Monday, May 26, 2014
ငြိမ်းချမ်းရေး စစ်တမ်း (၆)
ဖယ်ဒရယ်၏ အနှစ်သာရအနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သော ပြည်ထောင်စုဟူသည်အား အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ထည့်သွင်းရန်မြန်မာတပ်မတော်က လက်ခံ လိုက် ပြီ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် သတင်းများ ထွက်ပေါ်[1] လာသည်။ ယင်းကို သုံးသပ်ရန်လိုပါမည်။
            ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံလျှင် လက်ခံသည်၊ လက်မခံလျှင်လည်း လက်မခံနိုင်ပါ ဟု ရိုးရိုးပြောရုံသာ ဖြစ်သင့်သည်။ ဖက်ဒရယ်၏ အနှစ် သာရ ဟူသည်ကို ယူသော်လည်း၊ ဖက်ဒရယ် ဝေါဟာရ အတိ အကျကို မသုံး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် သွားရန် လုပ်ငန်းစဉ်ကို သဘောတူညီချက်မရပါက ယင်းမှာ လိမ်ဆင်ကြီးသာဖြစ်ပါမည်။
            ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်ကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ဗိုလ်များသည် လက်သီးလက်မောင်းတန်းကာ ဆိုရှယ်လစ်ရေးကို ကြွေးကြော်ခဲ့ကြသည်။ ၄င်းတို့ ဦးဆောင်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တည်ထောင်ခဲ့သည်။ စင်စစ်အားဖြင့်မူ ၄င်းတို့ သည် မည်သည့် ဆိုရှယ်လစ်စနစ်ကိုမျှ ယုံကြည်ခဲ့ကြ သူများ မဟုတ်ကြ။ လက်တွေ့ အားဖြင့်မူ စစ်အာဏာရှင်စနစ်ကိုသာ ကျင့်သုံးခဲ့ကြသည်။ ကျဆုံးသွားခဲ့ပြီဖြစ်သော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးက ထိုအခြေအနေအား “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း” ဟု ကင်ပွန်းတပ်ခဲ့သည်။ ထိုစဉ်က ဆိုရှယ်လစ် ဆိတ်ခေါင်းချိတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းရှင်း မြင်နိုင်သည်။
            ယခုမူ ဖက်ဒရယ် ဆိတ်ခေါင်းပင် ချိတ်သည့် အဆင့်သို့ မရောက်သေး။ ဖက်ဒရယ် အရောင်လေး ထိုးပေး လိုက်သည်ကိုပင် ၀မ်းသာကြောင်း ပြနေရသည့် ဘ၀ ဖြစ်သည်။ ယင်းအတွက်ပင် စစ်ခေါင်းဆောင် ဟောင်း သစ် များအား ဂရုဏာရှင်ကြီးများအဖြစ် ကျေးဇူး တင်ရမလိုလို ဖြစ်နေသည်။ တဖက်တွင် ၂၀၀၈ ဖွဲ့ စည်းပုံဖြင့်ခွေးသား များ အကြီးအကျယ် တည်ခင်းရောင်းချ နေသည်  ကို မမေ့သင့်ပါ။ ဆိတ်ခေါင်းကို မြှော်ကြည့်ပြီး ခွေးသားမစားမိစေရန် သတိပြုရပါမည်။
“ဘက်နှစ်ဘက်ဆွေးနွေးပွဲများ ကျင်းပနေရာမှာ ကိုယ့်ဘက်တဘက်တည်းက ကိုယ်လိုခြင်တာကို အသေ ကိုင်ထားလို့ ဘယ် ရပါ့ မလဲ၊ ဟိုဘက်ကလည်း နည်းနည်းလျှော့၊ သည်ဘက်ကလည်း နည်းနည်းလျှော့၊ ဒါမှသာ ဆွေးနွေးပွဲအောင်မြင်မှာ ပေါ့ ” ဟူ၍ ရွှေပြည်အေး ကိုယ်တော်လိုလို ပုဂ္ဂိုလ်များထံမှ အသံများ ထွက်လာလေ့ရှိသည်။ အချက်ပေါင်း ဘယ်နှစ်ရာ ကျော်မှာ ကျုပ်တို့ ဘက်ကတော့ ဘယ်နှစ်ချက် လိုက်လျှောလိုက်ပြီ၊ တိုင်းရင်းသား အဖွဲ့  အစည်းတွေဘက်ကလည်း ဘယ်နှစ်ချက်တော့ လိုက်လျောရမှာပေါ့ ၊ သည်လိုဆိုရင် ဆွေးနွေးပွဲအောင်မြင်လိမ့်မယ် ဟူ၍ ဦးအောင်မင်းက လည်း မကြာမကြာ “လုံးတုတ်” တတ်သည်။ ဤတွင် ဆွေးနွေးပွဲအောင်မြင်ရေးက အဓိကလား ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်မှန်သည့် လမ်းကြောင်း ချနိုင်ရေးက အဓိကလား၊ စဉ်းစားရပါမည်။ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် စစ်မှန်သည့် လမ်းကြောင်းကို ကျားကုတ် ကျားခဲမရှာဖွေဘဲ နှစ်ဘက်သဘောတူနိုင်ရေးအခြေခံတွင် ဆွေးနွေးပွဲအောင်မြင်ရေးကိုသာ ရှေ့ ရှုပါက တိုင်းပြည်၏ အနာဂါတ်မှာ ရင်လေးဘွယ်ဖြစ်သည်။
