Monday, May 19, 2014

“စိန်မဟာသဘင်”

Soe Min May 18, 2014 at 10:11am
            ရန်ကုန်က ဗိုလ်စိန်မှန်ကွင်းထဲမှာ၊ မန္တလေးက အောင်ပင်လယ်မှာ အုတ်အုတ်သည်းသည်း မည်းမည်းမို့မို့ တခဲနက် အားပေးကြတဲ့ လူစုလူဝေးကြီးကို မြင်လိုက်ရတဲ့အခါ ပြုံးပျော်အားရ ကြည်နူးမ၀တဲ့သူတွေရှိသလို မျက်နှာကြီးမဲ့မသွားအောင် ဘယ်လိုမှ အောင့်အီးစောင့်စည်းလို့ မရနိုင်ပဲ သွေးကျဆေးလေး ပြေးသောက်၊ ဟိုလူ့ငေါက် သည်လူ့ငေါက်၊ မြည်တွန်တောက်တီး၊ မီးခဲဖင်ကြားညှပ်မိသလို ထလိုက်ထိုင်လိုက် ရတက်ပွေနေတဲ့သူတွေလည်း ရှိပါတယ်။
တင်းမာပြတ်သားတဲ့ အုပ်စုနှစ်စု၊ လက်ရည်ညီလုနီးပါးဖြစ်လာတဲ့အခါ လက်ထဲရှိတဲ့  ကိုယ်ကျိုးစီးပွားလေးတွေ လက်လွှတ်ဆုံးရှုံးမှာ ကြောက်သူတွေကတော့ “ဒါဟာ ထိပ်တိုက်ရင်ဆိုင်တာပဲ။ မလုပ်သင့်ဘူး။ တိုင်းပြည်နစ်နာမှာပေါ့။” လို့ တိုင်းပြည်စီးပွား ကိုယ့်စီးပွားသဘောထားလို့ ဆင်ဝန်ကတော် ကြောင့်ကျကြီးကြပါတယ်။ (ထားရမယ်လေ။ တိုင်းပြည်ချမ်းသာသမျှ သူတို့ဆီမှာချည့်ပဲဟာကို)

            လူတိုင်းလူတိုင်း စိတ်ထဲမှာ နားလည်လိုက်တာကတော့ NLD နဲ့ ၈၈ ဟာ စစ်အစိုးရကို စိန်ခေါ်လိုက်တာပဲ လို့ မြင်ကြပါလိမ့်မယ်။ ကိုယ်ကတော့ အဲသလို မတွေးမိပါဘူး။ တဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာတာက မြန်မာပြည်မှာ လုပ်ချင်ရာတွေ လုပ်ချင်တိုင်းလုပ်နေသူတွေနဲ့ သူတို့လုပ်သမျှ လည်စင်းခံရသူတွေ ခေါင်းငုံ့မခံတော့လို့ ထိပ်တိုက်တွေ့ကြတဲ့ပွဲ လို့ မြင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ စစ်တပ်ဘက်မှ စစ်အစိုးရ စစ်အစိုးရ လို့ ပါးစပ်က တဖွဖွပြောနေပေမယ့်လည်းပဲ ဘောင်းဘီချွတ်ထားသူတွေပါတယ်။ သူတို့အနီးအနားမှာ အခွင့်ထူးခံ ဝေစားမျှစားလုပ်နေတဲ့ ခရိုနီတွေပါတယ်။ သစ်တစ်ပင် အမှီပြုထားတဲ့ ဆွေတော်မျိုးတော် ငှက်တစ်သောင်းလည်း ပါတယ်။ သူတို့ခိုင်းသမျှ အာဏာစက်အောက်ကနေ စိတ်ပါပါ မပါပါ ၀င်ရုန်းပေးနေရတဲ့ နိုင်ငံ့ဝန်ထမ်း ကြီးကြီးငယ်ငယ်တွေလည်း ပါတယ်။ ဒါကြောင့် သန်းခြောက်ဆယ် Vs တပ်မတော်သားအရေအတွက် လို့ လွယ်လွယ်တွက်လို့မရဘူး။ စစ်တုရင် စကားနဲ့ ပြောရင်တော့ သူတို့ဘက်က အရေအတွက်နည်းပေမယ့် မြင်းတွေ၊ ရထားတွေ၊ ဘုန်းကြီးတွေ၊ ရဲတိုက်တွေ အကုန်ပါတယ်။ သည်ဘက်မှာတော့ ရှင်းပါတယ်။ အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံးပါတယ်။ ဒါပေမယ့် အဲဒါ နယ်ရုပ်ကလေးတွေချည့်ပဲ။ ခေါင်းဆောင်ပေးမယ့် ဘုရင်မကြီးရှိလို့သာ အခုလို အံတုဘက်ပြိုင်ဝံ့ကြတာ။

