပါ။ အမှိုက်ကိစ္စလည်း မကြာခဏ တိုင်စာတောစာ၊ သတင်းစာမှ လူထုအော်သံတို့တွင် ပါတတ်သဖြင့် ဌာနမှာ အမြဲပြသနာရှိနေပါသည်။

သူသည် ကွမ်းအမြဲစား၍ လူက ခေါင်းတုံးနှင့်ဖြစ်၏။

တစ်နေ့တွင် မြို့တော်ဝန်ကြီးက သူ့တပ်ရင်းမှုးဘဝ သူ့တပ်ရင်း၌ တပ်စုမှုးလုပ်ခဲ့သည် ဗိုလ်မှုး သူရခင်မောင်လတ်အား ကွမ်းတဝါးဝါး ခေါင်းတုံးပြောင်ကြီးနှင့်တွေ့ရာ -

"ဟေ့.. ဖိုးခင်မောင်လတ်..ကွမ်းတွေ ဝါးလို့ပါလားကွ"

"ဟုတ်ကဲ့ .. ဘာမှဝါးစရာမရှိလို့ပါခင်ဗျ"

"မောင်ရင် ခေါင်းတုံးကြီးလည်း ရိတ်ထားလို့ပါလား"

မြို့တော်ဝန်က ခေါင်းတုံးရိတ်ထားသည်ကို ကြည့်မရပါ။

"ဟုတ်ကဲ့ ရိတ်စရာမရှိလို့ပါခင်ဗျ"

သူ့စကားကြောင့် အားလုံးပြုံးကြရပါသည်။ မြို့တော်ဝန်ကြီးကလည်း ပြုံးသွားပါ၏။ သန့်ရှင်းရေးဌာနမှာ အထက်ပါအတိုင်း စားစရာ၊ ဝါးစရာ အတော်ရှားပါးသော ဌာနဖြစ်ပါ၏။



လာဘ်ပေးလာဘ်ယူနည်း အမျိုးမျိုး

လာဘ်ပေးလာဘ်ယူနည်း အမျိုးမျိုးရှိပါသည်။ ဗြောင်ပိုက်ဆံပေးသည့် နည်းလည်းရှိသည်။ ဘဏ်ငွေစာရင်းထဲ ထည့်ပေးသည့်နည်းလမ်းရှိ၏။ မိသားစုကို ပေးသည့်နည်းလမ်းလည်းရှိ၏။

ငွေပေးသည်လည်းရှိ၏။ စိန်ရွှေရတနာ ပေးသည်လည်း ရှိ၏။ ကားပေးသည်လည်း ရှိ၏။ အိမ်ပေးသည်လည်း ရှိ၏။

ဤနေရာတွင် လွန်ခဲ့သော အနှစ်၂၀ကျော်က လူကြီးတစ်ဦး သမီးမင်္ဂလာဆောင်ကို ကျွန်တော်သွားခဲ့ဖူးသည်။ သတို့သမီးမှာ ယခုအငြိမ်းစား ဒုဗိုလ်ချုပ်ကြီးတစ်ဦး သမီးဖြစ်သည်။ မင်္ဂလာဆောင်မှာ ညတွင် Wedding Dinner ဖြင့် တွဲပြီးလုပ်သည်။ မင်္ဂလာဧည့်ခံပွဲကို မြက်ခင်းပြင်မှာ ကျင်းပသည်။ သတို့သမိးလေးမှာ ကျွန်တော်တို့ဇနီးမောင်နှံနှင့် ဆွေမျိုးလို ဖြစ်နေသဖြင့် အချိန်အတော်ကြာ လာစကားပြောနေ၏။ ဧည့်ခံပွဲလာသူများက Dinner အပြီး၌ သတို့သမီးလေးထံ တစ်ဦးပြီးတစ်ဦး လာ၍ သတို့သမီးလက်ထဲသို့ ဆယ်ပြားစေ့လေးများ တစ်ခုပြီးတစ်ခု လာထည့်ပေးသွားကြသည်။ လေးငါးဆယ်စေ့လောက် ရှိမည်ထင်၏။ သတို့သမီးလေးက ထိုဆယ်ပြားစေ့လေးများကို လက်ထဲမှာ ဆုပ်ထား၏။