နှစ်ဘက် ဆွေးနွေးကြရာတွင် တဘက်နှင့် တဘက် အပြန်အလှန်လိုက်လျှောမှုများ၊ အလျှော့အတင်းများ ရှိ ကြရမည် ဟူသည်ကို အခြေခံအားဖြင့် မငြင်းပါ။ အလျှော့အတင်း လုပ်၍ ရနိုင်သော ကများ အမြောက်အများရှိနိုင် ပါသည်။ သာဓကအားဖြင့် တပ်နေရာချထားရေး၊ ဆက်ဆန်ရေးရုံးဖွင့်လှစ်ရေး၊ နိုင်ငံတကာအကူအညီကို ရှာဖွေ၊ လက်ခံ၊ ဖြန့် ဖြူးရေး၊ သတင်းထုတ်ပြန်ရေး၊ ပိပက္ခဖြေရှင်းရေး စသည်တို့ တွင် ဖြစ်သည်။ သို့ ရာတွင် အတွေးအခေါ် ပိုင်း၊ အခွင့်အရေးပိုင်း၊ မူပိုင်းဆိုင်ရာများနှင့် စပ်လျှဉ်း၍ အလျှော့အတင်းလုပ်၍မရနိုင်ပါ။ လက်ခံလျှင် လက်ခံသည်။ လက်မခံလျှင် လက်မခံနိုင်ပါ ဟု ကိုယ့်ရပ်တည်ချက်ပေါ်တွင် ကိုယ်ရပ်ကြရုံသာဖြစ်သည်။
တောင်အာဖရိကနိုင်ငံ ဆွေးနွေးပွဲများတွင် နယ်လ်ဆင်မန်ဒဲလားခေါင်းဆောင်သည့် အေအင်စီ အဖွဲ့ က လူဖြူ လူမဲ ခွဲခြားရေးဝါဒ[2] ကို ရုပ်သိမ်းပယ်ဖျက်လိုက်ရန် အဆိုတင်ခဲ့သည်။ ဤသည်မှာအတွေးအခေါ်အယူဝါဒပိုင်းဖြစ်သည်။ အလျှော့အတင်းလုပ်၍မရ။ မင်းဘက်ကနဲနဲ လျှော့၊ ငါ့ဘက်ကလည်း နည်းနည်းလျှော့ကြရအောင်ကွာ။ လူဖြူလူမဲခွဲ ခြားရေးဝါဒကို အနည်းအကျဉ်းတော့ ဆက်သုံးခွင့်ပေးပါဟူ၍ ညှိနိုင်းခဲ့ကြခြင်း မဟုတ်။ ဒီကလပ် ခေါင်းဆောင်သည့် အစိုးရဘက်က လူဖြူ လူမဲ ခွဲခြားရေးဝါဒ ကို အပြည့်အ၀စွန့် လွှတ်ပေးခဲ့သည်။
ဆိုရှယ်လစ် စနစ်ကို မကြိုက်၊ လစ်ဘရယ်ဝါဒကို သဘောကျသည် ဟုဆိုလျှင် ပြသနာမရှိ။ ဆိုရှယ်လစ်က နိုင်ငံရေးအတွေးအခေါ် အယူအဆ တခုဖြစ်ပြီး လစ်ဘရယ်ဝါဒက အခြားတခုဖြစ်နေသောကြောင့်ပင်။ သို့ မဟုတ် လစ်ဘရယ်ဝါဒကို မကြိုက်၊ ဆိုရှယ်လစ် စနစ်ကို နှစ်ခြိုက်သည်ဟု ဆိုလျှင်လည်း ကာယကံရှင်၏ သဘောအတိုင်း ဖြစ်သည်။ ပြသနာမရှိ။ “ဆိုရှယ်လစ်” က “ဆိုရှယ်လစ်” ဖြစ်နေပြီး “လစ်ဘရယ်” က “လစ်ဘရယ်” ဆက်ဖြစ်နေသော ကြောင့်ပင်။ သို့ ရာတွင် “မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကျင့်သုံးသော ဆိုရှယ်လစ်” ဟူ၍ ရှေ့တွင် နာမ၀ိသေသနများ တပ် လိုက်သောအခါ “ဆိုရှယ်လစ်” သည် “ဆိုရှယ်လစ်ပျက်” ဖြစ်သွားတော့သည်။ ၁၉၆၂ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ် နေ၀င်း ဦးဆောင်ကျင့်သုံးခဲ့ပြီးပြီ။ မအောင်မြင်ပါ။
ထိုနည်းတူပင် ပြည်ထောင်စု တည်ဆောက်ရေးတွင် တပြည်ထောင်စနစ်[3] နဲ့ တည်ဆောက်မည်လား၊ ဖက်ဒရယ် ပြည်ထောင်စု[4] စနစ်နဲ့ တည်ဆောက်မည်လား ဟူ၍ နှစ်ခုသာရှိသည်။ တခုမဟုတ် တခုကို ရွေးရပါမည်။
ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို အတိအကျ သဘောတူညီချက်မရဘဲ “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ပြည်ထောင်စု” ဟူသည့်အပေါ် သဘောတူညီလိုက်ခြင်းဖြစ်လျှင်မူ “မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကျင့်သုံးသော ဆိုရှယ်လစ်” နှင့် အလားတူဖြစ်ပါမည်။ “ဖက်ဒရယ်ပျက်” ဖြစ်သွားပါလိမ့်မည်။
ဤတွင် ပြည်ထောင်စုကို နာမ၀ိသေသနပြုထားသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ဟူသည့် နိုင်ငံရေးဝေါဟာရများ အပေါ် တစုံတရာ ဆန်းစစ်ရန် လိုအပ်လာသည်။ ယင်းတို့ မှာ ဖက်ဒရယ်၏ အနှစ်သာရ သက်သက်ဟုတ်ပါရဲ့ လားဟူ၍ဖြစ်သည်။
“ဒီမိုကရေစီ” သည် လူ့ အဖွဲ့ အစည်း၏ တန်ဘိုးတရပ်ဖြစ်၍ အများလိုလားကြသည် အမှန်ပင်။ သို့ ရာတွင် ဖက်ဒရယ်တွင် ဒီမိုကရေစီ ပါဝင်သည်ဟု ပြောလျှင် မှန်ပါမည်လား။ စဉ်းစားဘွယ်ဖြစ်သည်။ ဒီမိုကရေစီသည် တဦးချင်း အခွင့်အရေး နှင့် လွတ်လပ်မှု[5] ကို ဇောင်းပေးသည်။ ဖက်ဒရယ်သည် ပြည်ထောင်စု တွင်ပါဝင်ဖွဲ့ စည်းသော ယူနစ်တခု ခြင်းစီ၏ စုပေါင်း အခွင့်အရေး[6] ကို အဓိကထား သည်။ လူ့ အဖွဲ့ အစည်းအား ဤနှစ်ခုပေါင်းစပ်တည်ဆောက် သွားရန် ဖြစ်သည်။ ယင်းတို့  သည် ပြိုင်လျှက်တည်ရှိသော တန်ဘိုးနှစ်ရပ်ဖြစ်သည်။ တခုသည် အခြားတခု၏အောက်တွင် ၀င်ရောက်တည်ရှိနေခြင်း မဟုတ်ပါ။ သို့ ရာတွင် တခုနှင့် အခြားတခုတို့  သည် အပြန်အလှန်ပံ့ပိုးနေရန် လိုပါမည်။