            သည်အရေးတွေကို ကြိုမြင်လို့ သွားလေသူကြီးက (တကယ်တော့ သွားမသွားနိုင်သေးသူ) ဘုရင်မကြီးကို တုပ်တုပ်မှ မလှုပ်နိုင်အောင် ချုပ်ပြီးရင်း ချုပ်ထားခဲ့တာပေါ့လေ။ အခုတော့ ဘုရင်မကြီးက လွတ်လာပြီ။ သို့သော်လည်း ဆုတ်ခွာသူကြီးက ဂရိပုံပြင်ထဲမှာ ဇိယုစ်ကြီးဆီက အာဏာသိမ်းတုန်းကလို ခံစစ်ဆင်ထားသေးတာ။ အိပ်ပျော်နေတဲ့ ဇိယုစ်ကြီးကို အထုံးပေါင်းတစ်ရာတိတိ ချည်နှောင်ထားခဲ့တာကြောင့် လက်ရုံးတစ်ရာပိုင်ရှင် ဘရိုင်အားရီးယက်စ် သာမကယ်ရင် အဲ့ဒီလူကြီး အဲလေ အဲ့ဒီနတ်ကြီး သေဖွယ်သာရှိတော့သတဲ့။ ကိုယ်တို့ ဘျင်မကြီးလည်း ဘရိုင်အားရီးယက်စ် မရှိရှာတော့ အထုံးပေါင်းတစ်ရာနဲ့ ခြေ/ဥကြီးကို လူထုအားကိုးနဲ့ အထုံးဖြေဖို့ ကြိုးစားနေရရှာတယ်။

             သူကတော့ သူ့မှာ ဒါပဲ အားကိုးစရာရှိလို့ အားကိုးတာပါ လို့ ပြောတယ်။ ကိုယ်ကလည်း လူထုကြားကနေ အားပေးရုံပဲ တတ်နိုင်တယ်။ လူထုကို လူရယ်လို့ စိတ်ထဲမှာထားတတ်သူတွေနဲ့သာဆိုရင် ကျုပ်တို့ သည်ဘူတာတောင် ဆိုက်မလာပါဘူး လို့တော့ တွေးမိသား။ သူတို့ကလွဲရင် ကျန်တာ လူလို့ကို မမှတ်တာ သူ့တစ်သက်ကိုယ့်တစ်သက် အတူနေလာဖူးလို့ ကောင်းကောင်းကြီး သိတာပေါ့။ ဒါပေသိ တို့မေကြီးက ဦးဆောင်ပြီဆိုရင် တို့ဘက်ကတော့ မပျက်မကွက်ကို အားပေးရမှာပါလေ။ ဟိုတခါ ပြောခဲ့ဖူးသလို “စုကို ချစ်လှလွန်းလို့ မဟုတ်တောင် (အမှန်တော့ ချစ်ပါတယ်ဗျ။ မွ မွ။ ဒီအမေလေး တစ်ယောက်ရှိတာ မချစ်စရာလား။) ဒင်းတို့ကို သောက်ညင်ကပ်လွန်းလို့ အားပေးတာပါ” လို့ ပြောပြန်ရင် ဟိုတဘက်ကလည်း “အောင်မယ်။ မင်းတို့ လူအုပ်ကလေးနဲ့များ တက်မလာနဲ့။ တောက်ချပစ်လိုက်မယ်။ စက်သေနတ်နဲ့ တစ်ချက်ဆွဲလိုက်ရင် အကုန်လန့်ပြေးကုန်လို့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် ကျန်မှာ မဟုတ်။” လို့ ပွဲတွေ့ မြစ်ချင်းပြီး ဆေးစွမ်းကောင်းကြီးကို ထပ်သုံးလိုက်ဖို့ မရှက်မကြောက် ဟိန်းဟောက်ကြဦးမှာပါပဲ။