ကျွန်တော်က အမှောင်ရိပ်တွင် ဆယ်ပြားစေလေးများကို ဝိုးတဝါး လှမ်းကြည့်ပြီး ဇနီးသည်အား -

"ဘာကိစ္စ ဆယ်ပြားစေ့လေးတွေ ပေးသွားရတာလဲဟင်" ဟုမေးမိ၏။

ထိုအခါ ဇနီးသည်က -

"ကို ကလည်း အ ရန်ကော။ ဘယ်ကလာ ဆယ်ပြားစေ့ ဟုတ်ရမှာလဲ၊ ကားသော့တွေ၊ ကားလက်ဖွဲ့သွားတာလေ"

" သြော်"

ဒါမျိုးတွေလည်း ကြုံခဲ့ဖူးပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း Y.C.D.C မှာ ကားတစ်စီး၊ နှစ်စီး ရခဲ့ဖူးပါသည်။ ကြောက်၍ ဒီနေ့လာပို့သွားသည်ကို နောက်နေ့ပြန်ပေးလိုက်ပါသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စများမှာ ရေးရင် ရေးကုန်မည်မဟုတ်ပ။ ပေးသူတွေက လိုအပ်ရင် အနုအလှလေးတွေနဲ့ သမုဒယလေးတွေတောင် ရှာပေးပါသည်။ ဒီကိစ္စကိုလည်း အလျဉ်းသင့်သည့်နေရာတွင် ရေးပါဦးမည်ခင်ဗျား။

ဒါကလည်း အဆန်းတော့မဟုတ်ပါ။ ရှေးဘုရင်များလက်ထက်ကတောင် သမီးပေး၊ အစ်မပေး၊ နှမပေး၊ ခယ်မပေး လုပ်ခဲ့ကြသေးတာမဟုတ်လားခင်ဗျာ။ ဤသည်မှာ Y.C.D.C မှာ ကျွန်တော်ကြုံခဲ့ဖူးသည့် လာဘ်ပေးလာဘ်ယူ ကိစ္စများပါခင်ဗျား။

သောင်းဝေဦး



**********************



လာဘ်ပေးနှင့်လာဘ်ယူတဲ့လား - ချစ်နိုင်(စိတ်ပညာ)

သြဂုတ်လအတွင်း နိုင်ငံကူးလက်မှတ်၏ အမှတ်စဉ် (နံပါတ်) အမြန်ပို့ပေးပါဟု ဖိတ်ကြားထားသော အဖွဲ့အစည်းက တောင်းလာသည်။ စက်တင်ဘာလအတွင် ဟောပြောမည့်ခေါင်းစဉ်နှင့် အကျဉ်းချုပ်ကို ပို့ပေးပါဟု ဆိုသည်။ ဆွေးနွေးပွဲက အောက်တိုဘာလ (သီတင်းကျွတ်လပြည့်) မှာမှ ဖြစ်သည်။ ရှိပါစေ။ ဖြစ်နိုင်လောက်ပါသည်။ ဖြစ်အောင်လုပ်ရပါမည်။

စာတမ်းအကျဉ်းချုပ်က တစ်လအတွင်းပြုစုရေးသားလို့ရပါ၏။ အခက်အခဲမရှိ။ အီးမေးနှင့်ပို့ရမှာဖြစ်၏။ နေ့ချင်းရောက်သွားမှာဖြစ်သည်။ ပြသနာမရှိ။

ခက်တာပဲ

သြဂုတ်လအတွင်း Passport အမှတ်စဉ် ပို့ပေးပါဆိုတာကတော့ ယခုပဲ သြဂုတ်လ စတ္တုထပတ်ရောက်နေပြီ။ ဒုက္ခ။ ပြည်ထဲရေးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံကူးလက်မှတ်ကို ဆယ်ရက်လောက်ကြာမှ ရနိုင်သည်ဟု အပြင်ကကြားသိထားမိသည်။ ပတ်စ်ပို့အမှတ်စဉ်ကို ဆယ်ရက်အတွင်းရလာအောင် ကြိုးစားဖို့ကိစ္စသည် မိမိ၏ခေါင်းပေါ်ကျလာသည်။ ပတ်စ်ပို့အနီရောင်ဖြင့် နိုင်ငံခြားသို့ တစ်ခါမှမသွားခဲ့ပေး။ နိုင်ငံတော်ကစေလွှတ်သော တာဝန်ဖြင့် အစိမ်းရောင်ပတ်စ်ပို့နှင့်သာ ခရီးသွားလာခဲ့၏။ မိမိလည်း ဓါတ်ပုံလေး အရိုက်ခံပေးရုံမှအပ ဘာမှ ကိုယ်တိုင်မလုပ်ရ။