သို့ ဖြစ်၍ ဒီမိုကရေစီ ကို ဖက်ဒရယ်၏ အနှစ်သာရအတွင်း မထည့်သွင်းသင့်ပါ။ သီးခြားယှဉ်ပြိုင်တည်ရှိနေ သည့် တန်ဘိုးတရပ်အဖြစ် အသိအမှတ်ပြုရန်လိုပါမည်။ ယင်းတန်ဘိုးနှစ်ရပ်အား နိုင်ငံတွင် တပြိုင်နက်တည်း ဆက် စပ်ကျင့်သုံးဘို့ လိုပါမည်။ ယင်းကိုလက်ခံလျှင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဟုသာ သုံးနုံးရပါမည်။ “ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားရန် ” ဟူသည်ကိုသာ သဘောတူညီချက်တွင် ထည့်သွင်း သင့်သည်။ ဤအခြေခံမူမျှကို သဘောတူညီချက်ရအောင် ကြိုးပမ်းနိုင်မှသာ အကျိုးရှိပါမည်။ အသေးစိပ်ကို နိုင်ငံရေး ဆွေးနွေးပွဲများသို့  ဆက်သယ်သွားနိုင်သည်။
“အမျိုးသားတန်းတူရေး” ဟူသည်မှာ နိုင်ငံရေးကြွေးကြော်သံဖြစ်သည်။ သက်ဆိုင်ရာ အမျိုးသားများ တန်းတူမှု အခွင့်အရေးမရသဖြင့် ကြွေးကြော်တိုက်ပွဲဝင်ခြင်းဖြစ်သည်။   ယင်းကို ကန့် ကွက်ရန် မရှိပါ။ သို့ ရာတွင် နိုင်ငံရေးကြွေး ကြော်သံအား ယင်း၏မူရင်းအတိုင်း သဘောတူညီချက်တွင် ထည့်သွင်းမည်ဆိုပါက အငြင်းပွားဘွယ် များရှိပါမည်။  လက်တွေ့ ဖေါ်ဆောင်ရာ မည်သည့်အရာ တခုမျှမရဘဲ နိဂုံးချုပ်သွားနိုင်ပါသည်။ အဘယ်ကြောင့် 
ဆိုသော် အမျိုးသား ဟူသော ဝေါဟာရကို အဓိပ္ပါယ် ဖွင့်ရာတွင် မည်သည်ကိုရည်ညွှန်းမှန်း မသေချာသောကြောင့်ပင်။ ယင်းတွင် နှစ်ပိုင်းရှိ သည်။ တပိုင်းမှာ တိုင်းရင်းသားလူမျိုးတမျိုးခြင်းစီကို မီးမောင်းထိုးသည်။ ကရင်အမျိုးသား၊ ကချင်အမျိုးသား၊ ရှမ်းအမျိုး သား စသဖြင့် ဖြစ်သည်။ အခြားတပိုင်းမှာ ပြည်ထောင်စု နိုင်ငံတခုလုံးရှိ လူမျိုးအားလုံး၏ အရေးအရာအတွက်ဆောင်ရွက်ခြင်းကိုလည်း ကိုယ်စားပြုသည်။
နိုင်ငံရေးအရ စဉ်းစားလျှင် ၀ါဒနှစ်မျိုးဟု ပြောနိုင်သည်။ မိမိလူမျိုးအတွက် ဆောင်ရွက်သော လူမျိုးအလိုက် အမျိုးသားရေးဝါဒ နှင့် နိုင်ငံအတွင်း ရှိ တိုင်းရင်းသားလူမျိုးအားလုံး အတွက် ဆောင်ရွက်သော ပြည်ထောင်စုအမျိုးသား ရေးဝါဒ တို့ ဖြစ်သည်။ ယင်းတို့ မှာ ပြည် ထောင်စု နိုင်ငံအတွင်း ပြိုင်လျှက်တည်ရှိသော နိုင်ငံရေး အသွင်လက္ခဏာ နှစ်ရပ်ဖြစ်သည်။ နှစ်ခုလုံးတပြိုင်တည်း ရှင်သန်ကြီးထွားရန်လိုပါမည်။ တခုကို အစွန်းရောက်ကျင့်သုံးလျှင် အခြားတခု ထိခိုက်မှေးမှိန်နိုင်ပါသည်။
ပြည်ထောင်စု နိုင်ငံ အခြေခံမှစဉ်းစားလျှင် ပြည်ထောင်စု ဖွဲ့ စည်းရာတွင် ပါဝင်သော အမျိုးသားပြည်နယ် များ အတွက် လူမျိုးစုအမျိုးသားရေး က ပထမ တရပ်ဖြစ်သည်။ ပြည်ထောင်စုနိုင်ငံတခုလုံးကို လွှမ်းခြုံသည့် ပြည်ထောင်စု အမျိုးသားရေး  က ဒုတိယတရပ်ဖြစ်သည်။ တန်ဘိုးနှစ်ရပ်တွင် တရပ်သည် အခြားတရပ်၏ အောက် ၀င်ရောက်တည်  နေခြင်း မဟုတ်။ ပြိုင်လျှက်တည်ရှိနေကြခြင်းဖြစ်သည်။ တခုကြောင့် အခြားတခုကို အဆုံးရှုံးမခံသင့်။ တချိန်တည်း တွင် တခုနှင့် အခြား တခုတို့  သည် အပြန်အလှန်ပံ့ပိုးနေရန် လိုပါမည်။
ယခုဆွေးနွေးပွဲတွင် တိုင်းရင်းသား အဖွဲ့ များ အနေဖြင့် အဓိကတောင်းဆိုရမည့်အပိုင်းမှာ ပြည်ထောင်စုကို အမျိုးသားပြည်နယ်များဖြင့်သာ ဖွဲ့ စည်းကာ၊ ယင်းတို့  တခုနှင့်အခြားတခုအကြားတွင် တန်းတူရေးဟု နားလည်သည်။ စစ်အာဏာရှင်များကမူ ပြည်ထောင်စု တခုလုံးကို ယေဘုယျလွှမ်းခြုံသည့် အမျိုးသားရေးကိုသာ ရည်ညွှန်းဘွယ်ရှိ ဖြစ် သည်။ ၄င်းတို့ က ယင်းကို နှစ်ပေါင်းများစွာ တောက်လျှောက်မီးမောင်းထိုး ခဲ့သည်။ လက်တွေ့ တွင်မူ ပြည်ထောင်စု အမျိုးသားရေးကို တကယ်တန်း ကျင့်သုံးခဲ့ခြင်း မရှိ၊ မြန်မာပြည်နယ်ပါဝင် ဖွဲ့ စည်းစေပြီးနောက် အမျိုးသားပြည်နယ်များ အသီးသီးအကြား တန်းတူရေးကိုလည်း ဖေါ်ဆောင်ခဲ့ခြင်းမဟုတ်၊ စစ်အာဏာရှင်စနစ်ကိုသာ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် အမျိုးသားပြည်နယ်များအတွက် အမျိုးသားရေးမှာ စတေးခံခဲ့ရသည်။