             မရှက်တတ်။ မကြောက်တတ်တဲ့နေရာမှာတော့ ဘုရားရှင်သာရှိရင် သည်လူကြီးတွေ ဧတဒဂ်တောင်ရဦးမယ့်ပုံ။ “ဘာပြင်စရာ လိုသလဲ။ ငါတို့ အခြေခံဥပဒေက တစ်နိုင်ငံလုံး ၉၉.၉% လောက်တောင် သောင်းသောင်းဖြဖြ ထောက်ခံထားတဲ့ ဥပဒေပဲဟာ။” လို့ လူသိရှင်ကြား ပြောရဲတဲ့ ပါးစပ်ကြီးတွေ ရှိပါတယ်။ “ငါတို့လည်း ပြည်သူလူထု ထောက်ခံမဲတွေနဲ့ တက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါ။” လို့လည်း သူတို့ကိုယ် သူတို့ ချွင်းချက်မရှိ ယုံကြည်ထားကြပါတယ်။ အထက်ကစကားနှစ်ခွန်းကို ဘယ်သူကမှ မဟုတ်ပါဘူး ငြင်းလို့မရပါဘူး။ (သည်ကနေ့ငြင်းရင် မနက်ဖြန် ထောင်ထဲရောက်မှာ။) မငြင်းသော်လည်းပဲ မင်းလည်းသိတယ် ငါလည်းအသိ ဆိုတဲ့အမှန်တရားကြီးကို လုံးဝမျက်ကွယ်ပြုထားတာကတော့ မန်ကျည်းရွက်ထွဋ်ထွဋ်ကလေး ခေါ်ခိုင်းတဲ့ နန်းမတော်မယ်နုကြီးနဲ့ မခြားပါဘူး။ သူ့ဘာသူ နုနုခေါ်ခေါ် ထွဋ်ထွဋ်ခေါ်ခေါ်၊ မန်ကျည်းရွက်ကတော့ သည်မန်ကျည်းရွက်ပဲ။ ဘကြီးတို့ဟာဘကြီးတို့ ကိုယ့်ကိုယ်ကိုယ် ပြည်တော်ချစ်မင်းသားကြီးလို့ အထင်တွေ ရောက်တော်မူသပဆိုလည်း သဘောပါ။ သိဒ္ဓတ္ထမင်းသားလေးကို သူ့အဖေက သူအို သူနာ သူသေ မမြင်ရအောင် စီမံထားသလိုမျိုး ဘဘဆီကို “ပြည်တွင်းပြည်ပ ဘယ်မီဒီယာသမားဆီကသတင်းမှ တက်မလာစေနဲ့။ အလုပ်ကိစ္စနှင့် လာရောက်ဖူးမျှော်သူများကိုသာ ကန်တော့ခံသည်။” လို့ အိမ်ဝမှာ စာဆွဲထားပါလား။ လူလည်းချမ်းသာ စိတ်လည်းချမ်းသာ။