ယခင်အခါက

တပ်မတော်ဗိုလ်မှုးဘဝ ပြည်ပသို့ပညာတော်သင်သွားရဖူးသည်။ လေ့ကျင့်ရေးညွန်ကြားရေးမှုးရုံးက နိုင်ငံခြားရေးရုံး၊ ပြည်ထဲရေးရုံးများသို့ အားလုံးလိုက်ပါလုပ်ဆောင်ပေးသည်။ တပ်ကြပ်ကြီးစာရေးက လုပ်စရာရှိသမျှ အကုန်စီစဉ်၏။ မိမိက လက်မှတ်ထိုးရမည့်နေရာမှာ လက်မှတ်ထိုးရုံသာ၊ လွယ်ကူပါ၏။

တပ်မတော်အစိုးရလက်ထက်မှာ တပ်မတော်အရာရှိ ပညာတော်သင် နိုင်ငံခြားသွားရန်ကိစ္စမို့လားမသိ၊ အထစ်အငေါ့တစ်ခုမှမရှိ။ နိုင်င့ကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ၊ ခရီးသွားလာခွင့်အမိန့်။ ဒေါ်လာငွေလဲလှယ်ခြင်း (ထိုစဉ်က နိုင်ငံခြားငွေလဲလှယ်ပေးသောဘဏ်) စသည့် ကောင်တာများ၊ စားပွဲများသည် ဘာ လာဘ်လာဘ တစ်ပြားတစ်ချပ်မှ ပေးစရာမလို၊ သူ့နေရာနှင့်သူ တစ်ရက်ခွာချိန်းတာပဲရှိ၏။ နှစ်ရက်ကြာမှလာခဲ့ပါ ဆိုသောနေရာလည်းရှိ၏။ တစ်ပတ်ကြာမှ လာမေးပါ ဆိုသော ရုံးဌာနည်းရှိ၏။

ခေါ်ထားသည့်နေ့ သွားတွေ့ရုံပဲ။

အခက်အခဲမရှိ၊ နှောင့်နှေးကြံ့ကြာမရှိပါ။

ဘယ်သူမှလည်း ထစ်ခြင်း၊ ရစ်ခြင်း၊ ညှစ်ခြင်း၊ မရှိခဲ့၊ ၁၉၉၀ ဆီက။



အဆင်ပြေလှ

(၁) တပ်မတော်အရာရှိမို့ ကျောက်ခဲကိုနို့ညှစ်လို့မထွက်နိုင်လောက်တာ သိပြီးသား
(၂) မိမိက သည်းခံသည်။ စိတ်ရှည်သည်။ ချိန်းဆိုတာကိုလည်း လိုက်နာသည်။ မျက်နှာချိုသည်။ ထစ်စရာအပြစ်ရှာမတွေ့၊ ရှင်း၏။
(၃) မိမိအမည်ကို ကြည့်၍ ဗိုလ်မှုးချုပ်ချစ်နိုင်ဆိုတာ စာရေးတဲ့ ချစ်နိုင်(စိတ်ပညာ)လား ဟု အရာရှိ၊ တာဝန်ခံ၊ မန်နေဂျာ စသည့်ပုဂ္ဂိုလ်တို့က မေးတတ်သည်။ ဟုတ်ပါတယ်.. ဟု ဖြေလိုက်သည့်အခါ စာရေးဆရာဆိုပြီး စေတနာသဒ္ဓါပေါက်က ချောမောအောင် ကူညီဆောင်ရွက်ပေးကြပါ၏။