သို့ ဖြစ်၍ အမျိုးသား တန်းတူရေးကိုအခြေခံသော ပြည်ထောင်စုဟု သုံးနုံးကာ သဘောတူစာချုပ်ချုပ်ဆိုလျှင် နောက်ပိုင်းနိုင်ငံရေး ဆွေးနွေး ပွဲများ ၀ိဝါဒကွဲကာ ဒိုင်စားသွားပါမည်။ စစ်အာဏာရှင် ဟောင်း သစ်များကသာ အမြတ် ထုတ်သွားပါမည်။ မြန်မာလူမျိုး၊ ကရင်လူမျိုး၊ ကချင်လူမျိုး စသည်တို့ အကြား ခွဲခြားမှုမရှိစေရဘဲ တဦးနှင့် အခြားတဦး အကြားတွင် တန်းတူရေးကို ကျင့်သုံးမည့် ပြည်ထောင်စုအဖြစ်သာ အဓိပ္ပါယ်ဖွင့်ဆိုသွားနိုင်သည်။ ဤသည်မှာ မှားယွင်း သည်ဟု မဆိုလိုပါ။ လိုအပ်ချက် တရပ်ပင်ဖြစ်နေသေးသည်။ သို့ ရာတွင် တဦးချင်းအခွင့်အရေး ကိုသာ အသိအမှတ်ပြု ကျင့်သုံးသွားမည့် ပြည်ထောင်စု မျိုးဖြစ်သွားနိုင်သည်။ တဦးချင်း အခွင့်အရေးသာမက စုပေါင်း အခွင့်အရေးကိုပါ တပြိုင်တည်း အသိအမှတ်ပြုသောအမျိုးသားပြည်နယ်များကို ပထမနေရာတွင် အဓိကထားရပါမည်။ နာမ၀ိသေသန သည် အမျိုးသားပြည်နယ်များကို အထူးပြုရပါမည်။ ယင်းသို့ သော အရည်အချင်းနှင့် ပြည့်စုံသည့် အမျိုးသားပြည်နယ် များဖြင့်သာ ပြည်ထောင်စုကို ဖွဲ့ စည်းစေရပါမည်။ သို့ ဖြစ်လျှင် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးသော အမျိုးသား ပြည်နယ်များဖြင့်သာ ဖွဲ့ စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု” ဟူသည့်အပေါ်တွင်သာ ရှင်းလင်းစွာ နှစ်ဘက်သဘောတူညီကြဘို့  လိုပါမည်။
ဖက်ဒရယ် ဝေါဟာရကို လွှတ်တော်က လက်ခံပြီး၊ မြန်မာ့တပ်မတော်က အဘယ်ကြောင့်ငြင်းပယ်နေသနည်း။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း ခေါင်းဆောင်များ (ဤမှနောင်တွင် တိုင်းရင်းသားခေါင်းဆောင်များ ဟုသာ သုံးပါမည်။) နှင့် ဆွေးနွေးပွဲတွင် စစ်ခေါင်းဆောင်များက ဖက်ဒရယ် ဟူသောဝေါဟာရအတိအကျကို သုံးစွဲရန် အကြောက်အကန်ငြင်းဆန်နေချိန်၂၀၀၈ ဖွဲ့ စည်းပုံတွင် ဖက်ဒရယ် ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း လွှတ်တော် ဘက် မှ အသံ ကျယ်လောင်စွာထွက်လာသည်။ ဤသည်မှာ များစွာ အဓိပ္ပါယ်ရှိပါသည်။
လက်ရှိတည်ဆဲ ၂၀၀၈ ဖွဲ့ စည်းပုံတွင် ဖက်ဒရယ် ဟူသော ဝေါဟာရ ထည့်သွင်းလိုက် ရုံမျှနှင့် မည်သည့်အခါ တွင်မျှ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်မဖြစ်နိုင်၊ စစ်အာဏာရှင်စနစ်သာ ဆက် လက်ကြီးစိုးနေမည် ဖြစ်သောကြောင့်ပင်။ သို့ ဖြစ်၍ ဦးရွှေမန်းခေါင်းဆောင်ပြီးကြံ့ဖွံ့ အမတ်များကြီးစိုးထားသည့် လွှတ် တော်အတွင်းတွင် ၂၀၀၈ ဖွဲ့ စည်းပုံဖက်ဒရယ်ကို ထည့်သွင်းပေးရန် ဟန်ရေး တပြင်ပြင် ဖြစ်နေကြသည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများ၂၀၀၈ ဖွဲ့ စည်းပုံဘောင်အောက် ရောက်လာရေးသာ ၄င်းတို့ အတွက် သေရေးရှင်ရေး ဖြစ်နေသည်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများက ၂၀၀၈ ဖွဲ့ စည်းပုံဘောင်အပြင် မှ ဆွေးနွေးနေခြင်းဖြစ်သည်။ “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးသော အမျိုးသား ပြည်နယ်များဖြင့်သာ ဖွဲ့ စည်းထားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်” ဟူသည့်အပေါ်တွင် သဘောတူညီချက် ကျသွား လျှင် ၂၀၀၈ ဖွဲ့ စည်းပုံကို ယင်း အခြေခံအတိုင်းအစမှအဆုံး ပြင်ရပါမည်။ မပြင်နိုင်လျှင် အသစ်ရေးရပါမည်။ ယင်းသို့ ဖြစ်လျှင် စစ်အာဏာရှင်စနစ် ၏ ခံကတုတ်ကြီးပြိုပြီး စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ရသွားပါမည်။ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် များသည် ဤလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းရန် စဉ်းစားသင့်ပြီ။ တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံးနှင့် အတူ ခိုင်မြဲစွာ ရပ်တည်သင့်ပြီ။ ဤသို့ ဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ဆယ်တင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါမည်။
အစိုးရအာဏာပိုင်များ အဆိုပြု ပထမ နှင့် ဒုတိယ စာချုပ်ကို နှိုင်းယှဉ်လေ့လာခြင်း
ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအသွင်ယူ စစ်အစိုးရတက်လာပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း ယခုအချိန်အထိ အာဏာပိုင်များဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် စာချုပ်နှစ်ခု အဆိုပြုခဲ့သည်။ ပထမတခုကို ၂၀၁၃ နိုဝင်္ဘာလ(၄) ရက်နေ့ တွင် မြစ်ကြီးနား တိုင်းရင်းသားခေါင်းဆောင်များလက်သို့  လွှဲအပ်လိုက် ခြင်းဖြစ်သည်။ ဒုတိယစာချုပ်ကို၂၀၁၄ ဧပြီလ ၅ မှ ၈ရက်ရန်ကုန်အစည်းအဝေး စစ်ခေါင်းဆောင်များက တင်သွင်း ခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်ခုကို နိုင်းယှဉ်လေ့လာရာ ဒုတိယ စာချုပ်သည် ပထမမှာထက် တစုံတရာပိုမို တိုးတက်မှုရှိလာ ကြောင်း သိသာသည့် အချက်များကို တွေ့ ရသည်။ မည်သည်တို့ ဖြစ်၍ အဘယ်ကြောင့်ရရှိသနည်း။
ပထမစာချုပ်တွင် (မူကြမ်း) ဟူသောစကားလုံးမပါ။ အဓိပ္ပါယ်မှာ စာချုပ် ကို ပြောင်းလဲမှု စိုးစဉ်းမျှ မပြု စေရဘဲ အာဏာပိုင်များ ပြင်ဆင်ပေးလိုက်သည့်အတိုင်း တိုင်းရင်းသားခေါင်းဆောင်များက တသဝေ မတိမ်းလက်မှတ်ထိုး ပေး လိုက်ကြရန်ဖြစ်သည်။ ၄င်းအရ စစ်အစိုးရ အာဏာပိုင်များသည် လုံးဝပင်အထက်စီးမှ ဖြစ်သည်။ တဘက်သတ် ဖြစ် သည်။ သဘောထားတင်းမာမှုကို ရာနုန်းပြည့်ပြလိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းမှု အနာဂတ်အတွက်၂၀၁၃ နိုဝင်္ဘာလ (၂) ရက်နေ့ တွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အားလုံးနီးပါးတက်သော လိုင်ဇာညီလာခံမှ ချမှတ် လိုက်သည့် ဆုံးဖြတ်ချက်များ ကို ကိုင်ကာ မြှော်လင့်တကြီးနှင့် မြစ်ကြီးနားသို့ ချီတက်လာခဲ့ကြခြင်းဖြစ်သည်။ လိုင်ဇာမြို့ အထွက်မှစပြီးမြစ်ကြီးနားရောက်သည်အထိ လမ်းတလျှောက် တွင် တိုင်းရင်းသားပေါင်းစုံ လူထုများက လမ်းပေါ်ထွက်ကာ ခေါင်းဆောင်များအား သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ သည်။ မြစ်ကြီးနားမြို့ အ၀င်တွင် လူထုများ ပိတ်ကြပ်မျှ ကြိုဆိုခဲ့ကြသည်။ မြစ်ကြီးနားရောက်ပြီး အမောမျှ မပြေသေး။ ဘာတခုမျှ အကြေအလည် မဆွေးနွေးရသေးမှီ မှာပင် အာ ဏာပိုင် များက ပထမ စာချုပ်ကို လွှဲအပ်လိုက်ခြင်းဖြစ် သည်။ စာချုပ်ကို တချက်ဖတ်ကြည့်ရုံမျှနှင့် အမောဆို့ သွား ကြပါမည်။ “အပစ်အခတ်ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံ ဆောင်ရွက်ပြီး” ဟူသော ဝေါဟာရမှာ စာချုပ်၏ ဦးတည် ချက် ထိပ်ဆုံးပိုင်းတွင်နေရာယူထားလေ၇ာ အဘယ်မျှ တဘက်စီးနင်း ကျလိုက်ပါဘိ သနည်း။
အရပ်သား အသွင်ယူ စစ်အစိုးရယခုအချိန်အထိ ကျင့်သုံးလျှက်ရှိသော မဟာဗျူဟာမှာ ဖြစ်နိုင်လျှင်မည်သည့် တိကျသည့် နိုင်ငံရေးသဘော တူညီချက်ကိုမျှ မထည့်သွင်းဘဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲေ၇းစာချုပ်အား လက် မှတ်ရေးထိုးကြစေရန်၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲဟူသည်များအား တွင် အကန့် အသတ်မဲ့ အချိန်ဆွဲကာ စစ်အာဏာရှင်အုပ်ချုပ်မှုသက်တန်းကို ဆွဲဆန့် သွားရန်နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းများအား တဖြည်းဖြည်းလက်နက်ဖြုတ်ခိုင်းရန်တို့ သာဖြစ်သည်။
ငါးလတာ ကာလအတွင်း ဦးသိန်းစိန်အစိုးရသည် ကေအင်ယူခေါင်းဆောင်များအား နေပြည်တော်သို့  ထပ်မံ ခေါ်ယူတွေ့ ဆုံသည်။ ၀ ဒေသသို့ အစိုးရကိုယ်စားလှယ်စေလွှတ်ကာ ၀သပ ခေါင်းဆောင်များနှင့် သွားရောက် တွေ့ ဆုံ စေ သည်။ ဗိုလ်ချုပ်ရွာစစ် ခေါင်းဆောင်သည့် ရှမ်းပြည် အက်စ်အက်စ်အေ တောင်ပိုင်းတပ်မတော်ခေါင်းဆောင် များ အား ဦးအောင်မင်းခေါင်း ဆောင်သည့် အစိုးရကိုယ်စားလှယ်များက သွားရောက်တွေ့ ဆုံကြသည်။ မည်သည့်အခါကမျှ တလေးတစား ဆက်ဆန်မှုမပြုခဲ့သော အဖွဲ့ ငယ်ကလေးများအား နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ပြုမည်ဟု ကတိပေး ကာ စည်းရုံးခဲ့သည်။
တဘက်တွင်လည်း မတ်လ၂၇ ရက်တပ်မတော်နေ့ တွင် လက်နက် ကြီးများ၊ သံချပ်ကာကားများ၊ လေယာဉ် များ၊ စစ်ရေးစွမ်းရည်ပြသမှုများကို ယခင်နှစ် များကထက် ပိုမို၍ ထုတ်ပြပြီး စစ်ရေးအင်အားဖြင့် ခြိမ်းခြောက်မှုများပြုခဲ့ သည်။ ကာချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှို်င် ရှမ်းပြည်သို့ ခရီး ထွက်သော အခါ တပ်မတော်က ဘယ်သူ့ ကိုမှ မကြောက်ဘူးဟု နုတ်မှ ပြောင်ဖွင့်ကာ ထပ်မံခြိမ်းခြောက်ပြန်သည်။ ယင်းတို့ မှာ စစ်အစိုးရ အာဏာပိုင်များ ဘက်မှ အပိုင်းဖြစ်သည်။