             အခုတော့ ဆင်အိပ်ရာ ဆိတ်နှိုးလိုက်ပါဦးမယ်လေ။ နာဂစ်ခြေ/ဥကြီး ဆန္ဒခံယူပွဲလုပ်တုန်းက အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်မှာ ကြောက်လို့ ကိုယ်တိုင်ထွက်မကယ်ရုံတင် မကဘူး။ သူများလာကယ်မယ်ဆိုတာတောင် “မလာပါနဲ့။ အချစ်ရယ် မလာခဲ့နဲ့။” လို့ မျိုးကြီးသီချင်းထဖွင့်တာ တစ်ကမ္ဘာလုံးသိထားတဲ့ကိစ္စပါ။ အဲဒီတုန်းကပေါ့ဗျာ။ ကိုယ်တွေကလည်း ဘာတွေလုပ်နေရတယ် မှတ်လို့လဲ။ ရန်ကုန်အိမ်မှာ ဘာတွေဖြစ်ပြီး ဘာတွေပျက်သွားသလဲတောင် ပြန်မကြည့်နိုင်။ ကိုယ်တင်မက နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်နေသူ အစိုးရ၀န်ထမ်းအားလုံး ထောက်ခံဆန္ဒမဲတွေရအောင် နေ့မအားညမအား ကြိုးစားပြီးတော့ စာရင်းတွေ ဖြည့်ပေးနေရတာ။ ဗမာစကားတစ်လုံးမှ မတတ်တဲ့သူတွေကို မှတ်ပုံတင်ပဲ ပေးတော့မလိုလို၊ သန်းခေါင်စာရင်းပဲ ကောက်နေသလိုလို “ရော့။ ဒီနေရာမှာ ဒါလေးကို ဒီလိုလုပ်လိုက်၊ မလုပ်တတ် လက်ဗွေနှိပ်သွား။” လို့ ခိုင်းရတာကမှ လူတွေကို နဖူးတွေ့ဒူးတွေ့တွေ့ခဲ့ရတာမို့ တော်သေးတာပေါ့လေ။ စာရင်းထဲက လူဦးရေနဲ့ကိုက်အောင် မပြည့်မချင်းလိုက်ဖြည့်ပေးရတဲ့ ထောက်ခံမဲတွေကဆို လက်တွေကိုညောင်းရော။ ၀န်ထမ်းအားလုံး မြို့တပတ်ပတ်ပြီးတော့ “ထောက်ခံပါတယ်။ ထောက်ခံပါတယ်။” အအော်ခိုင်းလို့ ထွက်ခဲ့ရတာလည်း ကျုပ်တို့ပဲ။
  
             “မိပြီ မိပြီ။ သမိုင်းတရားခံ။ နင်တို့လုပ်လို့ တိုင်းပြည်ကြီး ဒုက္ခများကုန်တာကိုး။” လို့ လာမစွပ်စွဲနဲ့ဆရာ။ ကျုပ်တို့အားလုံး အထက်ကခိုင်းတာလုပ်ရတာ။ ကျုပ်တို့အထက်ကလူတွေလည်း သူ့အထက်က ခိုင်းတာ လုပ်ရတာ။ ခင်ဗျားလက်ညိုးကြီး အပေါ်သာထောင်တက်တက်သွားချေတော့။ ဒါပေသိ အခုတော့ အဲသည်အထက်ကဟာကြီးတွေကလည်း “နင်တို့ပဲ ဒါကြီးသဘောတူတယ်ဆို။” လို့ ရူးချင်ယောင်ဆောင်နေကြပြီ။ ကိုင်း ဘယ့်နှယ်လုပ်ကြမတုန်း။ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ အတင်းတူခိုင်းတုန်းက တူခဲ့သလိုပဲ။ အခုကျတော့ နင်တို့ဟာနင်တို့ သဘောတူထားပြီးသားမို့ ပြင်လို့ မဖြစ်ပါဘူး လို့လည်း ပြန်ပြီး ချည်ပြီးတုပ်ပြီး လုပ်ထားသေးတယ်။ အောင်မယ်မင်း “ဒါကြီး သွားပြင်လိုက်ရင် မြန်မာတစ်ပြည်လုံး တိုင်းတပါးလက်အောက်ကို ပြန်ရောက်သွားမှာပေါ့” ဆိုတာကလည်း လူငှားနဲ့လှည့်အော်ခိုင်းထားပြန်သေး။