ပုလင်းမတောင်း

ကျွန်တော်သည် လာဘ်ပေးရကောင်းမှန်းမသိ၊ မိမိဖြတ်သန်းခဲ့ရဖူးသော ရုံးများ၊ ဌာနများ၊ စားပွဲများကလည်း မိမိအား ဘယ်သူမှ လဘက်ရည်ဖိုးဖြစ်စေ၊ ဝီစကီပုလင်းဖိုးဖြစ်စေ မတောင်းခံခဲ့ဘူးချေ။ စာရေးဆရာ ဟူသော ကလောင်၏ဂုဏ်သိက္ခာသည် မိမိထင်မှတ်ထားသည်ထက် ပိုမိုမြင့်မားကြောင်း လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်ကပင် ကိုယ်တွေ့သိရှိနားလည်ခဲ့ရပေသည်။ ရိုးဂုဏ်။

တရုပ် ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား နိုင်ငံများသို့ ခရီးသွားခဲ့ဖူးသည်။ တရုပ်ပြည်သို့ သုံးခေါက်၊ ဂျပန်ပြည်သို့ သုံးခေါက်၊ ထိုင်းသို့သုံးခေါက် စသည်ဖြင့် ပြည်ပခရီးများ အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ အထစ်အငေါ့မရှိ၊ မည်သူ့ကိုမှလည်း ဘာတစ်ခုမှ လာဘ်ထိုးရခြင်း၊ စားပွဲအောက်မှပေးခဲ့ရခြင်းမျိုးမရှိ၊ ဘာပစ္စည်းမှ မပေးခဲ့ရဘူးပေ။ လူကြီးခရီးစဉ်ဖြစ်စေ၊ မိမိတစ်ယောက်တည်းသွားခဲ့သော ခရီးဖြစ်စေ လာဘ်ပေးရခြင်း ကင်း၏။

မိမိကလည်း အခွင့်အရေးပိုယူတာ မရှိခဲ့။



မဝါးရဲကြ

ပတ်စပို့ အစိမ်းရောင်စာအုပ်ကိုင်ထားသဖြင့် အဆင့်မြင့်အရာရှိကြီးမှန်း သိကာ မစားကောင်းသော အသီးဆိုပြီး မကိုက်ပဲ၊ မဝါးပဲ ရှောင်ကြခြင်းဖြစ်ချင်ဖြစ်မည်။

နောက်တစ်ချက်က "စာရေးဆရာကို သွားပြီး လာဘ်တောင်းရင်၊ ကလောင်သွားနဲ့များ ကလောလိုက်ရင်၊ ငါတို့ကွိသွားမယ်ဟ" ဆိုပြီး လန့်သောကြောင့် မိမိကို ဝေးဝေးရှောင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

သူများကို မိမိက မပေးခဲ့ရသဖြင့် မိမိယူလျှင်ရသော အခြေအနေမျိုးမှာ မိမိက သီလစောင့်၏။ လုံးဝမယူ။



ကိုယ်ကျင့်သီလ

အလုပ်ခန့်ပေးနိုင်ခွင့်ရှိသော ဌာနဆိုင်ရာအကြီးအကဲတစ်ယောက် အနနှင့် မည်သူ့ဆီကမှ ငွေကြေးသော်လည်းကောင်း၊ ဆီပုံး၊ ဆန်အိတ် စသည့် ဒေသထွက်ပစ္စည်းလက်ဆောင်သော်လည်းကောင်း မယူခဲ့။ ၁၁နှစ်တာ ကာလအတွင်း မိမိကွပ်ကဲ တာဝန်ခံရသော ဌာနကြီးတစ်ခုလုံးအတွက် ဝန်ထမ်းအသစ် ၁၈၀၀ ကျော်မျှ မိမိစိစစ်ခန့်ထားပေးခဲ့၏။ မည်သူ့ဆီကမှ ဘာမှမယူ။

ရာထူးအဆင့်ဆင့် ဌာနအတွင်းမှာ တိုးမြှင့်ခန့်ထားခွင့် မိမိက တာဝန်ခံရ၏။ ဘုတ်အဖွဲ့ဖြင့် သမာသမတ်ကျစွာ အကဲဖြတ်ရွေးချယ်ပြီး၊ ရာထူးတိုးမြှင့်ပေးခဲ့၏။ မျက်နှာလိုက်ခြင်း၊ မသမာမှု၊ မတရားမှုတစ်ခုမှ မရှိခဲ့။ တိုင်စာပစ်စာ တစ်စောင်မှ မိမိအပေါ် စွပ်စွဲမှုမရှိခဲ့၊ ကင်းရှင်း၏။