ဤငါးလတာကာလတွင် စစ်အာဏာရှင်ဟောင်းသစ်များ၏ယင်းမဟာဗျူဟာကို နားလည်သော တိုင်းရင်းသား အဖွဲ့ အစည်းများ၊ ခေါင်း ဆောင်များသည် အစိုးရဘက်မှပေးပို့ လိုက်သည့်စာချုပ်အား အသေအချာ လေ့လာကြသည်။ မိမိတို့ သက်ဆိုင်ရာ အဖွဲ့ အစည်း များအလိုက် နိုင်ငံရေးရှုဒေါင့်မှလည်းကောင်း၊ ဥပဒေရှုဒေါင့်မှလည်းကောင်း သုံးသပ် ကြသည်။ မိမိတို့ သိလိုသည့်အရာများအား နီးစပ်ရာပညာရှင်များနှင့်ညှိနိုင်းတိုင်ပင်ကြသည်။ သက်ဆိုင်ရာမိမိတို့ လူထု များထံမှလည်းကောင်း၊ လူထုအသင်းအဖွဲ့ များထံမှလည်းကောင်းအကြံဥာဏ်ရယူခဲ့သည့် အဖွဲ့ တချို့ ပင်ရှိခဲ့ သည်။
 အဖွဲ့ အစည်းတခု နှင့် အခြားတခုအကြားတွင် လည်း ညှိနိုင်းမှုများရှိခဲ့သည်။ သဘောထားအမြင်များကို နည်း မျိုးစုံဖြင့် ထုတ်ဖေါ်ခဲ့ကြသည်။ အဖွဲ့ အစည်းအားလုံး ပါဝင်တက်ရောက်ရန်ဦးတည်သည့် လော်ခီးလာ ညီလာခံ တွင် စုရုံးခဲ့ကြသည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ စုပေါင်းအဆိုပြုသည့် စာချုပ်(မူကြမ်း) တခု ပြုစု နိုင်ခဲ့ သည်။ ဤသည်မှာ သမိုင်းဖြစ်သွား ခဲ့ပါပြီ။ အခြေခံလူထု များကလည်း ငြိမ်းချမ်းရေးပြသနာများအပေါ် စိတ်ဝင်စားမှု တစုံတရာ ပိုမိုပြ လာကြသည်။ တိုင်းရင်းသား ခေါင်းဆောင်များ နှင့် တွေ့ ဆုံခွင့်ရသည့်ဆွေးနွေးပွဲများတွင် မေးခွန်းများ ပို၍မေးလာကြ၊ ကန့် ကွက် ထောက်ခံဆွေးနွေးမှုများ ပို၍ပြုလာကြသည်။ သတင်း မီဒီယာများ တွင် ငြိမ်းချမ်းရေး လှုပ်ရှားမှု နှင့်စပ်လျှဉ်းသည့် ဖေါ်ပြမှုများ၊ ဆွေးနွေးခန်းများ၊ ထုတ်ပြန်ကြေငြာ ချက်များ၊ အင်တာဗျူးများ ဆက်တိုက်ဆို သလို ပင်ပါလာခဲ့သည်။
အပစ်ရပ်ရေးသက်သက်ကိုသာ အာဏာပိုင်များက အဓိကထားဖေါ်ဆောင်နေသော်လည်း တိုင်းရင်း သား တော်လှန်ရေးအဖွဲ့ အစည်းများကမူ တနိုင်ငံလုံးအပစ်ရပ်စာချုပ် ခိုင်မာရေးအတွက် စစ်ရေးအရ ထိန်းကြောင်းရန် လို အပ်ချက်များအပြင် အရင်းခံကျသည့် နိုင်ငံရေးသဘောတူညီချက်အချို့ ကိုပါ တပါတည်း ထည့်သွင်းချုပ်ဆိုနိုင်ရေး ကြိုးပမ်းလာမှုအပေါ် နိုင်ငံတကာ(အထူးသဖြင့် ကုလသမဂ္ဂ၊ တရုတ်နှင့် အမေရိကန် နိုင်ငံတို့ ) ၏ စိတ်ဝင်စားမှုမှာ အဆိုပါ ငါးလတာ ကာလအတွင်း သိသာစွာ မြင့်တက်လာခဲ့သည်။
အထက်ဖေါ်ပြပါအချက်အလက်များအားလုံးသည် စစ်အစိုးရနှင့် ကာချုပ်မင်းအောင်လှိုင်တို့ အပေါ် ဖိအားများ ဖြစ်စေခဲ့သည်။ သို့ ဖြင့်အာဏာပိုင်များအဆိုပြု ဒုတိယစာချုပ်အပေါ် သက်ရောက်မှုများရှိခဲ့သည်။
(၁) ပထမစာချုပ်တွင် (မူကြမ်း) ဟူသောစကားလုံးမပါသော်လည်း ဒုတိယစာချုပ်တွင် (မူကြမ်း) ဟူသည်ကို ထည့်သွင်းဖေါ်ပြလာရသည်။ ထို့ အပြင်နှစ်ဘက်ကိုယ်စားလည် များဖြင့် ပူးပေါင်း ကော်မတီ တရပ်ဖွဲ့ ၍ နှစ်ဘက်လက် ခံနိုင်မည့် စာချုပ်မူကြမ်းတခုရေးဆွဲရန်ပင် လက်ခံဆွေးနွေး လာ ရသည်။
(၂) ပထမတွင် နိုင်ငံတော်၏ တာဝန်၊ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ များ၏တာဝန်၊ နှစ်ဘက် လိုက်နာရမည့် တာဝန်ဟူ၍ သုံးပိုင်းခွဲထားသည်။ ၄င်းအရ အစိုးရဘက်က တာဝန်များလျှော့ယူထားပြီး တိုင်းရင်းသားအဖွဲ့ များအပေါ် မတရားဖိနှိပ်ထားသည့် အချက်များဖေါ်ပြထားသည်။ ဒုတိယတွင် ယင်းသို့ အခန်းခွဲပုံလုံးဝပြောင်းသွားသည်။ စာချုပ် တခုလုံးအစိုးရရော တိုင်းရင်းသားအဖွဲ့ များ ဘက်ကပါ တန်းတူလိုက်နာရမည့်အချက်များကိုသာ ဖေါ်ပြလာသည်။
           (၃) ပ
ထမတွင် အာဏာပိုင်များသည်မိမိတို့ ကိုယ်ကို “နိုင်ငံတော်” ဟူ၍ သုံးခဲ့ခြင်းဖြင့် အထက်စီးမှာ နေရာယူ ထားခဲ့သည်။ ဒုတိယစာချုပ်တွင်မူ “မြန်မာနိုင်ငံအစိုးရ” ဟူသော ဝေါဟာရ သို့ ပြောင်းသွားသည်။ တန်းတူရေးနှင့် ပို၍ နီးစပ်လာသည်။