            တိုင်းပြည်တစ်ပြည်အတွက် အသက်တမျှအရေးကြီးတဲ့ သည်အခြေခံဥပဒေဆိုတာကြီးကို ခုစာကလေးကြော် ခုဆီထမင်းလုပ်ရမှ ဖြစ်မှာလား။ နဂိုတုန်းက ကာလရှည်လျားစွာ တိုင်ပင်ရေးဆွဲသွားတဲ့ မြန်မာပြည်က ရှိရှိသမျှ ပညာရှင်၊ ဆရာသမားကြီးများကိုရော အားနာစရာ မကောင်းဘူးလား လို့ မေးလာရင် ကိုယ်လည်းပဲ အဲသည် ပညာရှင်ကြီးတွေကို ပြန်မေးချင်တဲ့စကားတစ်ခွန်း ရှိပါတယ်။ အဲ့ဒါကြီးဟာ တကယ်ပဲ ဘဘတို့ စိတ်တိုင်းကျ သဘောတူ နှစ်ခြိုက်စွာ ရေးဆွဲခဲ့ကြတာလား။ ဘဘတို့ဆီကိုရော အထက်က ညွှန်ကြားလွှာတွေ မစေခဲ့ဘူးလား။ ဘဘတို့ရဲ့ ဆန္ဒမဲတွေကရော အဲ့ဒါကြီးရေးဆွဲတဲ့နေရာမှာ အသက်ဝင်ခဲ့လို့လား။ ကဲပါလေ။ လိုရင်းကို ဒဲ့မေးလိုက်ပါ့မယ်။ ဘဘကိုယ်တိုင် အဲ့ဒါကြီးကို ပြင်ချင်သလား မပြင်ချင်ဘူးလား။ စိတ်ထဲရှိတဲ့အတိုင်း ရဲရဲကြီး ပြောချလိုက်စမ်းပါလေ။ သူတို့ အဲ့လောက် သတ္တိရှိကြရင်လည်း သည်ဘူတာ မဆိုက်တာ ဧကန်။ (နင်တောင်မှ မြို့ပတ်ပြီး ထောက်ခံပါတယ် လိုက်အော်ခဲ့သေးတာ မောင်စံဖားရယ်)

            ကဲ အခုတော့ ဘျင်မကြီးက တစ်ကွက်ရွှေ့ထားတယ်ဗျား။ ဟိုတလောက ကုလားထိုင်အနီတွေဟောင်းလောင်းနဲ့ ပွဲနဲ့ ယှဉ်ကြည့်စမ်းပါ။ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဘာတွေရှိသလဲ မြင်အောင်ကြည့်စမ်းပါ။ မငြင်းနိုင်တာကတော့ အဲသည်လူတွေက ဆေးလိပ်ခုံက ကားနဲ့တင်ခေါ်လာတာ မဟုတ်ဘူး။ ၀န်ထမ်းတွေ မလာမနေရ ဂျူတီချထားတာ မဟုတ်ဘူး။ တစ်နေ့သုံးထောင် နေ့တွက်ရလို့ ဗီနိုင်းလေးတွေ ကိုင်ထားတာ မဟုတ်ဘူး။ လူတော်တော်များများဟာ အပြောင်းအလဲတစ်ခုကို လိုလားနေတယ်။ တစ်ဘက်မှာတော့ လူတချို့ဟာ အဲသည်အပြောင်းအလဲကြီး ဖြစ်လာမှာကို သေမလောက် ကြောက်နေကြတယ်။ သည်အခါမှာ သူတို့ဘက်က ထပ်ရွှေ့မယ့် အကွက်ကတော့ ဟိုဘက်ကလူတွေကို ဆန့်ကျင်တိုက်ခိုက်မယ့် လူတချို့ကို လက်သပ်မွေးပြီး နေရာအနှံ့မှာ တိမ်ကြားမင်းခေါင် လုပ်ခိုင်းလိမ့်မယ်။ ဒီမိုကရေစီဆိုတာ အော်နိုင်တဲ့ကလေး မုန့်စားရတယ် လို့ တွက်ကြမှာပဲ။ အဆုံးစွန်ထိ လိုက်တွက်ရင် မတတ်သာလို့ အလျှော့ပေးရတောင် “သည်လောက်တောင် တက်ချင်တဲ့မိန်းမ။ တက်စမ်းဟယ်။” ဆို ဟပေးပြီးတော့မှ လူထုကိုယ်တိုင်က ထောက်ခံမှုလျော့လာအောင် အမှားတောထဲတွန်းပို့ပြီး ဒလန်တွေ အလံရှူးတွေနဲ့ အမြန်ဆုံး ပြန်ဖြုတ်ချပလိုက်ဖို့ အစီအစဉ်တွေ ဆွဲကြမှာပေါ့။ ထိုင်းမှာ ယင်လတ်တို့ ဖြစ်တဲ့အတိုင်းလေ။ သူတို့ဆီ စစ်တပ်က ဘယ်နှစ်ခါ အာဏာသိမ်းဖူးသလဲ မသိသေးရင် မေးကြည့်လိုက်ပါဦး။