ကျေးဇူးတင်လို့၊ ကိုယ့်ဆရာသမားမို့ သီတင်းကျွတ်မှာ ပုဆိုးလေး၊ ငါးခြောက်ပြားလေး သို့မဟုတ် ဘဲဥဆယ်လုံး၊ ဆယ့်ငါးလုံး၊ စေတနာရှိ၍ သူတတ်နိုင်သမျှ လာကန်တော့လျင် လက်ခံ၏။ ဆုပေး၏။ ဆင်းရဲနွမ်းပါးသော ဝန်ထမ်းအချို့ဆိုလျှင် သူက တစ်ထောင်ဖိုးကန်တော့တာကို မိမိက နှစ်ထောင်၊ သုံးထောင်ဖိုးလောက် လက်ဆောင်ပြန်ပေးလိုက်၏။ မိမိမှာ ပိုလျှံသည်။



ပြည်သူ့ကြားမှာ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနသည် ပြည်သူ့ကြားမှ လူလူခြင်းထိတွေ့ ကူညီရသော ဦးစီးဌာနဖြစ်၏။ မည်သူ့ကိုမှ ခြောက်လို့ငေါက်လို့မရ။ ဟောက်လို့လည်းမရ။ မျက်နှာကို ပျားရည်သုတ်ပြီး စကားမှာ သကာရည်လောင်းထားရသော စည်းရုံးရေးတာဝန် ဌာနမျိုးဖြစ်သည်။ (ချိုလွန်း၍ ပုရွက်ဆိတ်တွေတောင် တက်နေပါပြီ)၊ အားလုံးအသိအမြင်ပါ။

စေတနာဝန်ဆောင်မှုပေးရသည့်တာဝန်
ဤတာဝန်ကို စေတနာမပါပဲ လုပ်ဆောင်၍မရ
စေတနာကောင်းမှ လုပ်ငန်းအောင်မြင်မှုရ၏
ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ စေတနာပါအောင် မိမိကိုယ်တိုင်က စံနမူနာပြရ၏။ ငါလိုလုပ်ပါ။

ငါ့ကို နမူနာယူ၍ စိတ်ဓါတ်ကောင်းပါ
ငါ့လို စည်းကမ်းကောင်းပါ
ငါ့လိုပဲ စေတနာကောင်းပါစေ
ထို့ကြောင့် လာဘ်ပေးစရာလည်းမလို။
လာဘ်ယူစရာလဲမရှိ။



ကြုံရသေး

တစ်နှစ်လျှင် ရုံးသစ်ဆောက်စရာ ဆယ်ရုံး၊ ဆယ့်ငါးရုံး ခွင့်ပြုငွေနိုင်ငံတော်က ချပေးသည်။ ထိုစဉ်ကာလ အထက်လူကြီးက ညွန်ကြားရေးမှုးချုပ်၏ လုပ်ပိုင်ခွင့်ကို သူယူပြီး ဘယ်သူဘယ်ဝါ ရွေးပေးလိုက်ဟု ဆိုလာလျင်လဲ ဘာမှဆင်ခြေဆင်လက် တက်မနေပါ။ လူကြီးကြိုက်ရာ လုပ်ပါစေ။ လုပ်ပေါ့။

ကြောက်လို့တော့မဟုတ်ပေ။
လူလူချင်း ဘာကြောက်စရာလိုမှာလဲ။
သူစားချင်လို့ ဝင်နှိုက်နေမှတော့ စားပါစေ။

ခွေးတွေ၊ ကြောင်တွေ၊ ခိုတွေ၊ ကျီးကန်းလေးတွေကိုပင် နေ့စဉ်ကျွေးနေရသေတာ၊ ငတ်မွတ်သူများကို ပေးဝေဖို့ရာ မိမိဝန်မလေးပါ။ သံသရာခရီးရှည်ကြီးမှာ ဘဝတစ်ကွေ့ ခဏတွေ့ကြုံရသူချင်းပါ။ စားချင်စားပါစေ။



