Wednesday, May 21, 2014

သူရဲကောင်းကြီး အရွယ်ငယ်ငယ်


အဲဒါ ဒို့မောင်လေးလေ၊ အသက်က (၁၄-၁၅) ၀န်းကျင်ပဲရှိသေးတယ်။ ခံယူချက်ပြင်းတယ် ၈၈ အပြီး မှာ ABSDF မြောက်ပိုင်း နဲ့ လိုက်သွားတာ"
အင်္ကျီ ရောင်းသူ ဆိုင်ရှင် အမျိုးသမီးကြီးက နံရံမှာ ကပ်ထားတဲ့ 10x14 ဆိုဒ် အရွယ်လောက်ရှိ ကူးစက်ကနေ ထုတ်ထားတာမကြာသေးတဲ့ ဓာတ်ပုံတစ်ခုကို ညွှန်ပြရင်း ကျနော့်ကို ပြောပြတယ်။
သူ့မျက်လုံးထဲမှာ ဆွေးမြေ့ခြင်းနဲ့ အတူ ဂုဏ်ယူမှု ရောစွက်နေတဲ့ အရိပ်ယောင်တွေ တွေ့မြင်လိုက်ရရဲ့။
နံရံမှာကပ်ထားတဲ့ ပုံလေးကိုကြည့်လိုက်တော့ အပြစ်ကင်းစင်တဲ့ ခလေးငယ်အရွယ်သာသာ ကောင်လေး၊ ဖြူစင်စွာ ပြုံးရယ်လို့။
ဓာတ်ပုံပေါ်မှာ စာရေးထားတာက အထက (့)၊့ မြို့မှ
ABSDF သူရဲကောင်းရဲဘော် ဆိုပါလား။
အမျိုးသမီးကြီးက ဆက်ပြောတယ်။ သူပြောတဲ့ဟန်က ပိုတက်ကြွလာသာပေါ့။
" သူက ကျောင်းမှာ ရှေ့ဆုံးက အလံကိုင်လေ။ သေနတ်တွေချိန်ထားတဲ့ ကြားထဲကနေ မကြေက်မရွံ့တက်တာ။ ရှေ့ဆုံးမှာ သူနဲ့ ရွယ်တူ ကောင်မလေးနှစ်ယောက်နဲ့လေ . . (၁၄) နှစ်လောက်စီတွေပဲပေါ့။ "
အဲဒီအသံကိုကြားလိုက်ရတော့ လက်ထဲမှာ ရွေးလက်စ အင်္ကျီတွေကိုင်ရင်း ဓာတ်ပုံကိုငေးကြည့်နေတဲ့ ကျနော်ဟာ လက်ထဲက အင်္ကျီတွေတောင် လွတ်ကျမတတ်ဖြစ်သွားတယ်။
ဓာတ်ပုံထဲက ကလေးဟာ နုငယ်မှု အပြစ်ကင်းမှု အပြည့်နဲ့ ဖြူစင်စွာ ပြုံးပြနေတယ်။
ဒီကလေးနဲ့ သူ့သူငယ်ချင်းလေးတွေက အလံကိုင် မကြောက်တမ်း ရှေ့ဆုံးက တက်သတဲ့။
ဖြူစင်တဲ မျက်ဝန်း အစုံက ရဲရဲတောက်သတဲ့။
ဒါပေမယ့် သူ့ဘ၀၊ သူ့အသက်ရွယ်က ရဲရဲတောက်ဖို့ လုံလောက်တဲ့ ရင့်ကျက်မှု ရှိနေခဲ့လို့လား။
စနစ်တစ်ခုဟာ မကောင်းဘူးဆိုရင်တောင် အဲဒီစနစ်ကို ဖြိုဖျက်ဖို့ ဒီကလေးတွေရဲ့ လက်လေးတွေက နုနယ်လွန်းလှပါတယ်လေ။ သူတို့လေးတွေရဲ့ လက်တွေသာ ပေါက်ပြဲလို့ သွေးစိမ်ရှင်ရှင် ထွက်ရုံသာ အဖတ်တင်မပေါ့။
သည်ခလေးရဲ့ အုပ်ထိန်းသူ၊ ဂုဏ်ယူနေမည်လား။ အလံကိုင်ရှေ့ဆုံးကတက်သည့် ၁၄ နှစ်အရွယ် ယောက်ျားဘသား ငါ့သား သူရဲကောင်းကြီး လို့များ ရင်ဝယ်ပီတိ ဖြစ်နေမိခဲ့သည်လား။ ကျနော်က သူ မဟုတ်တော့ မသိနိုင်။