             သည်အရေတွေမြင်လို့ ကျုပ်တို့ဘက်ကလည်း နောက်ရွှေ့ရမယ့်အကွက်ကို စဉ်းစားထားပါတယ်ဗျာ။ ပြောခဲ့ပြီးသား။ သည်ပွဲဟာ NLD ပွဲလည်း မဟုတ်ဘူး။ ၈၈ပွဲလည်း မဟုတ်ဘူး။ တဘက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲစရာတွေ ပါတဲ့အတွက် ဆန္ဒမဲပေးသူ ပြည်သူလူထုကို သဘောပေါက် နားလည်အောင် ရှင်းပြတာ။ သည်ထဲကအချက်တွေကို ပြင်တဲ့အခါမှာလည်း ဒေါ်စုအတွက်ပြင်တာ၊ စစ်တပ်အတွက် အပြင်မခံတာဆိုတာမျိုး မရှိသင့်ဘူး။ မူကိုမူလိုပဲမြင်မှ လူကိုလူလိုပဲမြင်မှ ရှေ့လျှောက် ဆွေးနွေးလို့ ရမယ့် ကိစ္စတွေပါလေ။ (မှတ်ထားနော်။ ဆွေးနွေးလို့မရဘူး ဆိုကတည်းက မူကိုမူလိုမမြင်နိုင်လို့။ လူကိုလည်း လူလို မမြင်နိုင်လို့။ သဘောပေါက်)

              သည်ထဲမှာ အရမ်းအရမ်းကို လူပြောများနေတဲ့ အစိတ်သားကိစ္စကို ၀င်ညှော်ရမယ်ဆိုရင်တော့ လောလောဆယ် လွှတ်တော်ထဲမှာ ၀င်ထိုင်နေသူ တပ်မတော်သားကိုယ်စားလှယ်တော်များရဲ့ ဆန္ဒကိုပဲ ခံယူချင်ပါတယ်။ လူကြီးမင်းတို့ဟာ တကယ်ပဲ မိမိသဘောဆန္ဒ နဲ့ အယူအဆကို ဖော်ထုတ်ဆွေးနွေးနိုင်တဲ့ အလေ့အကျင့်ကောင်းတွေ ရဖူးပါသလား။ ဗူးဆိုရင် ဖယုံသီးရဲသလား။ သည်နေရာ သည်ကုလားထိုင်ပေါ်ရောက်လာဖို့ ဌာနတွင်း ညွှန်ကြားချက်တွေ ဘယ်လောက် တုပ်နှောင်ထားခဲ့သလဲ။ ဇာတ်ဆရာအလိုကျ ဆေးစက်ကျရာ အရုပ်ထင်ရမယ့်သူတွေလား။ အဘက ဖြူဆိုရင် ခင်ဗျားက မဖြူ့တဖြူကလေးတောင် လုပ်ခွင့်ရှိလို့လား။ အဲ့ဒီဟာတွေ တစ်ခုမှမပါပဲ အဲသည်ထဲ သွားသွားထိုင်ရတာကတော့ ဘာအဓိပ္ပါယ်မှလည်း မရှိဘူး။ (မထိုင်ဘူးကွာလို့ ငြင်းခွင့်ရှိရင်လည်း သည်ဘ၀မရောက်ဘူးပေါ့လေ။)