လူလူချင်းမတူ

ငြူစူစရာလည်းမလို၊ ကလန်ကဆန်ပြုနေစရာလည်းမလို၊ ကိုယ့်သိက္ခာနဲ့ကိုယ်၊ ကိုယ့်ဂုဏ်နဲ့ကိုယ်၊ လူလူချင်း၊ အတိုအရှည် မတူနိုင်ကြပေ။ သူနှင့်မိမိက ယူစရာနှိုက်စရာရှိတိုင်း မယူပါ။

ပေးစရာစွန့်လွှတ်စရာရှိလျှင် ဝန်မလေးပါ။

စစ်သည်တော်ဘဝ "ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏" ဟူ၍ နေ့စဉ်နံနက်တိုင်း သစ္စာဆိုခဲ့သည်။ မိမိကစွန့်လွှတ်ရန်ပဲ အဓိဌာန်ပြုထားသည်။

စားရန်၊ ဝါးရန်၊ လာဘ်ယူရန် မရည်စူးခဲ့ဘူး၊ အိမ်မဆောက်ရလို့လည်း ပြသနာမရှိ၊ ကားမစီးရလို့လည်း ဘာမှမဖြစ်။ တိုက်ပွဲတွေကြားမှာ အမြောက်ဆံ၊ ဗုံးဆံ၊ သေနပ်ကျည်ဆံမမှန်တာပဲ တော်လှပြီ။ ကုသိုလ်ကံအရ၊ ဥပစ္ဆေဒက ကံမပါခဲ့လို့သာ စစ်မြေပြင်ထဲမှ မကျိုးပဲ၊ မကန်းပဲ၊ အသက်ရှင်လာခွင့်ရပါသည်။ ကျေနပ်ပါပြီ၊ ရာထူးလည်း မမက်ခဲ့ပေ။



အရှင်လတ်လတ်သေနေကြ

မိမိရှေ့မှောက်မှာပင် ငွေကျည်ဆန်၊ ရွှေကျည်ဆန်တွေ ထိမှန်ကျဆုံးသွားသူတွေ မြင်နေရသည်။ လူတွေက သူတို့ကို အရှင်လတ်လတ် တံတွေးနှင့် ထွေးခြင်းကို ခံနေရပြီ။ လူမသေသေးပဲ နာမည်က သေဆုံးသွားပြီးပြီ။ သူ့ကို မည်သူကမှလည်း မကြည်ညို။ သူ့ကို မည်သူကမှလည်း မလေးစား၊ အရှက်မရှိတွေ့သမျှဝါးသူအဖြစ် လူတကာက အထင်သေးရှုံ့ချ၏။ မသေခင် ပုပ်စော်နံကြ။

မျက်နှာအောက်ချ၊ အရှက်ရသောဘဝမျိုးဖြင့် ရွှေဘုံပေါ်မှာမစံလိုပါ။ အားမကျ။

တဲကုပ်ထဲမှာ ဆန်ပြုတ်သောက်နေရပါစေ။ ရင်ကော့ပြီး ကောင်းကင်နှင့်လောကကို ပြုံးပြုံးကြီး ကြည်ကြည်လင်လင် ကြည့်နိုင်သော ဘဝကိုသာ မိမိလိုချင်သည်။ စစ်သားမဟုတ်လား။ စာရေးဆရာမဟုတ်လား။

ဥစ္စာပစ္စည်းဆိုတာ လောကမျက်လှည့်။
တိမ်တခဲနက်၊ ကြည့်ရင်းပျက်သို့
ရေပွတ်ပမာ၊ မတည်မြဲပါ၊ မခိုင်မာ။
ဂုဏ်ဆိုသည်မှာ ငွေကိုမခေါ်ပါ။
ဂုဏ်ဆိုသည်မှာ ရွှေ၊ မြေ၊ တိုက်၊ ကား၊ ပစ္စည်းများကို ခေါ်ဝေါ်သတ်မှတ်ခြင်းမဟုတ်။



လောဘမီး

လူ၏အလုပ်ဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကသာလျှင် အစစ်အမှန်။

လူအချို့က အမြင်မှားကာ လောဘသက္ကာယနေကြ၏။ မိမိတစ်ယောက်စာသာမက သားသမီးမြေးမြစ်ပါ စားလို့မကုန်အောင် လိုချင်တက်မက်မှုတွေ လွန်ကဲနေ၏။ လောဘအတောမသတ်နိုင်။

ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြရှာ၏။
အူမတောင့်နေပါလျှက် သီလပျက်နေကြ၏။
သမုဒ္ဒရာဝမ်းတစ်ထွာအတွက် သာမက မဟာသုမဒ္ဒရာဝမ်းဆယ်ထွာမျှ ပြည့်လျှံနေသော်လည်း လာဘ်လာဘကို လိုချင်တောင့်တနေဆဲ၊ အာဏာလာခဲ့၊ ငွေလာခဲ့။



မိုးရွာထဲမှာ

မိမိကိုယ်တိုင်က မည်သူ့ဆီကမှ တစ်ပြားတစ်ချပ်မျှ လာဘ်မယူခဲ့သောကြောင့် ပြည်သူတစ်ယောက်အနေနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးနေသော နေရာကို ကိုယ်တိုင်သွားရပြီဆိုတော့လည်း ပူပန်ကြောင့်ကြမရှိ၊ သာမန်လူထုကြီးက လူတစ်ယောက်အနေနှင့် မိုးရွာထဲ ထီးတစ်ချောင်း ဆောင်းပြီးသွား၏။ ဘာပင်ပန်းတာမှတ်လို့။

မိမိတိုက စိတ်ပညာကျောင်းသားဟောင်း၊ မိတ်ဆွေတစ်ယောက်နှင့် မမျှော်လင့်ပဲ အဆင်သင့်တွေ့ရသည်။ သူက နိုင်ငံခြားသို့ သွားနေကျ။ ဟောင်ကောင်သို့လည်း အခေါက်ခေါက်၊ အခါခါ ရောက်ဖူးခဲ့သူ၊ သူကဦးဆောင် ကူညီခေါ်သွားပြီး၊ ဓါတ်ပုံရိုက်၊ ငွေသွင်း၊ ပုံစံဖြည့်၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုး စသဖြင့် ရုံးခန်း လေးငါးနေရာကို ဖြက်သန်းခဲ့သည်။ (ပွဲစားလုပ်ဖူးပုံရ၏)။

နောက်ဆုံးပိတ် ရုံးခန်းမှ ဒုတိယရဲမှုးကြီးက "နောက်သုံးရက်အကြာမှ Passport လာထုတ်ပါ။ ကိုယ်တိုင်မလာပါနဲ့။ တပည့်တပန်းတစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ။ ဒီစလစ်ပုံစံလေးသာ ပေးလိုက်ပါဟု ရည်မွန်ချိုသာစွာ ပြောကြားလိုက်ပါ၏။ စုစုပေါင်း ကျပ်နှစ်သောင်းခွဲ ကုန်ခဲ့၏။



သူများတကာ

မိတ်ဆွေစာရေးဆရာတစ်ယောက်ကတော့ သူက ပွဲစားတစ်ယောက်ကို တာဝန်ပေးလိုက်တာ ငါးရက်နှင့်ရသည်ဟု ဆိုသည်။ ဆောင်ရွက်ခလည်း ငါးသောင်းပေးလိုက်ရသည်ဆို၏။ လွန်ခဲ့သော လေးငါးလဆီကပါ။

မိတ်ဆွေ အမျိုးသမီးတစ်ယောက်က သူတို့ဘာသာအရ မက္ကာသို့ ဘုရားဖူးသွားဖို့အတွက် ပတ်စ်ပို့ အမြန်ရလိုသည့်အတွက် ပွဲစားတစ်ဦးငှားရာတွင် ဝန်ဆောင်ခ တစ်သိန်းခွဲတောင် ပေးရသည်ဟုဆိုသည်။ အဲဒါက ပန်းဆိုးတန်းလမ်းမှာ ရုံးရှိစဉ်က ဖြစ်၏။ သုံးနှစ်နီးပါးရှိပါရော့မည်။

အထက်ပါ မိတ်ဆွေအချို့က ပွဲစားဖြင့် Passport ရအောင်လုပ်ဆောင်ကြခြင်းမှာ ဘာဘ်ပေးလာဘ်ယူ ကင်းပုံမရပါ။