အမျိုးသမီး ကြီးက ဆက်ပြောပြန်သည်။ သူ့အသံက လှိုင်းတံပိုးလို ပြင်းထန်လာသည်။
" သူလေ အရေးခင်းကာလ မပြီးတပြီးမှာပဲ ABSDF အဖွဲ့ လူတွေနဲ့ ချိတ်ဆက်ပီးလိုက်သွားတယ်။ မြောက်ပိုင်းကို သွားရတာ။ လမ်းမှာ အန္တရာယ်မျိုးစုံနဲ့။ သူတို့ ပြန်တိုက်ကြမယ်။ ဒီစနစ်ကို ရတဲ့နည်းနဲ့ ပြန်ဖြိုဖျက်မယ်ဆိုပီး သွားခဲ့ကြတာ။ ဒီမြို့မှာက သပိတ်က လူတစ်ချို့ကို မြေလှန်ရှာဖမ်းနေတာလဲ ပါသာပေါ့။ "
သူ့အသံက လှိုင်းလုံးကြီးတစ်ခု၏အမြင့်ဆုံးနေရာသို့ ရောက်ရှိသလို ဖြစ်ပြီးမှ တစ်ခါ ပြန်လည်လျှောကျသွားသည်။
ကျနော် မနေနိုင်ပဲ မေးမိသည်။
" သူတို့တွေ စစ်တပ်နဲ့ ပြန်ချလိုက်ရသေးလား အန်တီ "
ထိုအမျိုးသမီးကြီးက အဝေးကို ငေးရင်းမှ တံတွေးတစ်ချက်မျိုလိုက်ပီးနောက် မျက်လွှာချ ခေါင်းငုံ့လိုက်ရင်း ဖြေသည်။
" မတိုက်လိုက်ရဘူး။ အဲသည် နယ်ဘက်ကိုလည်း ရောက်ရော၊ ခရီးလမ်းကလဲကြမ်း၊ ရာသီဥတုဒဏ်ကလည်း မခံနိုင်၊ လေ့ကျင့်ရေး ပင်ပန်းမှုတွေ ရော ဖိစီးတော့ အဲသည်ကိုရောက်ပီး လေးလလောက်နေ ဆုံးသွားတယ်။ "
ကျနော့် ရင်တစ်ခုလုံး ဟာသွားသည်။ ကျနော် စကားတစ်ခွန်း လွှတ် ခနဲ ပါးစပ်က ထွက်သွားသည်။ ထိုအမျိုးသမီး ကျနော့်ကို ကြည့်သော အကြည့်က မချိတင်ကဲ အကြည့်မျိုး အဖြစ်ပြောင်းသွားသည်။
သူမ က ကျနော့်အားကြည့်ရင်း ပြောရက်လိုက်တာ ဟု ရေရွတ်သည်။ ကျနော် ပြန်လည်တောင်းပန်မိသလား၊ မတောင်းပန်မိသလား မသဲကွဲတော့။
နံရံပေါ်မှာတော့ ဖြူစင် အပြစ်ကင်းတဲ့ ကလေးငယ်လေးက ကျနော့် ကို ကြည့်လျှက် ပြုံးနေသည်။ သူ့ရဲ့ လက်လေးတွေကလဲ နုနုနယ်နယ်လေးပါပဲ။
( နိုင်ငံရေး အရှုပ်ထွေးကိစ္စများတွင်လည်းကောင်း၊ တိုက်ခိုက်ရေးတပ်ဖွဲ့များတွင်လည်းကောင်း မည်သည့်ဘက် မဆို အသက်မပြည့်သေးသူ ကလေးများပါဝင်ခြင်းကို ဆန့်ကျင်ပါသည်။ )

ကွန်းဇော် အညာမြေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...