            ဘတို့လည်း ငယ်ရာကကြီးလာတာ။ သားတို့လည်း ငယ်ရာကကြီးလာတာ။ အခုဆို ကိုယ်တွေတောင် သည်လောက်ကြီးလာမှ ကိုယ့်ဘတွေဆို အိုပြီ မဟုတ်ဘူးလား။ ဘတို့သေတဲ့အခါ ဘတို့မြေးတွေ မြစ်တွေကို သားတို့က ဘတို့လုပ်တဲ့အတိုင်း သေနတ်ပြောင်းဝကလာတဲ့အာဏာနဲ့ အုပ်ချုပ်စီမံတာကို မြင်ချင်သလား။ မမြင်ချင် ပြင်။ ငကန်းသေလို့ ငစွေတွေပေါ်လာတဲ့အခါတိုင်း “နေပါဦးဟယ်။ ငါ့ရှေ့ကလူတွေက အကုန်တုပ်သွားလို့ ငါလည်း အခုမှ စားကလှည့်ရောက်တာပါ။ နင်စားချင် နင့်ကလှည့် ရောက်အောင်စောင့်။” လို့ ပြောပြောစားစားကလေး စားနေဦးမှာလား။ မစားစေချင် ပြင်။ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်ဆို စုစုတို့ စိန်စိန်တို့ ရွှေရွှေတို့ဆိုတာ ရှိသေးရင်တောင် ကျားစီးဖားစီး အလုပ်လုပ်နိုင်ဖို့ မသေချာတော့ဘူး။ အဲဒီအချိန်အတွက် မပြင်ဆင်ထားတော့ဘူးလား။ နောက်မှ နောက်ရောက်လျား မီးစင်ကြည့်ကမလို့လား။

             ငယ်ငယ်က ရွှေနန်းတင်တို့ စိန်အောင်မင်းတို့ ကြည့်ဖူးတယ်။ သမ္ဘာရင့် မင်းသားကြီးတွေဆိုတော့ အသံရောအကရော ဆိုငိုပြော နိုင်နင်းတာ ကတတ်တာ ပြောစရာ မရှိပါဘူး။ ဒါပေသိ အရွယ်တွေကတော့ အိုရှာပြီ။ နှစ်ပါးခွင်မှာ သားတွေကို အလှည့်မပေးပဲ သူတို့ချည့် လုလုကတာမြင်ရတဲ့အခါ တစ်ခါက နှစ်ခါတော့ ကောင်းတာပေါ့။ အခါခါဖြစ်လာတဲ့အခါတော့ ငယ်ငယ်ချောချော မင်းသားကတာ ကြည့်ချင်သေးတဲ့ ပရိသတ်အတွက် သည်အဖိုးကြီးတော်ပါတော့ လို့ စိတ်ထဲမှာ ဖြစ်ရတယ်။ သူတို့ပညာတွေ ကလေးတွေကို အကုန်သင်ပေးထားတော့ ဘာဖြစ်မှာမို့လဲ။ အခုလည်း နောက်ထွက်မယ့်ပွဲမှာ ကမယ့်မင်းသားကြီးတွေကတော့ ခြောက်ဆယ်အောက် တစ်ယောက်မှ မပါဘူး။ ဘိုးတော်တွေကလည်း ရွှေမန်းတင်မောင်လို ကရင်းစင်ပေါ်မှာ သေချင်သလား မသိပါဘူး။ နောက်မှာ သားတွေတပုံကြီး ရှိပါ့ဗျာ။ အလှည့်ပေးလိုက်စမ်းပါဦး။ မတတ်သေးဘူးထင် သင်ပေးခဲ့စမ်းပ။ သူတို့ခမျာ ကချင်လွန်းလို့ပါ။ တုတ်တစ်ချောင်း နဲ့ ရိုက်မောင်းပုတ်မောင်း ခိုင်းရင်တော့ မျောက်ဖိုးစိန်ပဲ ထွက်လာမှာဗျား။
(မှတ်ချက်။ မောင်စံဖားကတော့ ဘယ်သောအခါမှ ၀င်ကရန် စိတ်ကူးမရှိပါကြောင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...