(၄) ပထမ စာမျက်နှာ (၁)တွင် ပါရှိသည့် “တည်ဆဲ ဥပဒေနှင့်မဆန့် ကျင်သည့် သဘော တူညီချက်များအား”  ဟူသော ဝေါဟာရအား ဒုတိယ တွင် ထပ်မံမဖေါ်ပြတော့။ ချန်လှပ်ထားခဲ့ကြောင်း တွေ့ ရသည်။
(၅)ပထမ စာမျက်နှာ (၂) တွင် “လက်နက်ကိုင်လမ်းစဉ်ကို စွန့် လွှတ်ရန်နှင့် အတိတ် ဖြစ်ရပ်များအပေါ် တဦး နှင့် တဦး အပြစ်မတင်ဘဲ ---- ” ဟူသည့် ဖေါ်ပြချက်ကို ဒုတိယ စာချုပ်တွင် မတွေ့ ရတော့။
(၆) ပထမ တွင် “အပစ်အခတ်ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံ ဆောင်ရွက်ပြီး” ဟူ၍ ဖေါ်ပြထားသော ဝေါဟာရမှာ ဒုတိယ ပျောက်ကွယ်သွားသည်။
(၇) ပထမ တွင် ဦးတည်ချက်သုံးရပ်လုံးသည် အပစ်အခတ်ရပ်စဲရေးနှင့်သာ သက်ဆိုင်သည်။ ဒုတိယ တွင်မူ  နိုင်ငံရေးရည်မှန်းချက်ပါလာသည်
(၈) ပထမအပိုဒ် ၃(ဇ)ပါ“လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများက တပ်မတော်တပ်စခန်း များ အား မည်သည့်အကြောင်းပြချက်နှင့်မျှ တိုက်ခိုက်ခြင်း မပြုလုပ်ရန်။” ဟူသည့် မတရားကန့်သတ်ချက် မပါတော့ပေ။
(၉) ပထမ အပိုဒ် ၄(ဃ) တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပြဌာန်းချက် များ ကို လေးစားလိုက်နာရန်” ဟူ၍ ပါရှိခဲ့သည်။  ၂၀၀၈ အခြေခံဥပဒေ အပိုဒ် - ၃၃၈ အရ “နိုင်ငံတော်အတွင်းရှိ လက် နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်။” ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၀ (ဂ) အရ “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်။” ဟူ၍လည်း ကောင်း၊ တစ်ခုတည်းသောလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း ပြဌာန်းထား သည်။ ယင်းပြဌာန်းချက်ကို သာလက်ခံရမည် ဆိုလျှင် တိုင်းရင်းသားအဖွဲ့များ လက်နက်ချရ မည့် သဘောသက် ရောက်သည်။ ဒုတိယတွင်မူ ယင်းကဲ့သို့ ပြဌာန်းချက်မျိုး မပါရှိတော့ပေ။
(၁၀) ပထမ အပိုဒ် ၂(ဂ) တွင် “အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ က တာဝန်ယူဆောင်ရွက်ရန်” ဟု  ပါရှိသည်။ ဒုတိယ စာချုပ်တွင်မူ ရဲကဏ္ဍ မပါရှိတော့ပေ။ ၄င်းအစား “အပစ်ရပ်နယ်မြေအတွင်း  တရားဥပဒေစိုးမိုးရေးကိစ္စကို ညှိနှိုင်းဆောင်ရွက်ရန်နှင့် ပြစ်မှု ကျူးလွန်သူများ ကို တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆို အရေးယူရန်။” ဟူသည်ကို အစားထိုးလာသည်။
(၁၁) ပထမအပိုဒ် ၂၁ တွင် “မတရားအသင်းအက်ဥပဒေအရ အရေးယူခံရသူများအပေါ် ဖြေလျှော့ ပေး ရေး ဆောင်ရွက်ပေးရန်” ဟုသာ ပြဌာန်းထားသည်။ ဒုတိယစာချုပ် အပိုဒ် ၁၉ တွင်မူ “လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ များအား မတရားအသင်းအဖြစ် ကြေညာထားခြင်း မှ ပယ်ဖျက်ရန်” ဟု ပါရှိလာသဖြင့် တဆစ်ချိုးပြောင်းလဲသွား ကြောင်း တွေ့ နိုင်သည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များသည် တရားဝင်ရပ်တည်ခွင့်ရလာနိုင်မည့် လမ်းကြောင်း ကို စတင်တွေ့ မြင်နေရပြီဖြစ်သည်။
ဤသို့ တိုးတက်ပြောင်းလဲမှုများရရှိလာခြင်းမှာ စစ်ခေါင်းဆောင် ဟောင်း သစ်များ ကိုယ်တိုင်က သဘောထား ကောင်းစွာနှင့် ၄င်းတို့ ဘာသာပြောင်းလဲတင်သွင်းလာခြင်းမဟုတ်။ အထက်စာမျက်နှာများတွင် ဖေါ်ပြထားသည့် အခြေ အနေများနောက်ခံတွင် ဆွေးနွေးပွဲတက်ရောက်ခွင့်ရကြသည့် တိုင်းရင်းသားခေါင်းဆောင်များကဥပဒေကြောင်းအခြေခံ များမှနေ၍ ပိုမိုဆွေးနွေးနိုင်လာကြခြင်းကြောင့်လည်းကောင်း၊ ဆွေးနွေးပွဲပြင်ပတွင်လည်းဥပဒေရေးရာ လှုပ်ရှားမှု ၊ လူထု လှုပ်ရှားမှုတစုံ တရာပေါ်ပေါက်လာခြင်းကြောင့်လည်းကောင်း ဖြစ်သည်။
“လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ များအား မတရားအသင်းအဖြစ် ကြေညာထားခြင်း မှ ပယ်ဖျက်ရန်” ဟူသောအချက်ကို မြန်မာ့တပ်မတော်ကိုယ်တိုင်က သဘောတူကြောင်းဖြင့် အဆိုပြုချက်တင်သွင်းလာခြင်းမှာ ထူးခြား ချက်ဖြစ်သည်။ ယင်းအတွက်မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များကို အသိအမှတ်ပြုရပါမည်။ သို့ ရာတွင် မတရား အသင်းများ အဖြစ် ဆက်လက်ထားရှိလျှင် စာချုပ်၏ ဘက်တဘက်မှာ တရားမ၀င်ဖြစ်နေသည့်အတွက်ကြောင့်သာ တရားဝင်စာချုပ်ဖြစ်စေရေးအတွက် မလွှဲသာ မရှောင်သာ အသိအမှတ်ပြုရခြင်းမျိုး မဖြစ်သင့်ပါ။ ၄င်းတို့ အား တကယ့် တရားဝင် အသင်းအဖွဲ့ များဖြစ်လာအောင် လုပ်ပေးရန် တာဝန်ရှိပါသည်။
မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေငြာရုံနှင့်မူ တရားဝင်အသင်းများဖြစ်လာပြီ ဟု ဥပဒေကြောင်း အရ အတိအကျ ပြောရန် အခက်အခဲရှိနေဆဲဖြစ်သည်။ ယင်းသို့ လိပ်ခဲတင်းလင်း မထားသင့်ပါ။ ၄င်းတို့ အား၂၀၁၀ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအရ မဟုတ်ဘဲ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့ များမှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ခွင့်ပေးနိုင်သည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ကို လက်မှတ်ရေးထိုးကြ ပြီးနောက် (၁၄) ရက်အတွင်းတွင် အဆိုပါဥပဒေများနှင့် အညီ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ များ တရားဝင်ဖြစ် စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စာချုပ်တွင်ထည့်သွင်းချုပ်ဆိုနိုင်သည်။ ဤအတိုင်းပင် ဆီအာရာလီယွန်း နိုင်ငံတွင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ရယူခဲ့ကြသည်။ ယင်းသို့ ဖြစ်လျှင် အစိုးရအာဏာပိုင်များ၊ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များ၊ အနေဖြင့် ငြိမ်းချမ်းရေးပြသနာကို ဥပဒေစိုးမိုးရေးအခြေခံမှ မှန်ကန်စွာချဉ်းကပ်သည့် လမ်းပေါ် စတင်လျှောက်လှမ်းလိုက်ပြီဖြစ်ကြောင်း ထင်ရှားသည့် သာဓက ပြလိုက်ရာရောက်သည်။
ယင်းနှင့် ဆန့် ကျင်ပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများအား မတရားအသင်းများအဖြစ် ဆက် လက်ထားရှိ၊ တရားဝင်အသင်းများဖြစ်အောင် လုပ်ဆောင်ပေးခြင်းမရှိပါက မည်သည့်ဘက်သည် တကယ်တန်း တရား ၀င်မှုရှိသနည်း၊ လူသားဖြစ်မှုကို ဆန့် ကျင်သည့်ပြစ်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုများဖြင့် နိုင်ငံတကာ၏ စွပ်စွဲမှုကို ယနေ့ အချိန်အထိ ခံထားရဆဲဖြစ်သော မြန်မာ့တပ်မတော်က တရားဝင်သလား။ နိုင်ငံတကာ၏ ယင်းကဲ့ သို့ စွပ်စွဲမှုကို စိုးစဉ်းမျှ မခံရဘဲ အမျိုးသားရေးအတွက် ရိုးသားစွာခုခံစစ်ဆင်နွှဲလျှက် ရှိသော တိုင်းရင်းသား တော်လှန် ရေးအဖွဲ့ အစည်းများက တရားဝင်သလား ဟူ၍ ပြည်တွင်းနှင့် နိုင်ငံတကာတွင် လှုပ်ရှားမှုများပေါ်ပေါက်လာလျှင် ငြိမ်းချမ်းရေးအတွက် အဟန့် အတားဖြစ်နိုင်ပါသည်။ မကောင်းပါ။
မြန်မာ့တပ်မတော်က အဆိုပြုသည့် ဒုတိယ စာချုပ် အခန်း (၁) အပုဒ် (၁) (ဈ) တွင် “ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များအား ပွင့်လင်းမြင်သာသော နည်းလမ်းများဖြင့် အကောင်အထည်ဖေါ်ရန်” ဟု ပါရှိသော်လည်း လျှို့ ဝှက် ဟူ သော စကားလုံးကို အဆိုပါ စာချုပ်၏ စာမျက်နှာတိုင်း ဖေါ်ပြထားခြင်းမှာ မသင့်လျော်ပါ။ ငြိမ်းချမ်းရေး အတွက် စိုးရိမ်ပူပန်ကာ တတ်နိုင်သမျှ အကြံဥာဏ်ကလေးများပေး၊ သဘောထားများ ထုတ်ဖေါ်ခွင့်ရလိုကြသော လူထုကြီး တရပ်လုံးအပေါ် အဆိုပါ စာချုပ်မူကြမ်းများအား လျှို့ ဝှက်မထားဘဲ ချပြ၊ အကြံဥာဏ်တောင်းခြင်းများ လုပ်မည် ဆိုပါက များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမည် ဖြစ်ကြောင်းကို စစ်ခေါင်းဆောင်များ စဉ်းစားသင့်ပါပြီ။  
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
Founder of Legal Aid Network (LAN)                                                     မေလ (၂၇) ရက် ၂၀၁၄ ခုနှစ်
[2] Apartheid
[3] Unitary system
[4] Federal system
[5] Individual rights and freedoms
[6] Collective Rights
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...