ချောချောမောမော

မိမိကတော့ ဘယ်ပွဲစားမှ မငှား။
ပြည်သူထဲက ပြည်သူပဲ။ မိမိကိုယ်တိုင်ပင် မိုးထဲရေထဲတွင် ထီးတစ်ချောင်းနှင့်ဆောင်းပြီး သွားသည်။ စာရေးဆရာမှန်းသိ၍ပဲလား၊ အသက်အရွယ် ၆၀ကျော် အဖိုးအိုကို သနားပါတယ်၊ ကူညီလိုက်မယ်ဟု စဉ်းစားလေသလားမသိ၊ အထစ်အငေါ့လုံးဝမရှိ၊ ချောချောမောမော၊ ရှောရှောရှုရှုပင် ပြီးစီးခဲ့ပါ၏။

နိုင်ငံခြားသို့ သွားကြ၊ လာကြသူတွေကား တစ်နေ့၊ တစ်နေ့ ရာထောင်ချီကာ တိုးဝှေ့တန်းစီနေကြ၏။

ကျွန်တော်ကား ဘာလာဘ်မှ မပေးပဲ နိုင်ငံကူးလက်မှတ်အနီရောင် Passport စာအုပ် အလွယ်တကူပဲ၊ မပင်မပမ်းပဲ ရခဲ့ပါလေပြီ။ သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များ အောက်ခြေအထိ အကောင်းအထည် ပေါ်လာလေသလား။ ဝန်ထမ်းတွေတာဝန်သိသိ သစ္စာရှိရှိ၊ မိမိတို့အလုပ်ကို (လာဘ်ပေးစရာမလိုပဲ လုပ်ဆောင်နေကြပြီလား၊ မပြောတတ်ပါ။ ယခင့် ယခင်က သူများတကာ ပြောဆိုနေတာထက် မိမိလက်တွေ့ ကိုယ်တွေ့၊ အတွေ့အကြုံတစ်ရပ်မှာတော့ လာဘ်ပေးလာဘ်ယူ ကင်းစင်ပေ၏။



နိဂုံး

တစ်ခုတော့ရှိ၏။ စေတနာအလျောက် မိမိရေးသားသော စာအုပ်လေးတွေတော့ ထိုထို သောအရာရှိလေးတွေကို လက်ဆောင်ပေးခဲ့ပါ၏။ ကျေးဇူးတင်မိလို့ပါ။ ဖြောင့်မှန်သော စေတနာ (စာရေးချက်) ကို သိရှိနားလည်စေချင်လို့ပါ။ အပြစ်မတင်ပါ။ ချစ်ချင်စွာ ခေတ်ပြောင်းနေတာကို ကြိုဆိုပါသည်။

ချစ်နိုင် (စိတ်ပညာ)





မှတ်ချက်။

နေလင်း(သွား/ဆေး) စီစဉ်သည့် လာဘ်ပေးလာလ်ယူ စာအုပ်ငယ်မှ ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ အခြားဆောင်းပါးများမှာချစ်စံဝင်း၊ မောင်သွေးချွန်၊ ကောင်းမြတ်တိုး၊ ဦးဘုန်း(ဓါတု)၊ ဒေါက်တာရန်မျိုးသိမ်း၊ အောင်ဇင်မင်း၊ ကောင်းသန့်၊ ဒေါက်တာခင်မောင်ညို၊ သောင်းဝေဦး၊ မြတ်ဆွေ၊ ချစ်နိုင်(စိတ်ပညာ)၊ အဏ္ဍဝါစိုးမိုး၊ ကာတွန်း-စိုးစံဝင်း တို့ဖြစ်သည်။ စာအုပ်အဖြစ် ၂၀၁၃ခု၊ အောက်တိုဘာလတွင် ပထမအကြိမ်အဖြစ် ပန်းမျိုးတရာစာပေပမှ ထုတ်ဝေပါသည်။ စာအုပ်အဆုံးသတ်တွင် ၂၀၁၃၊ သြဂုတ်လ ၇ရက်တွင် လွှတ်တော်မှအတည်ပြု၊ ပြဌာန်းသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အစ၊အဆုံးကို (ပုံ)နိုင်ငံတော်သမ္မတ နှင့်ဖေါ်ပြထားပါသည်။ အဂတိမလိုလားသောသူတိုင်း လက်စွဲဆောင်ထားသင့်ပါသည်။ (မိုးမခ စာအုပ်အညွန်း)

http://mingalaronline.biz/stories/bribe.htm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...